10/07/2023
နိုင်ငံမဲ့ ကာ့ဒ်လူမျိုးများ အကြောင်း တစေ့တစောင်း (Kurds)
ကာ့ဒ်လူမျိုးဟု ဆိုလိုက်ရင် အနောက်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ပြန့်ကျဲနေထိုင်ကြတဲ့ နိုင်ငံမဲ့လူမျိုးစုတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ သီရိလကႅာနိုင်ငံတို့မှာ နေထိုင်ကြတဲ့ တမီးလ်လူမျိုးစုတွေပြီးရင် ကမ္ဘာမှာ ဒုတိယ နိုင်ငံမဲ့အများဆုံး လူမျိုးတွေဖြစ်ကြပါတယ်။ တူရကီ၊ အီရတ်၊ အီရန်၊ ဆီးရီးယားနိုင်ငံတို့မှာ အများဆုံးနေထိုင်ကြပြီး ဥရောပနိုင်ငံများ၊ တောင် ကော့ကေးဆပ်စ်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှာ ပြန့်ကျဲနေထိုင်ကြတဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း ကာ့ဒ်လူမျိုးစု သန်း(၃၀) မှ (၄၅)သန်း အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တူရကီနိုင်ငံရဲ့ အကြီးဆုံးတိုင်းရင်းသားလူမျိုးစု ဖြစ်ပြီး လူဦးရေ (၁၄)သန်းခန့်ဟာ နိုင်ငံရဲ့ အရှေ့တောင်ဖက်မှာ နေထိုင်ကြကာ တိုင်းပြည်ရဲ့ ၁၅% မှ ၂၀% ခန့် လူဦးရေ အချိုးရှိပါတယ်။ ထို့ပြင် အီရန်နိုင်ငံရဲ့ လူဦးရေ (၁၀)သန်းဟာ အနောက်မြောက်အရပ်မှာ နေထိုင်ကြပြီး အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ မြောက်ဖက်အရပ်ဒေသမှာတော့ လူဦးရေ (၈)သန်းခန့်နှင့် (၂.၅)သန်း အသီးသီး နေထိုင်ကြပါတယ်။ ကာ့ဒ်လူမျိုးအများစုက ဆွန်နီ မွတ်စလင်ဘာသာကို ကိုးကွယ်ပြီး အချို့ ကာ့ဒ်တွေကတော့ ရှီအာနဲ့ ခရစ်ယာန်ကိုးကွယ်သူအနည်းငယ်လည်း ရှိကြပါတယ်။ ဆွန်နီမွတ်စလင်ဘာသာကို အဓိကကိုးကွယ်တဲ့ လူမျိုးစုဖြစ်ကြပေမဲ့ ကာ့ဒ်တွေက သူတို့ကိုယ် သူတို့ အာရပ်နွယ်လို့ လုံးဝမခံယူထားကြပါဘူး။
*** ဘာကြောင့် ကာ့ဒ်လူမျိုးတွေဟာ နိုင်ငံမဲ့ လူမျိုးစုဖြစ်ခဲ့ရသလဲ။
ကာဒ့်လူမျိုးတွေရဲ့ မူရင်းဇစ်မြစ်ဟာ ပါရှန်းအနွယ်ဝင် လူမျိုးစု အုပ်စုတွေဖြစ်ပြီး သမိုင်းခေတ်ဦး ဘီစီ (၂,၀၀၀)လောက်ကတည်းက မက်ဆိုပိုတေးမီးယားဒေသ (ပါးရှားနဲ့ အာရေဗျဒေသကြား)မှာ နေထိုင်ခဲ့ကြပါတယ်။ ဘီစီ ၁,၀၀၀နဲ့ အေဒီ ၅၀၀ ခန့်က ကာ့ဒ်တို့ ယနေ့ခေတ် အီဂျစ်၊ အစ္စရေး စတဲ့ဒေသတွေမှာ ပြည်ထောင်နိုင်ငံတွေအဖြစ် မင်းမူနေထိုင်နိုင်ခဲ့ကြပါတယ်။ အလယ်ခေတ်ကာလဖြစ်တဲ့ ၁၀ရာစုနဲ့ ၁၂ရာစုကာလတွေဟာ ကာ့ဒ်တို့ တန်ခိုးထွားခဲ့ကြတဲ့ ခေတ်ကာလတွေဖြစ်ပြီး အာရူဘစ်မင်းဆက် (Ayyubid Dynasty)ကို တည်ထောင်အုပ်စိုးနိုင်ခဲ့ကြပါတယ်။ မွတ်စလင်ကမ္ဘာနဲ့ ဥရောပခရစ်ယာန်တို့ အကြား ဖြစ်ပွားခဲ့တဲ့ ရာစုနှစ်ကြာ ခရူးဆိတ်စစ်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ကာဒ့်လူမျိုးဘုရင်ဖြစ်တဲ့ ဆာလာဒင်လက်ထက်မှာ ခရူးဆိတ်ဒါ ခရစ်ယာန်တွေထံမှ ဂျေရုဆလင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အီဂျစ်ဆူတန်ဘုရင်တွေဖြစ်ခဲ့တဲ့ အာရူဘစ်မင်းဆက်တို့ဟာ အနောက်ဖက်အရပ်ရှိ တူရကီတို့နှင့်လည်း စစ်ခင်းခဲ့ကြပြီး ၁၃၄၁ ခုနှစ်မှာ မွန်ဂိုတို့ အာရပ်ကမ္ဘာကို ကျူးကျော်မှုနဲ့အတူ အာရူဘစ်မင်းဆက်လည်း အဆုံးသတ်သွားခဲ့ရပါတယ်။ (မွတ်ဆလင်ကမ္ဘာမှာ စိတ်နာစရာလုပ်ရပ်တွေ မွန်ဂိုတို့ကျူးလွန်ခဲ့ကြပါတယ်။ အာရူဘစ်နဲ့ ခေတ်ပြိုင် အရှေ့အရပ်က အဘာဆစ်မင်းဆက် (Abbasid Dynasty) တို့ အခြေစိုက်ရာ ဘဂ္ဂဒက်မြို့ကို မွန်ဂိုတို့ မီးလောင်တိုက်သွင်းခဲ့ကြပါတယ်။ မွတ်စလင် ယဥ်ကျေးမှု ဖွံ့ဖြိုးစည်ပင်ခဲ့တဲ့ ဘဂ္ဂဒက်မြို့ရဲ့ နန်းဆောင်တွေ၊ ဗလီတွေ၊ စာကြည့်တိုက်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွတ်စလင်များစွာကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။)
မွန်ဂိုအင်ပါယာ အင်အားနည်းပါးပြီးနောက် ၁၅ ရာစုနှောင်းပိုင်းက အော်တိုမန်တူရကီနှင့် ပါရှန်းတို့ နယ်မြေလု အင်ပါယာချဲ့ထွင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉ ရာစုနှောင်းပိုင်းအထိ ကာ့ဒ်နယ်မြေတွေဟာ အော်တိုမန်တူရကီအင်ပါယာနှင့် ပါရှားအင်ပါယာတို့၏ လက်အောက်ခံတွေ ဖြစ်ခဲ့ကြရပါတယ်။ ၁၈၈၀ ခုနှစ်ကစလို့ ကာဒ့်တွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ရေးအတွက် လှုပ်ရှားမှုတွေရှိခဲ့ပေမဲ့ တူရကီနှင့် အီရန်တို့ကတော့ ကာ့ဒ်တို့ကို နှိမ်နှင်းခဲ့ကြပါတယ်။
ပထမကမ္ဘာစစ်ဖြစ်ခဲ့တဲ့ (၁၉၁၄-၁၉၁၈)ခုနှစ် ကာလတွေမှာ ကာ့ဒ်တို့ဟာ ဗဟိုအင်အားစုနိုင်ငံဖြစ်တဲ့ အော်တိုမန်တူရကီတို့ကို ဆန့်ကျင်ကာ မဟာမိတ် ဗြိတိသျှ၊ ပြင်သစ်နှင့် အာရပ်တော်လှန်ရေးတပ်ဖွဲ့တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ ၁၉၂၀ ခုနှစ်မှာ စစ်ရှုံးအော်တိုမန်တူရကီအင်ပါယာတို့နှင့် မဟာမိတ်တို့ Treaty of Sèvres ချုပ်ဆိုကြပြီး အော်တိုမန်တူရကီ အင်ပါယာရဲ့ နယ်မြေအစိတ်အပိုင်းများကို ပြင်သစ်က ဆီးရီးယားနဲ့ လက်ဘနွန်၊ ဗြိတိန်က ပါလက်စတိုင်းနဲ့ အီရတ်တို့ကို ခွဲဝေယူကာ ဂရိ၊ အီတလီစတဲ့ ဥရောပနိုင်ငံတွေကလည်း နယ်မြေသစ်တွေ အသီးသီး ရရှိခဲ့ကြပြီး အာမေးနီးယားက နိုင်ငံသစ်အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ (တူရကီတို့ဟာ ပထမကမ္ဘာစစ် မတိုင်မီနှင့် စစ်ပွဲကာလအတွင်း အာမေးနီးယန်းတို့ကို သန်းနဲ့ချီပြီး လူမျိုးတုံး သတ်ဖြတ်ခဲ့ကြပါတယ်။ ခေတ်သစ် Drone စစ်ပွဲကို စတင်မြင်တွေ့ခဲ့ရတဲ့ ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အာမေးနီးယား-အဇာဘိုင်ဂျန်စစ်ပွဲမှာ တူရကီ TB2 drone တွေကို အဇာဘိုင်ဂျန်အား အမြောက်အမြားထောက်ပံ့ခဲ့ပါတယ်။ လူမျိုးစုအရလည်း အဇာဘိုင်ဂျန်တို့က တူရကီနွယ်ဝင်တွေ ဖြစ်တဲ့အတွက်ပါပဲ။) စာချုပ်အရ ကာ့ဒ်တို့ကို ကာဒစ်စတန်ဒေသအပြင် မိုဆူးလ်ပြည်နယ် (အီရတ်)ကိုပါ ဆန္ဒခံယူပွဲလုပ်ပြီးမှ ကာ့ဒ်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်စီစဥ်ပါလို့ ဖော်ပြပါတယ်။ သို့သော် မဟာမိတ်တို့ဟာ တူရကီတို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ အာမေးနီးယား ခရစ်ယာန်အရေးကို ကာ့ဒ်တို့ အရေးထက် ပိုပြီး ဦးစားပေးခဲ့သလို ၁၉၂၃ ခုနှစ်မှာတော့ Treaty of Sèvres ကို Treaty of Lausanne ဖြင့် ပြန်လည် အစားထိုး ချုပ်ဆိုပြီး နယ်နိမိတ်မျဥ်းများသတ်မှတ်ကာ တူရကီ အရှေ့ပိုင်း Anatolia ကာ့ဒ်နယ်တွေဟာ တူရကီပိုင်နက်အဖြစ် သတ်မှတ်ပေးလိုက်ပါတော့တယ်။ အကျိုးဆက်အနေနဲ့ ကာ့ဒ်တို့ရဲ့ နိုင်ငံသစ် အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။ အကယ်၍ ပြင်သစ်နဲ့ ဗြိတိန်တို့က ကာဒစ်စတန်နိုင်ငံအဖြစ် ကာ့ဒ်တို့ကို ပေးလိုက်ရမယ်ဆိုရင် သူတို့ ကိုလိုနီနယ်တွေဖြစ်တဲ့ ဆီးရီးယား၊ အီရတ်နယ်ထဲက ကာ့ဒ်နယ်တွေ ဖဲ့ပေးလိုက်ရသလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုလိုနီချိန်ခွင်လျှာ အင်အားပြိုင်နေကြတာလည်း ဖြစ်ပါတယ်။
(၁) တူရကီ ကာ့ဒ်များ၏ တော်လှန်ရေး
Treaty of Lausanne စာချုပ်အရ ကိုယ်ပိုင်ပြဌာန်းခွင့် မှေးမှိန်သွားရတဲ့ တူရကီ ကာ့ဒ်တွေဟာ ၁၉၂၅ ခုနှစ်မှာ Sheikh Said ရှီခ်ဒ်ဆဒ် တော်လှန်ရေးအဖြစ် အင်အား (၁၅,၀၀၀)ခန့်စုစည်းပြီး တူရကီတို့ကို တော်လှန်ပေမဲ့ နှိမ်နင်းခံခဲ့ရပြီး တူရကီတို့မှ ကာ့ဒ်တို့ကို တူရကီဇာတ်သွင်းခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာသော ကာ့ဒ်တွေဟာ ပြင်သစ် ကိုလိုနီဖြစ်တဲ့ ဆီးရီးယားထဲကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။ ၁၉၂၇-၃၁ ခုနှစ်မှာ တူရကီ ကာ့ဒ်တို့ Republic of Ararat ဟု ကြေညာခဲ့ပေမယ့် အသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။ ၁၉၃၇-၃၈ ခုနှစ်တို့မှာ ထပ်မံ ပုန်ကန်ခဲ့ကြပြီး တူရကီတို့၏ ရက်ရက်စက်စက် နှိမ်နှင်းမှုကြောင့် ကာ့ဒ်လူမျိုး ၇သောင်းခန့် သေကြေပျက်ဆီးခဲ့ကြရပါတယ်။ ကာ့ဒ်တွေကို Kurds, Kurdish, Kurdistan စတဲ့ အသုံးအနှုန်းတွေကို ခေါ်ဆိုခွင့်မပြုဘဲ Mountain Turks တောင်ပေါ်တူရကီ လူမျိုးအဖြစ်သာ သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။ နောက်ပြီး တူရကီအစိုးရက ကိုဆိုဗို အယ်ဘေးနီးယားတွေနဲ့ အာရှုရိ Assyrian လူမျိုးတွေကို နေရာချနေထိုင်ကြဖို့ စီစဥ်ပြီး လူဦးရေအချိုးပြောင်းအောင် ပြုလုပ်ခဲ့ကြပါတယ်။
၁၉၆၅ ခုနှစ် မတိုင်ခင်အထိ တူရကီအစိုးရက နိုင်ငံခြားသား လာရောက်လည်ပတ်သူတွေကို တူရကီရဲ့ နိုင်ငံတကာပုံရိပ်တွေ၊ ဂုဏ်သိက္ခာတွေ ထိခိုက်မှာစိုးတဲ့အတွက် အရှေ့ဘက် ယူဖရေးတီးမြစ်(Euphrates) ကာ့ဒ်တို့နေထိုင်ရာဒေသတွေကို သွားလာခွင့် ကန့်သတ်ခဲ့ပါတယ်။ ဖိနှိပ်ခံ ကာ့ဒ်တို့ရဲ့ အတွေးအခေါ်တွေဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်းကစလို့ လက်ဝဲဝါဒတွေ ရေပန်းစားလာပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ တိုင်းပြည်စီးပွားရေး ကျဆင်းလာပြီး ကျောင်းသားများနှင့် အလုပ်သမားလူတန်းစားများက လက်ဝဲပါတီတွေထူထောင်ကာ ဆူပူမှုတွေလုပ်ခဲ့ကြပါတယ်။ လက်ဝဲ၊ လက်ယာနိုင်ငံရေးသမားတွေ ပဋိပက္ခတွေဖြစ်ခဲ့ကြပြီး ၁၉၇၁ ခုနှစ်မှာ တူရကီစစ်တပ်မှ အာဏာသိမ်းခဲ့ပါတယ်။ ကာ့ဒ်တို့ ဒီအခွင့်အရေးကို အသုံးချကာ ၁၉၇၈ ခုနှစ်မှာ Abdullah Öcalan အဒူလာအိုကာလန်ဆိုတဲ့ ကာ့ဒ်ကျောင်းသားခေါင်းဆောင်က ဦးဆောင်ပြီး Kurdistan Workers' Party (PKK) လက်ဝဲပါတီကို ထူထောင်ကာ ကာ့ဒ်ပြည်နယ်ကို တောင်းဆိုခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်မှာ တူရကီစစ်တပ်မှ ထပ်မံအာဏာသိမ်းခဲ့ပြီး ကာ့ဒ်တို့ရဲ့ ဘာသာစကား အသုံးပြုခြင်း၊ ပြောဆိုခြင်းကို ပိတ်ပင်ခဲ့ပြန်ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ တူရကီရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့ပြီး ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။
၁၉၈၄ ခုနှစ်၊ သြဂုတ်လမှာတော့ ကာ့ဒ် PKK တို့ဟာ တူရကီအစိုးရကို ပုန်ကန်ကြောင်း ကြေညာခဲ့ပြီး ပုန်ကန်မှုကြောင့် လူပေါင်း ၄၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး အများစုက ကာ့ဒ်လူမျိုးများ ဖြစ်ခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက လူအခွင့်အရေးများ ချိုးဖောက်ခဲ့ကြပြီး တူရကီ အစိုးရတပ်များက ကာ့ဒ်တွေရဲ့ ရွာတွေကို မီးရှို့ဖျက်စီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ ကာ့ဒ်လူမျိုး ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို သတ်ဖြတ်တာမျိုးတွေ ပြုလုပ်ခဲ့ကြသလို ကာ့ဒ် PKK တွေကလည်း တူရကီလူမျိုးတွေကို သတ်ဖြတ်တာ၊ အသေခံဗုံးခွဲတာ၊ ကလေးစစ်သားတွေကို အသုံးပြုတာ၊ မူးယစ်မှောင်ခိုမှုတွေစတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာ ကာ့ဒ်ခေါင်းဆောင် အဒူလာ အိုကာလန်ကို တူရကီ အထူးတပ်ဖွဲ့တွေက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး သေဒဏ်ချမှတ်ခံရသော်လည်း EU လူအခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲချမှတ်ခံရပြီး ယနေ့တိုင် သက်ရှိထင်ရှားရှိနေကာ တူရကီ မာမာရာပင်လယ်ထဲရှိ အကျဥ်းထောင်မှာ ချုပ်နှောင်ခံထားရပါတယ်။
၂၀၁၃ ခုနှစ်မှာ တူရကီအစိုးရဟာ အိုကာလန်နှင့် ဆွေးနွေးညှိနှိုင်းပြီး အိုကာလန်မှ လက်နက်ကိုင်တော်လှန်ရေးကို ရပ်တန့်ဖို့နှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာဖို့ PKK တို့ကို တိုက်တွန်းခဲ့ပါတယ်။ PKK တို့ တူရကီအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ကြသော်လည်း ၂၀၁၅ ခုနှစ်မှာ တူရကီအစိုးရတပ်နဲ့ PKK တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ AKP ပါတီ (Justice and Development Party တူရကီအမျိုးသားရေးဝါဒီ - လက်ရှိသမ္မတ အာဒိုဂန်တို့၏ပါတီ)က ယခင် ကာ့ဒ်တို့နဲ့ ငြိမ်းချမ်းရေးမယူခင် ၂၀၁၁ ခုနှစ် တူရကီ ရွေးကောက်ပွဲမှာ မဲ ၄၆% ကျော်ရရှိပြီး တိုင်းပြည်အာဏာရခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ AKP တို့ ၄၀% ကျော်သာရရှိခဲ့ပါတယ်။ အကြောင်းအရင်းကတော့ တူရကီတို့ စွပ်စွဲတဲ့ PKK ရဲ့ နိုင်ငံရေးပါတီ Peoples' Democratic Party (HDP) ကာ့ဒ်ပါတီက ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ၆.၆%သာ ရရှိခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်မှာ ၁၃.၁% ရရှိခဲ့တဲ့အတွက် AKP က HDP ကာ့ဒ်တို့ကို အမြင်မကြည်ခဲ့လို့ပါပဲ။
၂၀ရက် ဇူလိုင်လ ၂၀၁၅ ခုနှစ်မှာတော့ တူရကီအရှေ့တောင်ပိုင်းက ဆူရပ်မြို့မှာ ISIS အသေခံဗုံးခွဲသမားက ကာ့ဒ်နိုင်ငံရေး ဗော်လန်တီယာ အုပ်စုထဲကို အသေခံဗုံးခွဲတဲ့အတွက် ကာ့ဒ်လူမျိုး ၃၄ ဦးသေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယခုလို အကြမ်းဖက်မှုဖြစ်ရတာဟာ လက်ရှိအာဏာရ တူရကီအစိုးရက ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ကာ့ဒ်တို့ကို တိုက်ခိုက်ဖို့အတွက် ISIS တွေကို တူရကီနယ်ထဲဝင်ခွင့်ပြုခဲ့တာလို့ PKK မှ စွပ်စွဲကာ တူရကီ ရဲ(၂)ဦးကို လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပါတယ်။ ၂၄ရက်၊ ဇူလိုင်လမှာတော့ အကြမ်းဖက်ဖြိုခွင်းရေး ခေါင်းစဥ်တပ်ပြီး ISIS နဲ့ PKK အကြမ်းဖက်တွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ ကျော် အသုံးပြုကာ အဓိက PKK အဖွဲ့ဝင်နှင့် ဆက်စပ်တဲ့ ကာ့ဒ်တွေကို နိုင်ငံအနှံ့ ဖမ်းဆီးဖို့ အထူးစစ်ဆင်ရေး လုပ်ပါတော့တယ်။ ၂၄ရက်နဲ့၂၅ရက် အထူးစစ်ဆင်ရေး (၂)ရက်အတွင်း ကာ့ဒ် ၆၀၀ နီးပါးဖမ်းဆီးခံရပါတယ်။ PKK ကာ့ဒ်တို့ကလည်း ကားဗုံးခွဲတိုက်ခိုက်တာ၊ တူရကီအစိုးရ ရဲ၊ စစ်သားနှင့် ရာထူးကြီးပိုင်းတွေကို လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ခဲ့ကြပါတယ်။ တူရကီအစိုးရစစ်တပ်မှ F-16 တိုက်လေယာဥ်များဖြင့် PKK နှင့် အီရတ်ကာ့ဒ် (KDP)၊ ဆီးရီးယားကာ့ဒ် (YPG, SDF) တို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ကြသလို မြေပြင်မှလည်း တင့်ကား၊ ဟောင်ဝစ်ဇာတွေ TB2 drone တွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြပါတယ်။
လက်ရှိအချိန်ထိ တူရကီတပ်တွေနဲ့ ကာ့ဒ်တွေကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂၀၁၅ ခုနှစ်က စခဲ့တဲ့တိုက်ပွဲရလဒ်တွေအရ တူရကီ တပ်ဖွဲ့ဝင် ၁,၅၀၀ခန့် ကျဆုံးပြီး ကာ့ဒ်တပ်ဖွဲ့ဝင် ၄,၂၀၀ကျော်ခန့် ကျဆုံးတယ်လို့ သိရပါတယ်။ အပြန်အလှန် စွပ်စွဲမှုတွေအရတော့ သူ့ဘက် ကိုယ့်ဘက် အကျအဆုံး ပမာဏဟာ ယခုထက် အဆမတန် ပိုများနေပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ယူကရိန်း-ရုရှားစစ် စတင်ဖြစ်ပွားပြီး ရုရှားရန်ကို စိုးရိမ်တဲ့ ဖင်လန်နှင့် ဆွီဒင်တို့ နေတိုး (NATO) အဖွဲ့ထဲ ဝင်ဖို့ပြုလုပ်ရာမှာ PKK ကာ့ဒ်တွေကို ထောက်ပံ့မှု ပြုတယ်ဟု စွပ်စွဲကာ တူရကီက ကန့်ကွက်ပါတယ်။ မတ်လ ၂၀၂၃ ခုနှစ်မှာ တူရကီမှ ဖင်လန်ကို NATO မန်ဘာအဖြစ် လက်ခံ လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဆွီဒင်ကတော့ မန်ဘာဝင်အဖြစ်လက်ခံဖို့ သဘောတူညီမှု မရရှိသေးပါဘူး။
(၂) အီရတ် ကာ့ဒ်များ၏ တော်လှန်ရေး
၁၉၂၁ ခုနှစ်မှာ အီရတ် အရှေ့ပိုင်း အီရန်နယ်စပ်နဲ့ ကပ်ရပ် ကာ့ဒ်ဒေသကို Kingdom of Kurdistan အဖြစ်ကြေညာပြီး ဗြိတိသျှဥပဒေပြု စိုးမိုးမှုအောက် ရပ်တည်နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၂၂ ခုနှစ်မှာ မာမွတ် ဘာဇန်ဂျီဆိုတဲ့ ကာ့ဒ် ဆူဖီဘာသာရေးခေါင်းဆောင်က King of Kingdom of Kurdistan ဆိုပြီး ဗြိတိသျှအုပ်စိုးမှုကို ပုန်ကန်ကာ အစိုးရအဖွဲ့ဖွဲ့ပါတယ်။ ဗြိတိသျှတို့ရဲ့ နှိမ်နှင်းခြင်းကို ခံရပြီး ကာ့ဒ်ဒေသဟာ ဗြိတိသျှ အီရတ် အုပ်စိုးမှုအောက်ကို ပြန်လည်ရောက်ရှိသွားခဲ့ရပြန်ပါတယ်။
အောက်တိုဘာလ၊ ၁၉၃၂ ခုနှစ်မှာ အီရတ်တို့ Kingdom of Iraq နိုင်ငံအဖြစ် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်မှာ အီရန်ကာ့ဒ် (KDP-I) ကျောထောက်နောက်ခံပြုပြီး Kurdish Democratic Party (KDP) ကို တည်ထောင်ကာ အီရတ်အစိုးရကို ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဖို့ စတင်တောင်းဆိုခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်က အီဂျစ်နိုင်ငံမှာ အီဂျစ်ခေါင်းဆောင် နက်စ်ဆာက စစ်အာဏာသိမ်းပြီး အီဂျစ်ဘုရင်စနစ်ကို ဖြုတ်ချပစ်ခဲ့ပါတယ်။ နက်စ်ဆာကတော့ အစ္စရေး-အာရပ်စစ်ပွဲနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ နာမည်ကြီးခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ စူးအက်တူးမြောင်း အရေးနဲ့ ပတ်သက်ပြီး အစ္စရေး-အီဂျစ်တို့ စစ်ပွဲဖြစ်ပွားခဲ့ရာ အစ္စရေးတို့ဖက်မှ ဗြိတိန် ပါဝင်ကူညီတိုက်ခိုက်ရာမှာ အီရတ်ဘုရင် King Faisal က နယ်မြေအသုံးပြုခွင့်နဲ့ ထောက်ပို့မှုတွေ ခွင့်ပြုခဲ့ပါတယ်။ ဒီမကျေနပ်ချက်ကြောင့် ၁၉၅၈ ခုနှစ်၊ ဇူလိုင်လမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး အီရတ်တို့ရဲ့ ဘုရစ်စနစ် ချုပ်ငြိမ်းသွားခဲ့ရပါတယ်။
ယခုလို ဘုရင်စနစ် ချုပ်ငြိမ်းသွားတာကို အခွင့်ကောင်းယူပြီး ကာ့ဒ်တို့ဟာ အာဏာသိမ်း အီရတ်စစ်တပ်ဆီမှ လွတ်လပ်ရေး တောင်းဆိုသော်လည်း မရရှိခဲ့တဲ့အတွက် KDP တို့ ဦးဆောင်ပြီး ၁၉၆၁ ခုနှစ်မှာ စတင်ပုန်ကန်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ကာ့ဒ်တို့ အောင်မြင်မှုတွေရရှိခဲ့ပြီး ၁၉၇၀ ခုနှစ်မှာတော့ အီရတ်-ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် အီရတ်ခေါင်းဆောင် ဆာဒမ်ဟူစိန်နဲ့ ကာ့ဒ်ခေါင်းဆောင် မူစတာဖာ ဘာဇာနီတို့ အချက်(၁၅)ချက်ပါ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ သို့သော် အာရပ်တို့ဟာ ကာ့ဒ်တို့အပေါ် သဘောတူညီချက်ပါ အချက်အလက်များအတိုင်း အပြည့်အဝ ဖော်ဆောင်မှု မပြုလုပ်ပေးခဲ့လို့ KDP နှင့် အီရတ်တပ်ဖွဲ့အကြား တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြပြီး ဆိုဗီယက်၊ အီရန်၊ USA နှင့် အစ္စရေးတို့က KDP တို့ကို ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၇၅ ခုနှစ်မှာ အီရန်-အီရတ် နယ်နိမိတ်မျဥ်းများ ပြန်လည်ရေးဆွဲသတ်မှတ်ပြီး သဘောတူစာချုပ် ချုပ်ဆိုကြတဲ့အခါ ကာ့ဒ်တို့ကို အီရန်တို့မှ ထောက်ပံ့မှု ရပ်တန့်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အီရန်တို့မှ KDP ပါတီဝင်တွေကို အီရန်နိုင်ငံထဲသို့ ခိုလှုံခွင့်ပေးခဲ့ပြီး KDP တို့မှ ပုန်ကန်မှုအဆုံးသတ်ကြောင်း ကြေညာခဲ့ပါတယ်။
နောက်ထပ် PUK – Patriotic Union of Kurdistan ကာဒစ်စတန် မျိုးချစ်သမဂ္ဂပါတီ ထွက်ပေါ်လာပြီး KDP တို့ PUK နှင့် ပူးပေါင်းကာ အီရတ်တပ်ဖွဲ့များနှင့် ၁၉၇၆-၇၈ ခုနှစ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြပါတယ်။ ၁၉၈၀-၈၈ ခုနှစ်မှာ အီရန်-အီရတ်စစ်ပွဲဖြစ်ပွားခဲ့ပြီး ဒီအရေးကို အခွင့်ကောင်းယူကာ KDP နှင့် PUK တို့ဟာ အီရန်တို့နှင့် မဟာမိတ်ပြုပြီး အီရတ်တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဆာဒမ်ဟူစိန်မှ ကာ့ဒ်တို့အပေါ် ဓာတုလက်နက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး ကာ့ဒ် (၁)သိန်းကျော် သေဆုံးခဲ့ရပါတယ်။ HRW ရဲ့ အစီရင်ခံစာတွေအရ ကာ့ဒ်တို့အပေါ် တိုက်ခိုက်မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ်စွပ်စွဲပြီး ICJ မှာ တရားစွဲဆိုခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ အီရတ်တို့ ကူဝိတ်ကို ပင်လယ်ကွေ့စစ်ပွဲအဖြစ် ကျုးကျော်ခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရတ်တပ်များ အရေးနိမ့်ကာ ဆာဒမ်ဟူစိန်မှ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ ငြိမ်းချမ်းရေးကို လက်ခံခဲ့ရပါတယ်။ ကူဝိတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး အစုလိုက်အပြုံလိုက် သေကြေစေတဲ့ လက်နက်များကို ဖျက်ဆီးဖို့ သဘောတူညီခဲ့ကြပါတယ်။ ယခုလို အီရတ်အစိုးရဟာ အီရန်-အီရတ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲတွေကြောင့် အင်အားနည်းနေချိန် မတ်လ၊ ၁၉၉၁ ခုနှစ်မှာ နိုင်ငံအနှံ့ ရှီအာ မွတ်ဆလင်တွေနဲ့ ကာ့ဒ်တို့ သူပုန်ထခဲ့ကြပြီး မြို့ကြီးတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အီရတ်အစိုးရတပ်များမှ သူပုန်များကို ရက်ရက်စက်စက် ပြန်လည်ဖြိုခွင်းနှိမ်နှင်းခဲ့ပြီး ကာ့ဒ်လူမျိုး (၁)သန်းကျော်ဟာ အီရန်နှင့် တူရကီနိုင်ငံထဲသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အီရတ်မှာ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ ဓာတုလက်နက်များရှိကြောင်း အကြောင်းရှာပြီး အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တို့ အီရတ်ကို ကျူးကျော်ခဲ့ကြကာ ကာ့ဒ်တို့မှ Peshmerga (Kurdish Military Forces) ဖွဲ့စည်းပြီး ဆာဒမ်ဟူစိန်ရဲ့ အီရတ်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ပြီး 9/11 တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဆာဒမ်ဟူစိန်ဟာ ပါဝင်ပတ်သက်တယ်လို့ဆိုပါတယ်။၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆာဒမ်ဟူစိန်ကို အရှင်ဖမ်းမိနိုင်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ကြိုးပေးကွပ်မျက်ပစ်ခဲ့ပါတယ်။ USA တို့ Intelligence Support Activity (ISA) ဖြင့် ဆာဒမ်ဟူစိန်ကို ခြေရာခံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အလားတူ အိုစမာဘင်လာဒင်ကိုလည်း ISA ကို အသုံးပြုပြီး ရှာဖွေဖမ်းဆီး ကွပ်မျက်နိုင်ခဲ့ကြတာပါ။
ဆာဒမ်ဟူစိန်ခေတ်လွန် အီရတ် ယာယီအစိုးရသစ် လက်ထက်မှာ ကာ့ဒ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ်ပြည်နယ် ထူထောင်ဖို့ ကြိုးစားခဲ့ကြသလို အီရတ်နိုင်ငံတွင်း ဂျီဟတ်ဝါဒီ အယ်လ်ကိုင်ဒါးနှင့် ISI အိုင်အက်စ်တွေ အားကောင်းလာပြီး အမေရိကန်တို့ကို အသေခံဗုံးခွဲတာတွေ ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်တာတွေလုပ်လာကြပါတယ်။
အီရတ်ယာယီအစိုးရအဖွဲ့နဲ့ ကာ့ဒ်တို့ Kirkuk နယ်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားခဲ့ကြကာ ကာ့ဒ်တို့မှ Kirkuk နယ်ကို မူလဘူတ ကာ့ဒ်တို့မြေအဖြစ် တောင်းဆိုပါတယ်။ Kirkuk နယ်ဟာ အီရတ်နိုင်ငံရဲ့ ရေနံထွက်အများဆုံးဒေသဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွာပြီးနောက် အီရတ်တပ်တွေနဲ့ ကာ့ဒ်တို့ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ သို့သော် ၂၀၁၄ ခုနှစ်မှာ အီရတ်၊ ဆီးရီးယားရှိ ISIS များ ပိုမိုအားကောင်းလာပြီး Islamic State – Caliphate (နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်သော မွတ်စလင်တို့၏ ခေါင်းဆောင်) အဖြစ် ကြေညာနိုင်တဲ့အထိ အင်အားကြီးထွားလာပါတယ်။ အိုက်အက်စ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းနှင့် နိုင်ငံပေါင်း (၈၅)နိုင်ငံလောက်က နိုင်ငံခြားသား အစ္စလာမ္မစ် တိုက်ခိုက်ရေးသမား ပါဝင်တိုက်ခိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက်ခဲ့ကြပါတယ်။ ဒါကြောင့် အီရတ်တပ်ဖွဲ့၊ ကာ့ဒ် Peshmerga တပ်ဖွဲ့နှင့် အီရတ် ရှီအာလက်နက်ကိုင်တပ်ဖွဲ့တို့က အမေရိကန်ရဲ့ စစ်ရေး အကူအညီနဲ့ အိုက်အက်စ်တို့ကို တိုက်ခိုက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာတော့ အိုက်အက်စ်တော်တော်များများ ဖမ်းဆီးသုတ်သင်ခံရပြီး အင်အားနည်းသွားပေမဲ့ အခုချိန်ထိတော့ မြေအောက်တော်လှန်ရေးအသွင်နဲ့ အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြပါသေးတယ်။
အိုက်အက်စ်တို့ အရေးနိမ့်ပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက ကာ့ဒ်တို့ ကာဒစ်စတန်ဒေသ လွတ်လပ်ရေးဆန္ဒခံယူပွဲ ပြုလုပ်ပြီး နိုင်ငံသစ်ထူထောင်ဖို့ကြိုးစားကြပါတယ်။ ကာ့ဒ်တို့ ခွဲထွက်ရေးထောက်ခံမဲ ၉၃ ရာခိုင်နှုန်းကျော်ရရှိပြီး လွတ်လပ်တဲ့ ကာဒစ်စတန်ဒေသ အဖြစ် ကြေညာခဲ့ပေမဲ့ အီရတ်အစိုးရက အီရတ်ရဲ့ အနာဂတ်နှင့် ပတ်သက်တဲ့ မည်သည့်ဆုံးဖြတ်ချက်မဆို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာပြီးမှ ဆုံးဖြတ်ရမည်ဟုဆိုကာ ကာဒစ်စတန် ခွဲထွက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သလို တူရကီ၊ အီရန်တို့ကလည်း သူတို့ နိုင်ငံထဲမှာရှိတဲ့ ကာ့ဒ်တွေ ခွဲထွက်ရေး ကြိုးစားလာနိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ကာ့ဒ်တို့၏ ခွဲထွက်ရေး အသိအမှတ်ပြုတဲ့ နိုင်ငံကတော့ အစ္စရေးနိုင်ငံဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအများစုက အီရတ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ လုပ်တဲ့ ဆန္ဒခံယူပွဲတွေသာ တရားဝင်မယ်လို့ ပြောကြားထားပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့သာ တိုက်တွန်းပါတယ်။ တချို့နိုင်ငံတွေကတော့ ကြားနေအဖြစ်သာ ရှိကြပြီး ယခုလို တင်းမာမှုကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့သာ တိုက်တွန်းကြပါတယ်။ သို့သော် ရေနံတွင်း အများဆုံးရှိတဲ့ Kirkuk ဒေသကို အီရတ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ပြီး ယခင် ကာ့ဒ်တို့ထိန်းချုပ်ထားတဲ့ Kirkuk မြို့နှင့် ရေနံတွင်းအများစုရှိတဲ့ ဒေသ ၂၀% ကို အီရတ်တို့ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
အီရတ်ကာ့ဒ်ဒေသက ထွက်တဲ့ ရေနံစိမ်းအများစုကိုတော့ အီတလီ၊ ပြင်သစ်၊ ဂရိနှင့် အစ္စရေးနိုင်ငံတို့က အဓိက ဝယ်ယူကြပါတယ်။ လက်ရှိအချိန်ထိ အီရတ်နှင့် ကာ့ဒ်တို့ရဲ့ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး ကာ့ဒ်တို့ဆီ အလည်အပတ်သွားမယ်ဆိုပါက အီရတ်မှ တစ်ဆင့် Kurdistan Regional Government (KRG) Visa ထပ်မံလျှောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
(၃) ဆီးရီးယား ကာ့ဒ်များ
၁၉၂၀ ခုနှစ်နှောင်းပိုင်းမှာ တူရကီက ထွက်ပြေးလာတဲ့ ကာ့ဒ်အများစုကို ပြင်သစ်တို့က ဆီးရီးယားနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ပြင်သစ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဆီးရီးယားကာ့ဒ်တွေက ၁၉၂၄ ခုနှစ်ကတည်းက ကာ့ဒ်အများစုနေတဲ့ ဒေသတွေကို အထူးဒေသအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြင်သစ်တို့ကို တော်လှန်တိုက်ခိုက်တဲ့ဖြစ်စဥ်များ မရှိသလောက်နည်းပါးခဲ့သော်လည်း ဆီးရီးယား အာမေးနီးယန်း ခရစ်ယာန်တွေကိုတော့ တိုက်ခိုက်သတ်ဖြတ်မီးရှို့မှု ဖြစ်စဥ်တွေတော့ ရှိခဲ့ပါတယ်။
၁၉၄၆ ခုနှစ်မှာ ဆီးရီးယားတို့ ပြင်သစ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေးရပြီးအစောပိုင်း သမ္မတနှစ်ဦးဖြစ်တဲ့ (Husni Zaim) ဟူစနီဇိမ်း နဲ့ (Adib Al Shishakli) အဒိဘ်အယ်လ်ရှီရှကလီတို့ဟာ ကာ့ဒ်တွေဖြစ်ပေမဲ့ ကာ့ဒ်လူမျိုးဖြစ်ကြောင်း မဖော်ပြခဲ့သလို ကာဒစ်စကားကိုလည်း မပြောဆိုခဲ့ကြပါဘူး။ ဒါကြောင့် ကာ့ဒ်တို့ အမျိုးသားရေးလက္ခဏာ၊ ယဥ်ကျေးမှုအမွေအနှစ်တွေ မပျောက်အောင် နိုင်ငံရေးအရ Kurdistan Democratic Party of Syria (KDPS) ပါတီကို ၁၉၅၇ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ သို့သော် နိုင်ငံရေးပါတီ KDPS ကို ဆီးရီးယားအစိုးရမှ အသိအမှတ်မပြုခဲ့သလို ၁၉၆၀ ခုနှစ်မှာ ပါတီတက်ကြွလှုပ်ရှားသူတွေ ဖြိုခွင်းခံရပြီး ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
၁၉၆၂ ခုနှစ်မှာ ဆီးရီးယားအစိုးရဟာ ကာ့ဒ်လူမျိုးစု အများဆုံးနေထိုင်ရာ (Jazira) ဂျာဇီရာပြည်နယ်ကို သန်းခေါင်စာရင်း သီးသန့်ကောက်ခဲ့ပါတယ်။ ကာ့ဒ်ထောင်ပေါင်းများစွာဟာ တူရကီဖက်က ခိုးဝင်လာတယ်လို့ဆိုပြီး ကာ့ဒ်လူမျိုး ၁၂၀,၀၀၀ ခန့် (Jazira ပြည်နယ်ရှိ ကာ့ဒ်လူဦး ၂၀%) ကို နိုင်ငံသားစိစစ်ရေးကဒ် ရှိနေတာတောင် နိုင်ငံသားအဖြစ်မှရပ်စဲပြီး နိုင်ငံခြားသားအဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံသားအဖြစ် ခံယူခွင့်မရတော့ အလုပ်အကိုင်၊ ပညာရေး၊ ပိုင်ဆိုင်မှုနှင့် နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနိုင်ခွင့်တွေ ဆုံးရှုံးခဲ့ကြပါတယ်။ ဆီးရီးယား မီဒီယာတွေကလည်း Jazira ကို ကာကွယ်ရမယ်၊ နိုင်ငံခြားသား ကာ့ဒ်တွေကို တိုက်ထုတ်ရမယ်ဟု အာရပ်လူမျိုးကြီးဝါဒ သွေးထိုးလှုံ့ဆော်မှုတွေ ဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ ကာ့ဒ်ဒေသ Jazira မှာရှိတဲ့ ရေနံမြေ အသစ်တွေ စတင်တွေ့ရှိချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာ အီရတ်ရှိ KDP ကာ့ဒ်တို့ ပုန်ကန်တဲ့အတွက် ဆီးရီးယားစစ်သား ၆,၀၀၀ ကျော် အီရတ်နယ်စပ်မျဥ်းကို ဖြတ်ကျော်ကာ အီရတ်အစိုးရကို ကူညီပြီး အီရတ် ကာ့ဒ်တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးတော့ ဆီးရီးယားကာ့ဒ်အများစုနေတဲ့ ဒေသတွေ တူရကီ၊ အီရတ် နယ်စပ်ဒေသတွေကို ဆီးရီးယား အာရပ်တွေ ရွှေ့ပြောင်းနေထိုင်ပြီး အာရပ်လွှမ်းမိုးမှု ရှိလာအောင် ဆီးရီးယားအစိုးရက ပေါ်လစီတွေ ထုတ်ပြန်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ ရှီအာမွတ်ဆလင်ခေါင်းဆောင်ဖြစ်တဲ့ လက်ရှိ ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ ဖခင်ဖြစ်သူ Hafez Al-assad ဟာဖတ်အယ်လ်အာဆတ် အာဏာရလာပေမဲ့ အာရပ်လူမျိုးကြီးဝါဒကို ဆက်လက်ပုံဖော်ပြီး ကာ့ဒ်တွေကို ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ ဒမာစကတ်ဒေသမှာရှိတဲ့ ကာ့ဒ်တွေက ကာ့ဒ်နှစ်သစ်ကူးပွဲတော်အဖြစ် Newroz မီးနဲ့ကစားရတဲ့ ပွဲတော်ကျင်းပရာမှာ ဆီးရီးယားအာဏာပိုင်တွေက ကာ့ဒ်ယဥ်ကျေးမှု ဝတ်စုံတွေ မဝတ်ဆင်ဖို့ တားမြစ်ပိတ်ပါတယ်။ ယခုလို တားမြစ်ပိတ်ပင်တဲ့အတွက် ကာ့ဒ်တို့ ဆန္ဒပြမှုများ ပြုလုပ်ကြရာ ဆီးရီးယားအာဏာပိုင်တွေရဲ့ ဖြိုခွင်းခြင်းကို ခံခဲ့ရပြီး Newroz ပွဲတော် ကျင်းပခြင်းကို ပိတ်ပင်ပစ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ တူရကီနယ်စပ်မှာရှိတဲ့ Qamishli မြို့မှာ ကာ့ဒ်နဲ့ အာရပ်တွေ ဘောလုံးပွဲကစားရာမှာ အာရပ်ပရိတ်သတ်တွေက ဆာဒမ်ဟူစိန်ပုံကို ကိုင်ကာ ကာ့ဒ်တွေကို မခံချင်အောင် ပြုလုပ်ရာက လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ကြပြီး လူပေါင်း ၇၀ ခန့် သေဆုံးခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ US နဲ့ EU မှာ Kurdistan National Assembly of Syria (KNAS) ကို ဆီးရီးယားကာ့ဒ်နှင့် တိုင်းရင်းသား လူနည်းစုတွေရဲ့ ဒီမိုကရေစီနှင့် သာတူညီမျှရရှိရေးတို့အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် နွေဦးမှာ တူနီးရှား လမ်းဘေးစျေးသည်က ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြရာက အာရပ်နွေဦးတော်လှန်ရေးမီး ပျံ့နှံသွားခဲ့ပြီး အာရပ်နိုင်ငံတော်တော်များများ ဆန္ဒပြမှုများဖြစ်ပွားကာ အီဂျစ်မှာ မူဘာရက်နဲ့ မော်စီအစိုးရပြုတ်ကျသွားသလို လစ်ဗျားမှာ အာဏာရှင် ကဒါဖီ သေဆုံးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဆီးရီးယားမှာတော့ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆီးရီးယား ကာ့ဒ်ခေါင်းဆောင် Tammo တမ်မို လုပ်ကြံခံရကာ ဝမ်းနည်းပူဆွေးနေတဲ့ စျာပနပို့ဆောင်တဲ့ လူအုပ်ကြီးဟာ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး ကာ့ဒ်တို့ လက်နက်ကိုင်တော်လှန်ရေး စတင်လာပါတော့တယ်။ ဆီးရီးယားပြည်တွင်းစစ်ဟာ လေးပွင့်ဆိုင်တိုက်ကြတဲ့ စစ်ပွဲဖြစ်ပြီး အာဆတ်ရဲ့ ဆီးရီးယားအစိုးရတပ်၊ ဆီးရီးယား သူပုန်တပ်၊ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အယ်ကိုင်ဒါး၊ အိုက်အက်စ်တို့ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရတပ်ဖက်မှ ရုရှား၊ အီရန်နဲ့ လက်ဘနွန် ဟစ်ဘိုလာပျောက်ကြားတွေက ပါဝင်ကူညီတိုက်ခိုက်ပြီး ဆီးရီးယားသူပုန်တွေဖက်မှ တူရကီ၊ ဂျော်ဒန်နှင့် အာရပ်ပင်လယ်ကွေ့နိုင်ငံတွေက ထောက်ပံ့ကူညီ တိုက်ခိုက်ကြတာဖြစ်ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ Syrian Democratic Forces (SDF) နဲ့ People's Protection Units (YPG) တွေကို အိုက်အက်စ်တို့ကို နှိမ်နှင်း တိုက်ခိုက်နိုင်ရန် နှင့် ဓာတုလက်နက်အသုံးပြုတဲ့ အာဆတ်အစိုးရတပ်တွေကို တိုက်ခိုက်ဖို့ ဆီးရီးယားသူပုန်တွေကို အမေရိကန်နှင့် မဟာမိတ်အုပ်စုတွေက စစ်ရေးလေ့ကျင့်မှုတွေ စစ်လက်နက်ထောက်ပံ့မှုတွေ ပြုလုပ်ပါတယ်။ ထူးခြားမှုရှိတာက ဆီးရီးယား ပြည်တွင်းစစ်မှာ ရဲရင့်တဲ့ အမျိုးသမီး ကာ့ဒ်ဖိုက်တာတွေ ပါဝင်တိုက်ခိုက်ပြီး ရုပ်ရည်ချောမောတဲ့ ကာ့ဒ်အမျိုးသမီးတွေကို အနောက်နိုင်ငံက အမျိုးသားအများစုက လက်ထပ်ဖို့ ကမ်းလှမ်းတဲ့အထိတောင် ဖြစ်ကြရပါတယ်။
ဆီးရီးယားစစ်ပွဲဟာ နိုင်ငံစုံ၊ အဖွဲ့စုံ ပတ်လည်ရိုက်တိုက်ခိုက်နေကြတဲ့ စစ်ပွဲဖြစ်ပြီး အဓိက တိုက်ပွဲဖြစ်နေတာက ဆီးရီးယားအစိုးရတပ်နဲ့ သူပုန်တပ်တွေဖြစ်ကာ တူရကီက အိုက်အက်စ်နဲ့ အစိုးရတပ်ကို တိုက်လိုက် ကာ့ဒ်တွေကို တိုက်လိုက်လုပ်ပါတယ်။ (တူရကီ ခွဲထွက်ရေး PKK ကာ့ဒ်တွေက ဆီးရီးယားဖက်မှာလည်း ရှိနေပြန်ပါတယ်။) တူရကီကိုလည်း ရုရှားနဲ့ အမေရိကန်က ထောက်ပံ့သလို ကာ့ဒ်ကိုလည်း ရုရှားနဲ့ အမေရိကန်ကထောက်ပံ့ပြန်ပါတယ်။ လက်ဘနွန် ဟစ်ဘိုလာ သူပုန်တွေနဲ့ မဟာမိတ်လုပ်ထားတဲ့ ဆီးရီးယားအစိုးရတပ်က လက်ဘနွန်တပ်နဲ့လည်း တိုက်ခိုက်ပြန်ပါတယ်။ အမေရိကန်က အိုက်အက်စ်ကို လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းပြပြီး ဆီးရီးယားအစိုးရတပ်အခြေစိုက်ရာတွေကို ဗုံးကြဲတိုက်ခိုက်သလို ရုရှားကလည်း ဆီးရီးယားသူပုန်တွေကို တိုက်ခိုက်လိုက် အိုက်အက်စ်တို့ကို လေကြောင်းက ဗုံးကြဲလိုက် လုပ်ပါတယ်။ အစ္စရေးက သူ့နယ်ကပ်ရပ်မှာလာပြီး ခြိမ်းခြောက်တဲ့ ဆီးရီးယားအခြေစိုက် အီရန်စစ်စခန်းနဲ့ ဟစ်ဘိုလာတွေကို တိုက်ခိုက်သလို နောက်ပိုင်း အယ်လ်ကေးဒါးနဲ့ အိုက်အက်စ်ကလည်း အချင်းချင်း ချကြပြန်ပါတယ်။
လက်ရှိ ဆီးရီးယား အရှေ့မြောက်ပိုင်း တူရကီနယ်စပ်နားမှာရှိတဲ့ Jazira ပြည်နယ် Rojava ဒေသကို ကာ့ဒ်တို့ ထိန်းချုပ်ထားပါတယ်။ ၂၀၁၉ ခုနှစ်က ထရမ့်အစိုးရက အမေရိကန်တွေ ဆီးရီးယားမှ အားလုံးဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပြီး ကမ္ဘာ့မီဒီယာတွေက အမေရိကန်တွေ ကာ့ဒ်တွေအပေါ် သစ္စာဖောက်မှုဟု အမည်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ ယခုတော့ အမေရိကန်စစ်သား ၉၀၀ ခန့် Rojava မှာ ရောက်ရှိတပ်စွဲထားတယ်လို့သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ