19/10/2025
အာဏာရှင်စနစ်အတွင်းက စစ်တပ်ရဲ့ အာဏာစက်
(စစ်တပ်အာဏာကြီးစိုးခြင်းရဲ့ မူလဇစ်မြစ်များကို လေ့လာကြည့်ခြင်း)
[စစ်တပ်တွေက အာဏာရှင်နိုင်ငံတွေမှာ မတူညီတဲ့ အခန်းကဏ္ဍတွေကို ဆောင်ရွက်ကြတယ်။ တချို့နိုင်ငံတွေမှာ စစ်တပ်က အာဏာရှင်ခေါင်းဆောင်ရဲ့ လက်အောက်မှာ အလုပ်လုပ်ပြီး၊ တခြားနိုင်ငံတွေမှာတော့ စစ်တပ်က နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားတယ်။ ဒီနေရာမှာ မေးစရာမေးခွန်းကတော့ တချို့အစိုးရတွေက စစ်တပ်ကို ဘာကြောင့် သူတို့စိတ်တိုင်းကျ အမိန့်ပေးနိုင်ပြီး တချို့က ဘာကြောင့် စစ်တပ်ကို ထိန်းချုပ်ဖို့ ရုန်းကန်နေကြရသလဲဆိုတာပါပဲ။]
၂၀၂၁ ခုနှစ် ဖေဖဝါရီလမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ကျိုးပဲ့လွယ်ပြီး သက်တမ်းတိုတဲ့ ဒီမိုကရေစီကျင့်သုံးမှုက အဆုံးသတ်သွားခဲ့တယ်။ စစ်အေးကာလပြီးဆုံးခဲ့ပြီးနောက်ပိုင်းမှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့မှာ စစ်အာဏာရှင်စနစ်တွေက တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့ကြပေမယ့် နိုင်ငံတော်တော်များများမှာ စစ်တပ်က နိုင်ငံရေးကို ထိန်းချုပ်ကြိုးကိုင်နေဆဲပဲဆိုတာ ၎င်းက ထင်ထင်ရှားရှား ပြသခဲ့တယ်။ မြန်မာပြည်မှာ စစ်တပ်က နိုင်ငံရေးကို လွှမ်းမိုးခဲ့တာဖြစ်ပြီး အရပ်သားအဖွဲ့တွေက နိုင်ငံတော်ပါ၀ါကို ဆုပ်ကိုင်ရရှိတဲ့ ခဏတာလေးအတွင်းမှာတောင် ၎င်းစစ်တပ်က စိုးမိုးနေဆဲဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့တာဟာ ၎င်းစစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံကနေ ဆုတ်ခွာဖို့ အစီအစဉ်မရှိသေးဘူးဆိုတာကို ပြသသွားခဲ့တယ်။
ဒါပေမယ့် စစ်ယူနီဖောင်းမဝတ်တဲ့ အရပ်သားအဖွဲ့တစ်ခုက အစိုးရဖြစ်လာတိုင်း အဲဒီနိုင်ငံဟာ ဒီမိုကရေစီအသွင် ကူးပြောင်းသွားတာတော့ မဟုတ်ဘူး။ ဥပမာ၊ တရုတ်နှင့် ရုရှားတို့မှာဆိုရင် စစ်တပ်က အစိုးရလက်အောက်သို့ ဝင်ရောက်သွားခြင်း (တနည်း၊ အစိုးရရဲ့ လက်အောက်ခံဖြစ်သွားခြင်း) ဟာ ဒီမိုကရေစီအသွင်းကူးပြောင်းခြင်းကို အဟန့်အတားဖြစ်စေခဲ့တယ်။ ဒီအချက်ကို ၁၉၈၉ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ဝမ်းနည်းစရာအဖြစ်ဆုံး အဖြစ်အပျက်တစ်ခုနဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ဒိန်းရှောင်ပင်းက ပြည့်သူ့လွတ်မြောက်ရေးတပ် (ပီအယ်လ်အေ)အတွင်းက စစ်ဗိုလ်တချို့ရဲ့ ဆန့်ကျင်မှုကို ထိန်းချုပ်ကိုင်တွယ်ခဲ့ပြီးနောက် ဘေဂျင်းမြို့ရဲ့ တီအန်းနမင်ရင်ပြင်မှာ ဒီမိုကရေစီအရေးဆန္ဒပြသူတွေကို ချေမှုန်းပစ်ဖို့ အမိန့်ပေးခဲ့တယ်။
အာဏာရှင်နိုင်ငံတွေမှာ စစ်တပ်က အာဏာပါ၀ါ ဘယ်အတိုင်းအတာထိရှိကြသလဲ တစ်ခုနှင့်တစ်ခု မတူကြဘူး။ အယ်ဂျီးရီးယား၊ မြန်မာ၊ အိဂျစ်၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့လို တချို့အာဏာရှင်နိုင်ငံတွေမှာ စစ်တပ်က နိုင်ငံရေးကို ထိန်းချုပ်လွှမ်းမိုးထားတယ်။ ဒီနိုင်ငံတွေမှာ စစ်တပ်က နိုင်ငံတော်ရဲ့ ပင်မအူတိုင်အဖြစ် ဆယ်စုနှစ်တွေကြာ ရပ်တည်ခဲ့ကြတယ်။ စစ်ဗိုလ်ချုပ်တွေက ထိပ်တန်းအစိုးရအရာရှိတွေကို ရွေးချယ်ခန့်အပ်ပြီး လုံခြုံရေးတပ်ဖွဲ့ကို ထိန်းချုပ်ထားကြတယ်။ သူတို့က နိုင်ငံခြားပေါ်လီစီကို ချမှတ်ပြီး စီးပွားရေးနှင့် လူမှုရေးကိစ္စရပ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ကြတယ်။ အဲဒီလိုနိုင်ငံတွေမှာ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို အနည်းငယ်မျှဖြစ်ဖြစ် စိန်ခေါ်မိရင် တိုင်းပြည်ဟာ အာဏာသိမ်းခြင်းနဲ့ ကြုံတွေ့ရတယ်။ တရုတ်၊ ရုရှားနှင့် ဗီယက်နမ်တို့လို တကိုယ်တော်အာဏာရှင်စနစ်တွေမှာတော့ စစ်တပ်ဟာ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လက်အောက်မှာရှိပြီး ၎င်းစစ်တပ်ရဲ့ အာဏာကျင့်သုံးနိုင်တဲ့အတိုင်းအတာက အကန့်အသတ်ရှိတယ်။ ဒီလိုတိုင်းပြည်တွေမှာရှိတဲ့ စစ်တပ်တွေက ဘုံတူဝိသေသဆိုတာမျိုးကို မကိုင်စွဲထားဘဲ သူတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာရင်တောင် တုံ့ပြန်လေ့မရှိကြဘူး။
စစ်တပ်တွေက ဘာကြောင့် ဒီလိုမျိုး တစ်ခုနှင့်တစ်ခုကွဲပြားရသလဲဆိုတာ ဘယ်သူမှ အသေးစိတ် မသိခဲ့ကြဘူး။ တချို့လေ့လာသူတွေက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စစ်ရေးဆိုင်ရာလုပ်ဆောင်မှုတွေကို ကြည့်ပြီး ရှင်းပြကြတယ်။ တချို့နိုင်ငံ့ခေါင်းဆောင်တွေက သူတို့ရရှိတဲ့ အကျိုးအမြတ်တွေထဲက တချို့ကို စစ်တပ်အတွက် ဝေစုခွဲဝေပေးကြတယ်။ တချို့က အဒေါ့ဖ်ဟတ်တလာရဲ့ Waffen-SS နှင့် ဆာဒမ်ဟူစိန်ရဲ့ Republican Guard တို့လိုမျိုး စစ်တပ်ရဲ့ အာဏာချိန်ခွင်လျှာကို ထိန်းညှိဖို့အတွက် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖွဲ့စည်းကြတယ်။ ဒါပေမယ့် အခုဆောင်းပါးရေးသူ(ဒန်စလေသာ၊ လူကန်ဝေးတို့)ကတော့ စစ်တပ်ရဲ့ အာဏာလွွှမ်းမိုးနိုင်မှုဟာ အဲဒီစစ်တပ်က ဘယ်လိုပေါ်ပေါက်လာခဲ့သလဲဆိုတဲ့ ဇစ်မြစ်နဲ့ ပိုပြီး သက်ဆိုင်တယ်လို့ မြင်ကြတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သြဇာအာဏာတည်မြဲမှုဟာ နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်မှုတွေထက် နိုင်ငံ့စစ်တပ်ရဲ့ သမိုင်းဇစ်မြစ်အကြောင်းနဲ့ ပိုပြီးသက်ဆိုင်တယ်။ အာဏာရှင်ပေါ်ပြူလစ်ပါတီတွေက စစ်တပ်ကို တည်ထောင်တဲ့တိုင်းပြည်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပါတီအစိုးရရဲ့ လက်အောက်မှာ ရှိတတ်ကြတယ်။ အဲလိုအခြေအနေတွေမှာ အာဏာရပါတီတွေက စစ်တပ်တပ်ဖွဲ့တွေနဲ့ အဆက်အသွယ်တွေကို တည်ဆောက်ပြီး တရင်းတနှီး ပြုမူလုပ်ဆောင်ကြတယ်။ သူတို့က စစ်တပ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတားပြုပြီး စစ်တပ်နေရာမှာ ဝင်ရောက်နိုင်ဖို့ ဆန္ဒပြင်းပြကြတယ်။ တဖက်မှာ စစ်တပ်က အာဏာရှင်အနိုင်ရပါတီထက် စောပြီး တည်ရှိတဲ့နေရာတွေမှာဆိုရင်တော့ စစ်တပ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သာလွန်ထူးကဲမှုတို့က ဥပဒေတွေဖြစ်လာကြတယ်။ အဲတော့ ဒါက ရှင်းရှင်းလေးပဲဖြစ်တယ်။ အာဏာရှင်အစိုးရတစ်ရပ်က စစ်တပ်ကို ဖွဲ့စည်းဖန်တီးခဲ့တာမဟုတ်ရင် အဲဒီအစိုးရဟာ စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရတော့မှာဖြစ်တယ်။
လူ့သမိုင်းဆိုတာ ကံကြမ္မာနဲ့မသက်ဆိုင်ပေမယ့် တခါတလေမှာ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးမှာ တချို့ပလေယာတွေကို ပိုပြီး မျက်နှာသာပေးတတ်တယ်။ ပိုကာကစားပွဲလိုပဲ စစ်တပ်ထဲမှာလည်း ဘာကတ်ကို ကိုင်ဆောင်ထားသလဲဆိုတာထက် ဘယ်သူက ကိုင်ဆောင်ထားသလဲဆိုတာက ပိုအရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရဖြုတ်ချခံခဲ့ရတာဟာ သူမ ရွေးချယ်ခဲ့တဲ့ နည်းဗျူဟာအမှားအယွင်းတွေကြောင့် မဟုတ်ဘူး။ အဲဒီအစား၊ သူမအနေနဲ့ ၁၉၄၈ ခုနှစ် ဗြိတိသျှအင်ပါယာဆီမှ လွတ်လပ်ရေးရကတည်းက စပြီး စစ်တပ်ကကြီးစိုးတဲ့တိုင်းပြည်ကို ဦးဆောင်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ စစ်တပ်က အဲလိုကြီးစိုးနိုင်တာကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်းမှာ အလျင်အမြန် ထွက်ခွာသွားတဲ့ဂျပန်စစ်တပ်က မြန်မာစစ်တပ်ကို ဖန်တီးခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းအပေါ်မှာ မူတည်နေပြန်တယ်။ ဂျပန်စစ်တပ်ကြီးက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ဖန်တီးခဲ့ပေမယ့် ဦးဆောင်လမ်းပြမယ့်သူကို သေသေချာချာ လေ့ကျင့်ပေးမထားဘဲ ၎င်းစစ်တပ်ကို သူ့ဘာသာသူ ချန်ရစ်ခဲ့တယ်။
စစ်တပ်နှင့် တစ်ဦးပိုင်အာဏာရှင်စနစ်
တချို့တဦးပိုင်အာဏာရှင်နိုင်ငံတွေကို စစ်တပ်က ထိန်းချုပ်ထားတယ်။ တဖက်မှာ တချို့အာဏာရှင်နိုင်ငံတွေကတော့ စစ်တပ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြတယ်။ စစ်တပ်ကြီးစိုးတဲ့ နိုင်ငံတွေမှာ ၎င်းလက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရဲ့ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အဓိကအင်စတီးတူးရှင်းတွေကို ကြီးစိုးထားတယ်။ အဲလိုတိုင်းပြည်တွေမှာ အရပ်သားဝန်ကြီးချုပ်၊ ဒါမှမဟုတ် အရပ်သားသမ္မတရှိရင် ရှိနိုင်တယ်။ ဒါပေမယ့် စစ်တပ်က အဓိကကျတဲ့ လုံခြုံရေးနှင့် ထောက်လှမ်းရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ပြီး စီးပွားရေးကဏ္ဍမှာလည်း ကြိုးကိုင်ထားတယ်။ စစ်ယူနီဖောင်းဝတ်တဲ့အရာရှိကြီးတွေက နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လီစီတွေကို ဆုံးဖြတ်လျက်ရှိကြတယ်။ လက်နက်ကိုင်စစ်တပ်က သူတို့ရဲ့ လုပ်ပိုင်ခွင့်နှင့် နိုင်ငံရေးပါ၀ါကို လျော့ချနိုင်မယ့် ဘယ်ကြိုးပမ်းမှုမဆိုကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ကြတယ်။ အယ်ဂျီးရီးယား၊ မြန်မာ၊ အိဂျစ်၊ ပါကစ္စတန်နှင့် ထိုင်းနို်င်ငံတို့အသီးသီးမှာ စစ်ဗိုလ်ချုပ်တွေဆီမှ အာဏာပါ၀ါကို လွှဲယူဖို့ ကြိုးပမ်းတဲ့ အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေဟာ စစ်တပ်အာဏာသိမ်းမှုနှင့် ပိုမိုပြင်းထန်တဲ့စစ်တပ်ကြီးစိုးမှုတို့နဲ့သာ ကြုံတွေ့ခဲ့ကြတယ်။
စစ်တပ်ရဲ့ သြဇာအာဏာလွှမ်းမိုးမှုဟာ တာရှည်ခံတတ်တယ်။ အိဂျစ်နိုင်ငံမှာဆိုရင် ၁၉၅၂ ခုနှစ်ကစပြီး တက်လာတဲ့ သမ္မတတွေဟာ တစ်ဦးကလွဲရင် ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်၊ လေတပ်ထိပ်တန်းအရာရှိ၊ ဒါမှမဟုတ် ထိပ်တန်းအရာရှိတစ်ဦးဦးထဲက ဖြစ်ကြတယ်။ ပါကိစ္စတန်ကလည်း နိုင်ငံကို တည်ထောင်တဲ့ ၁၉၄၇ ခုနှစ်ကတည်းက စပြီး တိုက်ရိုက်စစ်တပ်အုပ်ချုပ်မှုတလှည့်၊ စစ်တပ်က ကန့်သတ်ထားတဲ့ အရပ်သားအုပ်ချုပ်မှုတလှည့်နဲ့ အုပ်ချုပ်ခံခဲ့ရတယ်။ အရပ်သားအဖွဲ့အစည်း အားကောင်းတဲ့ အုပ်ချုပ်မှုအောက်မှာတောင် စစ်တပ်က ၎င်းရဲ့ ကိုယ်ပိုင်နိုင်ငံတကာဒီပလိုမေစီကို ဖော်ဆောင်ပြီး အရပ်သားနိုင်ငံရေးသမားတွေကို ထောက်လှမ်းစောင့်ကြည့်ဖို့အတွက် ၎င်းရဲ့ ကိုယ်ပိုင်ထောက်လှမ်းရေးတပ်ဖွဲ့တွေကို အသုံးပြုခဲ့တယ်။
စစ်တပ်အတွင်းမှာ ပြဿနာကြီးကြီးမားမားရှိနေရင်တောင် စစ်တပ်ရဲ့နိုင်ငံရေးပါ၀ါကို တုန်လှုပ်ထိခိုက်စေမှာ မဟုတ်ဘူး။ ၁၉၆၇ ခုနှစ် ဂျွန်လမှာ အိဂျစ်စစ်တပ်ကြီးက အစ္စရေးနဲ့ ထိပ်တိုက်တွေ့ရာမှ ထိခိုက်နစ်နာခဲ့ပေမယ့် စစ်တပ်ကို ခဏသာ အားနည်းစေခဲ့ပြီး စစ်တပ်အုပ်ချုပ်မှုကိုတော့ အဆုံးမသတ်နိုင်ခဲ့ဘူး။ ပါကစ္စတန်နို်င်ငံကလည်း နောင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာမယ့် အရှေ့ပါကစ္စတန်ကို ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်ဘဲ အကျိုးနည်းဖြစ်ခဲ့ပေမယ့် ပါကစ္စတန်စစ်တပ်ရဲ့ နိုင်ငံရေးကြီးစိုးမှုကို မနှောင့်ယှက်နိုင်ခဲ့ဘူး။
တဖက်မှာ တခြားတစ်ဦးပိုင်အာဏာရှင်နိုင်ငံတွေမှာဆိုရင် အစိုးရအဖွဲ့က စစ်တပ်အပေါ် လုံးဝ ထိန်းချုပ်မှု ရသလောက်နီးပါး ရှိကြတယ်။ အာဏာရပါတီက စစ်တပ်ကို အနီးကပ် စောင့်ကြည့်စိစစ်ပြီး၊ အရာရှိတွေနှင့် အစိုးရဝန်ထမ်းတွေက နိုင်ငံရေးဆိုင်ရာအမြင်ဝါဒသွတ်သွင်းခြင်းကို ခံကြတယ်။ ပါတီကထိန်းချုပ်ထားတဲ့ လုံခြုံရေးအဖွဲ့တွေက စစ်တပ်ကို စောင့်ကြည့်စစ်ဆေးကြတယ်။ ကွန်မြူနစ်ရိုမေးနီးယားမှာဆိုရင် စစ်ရေးအရာရှိတွေက နိုင်ငံရေးကော်မီရှင်နာမင်းကြီးရဲ့ ခွင့်ပြုချက်မပါဘဲ လက်ထပ်လို့မရတဲ့အထိဖြစ်တယ်။
အစိုးရလက်အောက်မှာရှိတဲ့ စစ်တပ်တွေက ၎င်းတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်ရေးနှင့် ကော်ပိုရိတ်အကျိုးစီးပွားအပေါ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရကြတယ်။ ၁၉၃၇ ခုနှစ်မှာ ဂျိုးဇတ်စတာလင်က ဆိုဗီယက်ပြည်ထောင်စုရဲ့ ထိပ်တန်းအရာရှိငါးဦးကို သတ်ဖြတ်ခဲ့တဲ့ တပ်နီတော်ရဲ့ အရာရှိတွေကို သုတ်သင်ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်။ အဲဒါက သူ့ရဲ့ Great Terror အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်။ စစ်တပ်အရာရှိတွေက အဲဒီသတ်ဖြတ်မှုတွေကို ဘာကန့်ကွက်မှုမှမရှိဘဲ လက်ခံခဲ့ကြတယ်။ မိုဇမ်းဘစ်နိုုင်ငံမှာဆိုရင် အာဏာရပါတီက ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ၁၉၉၂-ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရေးထိုးခဲ့တယ်။ အဲဒီသဘောတူညီချက်အရ စစ်တပ်အနေနဲ့ ၎င်းရဲ့ ကဏ္ဍကို ဖျက်သိမ်းပြီး အရင်တုန်းက အတိုက်အခံ ရန်သူတွေကို ရာထူးနေရာပေးဖို့ ဖြစ်တယ်။ ဒါက စစ်တပ်ရဲ့ ပင်မအကျိုးစီးပွားကို တိုက်ရိုက် တိုက်ခိုက်ခံရတာဖြစ်ပေမယ့် စစ်တပ်ရဲ့ ခေါင်းဆောင်တွေက မဆိုင်းမတွဘဲ ချက်ချင်း လက်ခံသဘောတူခဲ့ကြတယ်။
ဒီလိုကွဲပြားမှုမျိုးကို ဘယ်လိုရှင်းပြနိုင်သလဲ။ လတ်တလောမှာ လေ့လာသူအများစုက နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခေါင်းဆောင်မှုဗျူဟာရှုထောင့်နဲ့ အဓိက လေ့လာကြပြီး အစိုးရအဖွဲ့အစည်းကို ဖြုတ်ချလို့မရနိုင်မယ့် coup proof နည်းလမ်းတွေကို ရှာကြတယ်။ ဒီရှုထောင့်အရ၊ မှန်ကန်တဲ့နည်းဗျူဟာသာရှိရင် ဘယ်အာဏာရှင်မဆို စစ်တပ်ကို ထိန်းချုပ်ထားနိုင်မယ်လို့ဖြစ်တယ်။ အစိုးရခေါင်းဆောင်တွေက ရာထူးပေးအပ်ပြောင်းလဲခြင်း၊ စစ်တပ်နဲ့ ပါ၀ါကို မျှဝေခြင်း၊ အရာရှိတွေကို ဝေစုခွဲပေးခြင်း၊ ဒါမှမဟုတ် စစ်တပ်ကို တန်ပြန်ထိန်းချုပ်ပြီး စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို တားဆီးတိုက်ခိုက်ခြင်းတို့အားဖြင့် အာဏာသိမ်းမှုကို ကြိုတင်တားဆီးကာကွယ်နိုင်တယ်။
ဒါပေမယ့် အဲလိုချဉ်းကပ်မှုတွေကို လေ့လာကြည့်တဲ့အခါမှာ အာဏာရှင်ခေါင်းဆောင်တွေတိုင်းက အဲဒီနည်းဗျူဟာကို ဘာကြောင့် အသုံးမပြုကြသလဲဆိုတာ သိနိုင်တယ်။ စစ်တပ်အပေါ် ထိန်းချုပ်ဖို့ အချိန်ကြာပျက်ကွက်လာတဲ့အခါမှာ ခေါင်းဆောင်တွေအနေနဲ့ ဒီလိုထိရောက်တဲ့ဗျူဟာတွေကို ကျင့်သုံးဖို့ အခြေအနေက တွန်းပို့လာနိုင်တယ်။ ဒါပေမယ့် လက်တွေ့က အဲသလောက် မရိုးရှင်းဘူး။ စစ်တပ်တို့အနေနဲ့ ၎င်းတို့ကို လက်အောက်ခံသိမ်းသွင်းဖို့ ကြိုးပမ်းမှုတွေကို ကြိုတင်သိမြင်နိုင်ပြီး တားဆီးဆန့်ကျင်နိုင်ကြတယ်။ ဥပမာ၊ စစ်တပ်ကို ထိန်းချုပ်ဖို့ စင်ပြိုင်လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရေးစီမံချက်တွေဟာ စစ်တပ်အာဏာသိမ်းမှုကို ကြိုတင်ကာကွယ်နိုင်တယ်။ နိုင်ငံရေးအရ အားကောင်းမောင်းသန်တဲ့စစ်တပ်ရှိတဲ့ တိုင်းပြည်တွေမှာ coup proof ဖြစ်အောင်၊ စစ်အာဏာသိမ်းလို့ မရနိုင်အောင် ကြိုးစားခြင်းက အကြောင်းမဲ့သပ်သပ်ဖြစ်တတ်တယ်။ အဲဒီလိုနိုင်ငံမှ တစ်ဦးပိုင်အာဏာရှင်ခေါင်းဆောင်တွေဟာ သူတို့ဘာလုပ်လုပ် စစ်တပ်ရဲ့ စိန်ခေါ်မှုကို ခံရကြတယ်။
အာဏာရှင်လက်အောက်က စစ်တပ်ရဲ့ ထိန်းချုပ်နိုင်မှုအတိုင်းအတာဟာ စစ်တပ်ရဲ့ မူလဇစ်မြစ်တွေကို ကြည့်ခြင်းအားဖြင့် နားလည်နိုင်တယ်။ လက်ရှိအစိုးရက စစ်တပ်ကို အရင်အစိုးရတွေဆီကနေ ဆက်ခံရရှိတယ်၊ ဒါမှမဟုတ် စစ်တပ်က အစိုးရနဲ့ မဆိုင်ဘဲ သီးခြားပေါ်ပေါက်လာခဲ့တယ်ဆိုရင် ၎င်းစစ်တပ်မှာ ထင်ရှားတဲ့ ကိုယ်ပိုင်လက္ခဏာရပ်တွေရှိနေမှာဖြစ်ပြီး ၎င်းမှာ ပြင်ပလွွှမ်းမိုးမှုကို တွန်းလှန်ပြီး သက်တမ်းရှည်တဲ့ နို်င်ငံရေးကြီးစိုးမှုကို တည်ဆောက်စေမယ့် အင်စတီးတူးရှင်းတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒီလိုအခြေအနေမှာ အာဏာရှင်တစ်ဦးဦးက စစ်တပ်ကို ဖြိုဖျက်ဖို့ ကြိုးစားလာတယ်ဆိုရင် စစ်သားတွေရဲ့ ဖြစ်နိုင်ခြေအများဆုံး တုံ့ပြန်မှုကတော့ စစ်အာဏာသိမ်းမှုပဲဖြစ်တယ်။ ဒါပေမယ့် တဖက်မှာ အစိုးရက စစ်တပ်ကို တည်ထောင်ခဲ့တယ်၊ အစိုးရပါတီရဲ့ စစ်တပ်ဖြစ်တယ်ဆိုရင် အဲဒီစစ်တပ်ဟာ အစိုးရလက်အောက်ခံအဖြစ်တည်ရှိဖို့ ဖြစ်နိုင်ခြေ များသွားတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်ဟာ ၎င်းရဲ့ အဓိကအကျိုးစီးပွားတွေကို ခြိမ်းခြောက်ခံရတယ်ဆိုရင်တောင်မှ ရွေးကောက်ခံအာဏာရှင်ကို စိန်ခေါ်ဖို့ လုပ်ပိုင်ခွင့်အာဏာမရှိဘဲ ဖြစ်တတ်တယ်။
စစ်တပ်ကြီးစိုးခြင်းရဲ့ မူလဇစ်မြစ်များ
အာဏာပါ၀ါကြီးတဲ့စစ်တပ်တွေဟာ ကိုလိုနီခေတ်စစ်တပ်တွေထဲမှ ပေါ်ပေါက်လျက်ရှိကြတယ်။ အဲဒီစစ်တပ်တွေဟာ လွတ်လပ်ရေးရပြီးနောက်မှာလည်း သိပ်ပြီး အခြေခံကျကျ အသွင်ပြောင်းလဲသွားခြင်း မရှိဘူး။ အမှန်မှာ ခေတ်သစ်အာဏာရှင်စစ်တပ်အများစုက ကိုလိုနီခေတ်မှ အမွေအနှစ်ကို ဆက်ခံကြတယ်။ ယေဘုယျအားဖြင့်၊ ကိုလိုနီအလွန်-အာဏာရှင်စနစ်က ကိုလိုနီခေတ်က အစိုးရတည်ဆောက်ပုံတွေကို အများကြီး အမွေဆက်ခံရရှိပြီး အဲဒီထဲမှာ စစ်တပ်နှင့် ပြည်တွင်းထောက်လှန်းရေးတပ်ဖွဲ့တို့ ပါဝင်ကြတယ်။ ဥပမာ၊ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှအိန္ဒိယထဲက ခွဲထွက်သွားတဲ့ ပါကိစ္စတန်က ခေတ်သစ်အချုပ်အခြာနိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရပ်သားအင်စတီးတူးရှင်းတွေရှိထားပေမယ့် ၎င်းကို ဗြိတိသျှအရာရှိတွေက လေ့ကျင့်ပေးပြီး အိန္ဒိယတပ်တော်ရဲ့ မူစလင်အများစုပါဝင်တဲ့ တပ်ယူနစ်တစ်ခုအဖြစ် တည်ထောင်ခဲ့တယ်။ ကိုလိုနီအလွန်စစ်တပ် တော်တော်များများလိုပဲ ပါကစ္စတန်တပ်တော်သစ်က ၎င်းရဲ့ ကိုယ်ပိုင်တပ်ဖွဲ့နှင့် သီးခြား လွတ်လပ်တဲ့ အင်စတီးတူးရှင်းဆိုင်ရာအဆောက်အအုံတွေ ရှိထားတယ်။ (စစ်တပ်ဟာ ၎င်းက သစ္စာခံပြီး ကာကွယ်ရတဲ့ အစိုးရအဖွဲ့ထက် စောပြီး တည်ရှိခဲ့တယ်။) ဒီအချက်က အာဏာရှင်ခေါင်းဆောင်တွေဟာ စစ်တပ်အပေါ် ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အခါမှာ စစ်သားတို့အနေနဲ့ အစိုးရအဖွဲ့ကို တုံ့ပြန်တိုက်ခိုက်ဖို့ ဆန္ဒနှင့် စွမ်းဆောင်ရည်တို့ကို ပေးအပ်ခဲ့တယ်။ အဲလိုစစ်တပ်ထဲက စစ်ရေးအရာရှိတွေဟာ အာဏာရတဲ့ အာဏာရှင်နဲ့ အဆက်အစပ်မရှိတဲ့ စစ်ရေးသင်တန်းကျောင်းတွေမှာ တက်ရောက်လေ့ရှိကြပြီး သူတို့က စစ်အာဏာသိမ်းမှု ဒါမှမဟုတ် စစ်အာဏာသိမ်းမှုကို တားဆီးကာကွယ်တဲ့ကြိုးပမ်းမှုတွေကို ဖြေလျော့စေတဲ့ ခိုင်မာစိတ်ချရတဲ့ ကွန်ယက်တွေနဲ့ ချိတ်ဆက်ထားကြတယ်။
အရင်အစိုးရဟောင်းတွေဆီမှ အမွေဆက်ခံရတဲ့စစ်တပ်တွေဟာ ကိုလိုနီခေတ်နောက်ပိုင်း အစိုးရအဖွဲ့တွေရဲ့ ထိန်းချုပ်မှုကို တွန်းလှန်ကြရင်း စစ်အာဏာသိမ်းဖို့ လွယ်ကူကြတယ်။ အာဖရိကတိုက်မှာရှိတဲ့ ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ ၇၀% က လွတ်လပ်ရေးရပြီးနောက်မှာ စစ်တပ်အာဏာသိမ်းခြင်းကို တွေ့ကြုံခဲ့ကြပြီး တခြားနိုင်ငံပေါင်းများစွာက အာဏာသိမ်းလုနီးပါးအခြေအနေထိ ဖြစ်သွားခဲ့ကြတယ်။ ၁၉၆၆-၆၇ ခုနှစ်အတွင်းမှာပင် အနောက်အာဖရိကမှ ဗြိတိသျှကိုလိုနီနိုင်ငံဟောင်းသုံးနိုင်ငံဖြစ်တဲ့ ဂါနာ၊ နိုင်ဂျီးရီးယားနှင့် ဆီရာလုန်းတို့ဟာ စစ်အာဏာသိမ်းမှုနှင့် တန်ပြန်အာဏာသိမ်းမှုတို့ကြောင့် တိုင်းပြည်တုန်လှုပ်ခဲ့ကြရတယ်။
လွတ်လပ်ရေးခေတ်-နိုင်ငံရေးခေါင်းဆောင်တွေက သူတို့ရဲ့ စစ်တပ်ဟာ ကြီးမားတဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံရေးပါ၀ါကို ပိုင်ဆိုင်ထားကြတယ်ဆိုတာ သိကြတယ်။ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုအဖြစ် သံသယဖြစ်ခြင်းကို ငြင်းပယ်ဖို့၊ ဒါမှမဟုတ် စစ်တပ်ကို အစိုးရထောက်ခံသူတွေနဲ့ ထိုးဖောက်ဖို့ ကြိုးပမ်းမှုတွေဟာ ပြင်းပြင်းထန်ထန် ဆန့်ကျင်တွန်းလှန်မှုတွေ ခံခဲ့ကြတယ်။ ဒီလိုအမွေဆက်ခံထားတဲ့ စစ်တပ်တွေဟာ ပို့စ်ကိုလိုနီယယ်အစိုးရအဖွဲ့တွေအတွက် ထိန်းချုပ်ဖို့ အရမ်း ခက်ခဲတယ်ဆိုတာကို မြင်တွေ့နိုင်ပြီး ၎င်းတို့က နိုင်ငံရေးခေါင်းဆောင်တွေကို ဖြုတ်ချလျက်ရှိကြတယ်။
အိဂျစ်ရဲ့ ဥပမာကို ကြည့်ရင် အိဂျစ်တပ်တော်ဟာ ဗြိတိသျှအုပ်ချုပ်မှုအောက်၊ မိုနာခီနှင့် လူထုနိုင်ငံရေးပါတီတို့လို တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ပြင်ပကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ၁၈၈၂ ခုနှစ်မှာ ဗြိတိသျှက အိဂျစ်နိုင်ငံကို သိမ်းပိုက်တဲ့အခါ မိုနာခီရဲ့ တပ်တော်ကို ဖြိုဖျက်ပြီး အိဂျစ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည်တည်ဆောက်ခဲ့တယ်။ ၂၀ ရာစုရဲ့ ပထမတဝက်အတွင်းမှာ ဗြိတိသျှက အိဂျစ်ရဲ့ စစ်ရေးစစ်ရာနှင့် နိုင်ငံခြားရေးရာတို့ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့တယ်။ အမျိုးသားလှုပ်ရှားရေးဖိအားပေးမှုတွေကြောင့် ၁၉၂၂ ခုနှစ်မှာ ဗြိတိသျှက သူတို့ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တယ်။ ဒါပေမယ့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့ကို ဆက်လက် ချုပ်ကိုင်ထားဆဲဖြစ်တယ်။ မီနာခီဘုရင့်အမျိုးဖြစ်စေ၊ Wafd Party ဖြစ်စေ၊ Muslim Brotherhood ဖြစ်စေ ဘယ်သူမှ စစ်တပ်ကို မထိန်းချုပ်နိုင်ခဲ့ကြဘူး။ အိဂျစ်စစ်တပ်က ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲကို ရင်ဆိုင်ရတဲ့အချိန်မှာ ၎င်းမှာ ကိုယ်ပိုင်လွတ်လပ်တဲ့ အမှတ်အသားသင်္ကေတနှင့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်တယ်။
အိဂျစ်က ၁၉၅၀ ခုနှစ်တွေမှာ အကြွင်းမဲ့အချုပ်အချာအာဏာကို ရရှိတဲ့အချိန်မှာ ၎င်းရဲ့ စစ်တပ်က အရပ်သားအစိုးရရဲ့ လက်အောက်ကို လုံးလုံး ဝင်ရောက်သွားခြင်းမရှိခဲ့ဘူး။ ဒီလိုမျိုး စစ်တပ်က ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိခြင်းဟာ နောင်မှာ စစ်တပ်ကို နိုင်ငံရေးလက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ ခက်ခဲသွားစေခဲ့တယ်။ Free Officers’ Movement မှ ဒုတိယဗိုလ်မှူးကြီး ဂမာလ်အဘ်ဒယ်လ်နာဆာရ်က ၁၉၅၂ ခုနှစ်မှာ မိုနာခီဘုရင်စနစ်မှ တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် သူ့ရဲ့ မိတ်ဆွေ အဘ်ဒယ်လ်ဟကိမ်းအမားရ်ကို စစ်တပ်ဦးစီးချုပ်အဖြစ်ရော၊ ကာကွယ်ရေးဝန်ကြီးအဖြစ်ပါ ခန့်အပ်ခဲ့တယ်။ အမားရ်က သူ့ရဲ့ ကိုယ်ပိုင်ပါ၀ါအခြေနှင့် ကွန်ယက်တို့ကို တည်ဆောက်ပြီး သမ္မတကိုယ်တိုင်နဲ့ တန်းတူတဲ့ အာဏာကို ဆုပ်ကိုင်ခဲ့တယ်။ ၁၉၆၀ အစောပိုင်းခုနှစ်တွေမှာတော့ နာဆာရ်က ဒီနေရာမှာ စစ်တပ်နှင့် နိုင်ငံတော်ဆိုပြီး နိုင်ငံတော်နှစ်ခုရှိတာလားဆိုပြီး မေးမြန်းခဲ့ရတဲ့အထိဖြစ်တယ်။
အိဂျစ်စစ်တပ်က ၁၉၆၇ ခုနှစ် ဂျွန်လမှာ အစ္စရေးနဲ့ ၆ ရက်တာ စစ်ပွဲအတွင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး စစ်ဗိုလ်တွေကို အင်အားချည့်နဲ့စေခဲ့တဲ့အပြင် အမားရ်ရဲ့ ကျဆုံးမှုကိုလည်း ဖြစ်စေခဲ့တယ်။ ဒါပေမယ့် စစ်တပ်က ခိုင်မာအားကောင်းတဲ့ အင်စတီးတူးရှင်းဆိုင်ရာပါ၀ါကို ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ နာဆာရ်က ၁၉၇၀ ခုနှစ်မှာ နှလုံးရပ်ပြီး သေဆုံးခဲ့တဲ့နောက်မှ ဒုသမ္မတနေရာမှ သမ္မတဖြစ်လာခဲ့တဲ့ အန်ဝါး ဆဒတ်က သူ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်တပ်ရဲ့ ထောက်ပံ့မှုကို လုံးလုံး မူတည်ရတော့တယ်။ အစ္စရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် စီးပွားရေးလမ်းကြောင်း ဖွင့်လှစ်ခြင်းတို့လို ပေါ်လီစီတို့ကို လုပ်ဆောင်တဲ့အခါမှာ စစ်တပ်ရဲ့ အထောက်အပံ့အပေါ် မှီခိုခဲ့ရတယ်။ ၁၉၇၉ ခုနှစ်မှာ ဆဒတ်က အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ပြုလုပ်ဖို့အတွက် National Service Projects Organization ကို တည်ထောင်ပြီး စစ်တပ်အရာရှိကြီးတွေကို စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ကိုင်ခွင့်ပေးပြီး ထောက်ခံမှု ရယူခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ ဆဒတ် လုပ်ကြံခံရပြီးနောက်မှာ သူ့ရဲ့ ဒုသမ္မတ ဟောစ်နီမိုဘာရတ် (လေတပ်အရာရှိဟောင်း)က သမ္မတဖြစ်လာပြီး စစ်တပ်ရဲ့ စီးပွားရေးအင်ပါယာက စီးပွားရေးလုပ်ငန်းကြီးတွေအထိ ကျယ်ပြန့်သွားခဲ့တယ်။ ယနေ့မှာ စစ်တပ်က သြဇာအာဏာလွှမ်းမ်ိုးမှု အတော်အတန် ရှိနေဆဲဖြစ်တယ်။ ၎င်းစစ်တပ်က အိဂျစ်ရဲ့ ၂၀၁၁-၂၀၁၃ ခုနှစ် ရှုံးနိမ့်ခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မောင်းနှင်ခဲ့ပြီး ယခုလက်ရှိသမ္မတ အဘ်ဒယ်လ် ဖာတာ့ အယ်စီစီရဲ့ အဓိကပါတနာဖြစ်လာခဲ့တယ်။ အယ်စီစီကိုယ်တိုင်ကလည်း ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ထိပ်တန်းအရာရှိဟောင်းတစ်ဦးဖြစ်တယ်။
မြန်မာပြည်မှာလည်း အလားတူပုံစံကို တွေ့မြင်ရတယ်။ တပ်မတော်လို့ခေါ်တဲ့ မြန်မာ့စစ်တပ်ဟာ ၁၉၄၀ ခုနှစ်မှာ နယ်ချဲ့ဂျပန်စစ်ဗိုလ်တွေက ဖွဲ့စည်းခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှအင်ပါယာကို မြန်မာပြည်ကနေ တိုက်ထုတ်တဲ့နေရာမှာ ကူညီဖို့ တည်ထောင်ထားတာဖြစ်တယ်။ ဂျပန်က စစ်ရှုံးသွားတဲ့အခါ စစ်တပ်ရဲ့ မူလသခင်တွေက မရှိတော့ပေမယ့် စစ်တပ်ကတော့ ကျန်ခဲ့တယ်။ တိုင်းပြည်က ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတဲ့အခါမှာ ဝန်ကြီးချုပ်ဦးနုက သူတည်ထောင်ထားတာမဟုတ်သလို သူ ထိန်းချုပ်လို့မရတဲ့ စစ်တပ်ကို ရင်ဆိုင်ခဲ့ရတယ်။ မြန်မာ့တပ်မတော်ရဲ့ စစ်ဗိုလ်ချုပ်တွေက နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ကို ထိန်းသိမ်းနိုင်ဖို့ အားကိုးလို့မရဘူးလို့ ယုံကြည်ကြတယ်။ စစ်အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်ဖို့ လုပ်ဆောင်ခြင်းဟာ ၁၉၅၀ ခုနှစ်တွေမှာ ရှုံးနိမ့်ခဲ့ပြီး စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးနေဝင်းကို ဖြိုချဖို့ ကြိုးစားမှုတွေကလည်း ရှုံးနိမ့်ခဲ့တယ်။ စစ်တပ်အတွင်းက ရာထူးတိုးမှုအဆင့်အတန်းတွေကို လွှမ်းမိုးဖို့ ကြိုးစားလုပ်ဆောင်မှုတွေက တပ်မတော်ကို သွေးတိုးစမ်းသလိုဖြစ်ခဲ့ပြီး တပ်မတော်က ၁၉၅၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၆၂ ခုနှစ်မှာ နောက်တစ်ကြိမ် အာဏာသိမ်းခဲ့တယ်။ အဲဒီနှစ်မှာ ဗိုလ်နေဝင်းက ဦးနုကို ဖြုတ်ချခဲ့ပြီး နှစ်ငါးဆယ်ကြာ တိုက်ရိုက်စစ်တပ်အုပ်ချုပ်မှုကို စတင်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရနဲ့အတူ ပါ၀ါကို အတူတူမျှဝေဖို့ သဘောတူညီခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက အဲဒီသဘောတူညီမှုအစီအစဉ်ကို အဆုံးသတ်ခဲ့တယ်။ မြန်မာ့တပ်မတော်က အခု တဖန် အာဏာအပြည့်အဝကို ပြန်ရပြီး သမ္မတနှင့် ဝန်ကြီးချုပ်တို့နှစ်ဦးစလုံးဟာ စစ်ဗိုလ်ချုပ်တွေဖြစ်ကြတယ်။
အင်ဒိုနီးရှားဟာ စစ်တပ်ရဲ့ ဇစ်မြစ်တွေက ၎င်းရဲ့ အမြစ်ဆွဲတဲ့ပါ၀ါကို ရှင်းပြနိုင်တဲ့ တခြား တိုင်းပြည်တစ်ခုဖြစ်တယ်။ နယ်ချဲ့ဂျပန်က အဲတုန်းက ဒတ်ချ်အရှေ့အိန္ဒိယလို့ခေါ်တဲ့ နေရာကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မဟာမိတ်တပ်တွေက အဲဒီကျွန်းကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားမှုတွေကို တွန်းလှန်ဖို့ ဒေသတွင်းတပ်ဖွဲ့ငယ်တွေကို ဖွဲ့စည်းခဲ့ကြတယ်။ ၁၉၄၅ ခုနှစ်မှာ ဂျပန်က စစ်ရှုံးသွားတဲ့အခါ အင်ဒိုအမျိုးသားရေးခေါင်းဆောင် ဆူကာနိုက လွတ်လပ်ရေးကို ကြေညာတဲ့အချိန်မှာ ဒီဂျပန်က တည်ထောင်ခဲ့တဲ့ တပ်ဖွဲ့တွေဟာ အင်ဒိုနီးရှားစစ်တပ်သစ်ရဲ့ ပင်မအူတိုင်အဖြစ် တည်ရှိနေခဲ့ပြီဖြစ်တယ်။ ဒီစစ်တပ်ဟာ ၁၉၄၅-၄၉ ခုနှစ် ဒတ်ချ်နဲ့ စစ်ပွဲကာလမှာ ဆူကာနိုရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေတာ မဟုတ်ဘူး။ လွတ်လပ်ရေးကို ရယူပြီးနောက်ပိုင်းမှာလည်း အရပ်သားအစိုးရရဲ့ လက်အောက်မှာ ရှိမနေခဲ့ဘူး။ ဆိုကာနိုက စစ်အာဏာသိမ်းမှုကို ကြောက်တဲ့အတွက် ၁၉၆၀ အစောပိုင်းခုနှစ်တွေမှာ အင်ဒိုနီးရှားကွန်မြူနစ်ပါတီ(ပီကေအိုင်)ကို တည်ထောင်ပြီး စစ်တပ်ကို တန်ပြန်ထိန်းညှိဖို့အတွက် လုပ်ဆောင်ခဲ့တယ်။ ၁၉၆၅ ခုနှစ် စက်တင်ဘာလမှာ ပီကေအိုင်က စစ်တပ်အာဏာသိမ်းမှာကို ကြောက်ပြီး သူ့ဘာသာ အာဏာသိမ်းဖို့ လုပ်ဆောင်ခဲ့တယ်။ ဒီအဖြစ်အပျက်က ပီကေအိုင်အနေနဲ့ တားဆီးဖို့ ကြိုးစားခဲ့တဲ့ လက်ယာယိမ်းစစ်တပ်အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဗိုလ်ချုပ်ဆူဟာတိုရဲ့ စစ်တပ်ဦးဆောင်တဲ့ အစိုးရက အင်ဒိုနီးရှားကို ၁၉၆၆ မှ ၁၉၉၈ အထိ အုပ်ချုပ်ခဲ့ပြီး ဆူဟာတိုခေတ်က ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင်နှင့် စစ်တပ်က ယနေ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ထင်ရှားတဲ့အခန်းကဏ္ဍမှာ ဆက်လက်ပြီး ပါဝင်ကြတယ်။
အယ်ဂျီးရီးယားနိုင်ငံက စစ်တပ်လွှမ်းမိုးခြင်းသို့ ချီတက်တဲ့ လမ်းစဉ်ဟာ ပိုပြီး ထူးခြားတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ မူလဇစ်မြစ်က ၎င်းစစ်တပ်ရဲ့ နိုင်ငံရေးပါ၀ါကို လွှမ်းမိုးတဲ့နေရာမှာ အရေးကြီးပြန်တယ်။ ဒီနေရာမှာ စစ်တပ်က ပြင်သစ်နဲ့ ၁၉၅၄-၆၂ အမျိုးသားရေးလွတ်မြောက်ရေးစစ်ပွဲအတွင်းမှာ လူထုပါတီရဲ့ ထိန်းချုပ်မှုမခံခဲ့ဘူး။ ပြင်သစ်ရဲ့ တန်ပြန်တော်လှန်ရေးတပ်က အယ်ဂျီးရီးယားအတွင်းမှာ တိုက်ခိုက်နေတဲ့ အမျိုးသားလွတ်မြောက်ရေးစစ်တပ်(အေအယ်လ်အင်န်)ရဲ့ အစိတ်အပိုင်းတွေကို တကွဲတစဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ တူနီးရှားနှင့် မော်ရိုကိုတို့မှာရှိတဲ့ အေအယ်လ်အင်န်တပ်ဖွဲ့ငယ်တွေက အဲဒီလွတ်လပ်ရေးရကာစ နိုင်ငံတော်တွေရဲ့ ကာကွယ်မှုအောက်မှာ စစ်ရေးစွမ်းဆောင်မှုကို တည်ဆောက်ခဲ့ကြတယ်။ ဗိုလ်မှူးကြီး ဟူအာရီ ဘိုမီဒင်းရဲ့ လက်အောက်မှာ ဖွဲ့စည်းခဲ့တဲ့ ဒီ ရှေ့တန်းတပ်တော်ဟာ စစ်တိုက်တာ အများစုကို ရှောင်ပြီး လွတ်လပ်ရေးအလွန်မှာ သြဇာအရှိဆုံးနိုင်ငံရေး အက်တာအနေနဲ့ အယ်ဂျီးရီးယားထဲသို့ ဝင်ရောက်ခဲ့တယ်။ တဖက်မှာ အယ်ဂျီးရီးယားနယ်စပ်တွေမှာ နေပြီး တိုက်ပွဲတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ တပ်ဖွဲ့တွေကတော့ ပင်ပန်းနွမ်းလျကြပြီး ဘေးဖယ်ခံခဲ့ကြတယ်။
အေအယ်လ်အင်န်ရဲ့ မူလအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်(အက်ဖ်အယ်အင်န်)ရဲ့ ပြည်ပြေးခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်မှာ အယ်ဂျီးရီးယားထဲသို့ ပြန်ဝင်လာတဲ့အခါ သူတို့ရဲ့ ထိန်းချုပ်မှုပြင်ပမှာ စစ်ပွဲတစ်ခုလုံးကို ကိုယ်တွေ့ တိုက်ခိုက်ခဲ့တဲ့စစ်တပ်တစ်ခုကို ရင်ဆိုင်ခဲ့ရတယ်။ ဘူမီဒင်းက ဒီလိုလုံးစည်းပြီး အင်အားကောင်းတဲ့ စစ်တပ်ကို လွှမ်းမိုးနိုင်တဲ့အတွက် လွတ်လပ်ရေးအလွန်မှာ သူ့ကို ကင်း-မက်ကာတစ်ယောက်အဖြစ် ရပ်တည်စေခဲ့တယ်။ အာဏာပါ၀ါလုခြင်းနောက်မှာ ထွက်ပေါ်လာတဲ့ အမျိုးသားရေးခေါင်းဆောင်ကတော့ အက်ဖ်အယ်အင်န်ရဲ့ နိုင်ငံရေးအကြီးအကဲ အမက်ဘင်ဘယ်လာဖြစ်ပြီး သူက စစ်တပ်ရဲ့ ထောက်ပံ့မှုကြောင့် လုပ်ငန်းတာဝန်တွေကို လျောလျောရွေရွေ လုပ်ဆောင်နိုင်ခဲ့တယ်။
စစ်တပ်ကို ယဉ်ပါးအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာဖြစ်တယ်။ ဘင်ဘယ်လာက ပုံမှန်တပ်တော်ကို တန်ပြန်ထိန်းညှိဖို့ စစ်တပ်ကို ဖွဲ့စည်းပြီး ဘူမီဒင်းကို ထောက်ခံတဲ့အရာရှိတွေကို ပထုတ်တဲ့အခါမှာ သွေးထွက်သံယိုမှုမရှိတဲ့ ၁၉၆၅ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ဘူမီဒင်းက သူ့နေရာကို အစားထိုးသွားခဲ့တယ်။ စစ်တပ်က နိုင်ငံ့ထောက်လှန်းရေးအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တို့နှစ်ခုစလုံးတို့ကို ထိန်းချုပ်ပြီး ယနေ့မှာ နိုင်ငံရေးကြီးစိုးမှု political supremacy ကို ဆုပ်ကိုင်ထားတယ်။ ၂၀၁၉ ခုနှစ်မှာ လူထုလှုပ်ရှားမှုကြီးတစ်ခုက အာဏာရှင် အဘ်ဒီလာဇစ် ဘိုတဲဖလစ်ကာကို ဖြုတ်ထုတ်ဖို့ တောင်းဆိုကြတဲ့အခါ စစ်သားတွေက သူတို့မှာ ပြောဆိုလုပ်ကိုင်ပိုင်ခွင့်ရှိသေးကြောင်းကို ပြသခဲ့တယ်။ စစ်တပ်အကြီးအကဲက နာမကျန်းဖြစ်နေတဲ့ ဘူတဲဖလစ်ကာကို ဧပြီလမှာ သမ္မတရာထူးမှ နုတ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ သူကိုယ်တိုင်က နိုင်ငံ့အုပ်ချုပ်သူဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။
ဒီကိစ္စတွေအားလုံးမှာ စစ်တပ်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ အကောင်းဆုံးအစီအစဉ်တွေက လမ်းကြောင်းလွှဲခဲ့ပြီး၊ အဲဒီလိုစီစဉ်ဆောင်ရွက်တဲ့ ခေါင်းဆောင်တွေက ရှုံးနိမ့်ခဲ့ကြတယ်။ အာဏာရပါတီရဲ့ ထိန်းချုပ်မှုပြင်ပမှာ ကြီးထွားလာတဲ့ စစ်တပ်တွေဟာ အရပ်သားအစိုးရရဲ့ နိုင်ငံရေးအာဏာပါ၀ါကို လွယ်လွယ်နဲ့ မနာခံကြဘူး။ စစ်တပ်အာဏာလုပ်ပိုင်ခွင့်ရဲ့ ဇစ်မြစ်တွေဟာ သူတို့ကို ရှင်းထုတ်လို့ မရနိုင်လာက်အောင် ဒါမှမဟုတ် တန်ပြန်ထိန်းညှိလို့ မရနိုင်လာက်အောင် အလွန် အားကောင်းလွန်းနေကြတယ်။
ဂါနာတိုင်းပြည်ကလည်း တခြားဥပမာတစ်ခုဖြစ်တယ်။ ကိုလိုနီခေတ်အလွန် ခေါင်းဆောင် တော်တော်များများလိုပဲ ဂါနာရဲ့ ကွာမီးကရိုမတ်က အစပိုင်းမှာ စစ်ရေးစစ်ရာကို သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ နောက်ပိုင်းမှာ သူက စစ်ရေးကို အရမ်း အရေးပေးလာခဲ့ပြီး ၎င်းက သူ့ရဲ့ ကျဆုံးမှုဖြစ်လာခဲ့တယ်။ ဂါနာတိုင်းပြည်ဟာ ဗြိတိန်ဆီမှ လွတ်လပ်ရေးရခါစမှာ လူဦးရေ ၇ သန်းအောက်နည်းခဲ့ပြီး တိုင်းပြည်ကလည်း စစ်တပ်အင်အား အနည်းငယ်သာရှိတယ်။ စစ်တပ်ထဲဝင်တာက လူတွေ မလုပ်ချင်တဲ့ အလုပ်အကိုင်တစ်ခုဖြစ်ခဲ့တယ်။ ၁၉၆၁ ခုနှစ်အထိ လူဖြူဗြိတိသျှအရာရှိတွေက အဓိကအားဖြင့် ဦးဆ
Some autocracies are dominated by their militaries, while others hold the generals in check. The key is this: If an autocratic regime did not create its military, it will struggle to control it.