Shwe Athit Digital Page

Shwe Athit Digital Page ရွှေအသစ် ဒစ်ဂျစ်တယ်စာမျက်နှာ
(1)

https://main.shweathit.com/articles/442
10/06/2026

https://main.shweathit.com/articles/442

အဲဒီနေ့ထုတ် အဆာဟိရှင်ဘွန်းမှာ ဦးလှယူခဲ့တဲ့ စာအုပ်ကြီးတွေအကြောင်း ဆောင်းပါးသတင်းကတော့ နေရာအကောင်းဆုံး...

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၁၀.၆.၂ဝ၂၆) မှာတော့ ဆရာ ပျော်ဘွယ်စိုးမြင့်အောင် ရေးသားပြီး အမှတ်...
10/06/2026

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၁၀.၆.၂ဝ၂၆) မှာတော့ ဆရာ ပျော်ဘွယ်စိုးမြင့်အောင် ရေးသားပြီး အမှတ် ၆၀၂၊ မေလ ၂ဝ၁၀ အလင်းတန်းဂျာနယ် မှာ ဖော်ပြခဲ့တဲ့ “မကျည်းတန်ရေ ပြောတော့မယ် နားထောင်(၂)” ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။


▪️မကျည်းတန်ရေ ပြောတော့မယ် နားထောင်(၂)
▪️ပျော်ဘွယ်စိုးမြင့်အောင်

ပဲခူးပွဲတော်ကြီးဆိုရင် ဇာတ်အဖွဲ့တွေ စည်ကားသိုက်မြိုက်စွာ အပြိုင်အဆိုင် ဝင်ကြတယ်။ မကျည်းတန်ရဲ့ မောင်ကြီး ပဲခူးပွဲတော်ရဲ့ပွဲခင်းကို ကြည့်ပြီး ငယ်ရွယ်စဉ် ဘဝကို လွမ်းနေမိတယ်။ အရွယ်ရှိတုန်းက လှုပ်ရှားခဲ့တဲ့နေရာ၊ ပျော်ပျော်ပါးပါး စားဟ သောက်ဟနဲ့ သတင်းတွေယူ၊ ဓာတ်ပုံတွေရိုက်ခဲ့တဲ့နေရာတွေပေါ့။ ယခင်နဲ့ ယခု မတူတာတော့ အမှန်ပါပဲ။ ဒါပေါ့လေ အဟောင်းအဟောင်းတို့နေရာမှာ အသစ်အသစ်တို့ အစားထိုးဝင်လာကြတာပေါ့။
ဟိုးရှေးတုန်းက ဒီလိုဇာတ်ရုံတွေမှာ မောင်ကြီးတို့ အေးကြူလေးတို့ မင်းသားတွေနဲ့ ကျိတ်တိုင်ပင်တာတွေ၊ နောက်ပြောင်ကျီစယ်တာတွေ ပြန်သတိရမိတယ်။
ရုံနံပါတ်(၁)မှာ ရွှေမန်းသဘင် ဝင်တယ်။ ရုံနံပါတ်(၂)မှာ မိုးဝင်း ဝင်တယ်။ ရုံနံပါတ်(၃)မှာ နန်းဝင်း ဝင်တယ်။ အဲဒီနှစ်က မောင်သိန်းဇော်က မန္တလေးဇာတ်ပွဲအမည်နဲ့ ရန် ကုန်ကိုဝင်ပြီး ပဲခူးကိုဝင်မယ်လို့ ခြိမ်းခြောက်ပြီး လေလံဝင်ဆွဲမယ်လုပ်တယ်။ ဒါပေမယ့် မဝင်ဖြစ်ဘူး။ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်တဲ့သဘောပေါ့။
ရွှေမန်းသဘင်မှာကနေတဲ့ ပြဇာတ်မင်းသမီး သက်ထားဆွေကို နောင်နှစ်မှာ သိန်းဇော်ဇာတ်ကိုကူးပြီး ကဖို့ မောင်ကြီး ပြောခဲ့ဖူးတယ်။ (ရှင်းရှင်းဆိုရင် သူများဇာတ်က မင်းသမီး နောက်ပေါက်ကနေ ဝင်ခိုးတာဆိုပါတော့။) စည်းရုံးခဲ့ဖူးတယ်။ မန္တလေးကနေ သိန်းဇော် ရန်ကုန်ကိုဆင်းလာပြီ။ အဲဒီမှာပြဇာတ်မင်းသမီးမရှိဘူး။ အဲဒီအတွက် စကား လာပြောတာ ဘာညာဆိုပြီး စည်းရုံးတာပေါ့။ သက်ထားဆွေကလည်း မန္တလေးကပဲ။ ဒီတော့ မန္တလေးဇာတ်ပွဲမှာ ကပေးဖို့ ပြောတာပေါ့။ ဒါပေမယ့် အဲဒီနှစ်က သက်ထားဆွေ မောင်သိန်းဇော် ဇာတ်နဲ့ မဖြစ်လိုက်ဘူး။ ရွှေမန်းကနေ မိုးဝင်းဇာတ်ကို ကူးသွားတယ်။
မေ့နေလို့ မကျည်းတန်ရေ ပဲခူးပွဲဆိုတာက ဇာတ်ရာသီအဆုံးပွဲပဲ။ အဲဒီမှာ အဝင်အထွက်လုပ်ကြတာ။ မကချင်တဲ့လူက ပဲခူးမှာထွက်၊ ပြောင်းချင်တဲ့ လူကလည်း ပဲခူးပွဲမှာပြောင်း၊ လပြတ်ယူတဲ့ ကန်ထရိုက်ကလည်း ပဲခူးပွဲ အခြေအနေကို အကဲခတ်၊ ဇာတ်တွေကလည်း အပြိုင်အဆိုင် ပြဇာတ်အော်ပရာ အသစ်အသစ်တွေတင်၊ ကတ္တီပါကားကအစ အားလုံးအသစ်အသစ်တွေ ပြုပြင်ကြရတယ်။ ငွေပေးငွေယူ ပဲခူးပွဲမှာပဲ လုပ်ကြတယ်။ ငွေသုံးပေးတာတို့၊ ကန်ထရိုက် စာချုပ်ချုပ်တာတို့ပေါ့။ ဒါကြောင့် မောင်ကြီးတို့က ပဲခူးပွဲမှာ မောင်သိန်းဇော်အတွက် ပြဇာတ်မင်းသမီး ကောင်းကောင်းတစ်လက်လောက်လိုလို့ ပြဇာတ်မင်းသမီး သက်ထားဆွေကိုခေါ်ဖို့ ဆွယ်တာပဲ။
သက်ထားဆွေတင် မဟုတ်ဘူး။ အဲဒီလို ပဲခူးပွဲတော်ကြီးမှာပဲ ရွှေမန်းသဘင်က ပြဇာတ်မင်းသမီး ချယ်ရီသင်းကိုလည်း မောင်ကြီး မောင်သိန်းဇော်နဲ့ ကဖို့ ဒုတိယအကြိမ် အဖြစ် ထပ်ဆွေးနွေးခဲ့ဖူးသေးတယ်။ ပထမအကြိမ် ချယ်ရီသင်းကိုခေါ်တာက နန်းဝင်းဆီ က ပြဿနာတက်ပြီး ခေတ္တနားနေတဲ့ အချိန်မှာ သူ့ကိုသွားခေါ်တာ။ ဒီတုန်းက သိန်းဇော်(မန္တလေး)ဇာတ်ပွဲ ရန်ကုန်ဆင်းမယ့်နှစ်ပေါ့။ မှတ်မိပါတယ်။ ချယ်ရီသင်းရဲ့ လက်ဦးဆရာမအိမ် ရွှေဂုံတိုင်မှာ သွားစကားပြောခဲ့တာ။ သူက သိန်းဇော် (မန္တလေးဇာတ်ပွဲ)ကိုသိနေပါတယ်။ ဒါပေမယ့် အဲဒီနှစ်တစ်နှစ်လုံး နားမယ်။ နောက်နှစ်မှ ဇာတ်ထဲပြန်လိုက်မယ်လို့ ဆိုတယ်။ သူက သိန်းဇော်(မန္တလေးဇာတ်ပွဲ)နဲ့ မကချင်ဘူး။ ဘာလို့လဲဆိုတော့ ရှေ့နှစ်မှ ရန်ကုန်ဆင်းမှာ။ အောင်မြင်မယ် မအောင်မြင်ဘူး မသိရသေး ဘူး။ ပြီးတော့ သူ့ခံယူချက်က နန်းဝင်းထက်သာတဲ့ ဇာတ်(အောင်မြင်ကျော် ကြားတဲ့ ဇာတ်ကြီးမျိုး)မှာပဲ ကချင်တယ်လို့ပြောပြီး ပထမအကြိမ်ငြင်းပယ်ခံခဲ့ရ တာပါ။ ဒုတိယအကြိမ်ကျတော့ ချယ်ရီသင်းဟာ ရွှေမန်းသဘင်မှာ မောင်ချမ်းသာနဲ့ တွဲဖက်အညီဆုံး ပြဇာတ်မင်းသမီး ဖြစ်နေတဲ့အချိန်ပဲ။ ပဲခူးပွဲတော်မှာ မောင်ကြီးတို့ မောင်ချမ်းသာပြဇာတ်ကို ထိုင်ကြည့်ဖြစ်ကြပါတယ်။ အဲဒီဇာတ်ဝင်ခန်းတစ်ခုမှာ ချယ်ရီသင်း သရုပ်ဆောင်တာ အရမ်းတော်တယ်။ အရှက်အကြောက်မရှိ ပရိသတ်အကြိုက် သရုပ်ဆောင်တာကို သိန်းဇော်ဇာတ်ဆရာ ကိုအောင်ရွှေကကြိုက်လို့ ညကြေးတောင်းတဲ့ကြေးပေးမယ်ဆိုလို့ ဒုတိယအကြိမ်စကား ပြောဖြစ်ခဲ့တာ။ ဒီတုန်းက ချယ်ရီသင်းက ရွှေမန်းသဘင်မှာ ညကြေး ပိုပြီးတောင်းဆိုနေတဲ့အချိန်။ ဒါပေမယ့် ချယ်ရီသင်းကို မရလိုက်ပါဘူး။
အဲဒီအတွက် အကျိုးတရားက ဘာလဲ။ အမုန်းခံရတာပဲ။ ချဉ်ဖတ်ဖြစ်သွားတာပဲ။ အမြတ်မထွက်ဘဲ အရှုံးပေါ်တာမျိုးလည်း ရှိခဲ့တာပါပဲ။ ချယ်ရီသင်းလိုဟာမျိုးကျတော့ ကိုယ်က အနင်းခံလိုက်ရတာ။ ခုတုံးလုပ်ခံလိုက်ရတာ။ စေတနာသန့်သန့်နဲ့ ရှုပ်ခဲ့တဲ့ အရှုပ်တွေပါ မကျည်းတန်။
'ကိုချမ်းသာ ညကြေးတိုးမပေးရင် မန္တလေးဇာတ်ပွဲကိုပြောင်းမယ်။ ကိုစိုးမြင့်အောင် ကြီးက သိန်းဇော်နဲ့ ကဖို့ လာခေါ်နေတယ်' လို့ ပြောပါတယ်။ မောင်ချမ်းသာကလည်း ချယ်ရီသင်းနဲ့ ပြဇာတ်ကရတာ လိုက်ဖက်အရမ်းညီနေတဲ့အချိန် ချယ်ရီသင်းကို မထွက်စေချင်လို့ ညကြေးတိုးပေးပြီး စာချုပ်ချုပ်လိုက်တာပါပဲ။ ဒါကိုလည်း နောင်ကျမှ မောင်ကြီးသိခဲ့ရပါတယ်။ အဲဒီတုန်းကမချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မောင်ချမ်းသာက မောင်ကြီးကို အမြင်စောင်းမှာပါပဲ။ ဘာလို့လဲဆိုတော့ သူ့ထဲက မင်းသမီးကိုလုခေါ်သလို ဖြစ်နေလို့ပါ။ တကယ်လည်း လုခေါ်ခဲ့တာပါ။ မရတော့ မရလိုက်ပါဘူး။
အခု ဒါတွေကို ပြန်တွေးမိတော့ ငါ မှားလေခြင်း ဆိုပြီး နောင်တရမိတယ်။ ဘာမှားတာလဲ ဆိုတော့ သိန်းဇော်(မန္တလေး)ဇာတ်ကို မောင်ကြီးထောင်တာမှ မဟုတ်ဘဲ။ မောင်ကြီးက စာနယ်ဇင်းသမား။ ဇာတ်နဲ့ငွေကြေး ဘာမှပတ်သက်ခဲ့တာမှ မဟုတ်ဘဲ။ ဒါပေမယ့် သိန်းဇော်ဇာတ်ထဲက ပြဇာတ်မင်းသမီးက ပြည်သူတွေလက်ခံတဲ့ ချစ်တဲ့ ကြိုက်တဲ့ ပြဇာတ်မင်းသမီး စစ်စစ်မဟုတ်လို့ အားလျော့နေတယ်။ အားရှိတဲ့သူကို ဖြည့်ဖို့ပြောတော့ ကောင်းတာပေါ့။ ခေါ်ပေးလေ၊ ပြောပေးလေ ဆိုတာနဲ့ အေး ဆိုပြီး ပြောမိဆိုမိခဲ့တာ။ အဲဒီ အေးတစ်လုံးကြောင့် တစ်ပါးသူ အငြိုငြင်ခံရတာကို မောင်ကြီး အများကြီးခံခဲ့ရဖူးတယ်။ ထပ်ပြောပြဦးမယ်။
ချယ်ရီသင်းက ရွှေမန်းထံက ညကြေးတိုးလိုချင်တယ်။ တိုးတောင်းနေတယ်။ အဲဒီအချိန်မှာ မောင်ကြီးက ဝင်လိုက်တာ ချိန်ကိုက်ပဲ။
ချယ်ရီသင်းကလည်း အကွက်ဝင်သွားတယ်။ ညကြေး တိုးမပေးရင် သိန်းဇော်ဆီ ကူးမယ် ဆိုပြီး လေသံလွှင့်တယ်။ အဲဒီအချိန်မှာ ရွှေမန်းက ညကြေးတိုးမပေးရင်လည်း ချယ်ရီသင်း တခြားဇာတ်ကို ပြောင်းမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရွှေမန်းသဘင်က နန်းဝင်းဇာတ်ထက် အောင်မြင်နေလို့ပဲ။ သိန်းဇော်က နန်းဝင်းလောက် နေရာတော်တော် များများမှာ မအောင်မြင်သေးဘူး။ မူလ ပထမအစ စခေါ်တုန်းက ချယ်ရီသင်း ပြောခဲ့တဲ့ စကားကို မောင်ကြီးက မေ့နေခဲ့လို့ စကားပြောမိခဲ့တာ။ ကိုအောင်ရွှေက ဇွတ်လုပ်ပါ ခေါ်ပေးပါပြောပေးပါဆိုလို့ ပြောလိုက်ရတာ။
နောက်ဆုံးတော့ ငထွား ခါးနာတာပါပဲ။
ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ ဆတ်ဆော့မိခဲ့လို့ အမုန်းခံခဲ့ရတာ ခုတုံးလုပ်ခံခဲ့ရတာကိုတွေးပြီး စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ ဒါလည်း မောင်ကြီးက မှတ်လားဆိုတော့ အမှတ်မရှိခဲ့ဘူး။ ဆက်ပြီး ပြောပြရဦးမယ် မကျည်းတန်။
မောင်သိန်းဇော် ရန်ကုန်ခွင်တွေ ဝင်နေတဲ့အချိန်။ တောင်ဥက္ကလာပမှာ ကနေတဲ့ မိုးဝင်းဇာတ်ထဲရောက်နေတဲ့ သက်ထားဆွေကို မောင်ကြီး တစ်ခါသိန်းဇော်နဲ့ကဖို့ သွားပြောမိပြန်သေးတယ်။ အမှတ်မရှိတာကို ပြောတာပါ။ သက်ထားဆွေနဲ့ မိုးဝင်းနဲ့ အဆင်မပြေတဲ့အချိန်မှာ မောင်ကြီး ဒုတိယအကြိမ် သက်ထားဆွေကို သိန်းဇော်ဆီမှာ ပြဇာတ်ကဖို့ မိုးဝင်းဇာတ်ရုံမှာ သွားခေါ်တာ။ နှစ်ပါးကနေတဲ့အချိန်ကြီး မိုးဝင်းနဲ့ ငမော့က ထူးထူးခြားခြား နှစ်ပါးကျမှလာလို့ အံ့အားသင့်နေကြတယ်။ နှစ်ပါးလာကြည့်တာ ဘာညာပေါ့။ ပြီးတော့ သက်ထားဆွေနဲ့ စကားပြောဖြစ်တယ်။ ပြီးတော့ သူ့အဖေနဲ့ စကားပြောပြီး ပြန်လာကြတယ်။ အဲဒီတုန်းကလည်း ကိုအောင်ရွှေ(ဇာတ်ဆရာ) ပါခဲ့တာပေါ့။
မိုးဝင်းဇာတ် မြစ်ဝကျွန်းပေါ်မှာကတော့ သက်ထားဆွေက ဦးမြင့်(ကန်ထရိုက်)ကို ပြောသတဲ့။ နောက်နှစ် သိန်းဇော်ထဲလိုက်မှာ ဘာညာပေါ့။ ကန်ထရိုက်ဦးမြင့်က မြစ်ဝကျွန်းပေါ် လချုပ်ကန်ထရိုက်ဆိုတော့ သက်ထားဆွေနဲ့မိုးဝင်း ပြဇာတ်အတွဲက သိပ်လိုက်နေကြတော့ မထွက်စေချင်ဘူး။ ဒီမှာလည်း မောင်ကြီးလာခေါ်တာဆိုပြီး သတင်းကြီးခဲ့ပြန်တာပဲ။ ဦးမြင့်နဲ့ မောင်ကြီးက ရင်းနှီးတော့ ပြန်ပြောပြလို့ သိရတာ။ သူက မိုးဝင်း၊ ရွှေမန်းတို့ ကန်ထရိုက်ကြီးပေါ့ မကျည်းတန်။
အဲ... အဲဒီနှစ်မှာ သက်ထားဆွေ သိန်းဇော်ဇာတ်ထဲ ရောက်လာခဲ့ပါတယ်။ ဒါတွေဟာ အခု ဒီပဲခူးပွဲတော်ကြီးကစခဲ့တဲ့ ဇာတ်ရှုပ်တွေပေါ့။ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေကို အမုန်းခံပြီးလုပ်ခဲ့တာ။ ဘာလို့လဲဆိုတော့ သိန်းဇော်ဇာတ်ပွဲ အောင်မြင်ရင် နောက်က လူ ၁ဝဝ ကျော် ထမင်းနပ်မှန်မယ်။ အဲဒီအတွက် အမုန်းခံပြီး လုပ်ခဲ့တာပါ။
မင်းသမီး ချယ်ရီသင်းလည်း ဇာတ်ထဲကနေ ဗီဒီယိုလိုင်းဘက် ကူးသွားပြီး မင်းသမီး သက်ထားဆွေကတော့ အပြင်လောကမှာ စီးပွားရေးအခြေအနေကောင်းနေတယ်လို့သိရပါတယ်။

ခန္ဓာရုပ်နာမ် အနိစ္စံ


ပျော်ဘွယ်စိုးမြင့်အောင်
အမှတ် ၆၀၂၊ မေလ၊ ၂၀၁၀
အလင်းတန်းဂျာနယ်

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၉.၆.၂ဝ၂၆) မှာတော့ ဆရာ ပျော်ဘွယ်စိုးမြင့်အောင် ရေးသားပြီး အမှတ် ...
09/06/2026

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၉.၆.၂ဝ၂၆) မှာတော့ ဆရာ ပျော်ဘွယ်စိုးမြင့်အောင် ရေးသားပြီး အမှတ် ၆၀၀၊ ဧပြီလ ၂ဝ၁၀ အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “မကျည်းတန်ရေ ပြောတော့မယ် နားထောင်” ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။


▪️မကျည်းတန်ရေ ပြောတော့မယ် နားထောင်
▪️ပျော်ဘွယ်စိုးမြင့်အောင်

ပဲခူးပွဲတော်ကြီးကို တောဘုရား ပွဲလို့ ပြောစမှတ်ပြုကြတယ်။ တချို့ ဇာတ်ထောင် ဆရာတွေဆိုရင် ပဲခူး ရွှေ မုဋ္ဌောဘုရားပွဲ၊ မန္တလေး ကျောက်တော်ကြီးဘုရားပွဲ၊ ပြည် ရွှေဆံတော်ဘုရားပွဲကြီးတွေ၊ ယခင်က ရန်ကုန်ဆို ကျိုက္ကဆံပြည်ထောင်စုပွဲ၊ ရွှေဘိုဆို မြို့ထောင့်စေတီတွေကို ဇာတ်ဆရာပိုင်ပွဲအဖြစ် ကပြကြတယ်။ ကိုယ်တိုင် ရုံသွင်းတယ် ပေါ့။ တချို့ဇာတ်ဆရာတွေကျတော့ ဒီပွဲတော်ကြီးတွေ သတ်သတ်ကန့်သတ်ထားပြီး ဇာတ်ကြေးသတ်မှတ်ပါတယ်။ အပြိုင်အဆိုင် အကြီးအကျယ်လုပ်ကြရတာဆိုတော့ ကုန်ကျစရိတ်ကလည်း ကြီးတယ်။ ဒါကြောင့် ညကြေးလည်း ပိုယူတတ်ကြတယ်။
ဥပမာ- ရွှေမန်းသဘင်ဆိုရင် အကယ်ဒမီ ကိုညွန့်ဝင်းကို ညကြေးသတ်မှတ်ပြီး ခေါ်ရတယ်။ တီးဝိုင်းခေါင်းဆောင် ထရမ်းပက်ကိုဝင်းဦးကိုလည်း ညကြေးသတ်သတ် ပေးပြီး ခေါ်ရတဲ့အပြင် ကားအကြိုအပို့တွေ လုပ်ပေးရတယ်။ ဒါတွေက ဇာတ်ရင်း ကြေးထဲမှာ မပါဘူး။ ကန်ထရိုက်က အပိုကြေးပေးပြီး ခေါ်ရတာ။ ကိုညွန့်ဝင်းကလည်း သူ့ကိစ္စပြီးရင် ညကြေးယူပြီး ပြန်တာပဲ။
နောက်ပိုင်း နယ်ပွဲတော်တွေမှာ ဂီတနယ်က ရုပ်ရှင်နယ်က နာမည် ကြီးတွေကို ခေါ်ပြီး ဒီလိုပဲ လူစည်ကားအောင် ကြော်ငြာပြီး ရုံသွင်းကြတော့ ဇာတ်သမားတွေ နာတာပေါ့။ သူတို့ ကြိုက်လို့ လာကြည့်တာမဟုတ်ဘဲ နာမည်ကြီးကြိုက်လို့ လာကြည့် သလို ဖြစ်သွားတယ်။ ဒီလိုနဲ့ပဲ ဇာတ်သဘင်က တဖြည်းဖြည်း ပျောက်ကွယ်သွားမလား မသိတော့ပါဘူး မကျည်းတန်။
ပဲခူးပွဲတော်ကြီးမှာ အကယ်ဒမီညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ တို့နဲ့ အပြိုင် မိုးဝင်းတစ်ယောက်တည်းနဲ့ အပြိုင်ယှဉ်ခဲ့ဖူးတယ်။ ဒီတုန်းက မိုးမင်းက မကသေးဘူး။ ကျောင်းနေတုန်းပဲ။ မိုးဝင်းခမျာ နေမကောင်းတာတောင် ဆေးထိုးပြီး (တိုင်ဖုံးကြားမှာ ဆရာဝန်ခေါ်ထားပြီး) ယှဉ်ပြိုင်ခဲ့ရတာ။ သူ့အဖေ၊ မောင်ကြီးတို့ အေးကြူလေးတို့က မိုးဝင်းကိုကြည့်ပြီး တကယ်သနားမိတယ်။ စိန်မာဒင်က ပြောတယ်။ စာသင်ပါ သားရယ် ဆိုတော့ မဟုတ်ဘူး ဇာတ်ပဲကချင်တယ်ဆိုလို့ ဘယ်လိုမှ စာသင်ခိုင်းလို့၊ ကျောင်းထားလို့ မရတော့လို့ ဇာတ်ထဲထည့်လိုက်ရတာ။ ခုရုံပြိုင် အပြိုင်ကနေရပြီ။ ကရင်း သေရင် သေပလေ့စေ။ ဒါ သူ့သမိုင်း သူရေးတာပဲလို့ ပြောတယ်။ ဟုတ်တယ်လေ။ ပြဇာတ်လည်း မိုးဝင်းပဲ၊ နှစ်ပါးကျတော့လည်း ပစ်လိုက်တဲ့ ကျွမ်းချွေးတလုံးလုံးနဲ့။ ဒါပေမယ့် မိုးဝင်းက လည်း မိုးဝင်းပဲ။ ပြိုင်ပြီဟေ့ဆိုရင် နိုင်ရမှ ကျေနပ်တဲ့ မင်းသားဆိုတော့ ရွှေမန်းညီအစ်ကို ၄ ယာက်ကို တစ်ယောက်တည်းနဲ့ အနိုင်ပြိုင်ခဲ့တာပဲ။
ဒီနေရာမှာ မကျည်းတန်ကို ပြောစရာရှိလာတာ ပြောပြရဦးမယ်။ မိုး ဝင်းဇာတ်ကို စိန်မာဒင်တို့ မိသားစု ပွဲအဖြစ် ကကြတာ။ ရွှေမန်းက ကန်ထရိုက်နဲ့ကတာ။ ကိုညွန့်ဝင်း တို့၊ ထရမ်းပက်ဝင်းဦးတို့ ပါတဲ့အတွက် ညကြေးကများတယ်။ ဒါ့အပြင် တခြားကြေးပို တွေကလည်း ရှိသေးတယ်။ ဆိုရရင် ရွှေမန်း ၁ဝ သိန်းဝင် ငွေရှိရင် မိုးဝင်း ၃ သိန်းပဲဝင်။ မိုးဝင်းက အမြတ်ရှိတယ်။ ရွှေမန်းက အရင်းလောက်ပဲ ရှိနိုင်တယ်။ မမြတ်နိုင်ဘူး။ ဘာလို့လဲဆိုရင် မြေနေရာ လေလံကအစအားလုံး ရွှေမန်းက ဈေးကြီးပေးရလို့ပဲ။ နောက်တစ်ခါ မိုးဝင်း ရုံကွဲထွက်သွားရင်တောင် ရွှေမန်းရုံက မကွဲနိုင်ဘူး။ ဇာတ်ရုံက ပိုကျယ်ပြီး ပိုဆံ့လို့ပဲ။ မိုးဝင်းက ရှုံးဦးတော့ ဇာတ်ဆရာကတဲ့ ပွဲခွင်မို့ ခံသာတယ်။ မောင်ကြီးတို့ မှတ်မိသလောက်တော့ ပဲခူးပွဲမှာ မိုးဝင်းမှ မိုးဝင်းပဲ။ နှစ်စဉ် မိုးဝင်း ပိုက်ဆံရတယ်။ နာမည်ကျန်တယ်။
တစ်နှစ်က ပဲခူးပွဲမှာ ရွှေမန်းချမ်းသာက တစ်ရုံ၊ ဆန်းဝင်းရဲ့သား တင်မောင် ဆန်းမင်းဝင်းရဲ့ ရွှေမန်းက တစ်ရုံ၊ ၂ ရုံပြိုင်ဝင်တာကို တွေ့လိုက်ရတယ်။ အဲဒီမှာ မိုးဝင်း၊ မိုးမင်းက ဇာတ် ၂ ဇာတ်ဖြစ်နေပေမယ့် စိန်မာဒင်ခွင်မို့ မိုးဝင်း၊ မိုးမင်း ညီအစ်ကိုက ပေါင်းပြီး တစ်ဇာတ်တည်းအနေနဲ့ ပဲခူးပွဲကိုဝင်ပြီး ပိုက်ဆံယူသွားခဲ့တယ်။ တစ်ဖက်က ရွှေညီအစ်ကိုတွေ စည်းလုံးမှု ပျက်ပြားနေတဲ့အချိန်မှာ စင်ပြိုင် မိုးဝင်း၊ မိုးမင်းတို့က ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် မိသားစုအဖြစ်နဲ့ ဝင်ရောက်ကပြခဲ့တာကို တွေ့ရတယ် မကျည်းတန်။
ရွှေမန်း ဇာတ်ရုံ ၂ ရုံအပြိုင်ဖြစ်နေတာကို မောင်ကြီးအံ့အားသင့်သွားခဲ့တယ်။ စန္ဒရားချစ်ဆွေရဲ့ ဈာပနမှာ အကယ်ဒမီကိုညွန့်ဝင်းနဲ့ အမှတ်မထင်ဆုံလို့ မောင်ကြီးက 'အစ်ကိုကြီး ပြောပါဦး။ ဒီလိုပွဲတော်ကြီးမှာ ဒီလိုဖြစ်ရတာ မကောင်းပါဘူးလို့' ပြောမိ လိုက်သေးတယ်။ သူ့မိသားစု ကိုယ့်မိသားစု စီးပွားရေးတွေမို့ ကိုညွန့်ဝင်းလည်း မပြောသာဘူးနဲ့ တူပါရဲ့။
မနှစ်ကကျတော့ ပဲခူးပွဲမှာ တင် မောင်ဆန်းမင်းဝင်းနဲ့ မောင်ချမ်းသာ တူအရီး ပူးပေါင်းပြီး ကမယ်ဆိုတဲ့ အသံကြားလာရတယ်။ ရွှေမန်းပရိသတ်တွေက အဲဒီအသံလည်း ကြားရော ဝမ်းသာနေလိုက်ကြတာ။ သူ့ဇာတ်အစွဲ၊ ကိုယ့်ဇာတ်အစွဲရှိကြတဲ့ ပရိသတ်က ရွှေမန်းသဘင် ၂ ဇာတ်ကို ၁ ဇာတ်ပေါင်းပြီး ကမယ်ဆိုလို့ပေါ့။ ရွှေမန်းသဘင်ပြိုင်ရင် နိုင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ အားပေးတဲ့ အမာခံပရိသတ်တွေပေါ့။ အရှင်းဆုံးပြောရရင် ရွှေမန်းပရိသတ်တွေပေါ့။ ဒါပေမယ့် တကယ့်တကယ် ရုံဝင်လာတော့ တင်မောင်ဆန်းဝင်း မင်းတစ်ယောက်တည်းပဲ။ ချမ်းသာတစ်ယောက် မပါခဲ့ဘူး။
ပွဲတော်ကြီးတွေမှာ လူစည်တယ်။ ရုံကွဲတယ်ဆိုပေမယ့် တချို့တချို့က နာမည်အမြတ် ကျန်အောင်လုပ်ပြီး ငွေရှုံးခံတာတွေလည်း ရှိသေးတယ်။ တချို့ကျတော့ နာမည်လည်းရှုံး၊ ငွေလည်းရှုံးတာတွေ ရှိခဲ့ဖူးတယ်။
တစ်ခါတုန်းက မြို့တော်သိန်းအောင် နာမည်ကြီးနေတဲ့အချိန် ရွှေဘိုမြို့ထောင့် စေတီပွဲမှာ မြို့တော်သိန်းအောင်ကို အပြိုင်ဇာတ်က ငွေရှုံးခံပြီး သတ်လိုက်တဲ့ အကြောင်းတစ်ခု ပြောပြမယ် မကျည်းတန်။ မြို့တော်ကြီးနဲ့ အပြိုင် ရွှေမန်းကျော်အောင် ဝင်တယ်။ ကိုကျော်အောင်ရဲ့ ကန်ထရိုက်က မြို့တော်ကြီးရဲ့ ရှေ့ဆုံးနားအလယ်က ကောင်းပေ့ဆိုတဲ့နေရာက ဖျာအချပ် ၃ဝ လောက်ကို ပွဲပြီးဝယ်လိုက်တယ်။ ညပွဲဝင်တော့ အဲဒီနေရာက ဟာပြီးကွက်လပ်ကြီး ဖြစ်နေတာပေါ့။ လူမှမလာဘဲ။ နောက်ကလူတွေက ရှေ့တိုးပြီး လူမလာတော့ကြည့်ကြတာပေါ့။ ပွဲတော်က ရက်ရှည်ပြီး ၂ ည၊ ၃ ညလည်း ကျော်ရော မြို့တော်ကြီးမှာ ဖျာဝယ်မယ့်လူ နည်းသွားတယ်။ ဖျာသွားဝယ်တော့ နေရာမရှိတော့ဘူး ပြောတယ်။ ရုံထဲကျတော့လည်း ဖျာအလွတ်တွေ အများကြီးပဲ ဆိုတဲ့သတင်းက ပျံ့သွားတယ်။ အဲဒီအချိန်မှာ ကိုကျော်အောင်ရဲ့ ဇာတ်ဆရာက မန္တလေးကနေ ပွဲကြည့်မယ့်သူတွေကို ကားနဲ့အကြိုအပို့လုပ်ပြီး ရုံထဲကိုသွင်းလိုက်တော့ (အားလုံး အလကား ကြည့်ပဲ) ရုံကွဲသွားတာပေါ့။ ဒီလိုနဲ့ အဲဒီနှစ်က ရွှေဘိုမြို့ထောင့် စေတီပွဲမှာ ရွှေမန်းကျော်အောင် အရမ်းနာမည်ကြီးသွားပြီး မြို့တော်သိန်းအောင်နာမည် ရှုံးသွားခဲ့တယ်။ ဒါက ကန်ထရိုက်လုပ်တဲ့လူကလည်တော့ လုပ်တတ်ကိုင်တတ်တော့ သူ့ဇာတ်နာမည် အမြတ်ကျန်အောင် ငွေရှုံးခံပြီး တစ်ဖက်ဇာတ်ကို သတ်လိုက်တာပဲ။
စီးပွားရေးရှာတဲ့နေရာမှာ ကိုယ့်အကျိုးကြည့်တဲ့လူတွေကများတယ်။ ဒီကြားထဲ ခုနက လို ကန်ထရိုက်ကြီးမျိုးနဲ့များ တွေ့လိုက်ရင် သေရော။ ဒါကြောင့် တချို့ဇာတ်ဆရာ တွေက ပွဲကြီးတွေဆိုရင် လုပ်တတ်ကိုင်တတ်တဲ့ ကန်ထရိုက်ကြီးတွေကိုပဲရွေးပြီး ပွဲခွင် ပေးတယ်။ ဇာတ်ရင်း ကြေးတောင် လျှော့ပေးသေးတယ်။ ပွဲတော်ကြီးမှာ ရုံပြည့်ရုံလျှံနဲ့ အောင်ပွဲခံနိုင်ရင်တော်ပြီဆိုပြီး ထိုးအပ်တတ်ကြတယ်။ အထူးသဖြင့် ဒီလိုပဲခူးပွဲတော်ကြီး တွေမှာပေါ့။
ဟိုးအရင်တုန်းက ပဲခူးပွဲတော်ကြီးမှာ အောင်ပွဲခံနိုင်ရင် ရှေ့နှစ်အတွက် ပူစရာမလိုတော့ ဘူး။ ကန်ထရိုက်အပြည့်၊ ပွဲခွင်အပြည့်။ တချို့ကျတော့လည်း လချုပ် ယူပြီး ကြိုက်ဈေးရရင် ပြန်ရောင်းစားတာပေါ့ မကျည်းတန်ရယ်။ ဇာတ်ဆရာကလည်း ကြိုတင်ရတဲ့ငွေတွေနဲ့ ဇာတ်သမားတွေကို နှစ်ကြီးသုံးပေးတာပေါ့။ ဇာတ်ဆရာကလည်း ငွေရမယ်၊ အောင်မြင်မယ်ဆိုတဲ့ ပွဲခွင်တွေကို မရောင်းဘဲ ချန်ထားတာပေါ့။ ညကြေးပိုပေးမှ လက်သိပ်ထိုး ပြန်လွှတ်တာပေါ့။ ဇာတ်ဆရာအလုပ်က အရှုပ်ကြီးပါ။ အတွင်းကျကျဝင်မိလေ ဇာတ်ကပိုရှုပ်လေပါပဲ မကျည်းတန်။



ခန္ဓာရုပ်နာမ် အနိစ္စံ
ပျော်ဘွယ်စိုးမြင့်အောင်
အမှတ် ၆၀၀၊ ဧပြီလ၊ ၂၀၁၀
အလင်းတန်းဂျာနယ်

ရွှေချစ်သူသို့ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာသို့ ၂၀၂၆ ခုနှစ် မေ ၂၂ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန် ၇ ရက်အထိ ရောက်ရှိလာတဲ့ စာမူတွေက...
08/06/2026

ရွှေချစ်သူသို့

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာသို့ ၂၀၂၆ ခုနှစ် မေ ၂၂ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန် ၇ ရက်အထိ ရောက်ရှိလာတဲ့ စာမူတွေက အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

၁၀၅၅။ လရောင်၊ခြံပြင်၊ (ဘဝကူးလေး ကောင်းချင်လို့ပါ)
၁၀၅၆။ ဧကနွေး (ဤလောကဝယ် ထိုကဲ့သို့)
၁၀၅၇။ ပေဂီ (မျက်ခုံးစိမ်းနဲ့ မိန်းကလေး)
၁၀၅၈။ တည်မြဲလွင် (အရောင်မဲ့အရောင်)
၁၀၅၉။ ခန့်ဝါငြိမ်း (ဒေါင်လိုက်မြစ်)
၁၀၆၀။ ဟန်မီ (ကမ်းမဲ့ပင်လယ်)
၁၀၆၁။ Luffy (၂၄ နာရီအချစ်များ)
၁၀၆၂။ အညတရ ချာတူး (ဆန္ဒနှင့်သိက္ခာ)
၁၀၆၃။ မုဒိတာ နှင်း၊မော်လမြိုင်၊
(ညိုသာညို… မပြိုပါနဲ့)
၁၀၆၄။ ချမ်းအေး (ရောင်းရန်မဟုတ်ပါ)
၁၀၆၅။ သက်ဝေမှူး (လည်ချောင်း၀က သံသယ)
၁၀၆၆။ စိုးနောင်၊မုံရွာ၊ (မဆီမဆိုင်)
၁၀၆၇။ ကိုမျိုး၊ပွင့်ဦး၊ (ပြယ်လွင့်နေရောင်)
၁၀၆၈။ မိုးမြတ်သူ၊ကောလင်း၊ (အိပ်မက်နိဒါန်း
မိုးတိမ်အလား)
၁၀၆၉။ ချမ်းအေး (ခရီးဖော်)
၁၀၇၀။ နွေမိုးအိမ် (အဖြူကိုအရောင်ဆိုးကြသူများ)
၁၀၇၁။ မောင်ပိုင်၊လေးမျက်နှာ၊ (ကျွန်ုပ်တို့သည်သာလျှင်
ခါးပိုက်နှိုက်စစ်စစ်ဖြစ်ပါကြောင်း)
၁၀၇၂။ စိုးနောင်၊မိုးရွာ၊ (သွေးအလှူမျက်ရည်ဒါန)
၁၀၇၃။ ချမ်းအေး (ခရေးဇီးဂိုင်း မီးဝိုင်း )
၁၀၇၄။ စိုးနောင်၊မိုးရွာ၊ (ဥမ္မတ္တကဆေးရုံ)
၁၀၇၅။ ချမ်းအေး (အိုင်အမ် ဘူးဘီးဘူး)
၁၀၇၆။ သားဖေမောင်တင်၊ဖဒို၊ (အော်ပရေးရှင်း)
၁၀၇၇။ သားဖေမောင်တင်၊ဖဒို၊ (ပိုးကိုက်ထားသော
ပန်းသီးတစ်လုံး၏ ဂန္ထဝင်မြောက်သိင်္ဂါရ ရသ)
၁၀၇၈။ မင်းသစ်ငြိမ်း (အထီးကျန်မေမေ)

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာကိုစာမူပေးပို့မယ်ဆိုရင် ပြည်ထောင်စုဖောင့် ၁၄ ပွိုင့် ၆ မျက်နှာထက် မပိုစေဘဲ [email protected] ကို ပေးပို့နိုင်ပါတယ်။ subject(အကြောင်းအရာ)နေရာမှာ “ရွှေအသစ်ကဏ္ဍသို့ စာမူပေးပို့ခြင်း” လို့ ရေးဖြည့်ပေးရမှာဖြစ်ပါတယ်။ စာမူပေးပို့တဲ့အခါ Word File သို့မဟုတ် Mail စာသား အနေနဲ့ပေးပို့လို့ရပါတယ်။ စာတည်းအဖွဲ့က ဖတ်ရှုပြီး စာတည်းချုပ် ဦးဝင်းငြိမ်းက ရွေးချယ်ကာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာမှာ ဖော်ပြမှာဖြစ်ပါတယ်။ ရွေးချယ်ဖော်ပြခြင်းမရှိတဲ့ စာမူတွေကို စာရေးသူဆီကို အယ်ဒီတာမှတ်ချက်နဲ့အတူ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
ရွေးချယ်ဖော်ပြခံရတဲ့ စာမူအတွက် ဉာဏ်ပူဇော်ခကို စာရေးဆရာညီမင်းညို၊ စာရေးဆရာဟမ်စိုင်း(ဆေး-မန်း)၊ စာရေးဆရာထင်လင်းဦး၊ စာရေးဆရာမ မေ(လားရှိုး)၊ ရွှေချစ်သူ မတင်နိုင်စိုး တို့ရဲ့ ပါဝင်မှုနဲ့ ချီးမြှင့်မှာဖြစ်ပါတယ်။
ရောက်ရှိလာတဲ့ စာမူစာရင်းကို တနင်္လာနေ့တိုင်း ဖော်ပြပေးပါမယ်။

#ရွှေအသစ်

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၈.၆.၂ဝ၂၆) မှာတော့ ဆရာတော် အရှင်သံဝရ၊ဓမ္မပိယ၊ ရေးသားပြီး အမှတ် ၅...
08/06/2026

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၈.၆.၂ဝ၂၆) မှာတော့ ဆရာတော် အရှင်သံဝရ၊ဓမ္မပိယ၊ ရေးသားပြီး အမှတ် ၅၃၈၊ ဇန်နဝါရီ ၂ဝ၀၉ အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “အလင်းမှသည် အလင်းဆီသို့” ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။

▪️အလင်းမှသည် အလင်းဆီသို့
▪️အရှင်သံဝရ၊ဓမ္မပိယ၊

ရုပ်နာမ်နှစ်ပါး အမျှင်မပြတ် တစ်ဆက်တည်း ဆက်စပ်ဖြစ်နေခြင်းကို 'သံသရာ' ဟုခေါ်သည်။ ထိုသံသရာသည် အနမတဂ္ဂ သံသရာဖြစ်လေ၏။ အဓိပ္ပာယ်က မသိအပ် သော အစရှိသောသံသရာ၊ အစကိုမသိနိုင်သော သံသရာဟု အဓိပ္ပာယ်ထွက်၏။ ဘုရားရှင်သည် သံသရာ၏အစကို ကြည့်သောအခါ အစကိုမတွေ့ရ။ ထို့ကြောင့် 'အနမတဂ္ဂသံသရာ' ဟုသာ မိန့်ခဲ့သည်။ သံသရာ၏ အစသည် အဝိဇ္ဇာနှင့် တဏှာဟုသာ ဆိုနိုင်သည်။ ထို့ထက်ရှာလို့မတွေ့။ သံသရာ၏ အဆုံးကတော့ နိဗ္ဗာန်ဖြစ်သည်။
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ သည် သံသရာရေအလျဉ်ကျော၌ မျောပါနေကြသော ဒုက္ခသည်များဖြစ်ကြ၏။ သက်ညှာစွာပြောတော့ သံသ ရာခရီးသည်၊ သံသရာခရီးသွား များဖြစ်ကြ၏။ လောက၌ ကား၊ ရထား၊ လေယာဉ် စသည်ဖြင့် ခရီးသွားနေသူတို့သည် သက်ဆိုင်ရာကားဂိတ်၊ ဘူတာရုံ၊ လေယာဉ်ကွင်း စသည့် ခရီးဆုံးပန်းတိုင်ရှိကြ၏။ သံသရာခရီး သွားအများစုမှာတော့ ထိုသို့ ခရီးဆုံးပန်းတိုင် သတ်သတ်မှတ်မှတ်မရှိပေ။
ကံကောင်းထောက်မစွာ လူရယ်လို့ဖြစ်ကာ လူ့လောကထဲသို့ ရောက်လာခဲ့ကြ၏။ မိဘ၊ အစ်ကို၊ အစ်မ စသူတို့၏ပြုစုစောင့်ရှောက်မှုဖြင့် လူလားမြောက်ခဲ့သည်။ လူ့သဘာဝ ပတ်ဝန်းကျင်၏ တောင်းဆိုမှုကြောင့် ပညာတွေသင်ကြရသည်၊ ဥစ္စာတွေ ရှာကြရသည်၊ ဂုဏ်တွေ၊ လာဘ်တွေ၊ ပကာသနတွေ၊ အောင်မြင်ကျော်ကြားမှုတွေ ပိုင်ဆိုင်နိုင်အောင် လုပ်ကြရသည်။ အများနည်းတူ ရုန်းကန်ကြိုးစား၊ ဘဝတစ်ခုထူထောင်၊ ခရီးတစ်ထောက် နားခိုခဲ့သည်။
အချိန်တန်လျှင်တော့ အိမ်ပြန်ရဦးမည်။ သို့သော် ကိုယ့်အိမ်က ဘယ်ဝယ်၊ ဘယ်ဆီ၊ ဘယ်ရပ်၊ ဘယ်ဌာနီ ဟူ၍ ဘယ်သူမှ ရေရေရာရာသိသည် မဟုတ်။ ရက်ကန်းသည်မလေးကို ဘုရားရှင်က 'သမီး ဘယ်ကိုသွားမှာ လဲ' ဟုမေးတော့ 'တပည့်တော်မ ရေရေရာရာမသိပါဘုရား'ဟု ဖြေခဲ့သည်။ အများစုလည်း မေးလာခဲ့လျှင် ရက်ကန်းသည်မလေးလိုသာ ဖြေကြရလိမ့်မည်။ အဋ္ဌကထာဆရာကတော့ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆနေသူတို့၏ ကိုယ်ပိုင်အိမ်ကား အပါယ်လေးပါးသာဖြစ်သည်ဟု မိန့်ခဲ့၏။
ဘာတစ်ခုမှ မသေချာ မရေရာ လှသည့်ဘဝမျိုးမှာ မရေရာ မသေချာသော အလုပ်တွေကိုလုပ်နေပြီး ရှေ့ဆက်လျှောက်ရမည့် ဘဝသံသရာခရီးကလည်း ဘာမှ ရေရေရာရာ သေသေချာချာမရှိတော့၊ ထို့ထက် မျှော်လင့်ချက်ကင်းမဲ့သည့်ဘဝ မရှိတော့ချေ။ အမှန်ကို မမြင်နိုင်တာ၊ မမြင်ရတာ တော်တော်ခက်လှသည်။ မြင်ပါသော် လည်း မမြင်ချင်ဟန်ဆောင်နေရတာ၊ နေထိုင်ရတာ ကသိကအောက်ရှိလှသည်။
လူ့ဘဝလေးရောက်တုန်း ရောက်ခိုက် လာလမ်းကိုမပြန်ရသေးမီ အချိန်ပိုင်းအတွင်း အများစုဆိုသည့် အများစုကြီးမှာ အေးအေးလေးနေရလား။ မနေရ။ သက်သက်သာသာ လေးနေရလား။ မနေရ။ ချမ်းချမ်းသာသာလေးနေရလား။ မနေရ။ ပျော်ပျော်ရွှင်ရွှင်နှင့် နေရလား။ မနေရ။ ဘယ်မှာလဲ လူ့စည်းစိမ်။ ဘယ်မှာလဲ လူ့ချမ်းသာ။
တဖြည်းဖြည်းနှင့် ပတ်သက်မှုတွေက များလာ၊ စပ်ယှက်မှုတွေက တိုးလာ၊ သိမ်းပိုက်မှု၊ ပိုင်ဆိုင်မှုတွေက များလာ၊ ချစ်စရာတွေက တိုးလာ၊ ချစ်ရတာတွေက ပွားလာ၊ ခေါင်းထဲထည့်ရတာတွေက မနိုင်မနင်းဖြစ်လာ၊ နှောင်ကြိုးအထပ်ထပ် ချည်မိ၊ တုပ်မိလျက်ဖြစ်သွား။ အမယ်ဘုတ် ဇာတ်ထုပ်ကို သူခင်း၊ မိုးလင်းအောင်သူက၊ မရှိခင် တောင့်တ၊ ရှိပြန်တော့ ကြောင့်ကြ၊ လောဘ၊ ဒေါသတွေကြီး၊ သောက၊ မောဟတွေဖိစီး၊ ဣဿာ မစ္ဆရိယတွေအားကြီး၊ ဒေါမနဿမီးတွေက တညီးညီး။
ပြုံးစရာတွေ့က ပြုံးလိုက်ကြ၊ ရယ်စရာတွေ့က ရယ်လိုက်ကြ၊ မဲ့စရာတွေ့က မဲ့လိုက်ကြ၊ မုန်းစရာတွေ့က မုန်းလိုက်ကြ။ မလိုတစ်မျိုး၊ လိုတစ်မျိုး၊ မလိုတော့ ဒေါသ၊ လိုတော့ လောဘ၊ ပုထုဇဉ်အရူးဘဝ၊ ပုံစံအမျိုးမျိုးနှင့် သူက။
တစ်ခါတလေတော့ ဇာတ်လိုက်(မင်းသား၊မင်းသမီး)၊ တစ်ခါတလေတော့ ဗီလိန်၊ တစ်ခါတလေတော့ လူကြမ်း၊ တစ်ခါတလေတော့ လူရွှင်တော်၊ လူပြက်။ ဘဝဇာတ်ခုံပေါ် မှာ အခန်းကဏ္ဍမျိုးစုံအောင် သရုပ်ဆောင်ပြခဲ့ရသည်။ ကံကုန်လို့ မိုးချုပ်၊ တွဲရွှေလက်ကို ဖြုတ်လိုက်ရတော့ အဖော်မပါ၊ တစ်ကိုယ်တည်း ကိုယ့်ခရီးကိုယ် ဆက်ရလေသည်။
ဘုရားရှင်၏ ဒေသနာတော် ဉာဏ်မျက်လုံး သုံးကြည့်လိုက်တော့ လူသားအားလုံး တည်ရာနှစ်ခုကနေ လားရာလေးခုဆီသို့ သွားနေကြ၏။ တစ်အုပ်စုက အမှောင်မှ အလင်းသို့၊ တစ်အုပ်စုက အမှောင်မှ အမှောင်သို့၊ တစ်အုပ်စုက အလင်းမှ အမှောင်သို့၊ တစ်အုပ်စုက အလင်းမှ အလင်းသို့ ကိုယ်ခင်းသည့်လမ်း ကိုယ်လျှောက်ကြရသည်။
ကံဆိုးမိုးမှောင်ကျသည်ဟုဆိုသည့်တိုင် အမှောင်ဟူသည် ကံဆိုးလို့ မှောင်ရ၏။ လူဖြစ်သော်လည်း ကံကဆိုးတော့ အမျိုးကညံ့ဖျင်းသည်။ ယာစကာမျိုး၊ မုဆိုးတံငါမျိုး၊ ဆင်းရဲသားမျိုး၌ လူဖြစ်ရ၏။ အမျိုးယုတ်ညံ့ရ သည့်အထဲ ရုပ်ကလည်းဆိုး၊ ကျန်းမာရေးကလည်းညံ့၊ ခြေလက်အင်္ဂါက မသန်စွမ်း၊ လူချင်းမတူ၊ သူချင်းမမျှသည့်ဘဝ။ ဥစ္စာမရှိ၊ ပညာမတတ်၊ လူရာမဝင်၊ ဘဝအမှောင်ထုထဲက မိုက်လွန်းလှသည်။
ထိုသို့ ဘဝက အမှောင်ကျနေသဖြင့် အသိအလိမ္မာမရှိ။ မိုက်လုံးကြီး မိုက်တွင်း နက်သည်။ ညှဉ်းပန်းနှိပ်စက်ဖို့၊ သတ်ဖို့ဖြတ်ဖို့ လက်မနှေး။ ခိုးဖို့ ဝှက်ဖို့ လက်မတွန့်။ မဟုတ်တာမှန်သမျှ အကုန်လုပ်သည်။ သူသည် လက်ရှိ ဘဝအမှောင်ကျပြီး တမလွန်မှာ လည်း အပါယ်လေးပါးအမှောင်သို့ ပြန်သွားနေသူဖြစ်သည်။
တစ်ယောက်ကတော့ လက်ရှိဘဝ အမှောင်ကျနေသော်လည်း ဆင်းရဲလေလေ သံဝေဂရဆိုသည့်အတိုင်း မိမိဘဝ၏ လက်ရှိချို့တဲ့မှု၊ ဆင်းရဲနုံ ချာမှုကို သင်ခန်းစာယူသည်။ သံဝေဂယူသည်။ ရိုးသားကြိုးစားစွာဖြင့် အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးလေ့လာသည်။ ဘာသာတရား ကိုင်းရှိုင်းသည်။ မဟုတ်၊ မမှန်၊ မသင့်ဟုသိရတာမှန်သမျှ မပြု၊ မပြောဘဲ ရှောင်ကြဉ်သည်။ ဟုတ်၊ မှန်၊ သင့်လျော်ရာကို ပြုလုပ်ပြောဆိုသည်။ လူကချုံကြားမှာဖြစ်လင့်ကစား စိတ်ကိုတော့ ဝတိံသာ၌သာ ထားသည်။ ရိုးရိုးကျင့်သဖြင့် မြင့်မြင့်ကြံနိုင်သည်။ သူသည် လက်ရှိဘဝမှာ အမှောင်ကျ နေသော်လည်း တမလွန်နောင်ဘဝ ကောင်းရာသုဂတိအလင်းဆီသို့ သွားနေသူဖြစ်သည်။
တချို့က ရှေးကံကောင်းခဲ့လို့ ဘဝက အစစအရာရာ ပြည့်စုံသည်။ ပညာတတ်အမျိုး၊ ဥစ္စာဓနပြည့်စုံသော အမျိုး၌ လူလာဖြစ်ရ၏။ အမျိုးက ကောင်း၊ အသိုက်အဝန်းကကောင်း၊ ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချော၊ ဘဝမှာ ဘာမှလိုလေသေးမရှိ။ သို့သော် ဆင်သေစီးလိုက်သည့်ကျီးမိုက်ပမာ ဘဝရေစုန်ကို မျှောလိုက်နေသည်။ အဟောင်းစားသက်သက်နှင့် မျိုးစေ့ကိုပြုတ်စားနေသည်။
ဗဟုသုတမလိုက်စား။ ဘုရား တရား နတ္ထိ၊ အပျော်အပါးနှင့်သာ အချိန်ဖြုန်း၊ အသိအလိမ္မာမရှိ၊ ရာထူးဂုဏ်၊ ဓနဂုဏ် စသည်တို့ကြောင့် မာန်တက်ချင်တိုင်းတက်၊ မိုက်တွင်းက နက်။ လက်ရှိဘဝကပြည့်စုံနေတော့ တမလွန်ကို ဘေးချိတ်၊ ကံနှင့်ကံ အကျိုး ဘေးဖယ်ထား၊ ဒုစရိုက်၊ သုစရိုက်ထည့်မတွက်။ သူသည် ကံကောင်းထောက်မ လက်ရှိဘဝ အလင်းထဲရောက်နေသော်လည်း တစ်ဘဝဇာတ်သိမ်း စာရင်းရှင်းကြသည့် အခါ အပါယ်လေးပါးအမှောင်သို့ သွားရောက်ရမည့်သူဖြစ်သည်။
တချို့က ရှေးကုသိုလ်ကံလည်း ကောင်း၊ လက်ရှိ ပစ္စုပ္ပန်ကံလည်းကောင်း၊ ဘုရား၊ တရားအလေးထားသည့်အသိုက်အဝန်း၌ လူဖြစ်လာရ၏။ ပညာတတ်၊ ရုပ်ချော၊ ကျန်းမာရေးကောင်း။ အသိုက်အဝန်းကတောင့်၊ မျိုးရိုးက ဘာသာတရားလေးစားလေ တော့ ဘာသာတရားကိုင်းရှိုင်းသည်။ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း သိသည်။ ကံနှင့် ကံအကျိုးကို အလေးအနက်ထားသည်။
ဒါန၊ သီလက ပြည့်စုံသည်။ ဘာဝနာကို ထိုက်သည့်အားလျော်စွာ ကျင့်ကြံသည်။ စိတ်ကောင်းနှလုံး ကောင်းရှိသည်။ ရပ်ရေးရွာရေး၊ ဆွေရေးမျိုးရေး ဘယ်တော့မှ လက်မနှေး။ ကိုယ်ချင်းစာတရား လက်ကိုင်ထားသည်။ သနားကြင်နာတတ်၊ ကူညီ ရိုင်းပင်းတတ်သည်။ သဘောထားပြည့်၍ အကောင်းမြင်တတ်သည်။ သူ၏ လက်ရှိဘဝကလည်း လင်းလက်နေသည်။ တမလွန်ဘဝကလည်း လင်းလက်နေသည်။ အလင်းမှသည် အလင်းဆီသို့သွားနေသူဖြစ်သည်။
အမှောင်သည် အကြောက် တရားကို ဖြစ်ပေါ်စေသည်။ ဘာမှ မမြင်ရ၊ မကြားရသည့်အမှောင်ထဲ၌ နေရလျှင် စိတ်ချောက်ချား၍ အကြောက်တရားပေါ်လာတတ်သည်။ အမှောင်သည် သံသယကိုပေါက်ဖွား ပေးသည့်အပြင် ထိုသံသယကို ကြီးထွားစေတတ်သည်။ ညအခါကျက် စားသောဒုစရိုက်သမားတို့သည် အမှောင်ကိုဖက်တွယ်အားကိုးကြသည်။ အမှောင်ထဲ၌ ဆူးမမြင်၊ ငြောင့်မမြင်၊ ခလုတ်မမြင်၊ ကျင်းမမြင်၊ ချိုင့်မမြင်၊ ချောက်ကမ်းပါးမမြင်နှင့် အန္တရာယ်များလှသည်။ လောကီကိစ္စဟူသမျှ အမှောင်က ကောင်းကျိုးမပြုနိုင်တာ များသည်။
အလင်းသည် အမှောင်၌ကြုံတွေ့ရသော အကြောက်တရား၊ သံသယ၊ မကောင်းမှုဒုစရိုက်နှင့် အန္တရာယ်တို့ကို ကာကွယ်ပေးသည်။ အမှောင်ထဲ၌ စိတ်လုံခြုံမှု မရှိ။ အလင်းထဲ၌ စိတ်လုံခြုံမှု အပြည့်အဝရသည်။ အမှောင်သည် မောဟကို ကိုယ်စားပြု သည်။ အလင်းသည် အမောဟကို ကိုယ်စားပြုသည်။ မျက်စိနှစ်ကွင်းသည် အလင်းရောင် ထဲမှာမှ အရှိမှန်ကို မြင်ရသကဲ့သို့ နားနှစ်ဖက်သည်လည်း အလင်းရောင်ထဲမှာမှ အသံမှန် ကို ကြားရသည်။ ထို့ကြောင့် မျက်စိနှင့် နားအတွက် အလင်းရောင်က မရှိမဖြစ် လိုအပ် သည်။
လူတို့သည် မျက်စိနှင့်နားကို အဓိကထား အလုပ်လုပ်နေကြသည်။ ဖွံ့ဖြိုးတိုးတက် မှုကို မျက်စိနှင့်နားက အဓိက အထောက်အကူပြုသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျက်စိ နှင့်နားကို အထူးအလေးထားဖွံ့ဖြိုးစေရမည်။ ဘုရားရှင်ကလည်း အကြားအမြင်များ ခြင်းသည် မင်္ဂလာတစ်ပါးဟု ဗဟုသုတပြည့်စုံကြွယ်ဝမှုကို မင်္ဂလာတစ်ပါးအဖြစ် သတ်မှတ်မိန့်ကြားခဲ့သည်။ အလင်းနှင့် အမှောင်သည် သာမန်အားဖြင့် မျက်စိနှင့်သာ သက်ဆိုင်သလိုရှိသော်လည်း သိပ္ပံခေတ်၊ မီဒီယာခေတ်၊ သတင်းခေတ်ကြီးမှာ နားနှင့် လည်း သက်ဆိုင်လာတော့သည်။ ဖွံ့ဖြိုးတိုးတက်သောဘဝတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်မည်ဆိုလျှင် မျက်စိနှင့်နားကို အဖြစ်နိုင်ဆုံး အလင်းထဲမှာ ထားရှိပေးရမည်။ မျက်စိလည်း လင်း၊ နားလည်းလင်း ဆိုလျှင် အလင်းမှသည် အလင်းဆီသို့ အလင်းရောင်တွေ တန်းကာနေတော့မည်။



အရှင်သံဝရ၊ဓမ္မပိယ၊
အမှတ် ၅၃၈၊ ဇန်နဝါရီလ၊ ၂၀၀၉
အလင်းတန်းဂျာနယ်

08/06/2026

အလုပ်လုပ်သောစကားပြောဆိုတာ ဝတ္ထုရဲ့အကြောင်းအရာ ရှေ့ကိုရွေ့လျားသွားအောင် ပြောတဲ့စကားပြောတွေ ဖြစ်အောင် ဖန်တီးရမယ်။

#ဆရာဦးဝင်းငြိမ်း, #ဆရာမ ခင်သန္တာ

▪️ရွှေစကား▪️          ဝတ္ထုထဲက ဇာတ်ကောင်တိုင်းမှာ သီးခြားစီ ကိုယ်ပိုင်ဟန်ရှိကြတယ်။ စကားပြော တာကအစ သူတို့ဟန်၊ သူတို့ပုံစံ...
07/06/2026

▪️ရွှေစကား▪️
ဝတ္ထုထဲက ဇာတ်ကောင်တိုင်းမှာ သီးခြားစီ ကိုယ်ပိုင်ဟန်ရှိကြတယ်။ စကားပြော တာကအစ သူတို့ဟန်၊ သူတို့ပုံစံနဲ့ ပြောကြတယ်။ သူတို့ဇာတ်ကောင်ချင်း စကားပြော တဲ့အခါ၊ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ပြန်တွေးနေတဲ့အခါ ဒါတွေဟာ သူတို့ ဘာတွေပါ ဆိုတာ စာဖတ်သူကို ပြောနေတာပဲ။ ဇာတ်ကောင်တစ်ယောက်ရဲ့ စကားပြော၊ အမူအရာ၊ စကားလုံး အသုံးအနှုန်းတွေဟာ သူ့သမိုင်းကို သူပြောနေတာ ပဲ။ သူ့ကံကြမ္မာအကြောင်း၊ သူ ဘယ်သူဖြစ်တယ်ဆိုတာ ပြောနေတာပဲ။ ဒါကြောင့် 'စကားပြော'ဟာ အရေးကြီး တယ်။
စာရေးဆရာက သူ့ဇာတ်ကောင်တွေကို သာမန်ဇာတ်ကောင်နဲ့ မတူဘဲ ထူးခြားတဲ့ဇာတ်ကောင်၊ ထူးခြားတဲ့ အပြုအမူတွေ ပြုမူတတ်တဲ့ ဇာတ်ကောင်တွေ အဖြစ် ဖန်တီးချင်တာလည်း ရှိလိမ့်မယ်။ ဒီလိုထူးခြားချင်ရင် အဲဒီဇာတ်ကောင်ရဲ့ စရိုက် ထူးခြားချက်တွေက 'ကျောရိုး'သဖွယ် ဖော်ပြချက်တွေ ဖြစ်နေရမယ်။ သာမန် လက်ကောက်ဝတ်ထားတာမျိုး၊ လက်ဝတ်ရတနာ ဝတ်ထားတာမျိုး ရေးပြတာလောက် မဖြစ်စေရဘူး။
ဆိုကြပါစို့၊ စာရေးဆရာက သူ့ဇာတ်ကောင်ဟာ ကြောက်စိတ်ရှိတတ်တယ်ဆိုတာ ဖော်ဆောင်တယ် ဆိုပါတော့။ လူတွေထဲမှာ စကားပြောရတော့မယ် ဆိုရင် အသံ ထွက်မလာတတ်တာမျိုး၊ တယ်လီဖုန်းမြည်သံ ကြားရင်တောင် ကောက်ကိုင်ရမှာ ကြောက်တာမျိုး၊ ဒါမျိုးပြောချင်ရင် အစောကြီးကတည်းက လေးလေးနက်နက် ပျိုးထားခဲ့ရမယ်။ လိုအပ်တဲ့နေရာကျမှ ကောက်ထည့်လိုက်တာမျိုး မဖြစ်သင့်ဘူး။
ဥပမာပြောရမယ်ဆိုရင် ကျွန်မက ဇာတ်ကောင်တစ်ယောက်ကို ခန္ဓာကိုယ် ချည့်နဲ့သူအဖြစ် ဖန်တီးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစိတ်ထဲမှာ သူဟာ စိတ်ဓာတ်ရေးရာအရလည်း ချည့်နဲ့နေသူဖြစ်တဲ့အတွက် ဒါကို တင်စားပြချင်လို့ သူ့ခန္ဓာကိုယ်ကိုပါ ချည့်ပစ်လိုက်တာပဲ။ ဒါပေမဲ့ အဲဒီဝတ္ထုဖတ်ဖြစ်တဲ့သူက ကျွန်မကို မေးကြတယ်။ 'သူက ဘာဖြစ်လို့ အဲဒီလို ချည့်နဲ့သွားရတာလဲ'တဲ့။ ဒါဟာ ကောင်းသော တုံ့ပြန်ချက်ဖြစ်တယ်လို့ ကျွန်မထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူက ကျွန်မဇာတ်ကောင်ကို စိတ်ဝင်စားတယ်ဆိုတာ သေချာသွားတာကိုး။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မမှာလည်း တခြားပြဿနာတွေရှိနေတော့ 'သူ ဘာကြောင့် ချည့်နဲ့နေတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ ဂရုထားတာက သူဟာ စိတ်ဓာတ် ရေးရာအရ ချည့်နဲ့သူတစ်ယောက်ဖြစ်တယ် ဆိုတဲ့ အချက်ပဲ'လို့ ဖြေခဲ့မိတယ်။ တကယ်တမ်းကျတော့ စာဖတ်သူတွေက ဇာတ်ကောင်ကို အသေးစိတ် စိတ်ဝင်စား တယ်။ သူ့ခြေထောက် ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားတယ်ဆိုတာ သိချင်ကြတယ်။
ဒါကြောင့် ကျွန်မက ကျွန်မဇာတ်ကောင်ကို ရေတပ်ထဲသွင်း၊ မတော်တဆ ထိခိုက်မှုတစ်ခု ဖန်တီးပြီး ခြေထောက်မသန်ဖြစ်အောင် ဇာတ်ကွက်ချပေးလိုက်ရတယ်။ အဲဒီလို ဇာတ်ကွက်ကို ဖြေပေးလိုက်တော့မှပဲ ပရိသတ်ကလည်း ကျေနပ်သွား တယ်။
ဆရာ Hannery O'Connor က ပြောဖူးတယ်။ 'စာရေးဆရာက သူ့ဇာတ်ကို သူကြိုက်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ ကြိုက်သလို လုပ်လို့မရတာတွေလည်း အများကြီးရှိပြန်တယ်'တဲ့။ ဒီအဆိုအမိန့်ကို ကျွန်မ သိပ်ကျေးဇူးတင်တယ်။ ကျွန်မ ဇာတ်ကောင်ကို ခြေမသန်သူအဖြစ် ဖန်တီးခဲ့ပေမဲ့ ဘာကြောင့်ဆိုတာ ကျွန်မ မပြောဘဲ မဖြစ်နိုင်ဘူးဆိုတာ နားလည်သဘောပေါက်သွားခဲ့ရပါတယ်။

The Writer မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ စာရေးဆရာမ အယ်လိဇဘတ် ဂျော်ဒန်မိုးရဲ့ A Writer's Characters ကို ဆရာဦးဝင်းငြိမ်းက ဘာသာပြန်ရေးသားပြီး အမှတ် ၄၂၊ ဧပြီလ၊ ၁၉၉၃ ခုနှစ် ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “နှစ်ကြောင်းရေး တစ်ကြောင်းခြစ် (စာရေးဆရာရဲ့ ဇာတ်ကောင်များ)” ထဲက ကောက်နုတ်ဖော်ပြပါတယ်။



အယ်ဒီတာ

ရွှေချစ်သူသို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှ စတင်ကာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ ရွှေဝတ္ထုကဏ္ဍအတွက် စာမူများကို ဖိတ်...
05/06/2026

ရွှေချစ်သူသို့

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှ စတင်ကာ ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ ရွှေဝတ္ထုကဏ္ဍအတွက် စာမူများကို ဖိတ်ခေါ်ခဲ့ပါတယ်။
ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာ ရွှေဝတ္ထုကဏ္ဍသို့ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန် ၄ ရက်အထိ ရောက်ရှိလာတဲ့ စာမူတွေက အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ တယ်။

၁။ ကျော်စွာသစ်၊ချောက်၊ (အဆင်းမဲ့ပန်း၏
အနှိုင်းမဲ့ပီတိ)
၂။ မောင်တင့်လွင်၊ပေါက်၊ (ပိုင်သွားသောမြေ)
၃။ ဆန်းငယ်သွေး၊ပုတီးကုန်း၊ (သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေ)
၄။ နေစူး (အရိပ်ပျောက်သူ)
၅။ ကိုအေးချမ်း၊ရာမောင်မြေ၊ (အမေ့မှာတမ်း)
၆။ သက်ငြိမ် (လောပန်းလောင်းတို့ ပျော်ရာမြေ)
၇။ ကေသီပွင့်ဖြူ (လမ်းပြများ)
၈။ နီလာဦး၊မန္တလာမြေ၊ (ဘဝ၏စာမျက်နှာများ)
၉။ ချမ်းအေး (ကမ္ဘာဆယ်သိန်း ကြင်နာမယ်)
၁၀။ သက်ငြိမ် (မှို)
၁၁။ လင်းလက်တာရာ (ခရုခွံကြိုးကလေး၏ ဆက်ထုံး)
၁၂။ သခင်၊ဇလွန်မြေ၊ (စည်း)
၁၃။ ဧကနွေး (ပစ္စုပ္ပန်ရဲ့ ရှင်သန်ခြင်း)
၁၄။ လင်းလက်တာရာ (ကျောက်ဆစ်အိပ်မက်)
၁၅။ ချစ်ဦးခင်၊လက်ပံတန်း၊ (နှလုံးလှ ဒဏ်ရာ)
၁၆။ ဇေယျာလူ (မိုးဦး၏အတွေးစများ)
၁၇။ ဆန်းငယ်သွေး၊ပုတီးကုန်း၊ (အရောင်တွေ စုံတဲ့
နွယ့်ပန်းချီ)
၁၈။ သက်ငြိမ် (ကုန်ကြမ်းများ)
၁၉။ ခင်မြတ်ချစ် (အရောင်လွင့်
ကျောင်းစိမ်းဘောင်းဘီလေးများ)
၂၀။ နိုင်မင်းညို ၊မြစ်ခြေ၊ (ဆူး)
၂၁။ ခိုင်တာဇံ (အရောင်ကွဲ မိတ္တူ)
၂၂။ ဆွန်း၊စက်မှုတက္ကသိုလ်၊ (အိမ်နီးနားချင်း)
၂၃။ ချမ်းအေး (တောင်လေတိုက်လေ မောင်မောလေ)
၂၄။ ပြာလဲ့ရီဝေ (ချို နွမ်း ပန်းလျ ခါး)
၂၅။ ချမ်းအေး (ဖွဲတဆုပ်)
၂၆။ သက်ငြိမ် (နည်းများမဟူ)
၂၇။ Ko Pyae (စက္ကူပန်းပေမဲ့ လှပါတယ်)
၂၈။ ကျေးတမာ (အိမ်ပြန်ခွင့်မရခဲ့တဲ့ ည)
၂၉။ ရိန်ဇော် (ရထားပေါ်က ‌ဒါလီ)
၃၀။ ပြာလဲ့ရီဝေ (ပန်းတွေပွင့်တဲ့ နွေမေလ)
၃၁။ ကိုဇော်၊နွေဥဩ၊ (မိဘနှစ်ပါး၏ မေတ္တာ)
၃၂။ ဆန်းငယ်သွေး၊ပုတီးကုန်း၊
(မြစ်ဆိပ်က ကြွပ်ကြွပ်အိတ်)
၃၃။ လှမြင့်အောင်၊တောင်ကုတ်၊ (သစ္စာမျက်ရည်)
၃၄။ ငြိမ်းဝေ တချို့ကဖြောင့် တချို့မှာကောက်
၃၅။ ချမ်းအေး (ဆဖန်ကိုချစ်)
၃၆။ သစ်လွင် (ခေါက်ရိုး)
၃၇။ နိုင်မင်းညို၊မြစ်ခြေ၊ (အိပ်မက်အကြီးကြီးနဲ့ကောင်)
၃၈။ နေစူး(အဖြူရောင်ကိုနမ်းပါ)
၃၉။ မောင်ပြည်သိမ်း၊မကွေး၊
(ပေါက်ဖော်မျိုးစုံကျူနှယ်ရုံ)
၄၀။ လှမိုးသစ်၊ကျောက်ဆည်၊ (ငယ်ချစ်)
၄၁။ ခိုင်ငြိမ်းချမ်း (ရှင်ခွင့်)

စာမူပေးပို့မယ်ဆိုရင် [email protected] ကို ပေးပို့နိုင်ပါတယ်။ subject(အကြောင်းအရာ)နေရာမှာ “ရွှေဝတ္ထုကဏ္ဍသို့ စာမူပေးပို့ခြင်း” လို့ ရေးဖြည့် ပေးရမှာဖြစ်ပါတယ်။ စာမူပေးပို့တဲ့အခါ Word File သို့မဟုတ် Mail စာသားအနေနဲ့ ပေးပို့လို့ရပါတယ်။
ရွှေဝတ္ထုကဏ္ဍကို ရောက်ရှိလာတဲ့ စာမူစာရင်းကို သောကြာနေ့တိုင်း ဖော်ပြပေးပါမယ်။


#ရွှေဝတ္ထုတိုကဏ္ဍ

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၅.၆.၂၀၂၆) မှာတော့ ဆရာ မောင်ကြည်မွန်ရေးသားပြီး အမှတ် ၆၀၁၊ ဧပြီလ ...
05/06/2026

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၅.၆.၂၀၂၆) မှာတော့ ဆရာ မောင်ကြည်မွန်ရေးသားပြီး အမှတ် ၆၀၁၊ ဧပြီလ ၂၀၁၀ အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “စာအုပ်ဈေးမှအပြန်” ဆောင်းပါးကို ဖော်ပြလိုက် ပါတယ်။

▪️စာအုပ်ဈေးမှအပြန်
▪️မောင်ကြည်မွန်

၁။
အိမ်ရှေ့ကွန်ပျူတာဆိုင်မှ တဂျုံးဂျုံးမြည်ဟီးနေသော မီးစက်သံသည် ကျွန်တော့် စာပေစိတ်ဝင်စားမှုအား မနှောင့်ယှက်နိုင်ပေ။
ခြေရင်းအိမ်(ဆီဆိုင်)မှ တအုန်း အုန်းအော်နေသော မီးစက်သံသည် ကျွန်တော့်စာပေစိတ်အား မဟန့်တား နိုင်ပေ။
အိမ်နောက်(ခေါက်ဆွဲဆိုင်)မှ တဗုန်းဗုန်းညံနေသော မီးစက်သံသည် လည်း ကျွန်တော့် စာပေအပေါ်စူးစိုက် မှုအာရုံအား မတားဆီးနိုင်ပေ။
အဘယ်ကြောင့်ဆို ကျွန်တော်သည် မြန်မာမျက်ပွင့် ဆရာဇေယျ၏ စာပေစု များ၌ တမြဲမြဲဖြစ်နေ၏။ တသဲသဲဖြစ်နေ၏။ တစွဲစွဲဖြစ်နေ၏။

၂။
အလိမ္မာ စာမှာရှိ။
စာအုပ်စာပေ လူ့မိတ်ဆွေ။
စာအုပ်သည် ကြီးမားသော စွမ်းပကားတစ်ရပ်ဖြစ်၏။
စာအုပ်မရှိသောအခန်းသည် အသက်ဝိညာဉ်ကင်းသော ခန္ဓာကိုယ် ဖြစ်၏။
စာပေသည် လူတို့၏စိတ်၌ဖြစ် ၏။ လူတို့စိတ်၌ ကိန်းအောင်းတတ်၏။ လူတို့၏စိတ်ကို ပြုပြင်နိုင်စွမ်းသော ကြီးမားစူးရှလှသော တန်ခိုး သတ္တိရှိ၏။ လူတို့ကို ကောင်းရာသို့ လည်းပို့နိုင်သလို ဆိုးရာသို့လည်း ပို့နိုင် ၏။ ကောင်းရာသုဂတိ နတ်နိဗ္ဗာန် အထိ ဆွဲဆောင်ပို့သသူလည်း စာပေပင်ဖြစ်၏။ ဆိုးသွမ်းမိုက်မဲသောအယူ မှောက်မှား ငရဲသို့သွားစေသူလည်း စာပေဖြစ်၏။
ထို့ကြောင့် စာပေဆိုတိုင်း မျက် စိမှိတ်၍ ဟုတ်လိမ့်နိုးနိုး မကိုးစားအပ် ချေ။ ကောင်းကျိုးကိုသာ ပေးစွမ်းနိုင် သော စာကောင်းပေကောင်းတို့ကို ဖတ်ရှုဆည်းပူးရန် အရေးကြီးပေ သည်။
လူ့သမိုင်း၌ စာဆိုးပေဆိုးကြောင့် အကျိုးမဲ့ဖူးသည်။ ညောင်ရမ်းမင်း ဒုတိယ အင်းဝဆက် ပျက်ခါနီးဆဲဆဲ ရှိသောအခါ လင်ကွဲ သားကွဲ၊ တိုင်းဝေးပြည်ဝေး အဆွေး အလွမ်းဇာတ် စာနုစာယဉ်များ အမြောက်အမြားပေါ်ပေါက်လျက် ပြည်သူလူအများတို့ အဆွေးစာဖတ်၍ အဆွေးစကားပြော နေကြသဖြင့် စိတ်ဓာတ်ပျက်ကာ ရန်သူလာသော အခါ အားမဆည်းနိုင်ဘဲ အပျက်ကြီးပျက်ခဲ့ရသည့် သာဓက။
'မန္တလေးပျက်ခါနီးတွင်လည်း မောင်ဘွဲ့၊ မယ်ဘွဲ့၊ လွမ်းချင်း၊ ငိုချင်းတွေ ခေတ်စားခဲ့ကြသည်။ အဓိပ္ပာယ်မရှိ၊ နိမိတ်မင်္ဂလာမကောင်းသော တေးချင်းဇာတ်ချင်း များကို သီကြဆိုကြ ကပြကြလေသည်။
အထက်အောက် မြန်မာနိုင်ငံလုံး ရှိ စာပုံနှိပ်တိုက်များကလည်း ရောက်မိ ရောက်ရာ ကပေါက်ကချာစာအုပ် များကို ရိုက်နှိပ်ရောင်းချကြလေ သည်။ ဆိုင်းများ၊ ဇာတ်များကပင် ဆန်းလျှင်ပြီးရော ဆိုသောသဘောဖြင့် တီးသူလည်းနားမလည်၊ ဆိုသူလည်း နားမလည်၊ နားထောင်သူလည်း နား မလည်သော ဘင်သံ၊ ခရာသံ စသည့် နိုင်ငံခြားဂီတများကို မြိန်မြိန်ယှက် ယှက်တီးမှုတ်ကြလေသည်။ သို့လျှင် မန္တလေးသို့ ရန်သူတက်လာသောအခါ မြန်မာများမှာ စိတ်ဓာတ်မည်မည်ရရ ခိုင်ခိုင်လုံလုံမရှိ တောင်လိုလို မြောက်ယောင်ယောင်နှင့် ဘာမျှမတတ်နိုင်ကြဘဲ ငိုပွဲဆင်ရင်း လွတ်လပ် ရေး ဆုံးရှုံးသောဘဝသို့ သက်ဆင်းသွားရ လေသည်' ဟု မြန်မာမျက်ပွင့်ဆရာ ဇေယျ၏ စာပေဟူသည် ဆောင်းပါး၌ ရေးသားခဲ့သည်။
ယနေ့ စာအုပ်စာပေအခြေ အနေရော မည်သို့ရှိသနည်း။ လေ့လာ ကောက်ယူ သုတေသီပြုထားသော စာရင်းအင်းများမဟုတ်မူ၍ အသေ အချာမသိနိုင်သော်လည်း ခန့်မှန်းခြေ သိရချက်ကား အားရကျေနပ်ဖွယ် မကောင်းလှပေ။
စာပေရေးသူ၊ ထုတ်ဝေသူ၊ ဖြန့် ချိသူ ဒေါက်တိုင်ပေါ်၌ မီတည်နေ ကြောင်း၊ ဟန်ချက်ညီဖို့လိုကြောင်း သိရှိရသည်။ စာမျိုးစုံထွက်ကြ၏။ ဘာသာရေး၊ နိုင်ငံရေး၊ သုတရသ ဂမ္ဘီရ ဗေဒင် တေးသီချင်း စုံလင်လှ၏။ စာပေရေးသူလည်း မြားမြောင်လှ၏။
စာပေရေးသားခြင်းနှင့် စပ်လျဉ်း ၍ ကြုံရပုံလည်း အထူးမှတ်သားစရာ ပင်။ '၁၉၅၈ ခုနှစ် တက်ရှကင့်မြို့ တွင် ဆိုဗီယက်ကကျင်းပသော စာရေးဆရာညီလာခံ၌ ဖြစ်သည်။ 'ခင်ဗျားက ဘာလဲ ဟုမေး သဖြင့် ကျွန်တော် စာရေးဆရာပါ ဟု ပြန်ဖြေလိုက်လေသည်။ ထိုသူက စာရေးဆရာဖြစ်ကြောင်းတော့ သိပါ သည်။ ဘယ်လိုစာရေးဆရာလဲ၊ ကဗျာဆရာလား၊ ဝတ္ထုရေးဆရာလား၊ ဆောင်းပါးဆရာလား၊ ကရစ်တစ်(ဝေ ဖန်ရေးဆရာ)လား ဟုမေးမြန်းရာ ကျွန်တော့်မှာ ရုတ်တရက် မဖြေ တတ်အောင်ဖြစ်သွားသည်။
ကျွန်တော်တို့မှာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေးစာမှအစ ဆေး ကြော်ငြာအထိ လက်သင့်ရာရေးနေ ကြသဖြင့် မိမိကိုယ်ကို ဘယ်သတ္တဝါ မှန်းမသိ စာရေးဆရာဆိုနှင့်ပင် ပြီးရ သည်' ဟု ဆရာဇေယျ ရေးခဲ့သည်။
စာအုပ်စာပေကို စာအုပ်ဈေး ရောင်းပွဲတော်အထိ အဆင့်မြှင့်တင်လျက် ရှိသည်ကို တွေ့ရှိရ၏။ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ စာအုပ်ဈေး ရောင်းပွဲတော်၊ ကန်တော်ကြီး မျှော်စင် ကျွန်းမှာဈေးရောင်းပွဲတော်(ဈေး ရောင်းပွဲတော် သွားလေ့ရှိသော ဖိုး သင်းနိုင်စာပေသည် မကြာမီကပဲ ကွယ်လွန် ခဲ့လေပြီ။ စကားချပ်)
စာအုပ်ထုတ်ဝေသည့် တိုက် များကလည်း စာအုပ်ဈေးရောင်းပွဲကို ကျင်းပကြသည်။ ပန်းဆိုးတန်း လောကနတ်မှာ၊ ဆူးလေစာအုပ်ဆိုင်၊ ကမာရွတ်စာအုပ်ဆိုင်မှာ ကျင်းပကြ သည်။ စာအုပ်ဈေးရောင်းပွဲနှင့်အတူ တစ်မူထူးခြားလာသည်က စာရေး ဆရာ ကိုယ်တိုင် လက်မှတ်ထိုးပွဲဖြစ် သည်။ စာပေဈေးကွက်မြှင့်တင်ခြင်း ဈေးကွက်ဝင်လာခြင်းပေလော။
စာအုပ်ဈေး၊ စာအုပ်ဈေးပွဲတော် နှင့် စပ်လျဉ်း၍ ၁၉၆၂ ခု၊ ရှုမဝတိုက် ထုတ် မောင်ဆွေတင့်၊ မောင်မြင့်မြတ် တို့၏ ခရေကောက် ကဗျာစာအုပ်မှ ငယ်သူငယ်ချင်း ကဗျာဆရာ အယ်ဒီတာ မောင်မြင့်မြတ်၏ စာအုပ်ဈေးမှအပြန် ကဗျာသည် ဘယ်ကဘယ် လို ကျွန်တော့်မှတ်ဉာဏ်ဗဟိုထဲ ဝင်ရောက်လာလေသည် မသိ။

စာအုပ်ပုံကို၊
မြင်ရုံမျှပင်၊ စိတ်မောချင်သည်
အသင်ဘာကြောင့် ထင်သနည်း။
ယခင်တစ်နေ့၊
အားလပ်နေ့က၊ ငါမွေ့လျော်ရာ
စာအုပ်စာတမ်း၊ ရောင်းသည့်လမ်းသို့
လှမ်းခဲ့မိရာ၊ တွေ့ရပါသည်
စာရေးဆရာ၊ မြောက်မြားစွာ၏
စာအုပ်မျိုးစုံပါတကား။
အို စာရေးဆရာ၊
သင့်ကိုငါလျှင်၊ မေးမြန်းချင်သည်
အသင်ဖြေစမ်းပါလေလော့။
စာကိုချစ်တတ်၊
ပရိသတ်၏၊ စိတ်ဝါနုနယ်
ညှိုးကြေလွယ်သည့်
ကြာနှယ်လန်းဆန်း
အသည်းပန်းကို
ညှိုးနွမ်းစေလိုပါသလော။
စာကိုခင်တတ်၊
ပရိသတ်၏ ငတ်မွတ်ခေါင်းပါး
နေသည်ကြားက
သင့်အားပေးလှူ
ငွေစက္ကူကို
ရယူခဲ့လိုပါသလော။
စာအုပ်ပုံကို
မြင်ရုံမျှပင်၊ စိတ်မောချင်သည်
အသင်
ဘာကြောင့်ထင်သနည်း။ ။


မောင်ကြည်မွန်
အမှတ် ၆၀၁၊ ဧပြီလ၊ ၂၀၁၀
အလင်းတန်းဂျာနယ်

Address

ရွှေအသစ်၊ တော်ဝင်စင်တာ ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်။
Yangon

Alerts

Be the first to know and let us send you an email when Shwe Athit Digital Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Athit Digital Page:

Share

Category