06/10/2025
⚔️ ကချင်အမျိုးသားတို့ရဲ့ ခါးလွယ်ဓား
ကချင်ပြည်နယ်ကိုရောက်ဖူးသူတိုင်း အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ခရီးသွားလာချိန် ဒါမှမဟုတ် လမ်းမှာ အမျိုးသားတစ်ချို့ကို ခါးလွယ်ဓားနဲ့မြင်ဖူးကြတယ်ဟုတ်။ အခုအဲ့ဒီအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ကချင်လူမျိုးတွေအတွက် ဓားဟာ ရိုးရာဝတ်စုံရဲ့ အစိတ်အပိုင်းတစ်ခု၊ ရဲရင့်မှု၊ ဖြောင့်မတ်မှု၊ မိမိကိုယ်ကို ကာကွယ်နိုင်မှုနှင့်စစ်သည်တော်စိတ် ရဲ့ သင်္ကေတတစ်ခုဖြစ်သလို နေ့စဉ်ဘဝမှာပါ မပါမပြီးတဲ့ မရှိမဖြစ် လက်သုံးကိရိယာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင်ကချင်လူငယ်တစ်ဦးအတွက် အရွယ်ရောက်မှုသင်္ကေတလည်းဖြစ်ပါတယ်။ ကချင်လူငယ်တစ်ဦးအတွက် ဓားကိုင်ဆောင်ခွင့်သည် လူကြီးဖြစ်လာခြင်း၊ တာဝန်ယူမှုရှိလာခြင်း၏ အသိအမှတ်ပြုခံရခြင်း ဖြစ်ပါတယ်။ ခရီးသွားလာရင်ပဲဖြစ်ဖြစ်၊ ရွာမှာပဲနေနေ၊ ကချင်အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ခါးလွယ်ဓားကို ဘယ်တော့မှ မချွတ်ပါဘူး။
ခါးလွယ်ဓားကို ဘာကြောင့် အမြဲကိုယ်နဲ့မကွာ သယ်ဆောင်ရသလဲ?
ဓားဟာ တိုက်ခိုက်ရေးလက်နက်သက်သက် မဟုတ်ပါဘူး။ အဓိကအားဖြင့်...
၁။ နေ့စဉ်သုံးဘက်စုံသုံး ကိရိယာ
တောတောင်ထူထပ်တဲ့ ဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေအတွက် ခါးလွယ်ဓားဟာ နေ့စဉ်လုပ်ငန်းဆောင်တာ မျိုးစုံအတွက် အသုံးဝင်ပါတယ်။
သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊တောင်ယာရှင်းလင်းခြင်း၊အသား၊ အသီးအနှံများ ဖြတ်တောက်ခြင်း၊
အချို့ပုံစံများကို မြေတူးရာတွင်ပင် အသုံးပြုခြင်း စသည်ဖြင့် ဘက်ပေါင်းစုံအသုံးပြကြပါတယ်။
၂။ ရဲရင့်ခြင်းနှင့် ဂုဏ်သိက္ခာ သင်္ကေတ
ဓားအိမ်ထဲထည့်ထားတဲ့ဓားကို ပခုံးသိုင်းကြိုးနဲ့ လွယ်ပြီး ခါးရှေ့မှာ အသင့်ကိုင်နိုင်တဲ့ပုံစံ ချိတ်ဆွဲထားတာဟာ ကချင်အမျိုးသားတစ်ဦးရဲ့ ခွန်အား၊ ယောက်ျားပီသမှုနဲ့ ရဲစွမ်းသတ္တိ ကို ဖော်ပြနေတာပါ။
၃။ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်း
မနောပွဲတော်လို အရေးကြီးတဲ့ ရိုးရာပွဲတွေမှာ ကချင်အမျိုးသားတွေဟာ သူတို့ရဲ့ ဓားတွေကို ကိုင်ဆောင်ပြီး စစ်သည်တော်အသွင် နဲ့ ရိုးရာအကတွေ ကလေ့ရှိပါတယ်။
ကချင်ဓားရဲ့ ထူးခြားချက်များ ✨
ဓားပုံစံ : ဓားအိမ်နားမှာ ကျဉ်းမြောင်းပြီး အဖျားပိုင်းကို တဖြည်းဖြည်း ကျယ်သွားလေ့ရှိပါတယ်။ အဖျားဟာလည်း အများအားဖြင့် လေးထောင့် တုံးတိတိပုံစံ ဖြစ်ပြီး အစွန်းတစ်ဖက်ကို ထက်မြက်အောင် ပြုလုပ်ထားပါတယ်။
ဓားအိမ် : သစ်သား၊ ဝါးအမြစ် သို့မဟုတ် ဆင်စွယ်တို့ဖြင့် ပြုလုပ်ပြီး ကြိမ်တို့ဖြင့် ရစ်ပတ်ထားတတ်ပါတယ်။
ကချင်ခါးလွယ်ဓားဟာ ကချင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက အတန်ဖိုးမဖြတ်နိုင်တဲ့ သင်္ကေတတစ်ခုပါ။ ခါးလွယ်ဓားလွယ်ထားတဲ့အမျိုးသားကို မြင်လိုက်တာနဲ့ ကချင်လူမျိုးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီတော့ ကချင်ပြည်နယ်မှာ ခါးလွယ်ဓားနဲ့ သွားလာနေတဲ့ ယောက်ျားတွေကိုမြင်ရင် အဲဒါ ကချင်အမျိုးသားတွေပင်ဖြစ်ကြောင်း ပြောပြရင်း ဒီမှာပဲနိဂုံးချုပ်ပါရစေ။
ကချင်ဓားနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ဗဟုသုတတွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ကြပါဦး! 👇
#ကချင်ဓား #ကချင်ရိုးရာ #ခါးလွယ်ဓား