31/10/2024
အ ထ က ( ၂ ) ကြည့်မြင်တိုင် ....
အချိန်က ညနေ ၅ နာရီပါ ။ ကျောင်းအဆင်း ကျူရှင်တက်ရတဲ့ အချိန်ပေါ့ ။ တက်ရတဲ့ ကျူရှင်က အ ထ က (၂) အရပ်အခေါ် အထ (၂) ကျောင်း အနီးက အိမ်ရာတစ်ခုမှာ တက်ရတာပါ။ကျွန်တော် အသက် ၉နှစ်အရွယ်မှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ကျူရှင်က ကျောင်းက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ တက်ရတာပေါ့။ ကျွန်တော်နဲ့ ကျူရှင်သင်တဲ့ အိမ်က သူငယ်ချင်းနဲ့ပဲ ကျောင်းတူပြီးတော့ အခြားသူတွေက အခြားမြို့နယ်ကျောင်းတွေကပါ။ ကျွန်တော် တက်တဲ့ ကျူရှင်အိမ်နဲ့ အထ(၂) ကျောင်းက ကားလမ်းတစ်ခုပဲ ခြားပါတယ်။လမ်းမတန်းပေါ်မဟုတ်ပဲ ရပ်ကွက်ထဲမှာ ရှိနေတဲ့ကျောင်းပါ။
ကျောင်းက အထက်တန်းကျောင်းဆိုတော့ ကျောင်းဝင်းကအတော်လေးကျယ်ပါတယ်။ တစ်ရက်မှာ အထ(၂)ကျောင်းထဲမှ ကျောင်းသားတွေရဲ့ ခေါင်းပေါ်နဲ့လက်အပေါ်တွေကို သွေးစက်ကျလာတယ်လို့ သို့လော သို့လော သတင်းတွေထွက်လာခဲ့ပါတယ်။ ကျူရှင်အိမ်မှာလဲ အဲ့ဒီသတင်းက ပြောစရာဖြစ်နေကြတာပေါ့။ ဆရာမနဲ့ ကျွန်တော့်သူငယ်ချင်း အမေတို့ပြောနေတဲ့ အထ(၂)ကအကြောင်းကို ကလေးလေးပြီပြီ စာကိုစိတ်မရောက်ပဲနဲ့ နားထောင်နေမိတာပေါ့။
“ အဲ့ကျောင်းမှာလုပ်တဲ့ ကျမ ဂျူနီယာဆရာမလေး ပြောတာတော့ ကလေးချင်းဆော့ရင်း စကြလှောင်ကြရင်းနဲ့ အိမ်သာထဲမှာ ပိတ်မိပြီး ကျန်နေခဲ့တာတဲ့ ...နောက်နေ့ နေ့လယ်ထမင်းစား ကျောင်းဆင်းမှ အိမ်သာထဲမှာ ကောင်မလေးတစ်ယောက်သေနေတာ တွေ့တာတဲ့..ဟိန္ဒူကောင်မလေးတဲ့.. “
“အဲ့တာ ကြာပြီမလား အစ်မရဲ့ ...ပြီးတော့ အရပ်ကပြောတဲ့ ကိစ္စပါ.. အခုသွေးစက်တွေကြတာနဲ့ အဲ့ကောင်မလေးနဲ့ ဘာဆိုင်လို့လဲ ...” “ ကောင်မလေးက ကျောင်းဝတ်စုံနဲ့တဲ့ ကျောင်းခေါင်မိုးပေါ်မှာ ဒယ်အိုးကြီးတစ်အိုးနဲ့သွေးတွေ ကြိုနေတာကို ဆိုက်ကားဆရာ ကိုကြင်အေးကြီး တွေ့ခဲ့တာတဲ့.... နောက်ရက်ဖျားတောင် ဖျားတယ်တဲ့..” ယုံတမ်းပဲပြောမလား တကယ်ပဲပြောမလား ဒါမှမဟုတ် ဖြစ်တာနည်းနည်း အဖြစ်ကိုအပိုလုပ်ပြီး အကျယ်ချဲ့ကားပြောတာလား ဆိုတာကိုတော့ ဦးကြင်အေးပဲ သိနိုင်မှာပါ။ ကျွန်တော်ထင်တာတော့ အဲ့တုန်းက ဖုန်းတွေဘာတွေလည်း မပေါ်သေးတော့ Videoတွေ ဘာတွေလည်း ရိုက်တာမျိုးမရှိတော့ ကောလဟာလလိုဖြစ်နေတာပေါ့။
အရပ်စကားဆိုတော့ တစ်ဆင့် တစ်ဆင့်ပြောကျရာကနေ လိုတာထက်ပိုပြီး သတင်းကြီးလာတယ်လို့ပဲထင်ပါတယ်။ အဲ့တုန်းက ကလေးဆိုတော့လည်း ပြောသမျှအဟုတ်ထင်ခဲ့မိတာပေါ့။ ဒါပေမယ့် ဦးကြင်အေးက တကယ်အဖျားတွေကြီးပြီး သည်းခြေပျက်သွားဖို့အထိ ဖြစ်ခဲ့ပါတယ်။
“အခန်းထဲမှာ သွေးစက်တွေကျလွန်းလို့ မသက်သာတဲ့ အဆုံး ကျောင်းသူ ကျောင်းသားတွေအကုန်လုံး ဘုရားခန်းထဲသွားပြီး နေနေရတာတဲ့ ....အဲ့ ဘုရားခန်းထဲထိပါ သွေးစက်တွေ လိုက်ကျနေတာလို့ ကျမအသိရာမလေးက ပြောပြတာ..” “ အဲ့လောက်တောင်လား...ကျမတို့က ကျောင်းနဲ့ကပ်ပြီး ဘာမှမသိရဘူး ...” “ ကျောင်းထဲဖြစ်နေတာဆိုတော့ အပြင်လူတွေလည်း ဘယ်သိရမလဲ အစ်မရယ်...ကျမတောင် အဲ့ကျောင်းက ဆရာမလေးပြောလို့သိရတာ...ကျမကလေးထဲမှာ လည်း အထ(၂) ကကလေးက မရှိတော့..တစ်ခုခု မသိရဘူးဖြစ်နေတာ..”
“ အဲ့တာ သူတို့က ဘုန်းကြီးတွေ ဘာတွေမပင့်ကြဘူးလား...”
“ ဘုန်ကြီးတွေလည်း ပင့်ပြီး ပရိတ်နာ...တရားနာလုပ်ကြပြီးပြီးတဲ့ ဘာမှလည်း မထူးခြားဘူးတဲ့...ပရိတ်ရွတ်ဖတ်နေတဲ့ တစ်ရက်ပဲတဲ့... အခြားရက်တွေဆို သွေးစက်တွေ ကျလာတာပဲတဲ့..”
ကျူရှင်ဆင်းတဲ့အထိ ဆရာမပြောပြတဲ့ သွေးစက်တွေကျတယ် ဆိုတာရယ်...ကျောင်းခေါင်မိုးပေါ်မှာ ဒယ်အိုကြီးနဲ့ သွေးတွေကို မွေနေတယ်ဆိုတဲ့ အကြောင်းတွေကို ကျွန်တော့်ခေါင်းထဲမှာ စွဲနေခဲ့ပါတယ်။ အိမ်ရောက်တဲ့ထိ ရင်ထဲမှာ တလှပ်လှပ်နဲ့ပါ။ သရဲအသံကြားတာနဲ့ အမေ့နားပြေးအိပ်တဲ့ အရွယ်ဆိုတော့ ဆရာမပြောပြတဲ့ အကြောင်းတွေဟာ ကျွန်တော်ညအိပ်မပျော်ဖို့ လုံလောက်ခဲ့ပါတယ်။
ဖြစ်ချင်တော့ ကျွန်တော်နေတဲ့ အိမ်ဟာ အထ(၂) ကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပါတယ်။ ကျူရှင်မှာ ကြားခဲ့ရတဲ့ အထ(၂)က သရဲခြောက်တဲ့ အကြောင်းကို ကျွန်တော့်အမေကို ပြောပြလိုက်တော့ “ အမေတို့က အဲ့ကျောင်းရှေ့မှာပဲ နေတာလေသားရဲ့ ..သားအဖေဆို ညည ဝရံတာမှာ ဆေးလိပ်ထွက်သောက်နေတာ သရဲမြင်မယ်ဆို သူအရင်မြင်မှာပေါ့....သရဲဆိုတာ တကယ်မရှိဘူးသားရဲ့ ....ရှိလည်း သူတို့က မေမေတို့ကို ဘာမှလုပ်လို့မရဘူး...လူကသရဲထက်ဘုန်းကံမြင့်တယ်...အဲ့ကြောင့် မေမေကပြောတာ ညဘက်တွေဆို ဘုရားရှိခိုးပြီး အိပ်ရာဝင်ရမယ်လို့ .... အဲ့လိုလိမ္မာရင် ဘာသရဲမှ ကြောက်စရာမလိုဘူး...”
ကျွန်တော်တို့ အိမ်ရဲ့ ဝရန်တာကနေကြည့်မယ်ဆိုရင် အပေါ်ကနေစီးပြီး ကျောင်းဝန်းထဲကို အထင်းသားမြင်ရပါတယ်။ ကျွန်တော် အိမ်ရောက်တော့ ဝရန်တာကနေ ကျောင်းဝန်းထဲ လှမ်းကြည့်လိုက်မိပါတယ်။ ကျောင်းက ခြောက်ကပ်နေပြီး ခြောက်ခြားစရာဖြစ်နေပါတယ်။ ကျွန်တော်အိမ်ရောက်တဲ့ အချိန်ကလည်း ၇ နာရီဝန်းကျင်ဆိုတော့ ညနေစောင်းအချိန်ဖြစ်နေလို့ ကျောင်းက ပိုခြောက်ခြားဖြစ်နေတာမျိုးလည်း ပါပါလိမ့်မယ်။ ညဘက် ညည့်နက်လာတော့ အဖေကထုံးဆံအတိုင်းပဲ ညစာစားပြီး ဝရန်တာမှာ ဆေးလိပ်ထွက်သောက်နေတာပေါ့ ။ အမေကတော့ စောစောအိပ်ရာဝင်တတ်တဲ့ သူမျိုးဆိုတော့ စားပြီးပန်းကန်တွေကို ဆေးစရာရှိတာဆေးပြီး အိပ်ရာဝင်သွားပါပြီ။ ကျွန်တော်လည်း အမေ့ဘေးနားမှာ လှဲနေတာပေါ့။ ဆေးလိပ်သောက်ပြီးတော့ အဖေလည်း အိပ်ရာထဲကိုဝင်လာတယ်။ သူဖတ်နေလက်စ စာအုပ်ကို ဖတ်နေရင်းနဲ့ ခဏအကြာတော့ အဖေ့ဆီက ဟောက်သံထွက်လာခဲ့ပါတယ်။ တစ်အိမ်လုံးဟာ တိတ်ဆိတ်သွားပြီးတော့ တိုင်ကပ်နာရီက နာရီစက်သံ တခြောက်ခြာက် အသံပဲ ကြားနေရတာပေါ့။ ကျွန်တော် အိပ်မပျော်ခဲ့ပါဘူး။ မျက်လုံးထဲမှာ ဆရာမ ပြောပြခဲ့တဲ့ သွေးစက်တွေနဲ့ ခေါင်းမိုးပေါ်မှာ သွေးတွေကျိုနေတာကို စိတ်ကူးထဲမှာ ပုံဖော်နေမိ နေပါတယ်။
ကျွန်တော် အိပ်မပျော်လို့ ဟိုလှိမ့်ဒီလှိမ့် လှိမ့်ရင်း ခဏနေတာ့ နားထဲမှာ ကားသံတွေကို ကြားလိုက်ရပါတယ်။ လူသံ ခပ်တိုးတိုး အသံတွေကိုလည်း ကြားနေရပါတယ်။ အသံက တိုက်အောက်ကနေ လာတဲ့အသံပါ။ ကျွန်တော် ခြင်တောင်ထဲကနေ ထွက်ပြီး အိမ်ရှေ့ဝရန်တာကို ထွက်ကြည့်မိတော့ အိမ်အောက်မှာ မီးသတ်ကားတွေ ဆေးရုံကာတွေ နဲ့ ရဲကားတွေ စစ်ကားတွေပါ တွေ့လိုက်ရပါတယ်။ ရဲနဲ့ စစ်သားတွေက ကျောင်းတံခါးကို ဖွင့်ပြီး ကျောင်းထဲကိုဝင်သွားကြပါတယ်။ နောက်တော့ ရဲနဲ့စစ်သားတွေ ပြန်ထွက်လာပြီး စစ်သားတွေထဲက အကြီးဆုံး ဗိုလ်ကြီးနဲ့ စစ်သား လေးငါးယောက်လောက် ကျောင်းထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ ဗိုလ်ကြီးဆိုတဲ့သူက လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်သွားပါတယ်။ အထက်ကျောင်းဆောင်နဲ့ ဘုရားခန်းထားတဲ့ အဆောင်ရဲ့ အလယ်တည့်တည့်မှာ ဘောလုံးကွင်းရှိပါတယ်။ ကျောင်းရဲ့ ရှေ့ပေါက်က ဝင်ရင် ဘောလုံးကိုတန်းရောက်ပါတယ်။ စစ်ဗိုလ်ဆိုသူက ဘောလုံးကွင်းထဲကို လျှောက်သွားပြီး ကွင်းအလယ်တည့်တည့်မှာရပ်ကာ စားရွက်မြှောက်ကိုင်ပြီး တစ်ခုခုကိုရွတ်ဖတ်နေခဲ့ပါတယ်။ ဖတ်ပြီးနောက်ကျောင်းထဲက ကနေ စစ်ဗိုလ်တို့ပြန်ထွက်ပြီး စစ်ကားတွေမှာ အုပ်ထားတဲ့ တာလဖက်တွေကို လှန်ပြီး ကားစက်တွေနှိုးပါတော့တယ်။ ရဲတွေနဲ့ စစ်သားတွေဟာ နံပါတွေကိုင်ပြီး ကားပေါ်ကို တစ်ယောက်ယောက်ကို တက်ခိုင်းသလိုမျိုး လက်ဟန်ခြေဟန်တွေနဲ့ တက်ခိုင်းနေပါတယ်။ မီးသတ်သမားတွေက လည်း မီးသတ်ပိုက်တွေကိုင်ပြီး အသင့်အနေထား ပြင်ထားကြပါတယ်။
စစ်ကားတွေဟာ အိခနဲ အိခနဲ ဖြစ်သွားပြီး ကားတာယာတွေဟာ လေပြားကုန်ပါတယ်။ ၁၅ မိနစ် မိနစ်၂၀ လောက် ကြာပြီးနောက်မှာ စစ်ကားရော ရဲကားရေဦ မိးသတ်ကားတွေပါ အသီးသီး မောင်းထွက်သွားခဲ့ပါတော့တယ်။ ကျွန်တော် အိမ်ထဲပြန်ဝင်မယ်လုပ်တော့ ကျောင်းထဲကနေ ဘုန်းကြီး လေးငါးပါးထွက်လာခဲ့ပါတယ်။ ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကို လှမ်းပြီးမော့ကြည့်လိုက်ပါတယ်။ ကျွန်တော်လည်း အိမ်ထဲကို ပြေးဝင်ပြီး အမေ့ဘေးအတင်းတိုးပြီး စောင်ကိုခေါင်းမူးခြုံပြီး အိပ်လိုက်ပါတော့တယ်။ မနက်အိပ်ရာနိုးတော့ ညကအဖြစ်အပျက်က အိမ်မက်လိုလို တကယ်လိုလိုပါပဲ။ ကျွန်တော် အသက်ကြီးတော့ ဒီကိစ္စကို လိုက်မေးကြည့်တော့ အားလုံးဟာ ယောင်ဝါးဝါးပါပဲ။ ထိုကိစ္စဟာ ကျွန်တော့်အတွက်တော့ ဒဏ္ဏာရီလိုလို ပုံပြင်ပြင်လိုလို ဖြစ်ခဲ့ပါတော့တယ်။
အထ(၂) ကျောင်းက သရဲ အရမ်းခြာက်တယ်လို့ ဆရာမက ကလေးတွေ စာကျက်နားရင် ပြောပြနေကြ အကြောင်းအရာပေါ့ ။ တူတူ ဆိုတဲ့ ကောင်လေးက ဆရာမ သရဲအကြောင်းပြောပြီဆို တခြားသူတွေထက် ပိုစိတ်ဝင်တစား နားထောင်တတ်ပါတယ်။ ကျူရှင်ဖြစ်တော့ ကလေးတွေက ကျောင်းပေါင်းစုံကတက်ရတာပေါ့။ တစ်ချို့က အလုံကျောင်းက အချို့က စမ်းချောင်းက အချို့က ကြည့်မြင်တိုင်က တူတူ ကတော့ ဆရာမ ပြောပြနေကြဖြစ်တဲ့ သရဲခြောက်တယ်ဆိုတဲ့ အထ(၂) ကျောင်းကဖြစ်ပါတယ်။ အထ(၂) မှာ သရဲခြောက်တယ်ဆိုတဲ့ အကြောင်းကို တူတူကပဲ ပူဆာလွန်းတာကြောင့် ဆရာမကလည်း ဒီအကြောင်းကို တစ်နေ့နည်းနည်းစီ ပြောပြဖြစ်ခဲ့ပါတယ်။
ဟိန္ဒူလူမျိုး ၇ တန်း ကျောင်းသူလေးဟာ အထ(၂) ကျောင်းရဲ့ အိမ်သာထဲမှာ ကျောင်းဆင်းချိန် သေးဝင်ပေါက်ကြရင်း သူငယ်ချင်း အချင်းချင်း စရင်းလှောင်ရင်းနဲ့ ပိတ်မိသွားခဲ့ပါတယ်။ ကျောင်းမှာ လူရှင်းသွားတဲ့ချိန်ထိ ဟိန္ဒူကောင်မလေးဟာ အိမ်သာထဲကနေ ပြန်ထွက် မလာနိုင်ခဲ့ပါဘူး။ မနက်အထိ အိမ်သာထဲမှာ ပိတ်မိနေတဲ့ ဟိန္ဒူကောင်မလေးကို ဘယ်သူမှ သတိမထားမိခဲ့ဘူးပေါ့။ နေ့လယ် မုန့်စားကျောင်းဆင်းချိန် အခြားသောကျောင်းသူများ အိမ်သာထဲကို ဝင်ကြတော့မှ ထိုဟိန္ဒူကောင်မလေးအား သေဆုံးလျက် တွေ့ခဲ့ကြပါတော့တယ်
တူတူ ကသတ္တိရှိတဲ့ ကလေးတစ်ယောက်ပါ ။ ရဲရင့်တဲ့စိတ်ရှိတယ် ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ၄ တန်းအရွယ် ကောင်လေးတစ်ယောက်ပေါ့။ စူးစမ်းချင်တယ်။ လူကြီးတွေနဲ့ စကားပြောချင်တယ်။ လူကြီးတွေစကားပြောတာကိုလည်း သေချာ နားထောင်တတ်ပါတယ်။
💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့