08/07/2025
“လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ လုပ်သင့်တယ်… ဒါပေမယ့် မလုပ်ခဲ့ကြဘူး”
Jack Brabham ဆိုတာက သြစတြေးလျနိုင်ငံသား ပြိုင်ကားမောင်းသမား။
(၁၉၅၉)ခုနှစ် Sebring Grand Prix ကားပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲမှာ ရှေ့ဆုံးကနေ သူဦးဆောင်ခဲ့တယ်။
နောက်ဆုံးအခေါက်ကျမှ ပတ်နေတုန်း ကားကဆီကုန်သွားပါလေရော။
ကားက ဆက်မောင်းလို့မရဘဲ ရပ်သွားတယ်။
တခြားပြိုင်ကားသမားတွေဆိုရင် ကားထဲကထွက်၊ ဦးထုပ်ကို ကိုင်ပေါက်၊ ဆူဆဲဒေါသထွက်နေကြတာ များတယ်။
ဒါပေမယ့် Jack Brabhamက အဲ့လိုမလုပ်ဘူး။
ပြိုင်ပွဲကလူတွေတခါမှ မမြင်ဖူးတာကို သူလုပ်ခဲ့တယ်။
ကားပေါ်ကဆင်းပြီး စတွန်းတော့တာပဲ။
ဘေးကပြိုင်ဖက်ကားတွေ တ၀ူး၀ူးနဲ့ကြားထဲ တန်ချိန်တစ်၀က်လောက်လေးတဲ့ကားကို ပေ(၁၃၀၀)လောက်၀ေးတဲ့ ပန်းတိုင်ထိ သူတွန်းခဲ့တယ်။
ပန်းတိုင်လည်းရောက်၊ သူလည်းပစ်လဲကျတော့တာပဲ။
သူပြန်သတိရတော့မှ စတုတ္ထဆုရတယ်ဆိုတာ သိရတယ်။
ဒီဆုကလည်း ကမ္ဘာ့ချန်ပီယံစာရင်း၀င်ပါပဲ။
အကောင်းဆုံးပြိုင်ကားကို အကျွမ်းကျင်ဆုံးမောင်းခဲ့တာကြောင့် ရခဲ့တာမဟုတ်ဘူး။
အရှုံးမပေးတဲ့ စိတ်ကြောင့်ရတာ။
သူ့ကိုယ့်သူလည်း သနားမနေဘူး၊ တလွဲတွေဖြစ်နေတဲ့ ကံကိုလည်း ထိုင်ဆဲမနေဘူး။
ဘယ်သူ့မှ မလုပ်မယ့် မလုပ်ရဲတဲ့အရာကို လုပ်ပြီးအနိုင်ယူခဲ့တယ်။
တခြားလူဆို ဒါမျိုးတွေးမိမှာတောင် မဟုတ်ဘူး။
ပြိုင်ပွဲရဲ့စည်းကမ်းချက်က ရှင်းရှင်းလေး။ လူရော၊ ကားရော ပန်းတိုင်ရောက်ရင် နိုင်ပြီ။
လူက ကားထဲထိုင်နေရမယ်လို့ မဆိုထားဘူး။
ပြဌာန်းချက်စည်းကမ်းနဲ့အညီ ကွက်ကျော်ရိုက်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်သွားတယ်။
နောက်နှစ်လည်း ကမ္ဘာ့ချန်ပီယံဆု ထပ်ရခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ပြိုင်ကားမောင်းသမား Stirling Mossက ပြိုင်ပွဲတစ်ခုမှာ သူ့ကား၀င်ရိုးကျိုးသွားလို့ စပြိုင်ဖို့အခက်တွေ့ခဲ့ဖူးတယ်။
Stirling Mossဟာ သူ့ထက်သာတဲ့ ပြိုင်ကားမောင်းသမားမှန်းသိပေမယ့် Jack Brabhamက သူ့အရံကားက ၀င်ရိုးကိုပေးပြီး ကူညီဖူးတယ်။
ပြိုင်ပွဲထဲမှာတော့ Jack Brabhamက ရှေ့ကနှာတစ်ဖျားသာအောင်မောင်းတယ်။ ပြီးတော့ လမ်းကကျောက်စရစ်ခဲစတွေကို ကားဘီးနဲ့ Stirling Mossရဲ့ ကားဆီပက်ပြီး မောင်းရခက်အောင်လုပ်တယ်။ Brabham နိုင်ခဲ့တယ်။
“သူက အပြင်မှာဆိုရင်တော့ တကယ့်လူကြီးလူကောင်းပဲ၊ ပြိုင်ပွဲထဲမှာတော့ တော်တော်အကျင့်ယုတ်တဲ့ ဘဲ”လို့ Mossက ပြောတယ်။
တခြားကားတွေထက် ပိုကောင်းတဲ့ ပြိုင်ကားကို သူ့ဘာသာထွင်နိုင်တယ်လို့ Jack Brabhamပြောခဲ့ဖူးတယ်။
လူတိုင်း ဒီစကားပြောဖူးပေမယ့် သူကတော့တကယ်လုပ်ခဲ့တယ်။
(၁၉၆၆)ခုနှစ် ဒုတိယအကြိမ်ကမ္ဘာ့ချန်ပီယံဆုရခဲ့တာ သူကိုယ်တိုင်ထွင်ထားတဲ့ကားနဲ့ပဲ။
တခြားပြိုင်ကားသမားတွေကို အနိုင်ယူခဲ့တာချည်းမဟုတ်ဘဲ တခြားကားကုမ္ပဏီတွေကိုပါ အနိုင်ယူခဲ့တာ။
အခုချိန်ထိ ဘယ်သူမှ သူ့လိုမလုပ်နိုင်ဘူး။
နောက်နှစ်ကျတော့ သူက Constructors’ Championship မှာ အနိုင်ရပြန်တယ်။
အဲ့နှစ်မှာ လူတွေကသူ့ကို ပြိုင်ကားမောင်းဖို့ တော်တော်အသက်ကြီးနေပြီဆိုပြီး ၀ေဖန်ကြတယ်။
Zandvoort Grand Prix ပြိုင်ပွဲလည်းကျရော သူက မုတ်ဆိတ်တုကြီးတပ်၊ တုတ်ကောက်ကြီးနဲ့ ကားဆီတုံချိတုံချိ လမ်းလျှောက်ပြတယ်။ ပြီးတော့မှ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ပြိုင်ကားသမားတွေကို လှလှကြီးအနိုင်ယူပြလိုက်တယ်။ အဲ့ဒါ သူ့ရဲ့တတိယမြောက် ကမ္ဘာ့ချန်ပီယံဆုရခဲ့တာပဲ။
သုံးကြိမ်ဆုရတယ်၊ နှစ်ကြိမ်က တခြားကားကုမ္ပဏီထုတ် ကားတွေကို ဖဲ့တယ်။
“ကိုယ်လိုချင်တာကို ဖြစ်အောင်လုပ်လို့ရတယ်၊ မဟုတ်ရင်တော့ ဆင်ခြေတွေပေးပြီး အရှုံးခံလိုက်ပေါ့”တဲ့။ အကြိုက်ဆုံး Jack Brabhamရဲ့စကားလေး။
Jack Brabhamကတော့ ကိုယ့်ကိုယ်ကို ဆင်ခြေတွေပေးနေတာကို မရွေးခဲ့ဘူး။
ဆင်ခြေတွေပေးမနေဘဲ ဖြစ်အောင်သူလုပ်ပြခဲ့တယ်။
"One + One = Three: A Masterclass in Creative Thinking" by Dave Trott
(မှီငြမ်းဘာသာပြန်-ဝေလင်း)