ဇာတ်လမ်း Z-Lann - New

  • Home
  • ဇာတ်လမ်း Z-Lann - New

ဇာတ်လမ်း Z-Lann - New သုတရသစုံလင်တဲ့ မြန်မာစကားပြော အသံဇာတ်လမ်းများကို စုံစုံလင်လင် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ခေတ်သစ်မြန်မာ့ပန်းချီလောကရဲ့ ဖခင်ကြီး ပန်းချီဆရာ ဦးဘဉာဏ်-------------------------------ပန်းချီပညာဟာ လူသားတွေရဲ့ စိတ်ခံစာ...
18/10/2025

ခေတ်သစ်မြန်မာ့ပန်းချီလောကရဲ့ ဖခင်ကြီး ပန်းချီဆရာ ဦးဘဉာဏ်
-------------------------------

ပန်းချီပညာဟာ လူသားတွေရဲ့ စိတ်ခံစားမှု၊ ယဉ်ကျေးမှု၊ သမိုင်းနဲ့ အတွေးအမြင်တွေကို မြင်သာထင်သာရှိအောင် ဖော်ပြနိုင်တဲ့ အနုပညာရပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း သမိုင်းမတင်မီအချိန်ကတည်းက ပန်းချီရေးဆွဲမှု အတတ်ပညာတွေရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်း ကာလတွေမှာတော့ ဆီဆေး၊ ရေဆေးအစရှိတဲ့ အနောက်တိုင်းပန်းချီနည်းစနစ်တွေက မြန်မာနိုင်ငံဆီကို ရောက်ရှိလာခဲ့ပြီး မြန်မာလူမျိုး ပန်းချီဆရာတွေကလည်း သူတို့ရဲ့ ရှိရင်းစွဲလက်ရာတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ခေတ်သစ်မြန်မာပန်းချီပုံစံအသစ်တွေကို ဖန်တီးလာကြပါတယ်။ အဲဒီလိုမျိုး အနောက်တိုင်းပန်းချီစနစ်နဲ့ ရေးဆွဲတဲ့အခါ တစ်ဖက်ကမ်းခပ်ဆိုသလို ထူးချွန်တဲ့ ပန်းချီပညာရှင်တစ်ယောက်ကတော့ ဦးဘဉာဏ်ပဲ ဖြစ်ပါတယ်။

မြန်မာ့ပန်းချီလောကရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဦးဘဉာဏ်ကို ၁၈၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က အဖ ဦးဘအို၊ အမိ ဒေါ်ညိုတို့မှ မအူပင်ခရိုင်၊ ပန်းတနော်မြို့မှာ မွေးဖွားပါတယ်။ မွေးချင်း ၆ ယောက်ရှိတဲ့အနက်မှာ ဦးဘဉာဏ်က စတုတ္ထမြောက်သားဖြစ်ပြီး ငယ်စဉ်အရွယ်မှာတော့ ပန်းတနော်မြို့မှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းမှာ စာပေပညာကို သင်ကြားဆည်းပူးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျောင်းနေစဉ်အရွယ်ကတည်းက စာပေလေ့လာကျက်မှတ်မှုထက် ရုပ်ပုံဆွဲခြင်းကို ပိုမိုစိတ်ဝင်စားခဲ့တာကြောင့် ပန်းချီပညာမှာ အထုံပါရမီပါရှိကြောင်းကို အဲဒီအချိန်ကတည်းက အရိပ်အယောင်တွေပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၁၄ နှစ်အရွယ်ကိုရောက်ချိန်မှာ မြန်မာလက်မှုအနုပညာရှင် ဦးဘိုးမောင်ဆီကနေ ရှေးမြန်မာပန်းချီရေးဆွဲနည်းကို စတင်သင်ယူပါတယ်။

ဦးဘဉာဏ်ဟာ ပန်းချီပါရမီပါလာသူဖြစ်တဲ့အလျောက် သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကလည်း မူလပုံပန်းသွင်ပြင်လက္ခဏာတွေနဲ့ တစ်ထပ်တည်းပေါ်လွင်မှုရှိခဲ့ပါတယ်။ ဒီလိုကြောင့်လည်း ဘုန်းတော်ကြီးတွေရဲ့ ပုံတူတွေကို ရေးဆွဲရာမှာ ဦးဘဉာဏ်ရဲ့ လက်ရာက အထူးတလည် လူကြိုက်များခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာကြီး ဦးဘိုးမောင်ဆီမှာ ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ ပညာသင်ယူနေတဲ့အချိန်အတွင်းမှာပဲ မအူပင်မှ အင်္ဂလိပ်အရေးပိုင်က ပန်းတနော်ကို ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါအရေးပိုင်ဖြစ်သူဟာဆိုရင် ပန်းချီပညာဝါသနာပါပြီး လေ့လာလိုက်စားသူတစ်ယောက်လည်းဖြစ်တာကြောင့် ဦးဘဉာဏ်ရဲ့ လက်ရာတွေကို အမှတ်မထင်တွေ့မြင်လိုက်တဲ့အခါမှာ လက်စွမ်းလက်စကို သဘောကျနှစ်ခြိုက်ပြီး ခေါ်ယူတွေ့ဆုံပါတယ်။ အဲဒီနောက် သူ့ရဲ့အရှေ့မှာပဲ ဦးဘဉာဏ်ကို မြန်မာနရားရုပ်ပုံစံ ရေးဆွဲစေခဲ့တာကြောင့် ဦးဘဉာဏ်ကလည်း သူ တတ်ကျွမ်းတဲ့ ရှေးရိုးမြန်မာပန်းချီစံနစ်အတိုင်း စနစ်တကျရေးဆွဲပြခဲ့ပါတယ်။ ဒီအခါမှာတော့ အရေးပိုင်မင်းက အလွန်နှစ်ခြိုက်သွားခဲ့ပြီး ဦးဘဉာဏ်ကို ဆုငွေတွေချီးမြှင့်ခဲ့သလို ပန်းချီပညာမှာ အလားအလာရှိတဲ့ မြန်မာလူငယ်လေးတစ်ဦးကို မြေတောင်မြှောက်ပေးလိုခဲ့ပါတယ်။ ဒါကြောင့် အစိုးရဘက်က အထောက်အပံ့ပေးပြီး မော်လမြိုင်မြို့မှာရှိတဲ့ ဆရာဖြစ်သင်ကျောင်းဆီကို သွားရောက်သင်ကြားနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မော်လမြိုင်မြို့မှာရှိတဲ့ စိန့်မက်သယူး ဆရာဖြစ်သင်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူကတော့ ကင်းထောက်မင်းကြီး မစ္စတာကင့်ချ်ဖြစ်ပြီး သူဟာဆိုရင် ပန်းချီအနုပညာရှင်တစ်ဦးဖြစ်သလို ပန်းချီအလားအလာရှိတဲ့ မြန်မာလူငယ်လေးတွေကိုလည်း မြေတောင်မြှောက်ပေးလိုတဲ့ စေတနာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပါမောက္ခ ကေအမ်ဝေါ့ဒ်၊ မီးရထားကုန်ဝန်မန်နေဂျာ မစ္စတာမာတင်ဂျုံးတို့နဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးပန်းချီအသင်းဖြစ်တဲ့ Burma Art Club ကို ၁၉၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မစ္စတာကင့်ချ်အနေနဲ့ ဦးဘဉာဏ်ရဲ့ အနုပညာလက်စလက်နတွေကို တွေ့လိုက်တဲ့အခါမှာတော့ နှစ်ခြိုက်အားရမှုဖြစ်သွားခဲ့ပြီး သူ့ရဲ့ကျောင်းဆီကို ပြောင်းရွှေ့လာစေကာ ဦးဘဉာဏ်ကို ပန်းချီပညာသာမက အင်္ဂလိပ်စာကိုပါ သင်ကြားပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စာသင်ခန်းနံရံမှာ ဦးဘဉာဏ်ရေးဆွဲခဲ့တဲ့ ပန်းဘဲမောင်တင့်တယ် ဇာတ်ထုပ်နဲ့ ကင်းထောက်လုလင်ဆေးရောင်စုံရုပ်ပုံတွေဟာဆိုရင် မြင်တွေ့သူအပေါင်းအနေနဲ့ များစွာနှစ်ခြိုက်သဘောကျမှုဖြစ်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။

ပန်းချီဦးဘဉာဏ်ဟာဆိုရင် ပန်းချီပညာနဲ့ပတ်သက်လို့ ပါရမီထူးရှိရုံသာမက အတော်လည်း ကုသိုလ်ကံကောင်းသူ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အနုပညာလက်ရာတွေကို အသိအမှတ်ပြုပေးတဲ့သူတွေ၊ သူ့မှာရှိတဲ့ အနုပညာပါရမီကို ကူညီပျိုးထောင်ပေးကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံကြုံကြိုက်ခွင့်ရရှိခဲ့ပါတယ်။ ဦးဘဉာဏ်အနေနဲ့ ဒီလိုတွေ့ဆုံခွင့်ရရှိခဲ့တဲ့သူတွေထဲမှာတော့ မြန်မာပြည်ဘုရင်ခံရဲ့ ဧည့်သည်တော်အဖြစ် လန်ဒန်မြို့ကနေ ရန်ကုန်မြို့ဆီကို ရောက်ရှိလာခဲ့တဲ့ မစ္စတာ ရေးလန်ကတ်စတာပဲ ဖြစ်ပါတယ်။ အဆိုပါဧည့်သည်ဖြစ်သူက မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနေရင်းနဲ့မှ မော်လမြိုင်မြို့ဆီကို ရောက်ရှိခဲ့ပြီး ဒီအခါမှာတော့ စိန့်မက်သယူးကျောင်းမှာရှိတဲ့ ဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာတွေကို မြင်တွေ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ဆီကို ပြန်လည်ရောက်ရှိသွားတဲ့အခါမှာ သူတွေ့မြင်ခဲ့ရတဲ့ ဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာတွေအကြောင်းနဲ့ ပန်းချီပါရမီရှိပုံတွေကို ပြောပြခဲ့ပါတယ်။ ဒီအခါမှာ ဘုရင်ခံဖြစ်သူက ဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး ဦးဘဉာဏ်ကို ရန်ကုန်မြို့ဆီ ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

မစ္စတာကင့်ချ်ကလည်း ဦးဘဉာဏ်ကို ရန်ကုန်ကောလိပ်မှ ပါမောက္ခဝေါ့ဒ်နဲ့ ဆက်သွယ်ပေးခဲ့ပြီး “ဘဉာဏ်က အရုပ်ရေးတတ်ပေမယ့် အရောင်သိပ်ပြီး မနိုင်သေးဘူး။ ငါလည်းနားမလည်တော့ မင်းကြည့်လုပ်ပေးပါဦး” လို့ ဆိုကာ အပ်နှံပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရင်ခံရဲ့အစီအစဉ်နဲ့ ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တဲ့ ဦးဘဉာဏ်ဟာ ပါမောက္ခဝေါ့ဒ်တို့နဲ့ လိုက်လံနေထိုင်ခဲ့ပြီး ပါမောက္ခဝေါ့ဒ်ကလည်း ဦးဘဉာဏ်ကို ရန်ကုန်ဟိုက်စကူးကျောင်းမှာ လက်ထောက်ပုံဆွဲဆရာအဖြစ် အလုပ်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာမှုဒီဇိုင်းတွေ ရေးဆွဲထုတ်လုပ်ဖို့အတွက်ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

ဦးဘဉာဏ်ဟာ ပါမောက္ခဝေါ့ဒ်ဆီကနေ ဆေးရောင်ကိုင်နည်းပညာကိုလည်း ဆည်းပူးခဲ့ပြီး ဒီအချိန်အတောအတွင်းမှာတော့ ဦးဘဉာဏ်ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးအရာရှိ ကပ္ပတိန်ဖြစ်တဲ့ ဗတ်စမစ်က ဝယ်ယူချီးမြှင့်ခဲ့ပါတယ်။ ကပ္ပတိန်ဗတ်စမစ်ဟာဆိုတာက ပန်းချီအနုပညာကို နှစ်သက်မြတ်နိုးသူဖြစ်ပြီး Burma Art Club ကို တည်ထောင်ပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးဘဉာဏ်ရဲ့ ပန်းချီအနုပညာတွေကို ဂျူဗလီဟောမှာ ကျင်းပလေ့ရှိတဲ့ မြန်မာပြည်လက်မှုပညာပြပွဲတွေဆီ တင်သွင်းပြသခဲ့ရာမှာလည်း ဆုတံဆိပ်များစွာ ရရှိခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၂၁ ခုနှစ်ကိုရောက်ချိန်မှာတော့ ပါမောက္ခဝေါ့ဒ်ရဲ့ တိုက်တွန်းထောက်ခံချက်အရ မြန်မာပြည်အစိုးရအနေနဲ့ ဦးဘဉာဏ်ကို ပန်းချီပညာတော်သင်အဖြစ် ဘိလပ်ဆီ စေလွှတ်လိုက်ပါတော့တယ်။ ဦးဘဉာဏ်တစ်ယောက် ပန်းချီပညာကို ကောင်းစွာသင်ကြားနိုင်စေဖို့အတွက်လည်း ပါမောက္ခဝေါ့ဒ်က Royal College of Art ကျောင်းအုပ်ကြီး ဆာဝီလျံရိုသင်စတိန်နဲ့ Spenlove School of Modern Painting (Yellow Door Studio) ရဲ့ ကျောင်းအုပ်ကြီး စပင်းလပ်တို့နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဘိလပ်ပြန် ပန်းချီဆရာကြီး ဦးဘဉာဏ်က “ပရော်ဖက်ဆာဝေါ့ဒ်က ကြပ်မတ်ပြီး သွင်းပေးသဖြင့် ပန်းချီရဲ့အဆီအနှစ်ကို တွက်စစ်၍ သင်ပြသော ကျောင်းတစ်ကျောင်းဆီသို့ ရွှေ့ပြောင်းသင်ကြားခွင့်ရလေသည်” လို့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

တော်ဝင်ပန်းချီသိပ္ပံကျောင်းမှာဆိုရင် ဦးဘဉာဏ်အနေနဲ့ ကြေးပြားပေါ်ပုံထွင်းတဲ့ပညာကို အချိန် ၁ နှစ်နဲ့ ၆ လခန့် သင်ကြားခွင့်ရခဲ့ပြီး ဘွဲ့လက်မှတ်လည်း ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Spenlove School of Modern Painting ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ စပင်းလပ်ဆီကနေလည်း သင်ယူဆည်းပူးခွင့်ရရှိခဲ့တာကြောင့် ဒီနောက်ပိုင်းမှာ ဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာတွေကလည်း ဗြိတိသျှပန်းချီပြပွဲကြီးတွေမှာ ပြသနိုင်လောက်တဲ့အထိ အဆင့်အတန်းတိုးတက်မှုတွေရှိလာခဲ့ပါတယ်။ ဒီလိုမျိုး ဗြိတိသျှပန်းချီပြပွဲတွေဆိုတာက တော်ရုံပန်းချီအဆင့်အတန်းလောက်နဲ့ ဝင်ရောက်ပြသခွင့်ရတဲ့ပွဲမျိုးမဟုတ်တာကြောင့် ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ဦးဘဉာဏ်ရဲ့ လက်ရာတွေက အဲဒီအချိန်ကတည်းက ကမ္ဘာ့အဆင့်မီဖြစ်နေပြီဆိုတာကို လေ့လာသိရှိနိုင်ပါတယ်။

ဒီလိုနဲ့ ၁၉၂၄ ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ ပညာတော်သင်ကာလပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆီ ပြန်ရောက်လာခဲ့ပြီး ရန်ကုန်အစိုးရကျောင်းမှာ ပြန်လည်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဦးဘဉာဏ်ဟာ အင်္ဂလန်မှာ ၃ နှစ်တာကာလ သင်ကြားဆည်းပူးခဲ့တဲ့ ပန်းချီပညာကို တင်းတိမ်နိုင်ခြင်းမရှိခဲ့ဘဲ အနောက်တိုင်းပန်းချီစနစ်တွေကို ဆက်လက်ဆည်းပူးလိုတဲ့ဆန္ဒတွေရှိခဲ့ပါတယ်။ ဒီအခါမှာတော့ အထက်လူကြီးတွေဘက်က အားပေးထောက်ခံခဲ့တာကြောင့် အစိုးရတာဝန်ရှိသူတွေကလည်း ဦးဘဉာဏ်ကို နယ်လှည့်ပန်းချီပညာတော်သင်အဖြစ် ဥရောပနိုင်ငံတွေဆီကိုသွားရောက်ဖို့အတွက် ခွင့်ပြုခဲ့ကြပါတယ်။

အနောက်နိုင်ငံဒေသတွေဆီကို ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ ဦးဘဉာဏ်ဟာ ဆွစ်ဇာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဟော်လန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီအစရှိတဲ့ နိုင်ငံကြီးတွေဆီ လှည့်လည်ပြီး အနောက်တိုင်းရဲ့ ပန်းချီစနစ်အမျိုးမျိုးကို လေ့လာဆည်းပူးခဲ့ပါတယ်။ ဒီလိုမျိုး ဆည်းပူးမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ လန်ဒန်မြို့ဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်မှာ မြန်မာပြည်အစိုးရဘက်မှ ထောက်ပံ့ကြေးပေးဖို့အတွက် သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားစေ့နေပြီဖြစ်တာကြောင့် ထောက်ပံ့ကြေးတွေကို ရပ်စဲလိုက်ပါတော့တယ်။

ဒါပေမဲ့ ဦးဘဉာဏ်ကတော့ ဒီလိုငွေကြေးထောက်ပံ့မှုတွေ ရပ်စဲလိုက်ခြင်းအပေါ်မှာ စိုးရိမ်ပူပန်မှုမရှိခဲ့ဘဲ သူ့မှာရှိတဲ့ ပန်းချီပညာကိုအားကိုးပြီးတော့မှ ကိုယ်ပိုင်ဝင်ငွေနဲ့ အင်္ဂလန်မှာ ဆက်လက်နေထိုင်ပြီး ပညာဆည်းပူးဖို့အတွက် စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ပန်းချီကားတွေကို ရေးဆွဲရောင်းချပြီး နေထိုင်စားသောက်စရိတ်တွေကို ဖြေရှင်းခဲ့သလို အဲဒါနဲ့တစ်ချိန်တည်းမှာပဲ ပန်းချီပညာကို ဆက်လက်ဆည်းပူးလေ့လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဦးဘဉာဏ် ပညာဆက်လက်ဆည်းပူးခဲ့တဲ့ကျောင်းကတော့ Spenlove School of Modern Painting (Yellow Door Studio) ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံဟာ ပန်းချီအနုပညာနဲ့ပတ်သက်ပြီး ဒိတ်ဒိတ်ကြဲနာမည်ကြီးတဲ့ဒေသတစ်ခုဖြစ်တဲ့အလျောက် တော်ရုံပန်းချီပညာအခြေခံလောက်နဲ့ အသက်မွေးဝမ်းကျောင်းနိုင်ဖို့ဆိုတာက ခဲယဉ်းတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဘဉာဏ်ရဲ့ ပန်းချီတွေကတော့ တန်ဖိုးအတော်အတန်ရရှိခဲ့ပြီး အသက်မွေးဝမ်းကြောင်းပြုနိုင်ခဲ့တာကြောင့် ဦးဘဉာဏ်ရဲ့ ပန်းချီအဆင့်အတန်းက ဘယ်လောက်အတိုင်းအတာအထိ မြင့်မားနေတယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒီလိုနဲ့ ဦးဘဉာဏ်ဟာ အင်္ဂလန်နိုင်ငံမှာ ၄ နှစ်နဲ့ ၆ လကြာမြင့်ခဲ့ပြီး အဲဒီအချိန်ကာလအတွင်းမှာလည်း တော်ရုံတန်ရုံပန်းချီကားတွေကို အနားရောက်လာဖို့အတွက်တောင် လက်သင့်မခံတဲ့ အလွန်ကြီးကျယ်တဲ့ နယူးလင်တန်ပန်းချီပြတိုက်မှ ပြပွဲကြီးမှာ ဦးဘဉာဏ်ရဲ့ လက်ရာတွေ ဝင်ရောက်ယှဉ်ပြိုင်ပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် “အင်ပိုင်ယာမား ကက်တင်းဘုတ်” လို့ခေါ်တဲ့ အဖွဲ့ကြီးကနေ ကြီးမှူးတဲ့ ပိုစတာပြိုင်ပွဲကြီးမှာဆိုရင်လည်း ဦးဘဉာဏ်က ပထမဆုရရှိခဲ့ပါသေးတယ်။ ဒါကြောင့် ဦးဘဉာဏ်ရဲ့ ဆရာဖြစ်တဲ့ Spenlove School of Modern Painting ရဲ့ ကျောင်းအုပ်ဖြစ်သူ မစ္စတာ ဖရင့်စပင်းလပ်ကလည်း သူ့ဆီမှာ ပညာဆည်းပူးနေကြတဲ့ တပည့်တွေထဲကမှ ဦးဘဉာဏ်က ပန်းချီပါရမီ အထူးချွန်ဆုံးဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး လက်စွပ်တစ်ကွင်းကို ဆုချခဲ့ပါတယ်။ ယင်းအချင်းအရာတွေကို လေ့လာကြည့်ရှုခြင်းအားဖြင့် မြန်မာလူမျိုးတစ်ယောက်ရဲ့ ပန်းချီလက်ရာက အနောက်တိုင်းရဲ့ ထိပ်တန်းပန်းချီလက်ရာတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိ အဆင့်အတန်းမြင့်မားမှုတွေရှိခဲ့တယ်ဆိုတာကို သိရှိစေနိုင်ပြီး ဦးဘဉာဏ်အနေနဲ့ကလည်း မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဦးဘဉာဏ်တစ်ယောက် အင်္ဂလန်မှာ နေထိုင်ခဲ့စဉ်အချိန်တုန်းက ပန်းချီအနုပညာနဲ့ပတ်သက်တဲ့ အောင်လက်မှတ် အများအပြားရရှိခဲ့သလို ထူးခြားတဲ့လက်မှတ်တစ်စောင်လည်း ရရှိခဲ့ပါသေးတယ်။ အဲဒါကတော့ ပဉ္စမမြောက် ဂျော့ဘုရင်မင်းမြတ်က ဥက္ကဋ္ဌ၊ အိမ်ရှေ့ဥပရာဇာ ဝေလမင်းသားက အတွင်းအရေးမှူးအဖြစ် ဆောင်ရွက်တဲ့ လူသားအချင်းချင်း ကူညီရိုင်းပင်းရေး တော်ဝင်အသင်းကြီးမှ လက်မှတ်ပဲ ဖြစ်ပါတယ်။ အဲဒီလက်မှတ်ကို ရရှိခဲ့တဲ့အကြောင်းအရင်းကတော့ ဦးဘဉာဏ်တစ်ယောက် သိမ်းမြစ်ထဲမှာရှိတဲ့ ကုန်တွဲကြီးတွေအပေါ်မှာ ပန်းချီဆွဲနေစဉ်အချိန်တုန်းက ရေထဲကို တစ်စုံတစ်ခုကျသွားတဲ့အသံကို ကြားလိုက်ရတာကြောင့် ရေကူးကျွမ်းကျင်တဲ့ ဧရာဝတီသားပီပီ ရေထဲကို ခုန်ဆင်းကာ ရေထဲကျသူကို ကယ်ဆယ်ပေးခဲ့ပြီး အဆိုပါကယ်ဆယ်ခံရတဲ့သူကတော့ ဂျော့ဘုရင်ရဲ့ အနွယ်တော်တစ်ယောက်ဖြစ်လို့ နေခဲ့ပါတယ်။ ဒါကြောင့် ဂျော့ဘုရင်မင်းမြတ်ကိုယ်တိုင် ဧည့်ခံပွဲကျင်းပပြီးတော့မှ အဆိုပါလက်မှတ်ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပင်ကိုယ်သဘာဝအေးဆေးတဲ့ ဦးဘဉာဏ်ဟာ ထိုလက်မှတ်ကိစ္စအတွက် ဝင့်ကြွားတာမျိုးတွေလည်း မရှိခဲ့ပါဘူး။

၁၉၃၀ ပြည့်နှစ် ဇွန်လမှာတော့ ဦးဘဉာဏ်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်အစိုးရခေတ်ရဲ့ ပထမဆုံးမြန်မာလူမျိုးဘုရင်ခံဖြစ်တဲ့ ဆာဂျင်အေမောင်ကြီးက ဘုရင်ခံအိမ်တော်မှာ ဦးဘဉာဏ်ရဲ့ ပန်းချီကားပြပွဲကို ကျင်းပပေးခဲ့ပါတယ်။ ပန်းချီကားတွေကလည်း အဲဒီခေတ်အချိန်အခါတုန်းက မြန်မာနိုင်ငံမှာ မကြားဖူးသေးတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဦးဘဉာဏ်ဟာ ဒီးဒုတ်ဦးဘချိုတို့နဲ့ ပူးပေါင်းပြီးတော့ အမျိုးသားပန်းချီအသင်းကို ဖွင့်လှစ်တည်ထောင်ခဲ့ပြီး အနှစ်နှစ်အလလ သူဆည်းပူးလေ့လာခဲ့တဲ့ ပန်းချီပညာကို အယုတ်အလတ်အမြတ်မရွေး ပို့ချသင်ကြားဖြန့်ဖြူးပေးခဲ့ပါတယ်။ ဒီလို သင်ကြားမှုတွေပြုလုပ်ပေးခဲ့တဲ့ပြင် ပန်းချီကားတွေကိုလည်း ရေးဆွဲရောင်းချခဲ့တာကြောင့် သူဟာ အဲဒီခေတ်၊ အဲဒီအခါတုန်းက ဝင်ငွေအလွန်ကောင်းသူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးဘဉာဏ်ရဲ့ ပန်းချီကားတွေကို ဝယ်ယူကြတဲ့သူအများစုကတော့ မျက်နှာဖြူအင်္ဂလိပ်လူမျိုးတွေနဲ့ တရုတ်သူဌေးတွေလိုမျိုးအစရှိတဲ့ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။

ပန်းချီတွေဆွဲလိုက်၊ ပန်းချီပညာတွေကို သင်ကြားပေးလိုက်နဲ့ ဘဝကိုအေးဆေးဖြတ်သန်းလာခဲ့တဲ့ ဦးဘဉာဏ်ဟာ “အသက် ၁၀၀ မနေရ၊ အမှု ၁၀၀ ကြုံရ” ဆိုတဲ့ဆိုရိုးအတိုင်း ဆွေမျိုးတွေနဲ့အမှုဖြစ်ပြီး တရားတပေါင် ရင်ဆိုင်ခဲ့ရချိန်တွေရှိခဲ့ပါတယ်။ ဒီအခါမှာတော့ နဂိုကတည်းကမှ လူရိုးလူအေးတစ်ယောက်ဖြစ်တဲ့ ဦးဘဉာဏ်မှာ အမှုကိစ္စနဲ့ပတ်သက်လို့ စိတ်ပင်ပန်းထိခိုက်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုစိတ်သောကရောက်မှုတွေကို တဒင်္ဂမေ့ပျောက်သွားဖို့အတွက် လူကြီးသူမတွေရဲ့ တိုက်တွန်းချက်အရ ဆရာဖြစ်သင်ကောလိပ်ရဲ့ ပန်းချီဌာနမှာ ဝင်ရောက်အမှုထမ်းဆောင်ခဲ့ပြီး အဲဒီလိုတာဝန်ထမ်းရွက်နေတဲ့အချိန်မှာလည်း မြန်မာပြည်မှာမရှိခဲ့ဖူးသေးတဲ့ နံရံရေးပန်းချီခန်းကို စေတနာဝန်ထမ်းအဖြစ်နဲ့ ဝင်ရောက်ရေးဆွဲပေးခဲ့ပါတယ်။

အဆိုပါပန်းချီခန်းကြီးကို ရေးဆွဲနေတဲ့အချိန်အတွင်းမှာ အဲဒီအချိန်တုန်းက မြန်မာပြည်ရဲ့ဘုရင်ခံဖြစ်တဲ့ ဆာအာခီဗောကော့ခရိန်းနဲ့ တခြားသောမျက်နှာဖြူအထက်တန်းအရာရှိကြီးတွေက မကြာခဏဆိုသလို လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပန်းချီခန်းကိုတော့ စိတ်အေးလက်အေးနဲ့ အနားယူပြီးရေးဆွဲခဲ့တာကြောင့် ပြီးစီးဖို့အတွက် ၃ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ ဒါ့အပြင် ဘုရင်ခံအိမ်တော်မှာထားဖို့အတွက် ဆီဆေးပန်းချီကားကြီး ၄ ချပ်ကိုလည်း ရေးဆွဲပေးခဲ့ပါသေးတယ်။ ဆရာဖြစ်သင်ကောလိပ်မှ နံရံပန်းချီခန်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလတုန်းက ဗုံးထိပြီး ပျက်စီးတဲ့အထဲမှာ ပါသွားခဲ့ပြီး ဘုရင်ခံအိမ်တော်မှ ပန်းချီကားကြီးတွေကိုတော့ ဒီကနေ့အချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဦးဘဉာဏ်ဟာ အသက် ၄၁ နှစ်ကျော်အရွယ်မှာ ဇနီးဖြစ်သူ ဒေါ်စိန်ခိုင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး အဲဒီနောက် ဂျပန်ခေတ်မှာတော့ ဇနီးသည်နဲ့အတူ မော်လမြိုင်မြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ဦးဘဉာဏ်ရဲ့ အသွင်ပုံစံကို ဖော်ပြရမယ်ဆိုရင် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နဲ့ အရပ်ကလည်း ခပ်ပုပုဖြစ်ကာ အသားရောင်ကတော့ မဖြူမညိုဖြစ်ပါတယ်။ နေထိုင်မှုပုံစံကလည်း နူးညံ့သိမ်မွေ့ပြီးတော့မှ သန့်ရှင်းသေသပ်မှုရှိကာ စကားလည်းနည်းပြီး စကားပြောတဲ့အခါမှာ ညင်ညင်သာသာနဲ့ ပြောတတ်တယ်လို့ အဆိုရှိပါတယ်။ ဦးဘဉာဏ်ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အာရုံအထားဆုံးအလုပ်ကတော့ ပန်းချီဆွဲတာနဲ့ ဘုရားရှိခိုး၊ ပုတီးစိပ်တာသာဖြစ်ပြီး ဂျပန်ခေတ်တစ်လျှောက်လုံးမှာဆိုရင် ပန်းချီဆွဲတာထက် ပုတီးစိပ်နေတာ ပိုများတယ်လို့ သိရပါတယ်။

စိတ်သဘောထားလည်း ကောင်းမွန်တဲ့ ဦးဘဉာဏ်ဟာ မြန်မာပန်းချီလောကမှာ ဆီဆေးနဲ့ရေးခြယ်မှုပညာကို စနစ်တကျနဲ့ စတင်ခဲ့သူဖြစ်ပြီး ဆီဆေးနဲ့ရေးခြယ်တဲ့အခါမှာလည်း အလွန်ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါတယ်။ သုတေသီ ရာမညကိုကိုနိုင် ရေးသားထားတဲ့ “မြန်မာ့ပန်းချီသမိုင်း” စာအုပ်ထဲမှာတော့ ဆရာဦးဘဉာဏ်က မြန်မာ့ပန်းချီလောကမှာ ဆီဆေးရေးနည်းတစ်ခေတ်ကို ဆန်းသစ်ထူထောင်ခဲ့သူဖြစ်ပြီး ဆရာကြီးရဲ့ ဆီဆေးရေးချက်နဲ့ ဓားချက်ကို မှီသူမပေါ်သေးပေလို့ ရေးသားဖော်ပြထားခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ပန်းချီစိုးမိုးကလည်း “အင်္ဂလိပ်နည်း...၊ အနောက်တိုင်း ပန်းချီရေးနည်းကို မြန်မာပြည်ကို ယူဆောင်ပေးတာ ဆရာဦးဘဉာဏ်ပဲ။ အခု ကျွန်တော်တို့ရဲ့ ဆရာတွေလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ ဂန္ထဝင်ပန်းချီဆရာကြီးတွေလည်းဖြစ်တဲ့ ဦးငွေကိုင်၊ ဦးဘကြည်၊ ဦးသိန်းဟံ၊ ဦးအောင်ခင်တို့ဆိုရင် ဆရာဦးဘဉာဏ်ရဲ့ တပည့်တွေပါ” လို့ ပြောခဲ့ဖူးပါတယ်။

ဦးဘဉာဏ် ခေတ်မတိုင်မီအချိန်တုန်းကဆိုရင် မြန်မာပန်းချီလောကဟာ ပန်းချီနဲ့ ပိုစတာကို မခွဲခြားနိုင်သေးတဲ့ အခြေအနေနဲ့ အလှကြည့်ရုံအတွက် မှုန်းခြယ်တတ်သေးတဲ့အခြေအနေမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဦးဘဉာဏ်ရဲ့ ရှေ့ဆောင်လမ်းပြမှုတွေကြောင့် မြန်မာပန်းချီလောကမှာ ဆီဆေး၊ ရေဆေး၊ မင်၊ ခဲ၊ ပုံနှိပ်၊ ပိုစတာနဲ့ ဒီဇိုင်းတွေကို ခွဲခြားနားလည်ခဲ့ကြပြီး စံပြလူပုံရေးဆွဲခြင်းနဲ့ သဘာဝရှုခင်းပုံရေးဆွဲခြင်းတွေလည်း တိုးတက်ပေါ်ပေါက်လာခဲ့ပါတယ်။

ဆရာကြီး ဦးဘဉာဏ်ဟာ ၁၉၄၅ ခုနှစ်အချိန် မဟာမိတ်တပ်တွေ မြန်မာပြည်ထဲကို ပြန်ဝင်စအချိန်မှာတော့ မော်လမြိုင်မှာ ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ သားသမီးတွေကို သွားရောက်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်မှာပဲ ဖျားနာမှုကြောင့် မော်လမြိုင်မြို့ ကတိုးရွာမှာ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ဦးဘဉာဏ်ရဲ့ အသက်က ၄၈ နှစ်အရွယ်ပဲရှိသေးကာ ဇနီးသည်နဲ့အတူ သားသမီး ၅ ယောက် ကျန်ရစ်ခဲ့ပါတယ်။ အသက် ၄၈ နှစ်ဆိုတာက အရွယ်ကောင်းဖြစ်တာကြောင့် ဒီလိုမျိုး ဦးဘဉာဏ်ရဲ့ ကွယ်လွန်မှုဟာ မြန်မာ့ပန်းချီလောက တိုးတက်ဖို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဦးဘဉာဏ်ရဲ့ အုတ်ဂူကိုတော့ သူကွယ်လွန်ခဲ့တဲ့ ကတိုးရွာရဲ့ သုဿာန်နေရာမှာပဲ မော်လမြိုင်သား ပန်းချီဆရာ မင်းစံရှားက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုတွေ့ရှိတဲ့အချိန်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးမျှဝေခဲ့တဲ့အတွက် အများပြည်သူရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသလို သူဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေကလည်း တစ်ဖန်အသက်ဝင်ရှင်သန်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဦးဘဉာဏ်ရဲ့ အုတ်ဂူနေရာကို ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာလည်း အသက် (၁၂၀) ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကို အဆိုပါကတိုးရွာမှာပဲ ပြုလုပ်ခဲ့သလို အမှတ်တရရုပ်တုစိုက်ထူခြင်းနဲ့ စာကြည့်တိုက်ဖွင့်လှစ်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဦးဘဉာဏ်ဟာ အနောက်တိုင်းပန်းချီပညာကို ဆည်းပူးခဲ့သူတစ်ယောက်ဖြစ်ပေမဲ့ မြန်မာ့သဘာဝအလှအပနဲ့ မြန်မာလူနေမှုဓလေ့တွေကိုလည်း အများအပြားရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပန်းချီလက်ရာတွေကို အင်္ဂလိပ်လူမျိုးအများစုနဲ့ အင်္ဂလိပ်အစိုးရကသာ အဓိကဝယ်ယူအားပေးခဲ့တာကြောင့် ဦးဘဉာဏ်ရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာကောင်း အများစုက နိုင်ငံခြားကို ရောက်သွားခဲ့ပါတယ်။ ဒီအခါမှာတော့ မြန်မာနိုင်ငံမှာ ဦးဘဉာဏ်ရဲ့ ပန်းချီကားတွေက များများစားစားကျန်ရစ်ခဲ့တာမျိုးမရှိတဲ့အတွက် မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတော်ပြတိုက်မှာ ထိန်းသိမ်းထားရှိနိုင်ဖို့အတွက် ဦးဘဉာဏ်ရဲ့ ဇနီးဆီမှာ ကျန်ရှိသေးတဲ့ ပန်းချီကားတွေအားလုံးကို ဝယ်ယူခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာတွေကို မြန်မာနိုင်ငံမှာ မြင်တွေ့ရဖို့က ရှားပါးသွားပြီဆိုပေမဲ့ ဦးဘဉာဏ်ဟာ သူအသက်ရှင်ခဲ့တဲ့ အချိန်ကာလအတွင်းမှာတော့ ပန်းချီကားပေါင်းများစွာကို ရေးဆွဲခဲ့ပြီး သူရဲ့ပန်းချီပညာကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ် တပည့်ပေါင်းများစွာကို သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပန်းချီလောကသားတွေက ဦးဘဉာဏ်ကို မြန်မာပန်းချီလောကအတွက် ခေတ်သစ်တစ်ရပ်ကို ထူထောင်ပေးနိုင်ခဲ့တဲ့ မြန်မာပန်းချီလောကရဲ့ ဖခင်ကြီးအဖြစ် ဒီနေ့အချိန်ထိတိုင် သတ်မှတ်ဂုဏ်ပြုထားကြဆဲ ဖြစ်ပါတယ်။

==================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ page ကနေလည်း ရှုစားနားဆင်နိုင်သလိုတခြား platform တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အားလုံးရဲ့ နားလည်ပေးမှုနဲ့ ဆက်လက်အားပေးမှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
YouTube ❤️: https://www.youtube.com/
Podcast ❤️: https://podcasters.spotify.com/pod/show/z-lann
Website ❤️: https://www.zlann.com.mm
#ဇာတ်လမ်း #ဦးဘဉာဏ် #မြန်မာ့ပန်းချီ #ခေတ်သစ်ပန်းချီဖခင်

အနောက်မယ်တော် (ခေါ်) ရေယဉ်ကတော်---------------------------- နတ်များကို ယုံကြည်မှုဖြင့် တင်မြှောက်ပသသည့် အစဉ်အလာတွေဆိုတာက...
17/10/2025

အနောက်မယ်တော် (ခေါ်) ရေယဉ်ကတော်
----------------------------

နတ်များကို ယုံကြည်မှုဖြင့် တင်မြှောက်ပသသည့် အစဉ်အလာတွေဆိုတာက အခုခေတ်အချိန်ကျမှ ရှိတာမျိုးမဟုတ်ဘဲ ရှေးယခင် အချိန်ကာလများစွာကတည်းက ရှိနေခဲ့တဲ့ ယုံကြည်ကိုးကွယ်မှု ဓလေ့ တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအစဉ်အလာက မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ရှိနေတာမဟုတ်ဘဲ လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေအရ ကမ္ဘာ့အရပ်ဒေသအသီးသီးမှာလည်း ပုံစံမျိုးစုံနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။

သမိုင်းလေ့လာသူအချို့ကတော့ မြန်မာနိုင်ငံမှာ နတ်တွေကို ယုံကြည်တဲ့ အစဉ်အလာတွေက သမိုင်းမတင်မီခေတ်ကတည်းက ရှိနေခဲ့ကြောင်းနဲ့ အေဒီ ၄ ရာစု ပုဂံခေတ်ဦးပိုင်း အချိန်တုန်းကလည်း နတ်တွေကိုတင်မြှောက်တဲ့ ဓလေ့တွေက အကြီးအကျယ် ထွန်းကားမှုတွေရှိခဲ့ကြောင်းကို ခန့်မှန်းကောက်ချက်ချထားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှေးခေတ်အဆက်ဆက်ကတည်းက ဒီနေ့အချိန်အထိ ယုံကြည်လာခဲ့ကြတဲ့ မိရိုးဖလာရိုးရာနတ်တွေဆိုတာ ရှိပြီး အဲဒီလိုနတ်တွေထဲမှာတော့ “အမေရေယဉ်” လို့ လူသိများကြတဲ့ ရေယဉ်ကတော်ကလည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။

ဓားပိုင်၊ ကျားပိုင်၊ မြွေပိုင်၊ မီးပိုင်လို့ ကျော်ကြားတဲ့ ရေယဉ်ကတော်ဟာ ၃၇ မင်း နတ်စာရင်းထဲမှာမဝင်ပေမဲ့ နတ်လောကမှာတော့ ထင်ရှားတဲ့နတ်တစ်ပါးဖြစ်ပြီး အမည်နာမအားဖြင့်ကတော့ “အမေရေယဉ်” ဆိုတဲ့ နာမည်နဲ့သာမက အနောက်မယ်ရေယဉ်၊ အမယ်အိုကြီးနတ် စသဖြင့်လည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ရေယဉ်ကတော်ရဲ့ ဘဝအတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဇာတ်လမ်းဇာတ်ကြောင်းတွေက အမျိုးမျိုးအထွေထွေ ကွဲပြားမှုတွေရှိနေတယ်ဆိုပေမဲ့ အဲဒီရာဇဝင်ဇာတ်လမ်းတွေထဲမှာ ဖော်ပြထားတဲ့ တူညီမှုနှစ်ခုကတော့ ရေယဉ်ကတော်မှာ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး အချိန်ကာလ နောက်ခံကလည်း ပုဂံခေတ်ဖြစ်တာပါပဲ။

ရေယဉ်ကတော်ရဲ့ မွေးချင်းမောင်နှမတွေထဲမှာဆိုရင် ရေယဉ်ကတော်အပါအဝင် ညီအစ်မ ၄ ယောက်က သာမညဇော်ကနီပညာကိုသာမက ဝိဇ္ဇာဓရပညာရပ်တွေပါ ဝမ်းတွင်းပါ တတ်မြောက်ကျွမ်းကျင်ကြသူတွေဖြစ်တယ်လို့ အဆိုရှိပြီး ရေယဉ်ကတော်ကတော့ မွေးချင်းတွေထဲက အငယ်ဆုံးညီမဖြစ်ပါတယ်။ ငယ်အမည် စောနန်းမွန် (ခေါ်) ရှင်ထူးလို့ အမည်တွင်တဲ့ ရေယဉ်ကတော်မှာ ရှင်ဦး၊ ရှင်ဗြူးနဲ့ ရှင်ကြူးဆိုတဲ့ အစ်မသုံးယောက်အပြင် အစ်ကိုတစ်ယောက်လည်း ရှိပါတယ်။ အစ်ကိုဖြစ်သူကတော့ တောင်ဦးမြို့စား မဟာပဗ္ဗတရာဇာဖြစ်ပြီး ဒီဘွဲ့ကိုတော့ မဏိစည်သူမင်းကြီးကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရှင်ထူးတို့ ညီအစ်မလေးယောက်ဟာ ဝမ်းတွင်းပါ စုန်းကဝေတွေဖြစ်ကြပေမဲ့ သူတို့ရဲ့ အနီးအနားက ဆွေမျိုးတွေ၊ ရံရွှေတော်တွေနဲ့ တခြားသူတွေ မသိရှိလေအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရှင်ထူးတို့ညီအစ်မတွေက တိမ်စိုင်တိမ်ညွှန့်တွေ စားသုံးရင်းနဲ့ ပုဂံပြည်အနီးက ကောင်းကင်ယံဘက်ကို ရောက်မှန်းမသိဘဲ ရောက်ရှိသွားခဲ့ပြီး အဲဒီအချိန်မှာပဲ ပုဂံပြည့်ရှင် မဏိစည်သူမင်းကြီးရဲ့ မြောက်နန်းမိဖုရားဖြစ်တဲ့ နာဂသိန် ကလည်း ရှင်ထူးတို့ညီအစ်မတွေနည်းတူ ကောင်းကင်ယံမှာ ပညာခန်းဆက်နေခဲ့ပါတယ်။

မိဖုရားနာဂသိန်ဟာ မှော်အတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်သူဖြစ်သလို ရန်သူတွေအပေါ်မှာလည်း ရက်စက်မှုအပြည့်နဲ့ နှိမ်နင်းတတ်တဲ့ စုန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ခါးပန်းနီဆရာရဲ့ တပည့်အရင်းအချာလည်းဖြစ်ပြီး ခါးပန်းနီဆရာဆိုတာကတော့ လူ့အသွေးအသားကို စားသုံးပြီးတော့မှ နှစ်ဆောင်ပြိုင် ပညာစခန်းကို တက်လှမ်းအောင်မြင်ထားတဲ့ အောက်လမ်းဆရာကြီး တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာဂသိန်က ခင်ပွန်းသည်ရှင်ဘုရင်နဲ့ ဆရာဖြစ်သူတို့ကို အားကိုးပြီးတော့မှ ပုဂံပြည်တစ်ဝိုက်ဝန်းကျင်မှာ မောက်မာ သောင်းကျန်းနေခဲ့ပြီး ပုဂံပြည်ရဲ့ ကောင်းကင်ယံတစ်ခွင်မှာလည်း ဘယ်ပညာသည်ကိုမှ တိမ်ညွှန့်တက်စားခွင့် မပေးခဲ့ပါဘူး။

နာဂသိန်နဲ့ ရှင်ထူးတို့ညီအစ်မလေးယောက်ရဲ့ တွေ့ဆုံမှုအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ ရှင်ထူးတို့ကို မြင်လိုက်တဲ့အခါမှာ နာဂသိန်က အမျက်ဒေါသတွေဖြစ်ပေါ်ပြီး သူ့ရဲ့ပင်ကိုယ်ဗီဇအတိုင်း အော်ဟစ်ငေါက်ငမ်းကာ ချက်ချင်းထွက်သွားဖို့ မောင်းထုတ်ခဲ့ပါတယ်။ နာဂသိန်ဆီကနေ ဒီလို မောင်းထုတ်ခံလိုက်ရတဲ့အခါမှာတော့ ညီအစ်မလေးယောက်စလုံးကလည်း မခံမရပ်နိုင်ဖြစ်ပြီး ခွန်းတုံ့ပြန်ပြောခဲ့သလို ပညာစက်ကြိုးတွေနဲ့ တိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ နာဂသိန်ရဲ့ စက်ကြိုးကို ညီမအငယ်ဆုံးလေးဖြစ်တဲ့ ရှင်ထူးက ဖြတ်ချပစ်ခဲ့ပါတယ်။ ပြန်လည်ကာကွယ်နိုင်ခြင်းမရှိတဲ့ နာဂသိန်တစ်ယောက် မြေပြင်ကို ဆင်းသက်သွားခဲ့ပါတော့တယ်။ ဒါပေမဲ့လည်း နဂိုကတည်းက အမျက်ဒေါသကြီးမားတဲ့ နာဂသိန်ဟာ ရှင်ထူးတို့ညီအစ်မတွေအပေါ်မှာ ဒေါသတကြီးနဲ့ အငြိုးထားခဲ့ပြီး အခွင့်သာရင်သာသလို လက်စားချေနိုင်မယ့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။

ဒါကြောင့် နန်းတော်ထဲမှာ ဟန်မပျက်ဆိုသလို ပြန်လည်နေထိုင်ခဲ့တဲ့တစ်လျှောက်အတွင်းမှာလည်း ရှင်ထူးတို့ ညီအစ်မတွေရဲ့ မူလဇစ်မြစ်က ဘယ်ဆီဘယ်ဒေသကဖြစ်တယ်ဆိုတာကို အထောက်တော်တွေ စေလွှတ်ပြီး စုံစမ်းခဲ့ပါတယ်။ ဒီလို စုံစမ်းတဲ့အခါမှာတော့ ညီမအငယ်ဆုံးဖြစ်တဲ့ ရှင်ထူးက ပိုပြီးတော့မှ အစွမ်းထက်သူဖြစ်တယ်ဆိုတာကို သိရှိခဲ့သလို အကောက်ကြံနိုင်မဲ့ အကြံအစည်ကိုလည်း စဉ်းစားမိခဲ့ပါတယ်။ အဲဒါကတော့ ကဒူးကနန်း ဒေသမှ တောင်ဦးနယ်စား ပဗ္ဗတရာဇာရဲ့ အစ်မတွေနဲ့ ညီမငယ်ဖြစ်သူတို့က ပညာသည်တွေဖြစ်ကြောင်းနဲ့ ပုဂံပြည် ထီးနန်းကိုလည်း သူတို့တတ်အပ်တဲ့ပညာတွေနဲ့ ပြုစားပြီးတော့မှ သိမ်းပိုက်မှာဖြစ်တယ်ဆိုတဲ့ လိမ်လည်စကား ပါပဲ။ ဒီအကြောင်းကို ခင်ပွန်းသည်မင်းကြီးဆီ လိမ်လည်လျှောက်တင်ခဲ့ပြီး မင်းကြီးအနေနဲ့ သူတို့မောင်နှမငါးယောက်ကို ရှေ့တော်မှောက်ဆီ ခေါ်ယူမေးမြန်းကြည့်သင့်ကြောင်းကိုလည်း တစ်ပါတည်း ရွှေနားတော်သွင်းခဲ့ပါတယ်။

ဒီအခါမှာ မဏိစည်သူမင်းကြီးကလည်း မိဖုရားဖြစ်သူရဲ့ စကားကို ယုံစားခဲ့တာကြောင့် ကဒူးကနန်းဒေသမှ တောင်ဦးနယ်စား ပဗ္ဗတရာဇာတို့မောင်နှမငါးယောက်အနေနဲ့ မိမိတို့ရဲ့ဒေသကနေ ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ပုဂံပြည်နန်းတွင်းဆီ ကိုယ်တိုင်ကိုယ်ကျ ဆက်သပြီး ရှေ့တော်မှောက် လာရောက်ခစားဖို့အတွက်ကို ပရိယာယ်ဆင်ကာ အမိန့်တော် ထုတ်ပြန်လိုက်ပါတော့တယ်။

မောင်နှမငါးယောက်ကလည်း ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ သူတို့အရပ်ဒေသကနေ ထွက်ရှိတဲ့ နှမ်းဆီတွေနဲ့ တခြားထွက်ကုန်တွေကို လက်ဆောင်ပဏ္ဍာတွေအဖြစ် ဆက်သဖို့အတွက် ပြင်ဆင်ခဲ့ကြပြီး မင်းနေပြည်တော်ဖြစ်တဲ့ ပုဂံပြည်ဆီကို ထွက်လာခဲ့ကြပါတယ်။ ပုဂံပြည်ကို ရောက်တဲ့အခါမှာတော့ ပြည့်ရှင်မင်းရဲ့ အမိန့်စကားအတိုင်း ဆီအိုးတွေကို ခေါင်းပေါ်ရွက်တင်ပြီးတော့မှ ရွှေနန်းတော်ဆီကို လျှောက်လှမ်းလာခဲ့ကြပါတော့တယ်။ ဒါပေမဲ့ သယ်ဆောင်လာရတဲ့ ဆီတွေက အိုးအပြည့်ဖြစ်နေတဲ့အတွက် အိုးနှုတ်ခမ်းနဲ့ ဘောင်ဘင်ရိုက်ခတ်ပြီးမှ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ကို ယိုစိမ့်စီးကျနေခဲ့ပါတယ်။ ဒါ့အပြင် ပုဂံပြည်ရဲ့ ရာသီဥတုကလည်း အလွန်ပူပြင်းလှတဲ့အတွက် ညီမအငယ်ဆုံးလေးဖြစ်တဲ့ ရှင်ထူးခမျာ ရာသီဥတုအနေအထားကြောင့်ရော၊ တစ်ကိုယ်လုံးမှာ ပေကျံနေတဲ့ ဆီတွေကြောင့်ပါ စိတ်က မကြည်မလင် ဖြစ်နေခဲ့ပါတော့တယ်။

ဒီလိုစိတ်တွေ ရှုပ်နေတဲ့အချိန်မှာပဲ ဦးတည်ရာနန်းတော်ရဲ့ ဂိတ်တံခါးဝဆီကို ရောက်ရှိလာခဲ့တာကြောင့် တောင်ဦးမြို့စားက ဦးဆောင်ပြီး ဝင်ခွင့်တောင်းပါတယ်။ ဒါပေမဲ့ နန်းတော်ထဲကို ဝင်ရောက်ဖို့ဆိုတာက မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် မြို့ဝန်မင်းဆီမှာ သယ်ယူလာတဲ့ လက်ဆောင်ပဏ္ဍာတွေက ဘယ်လိုအရာတွေဖြစ်တယ်ဆိုတာကို စစ်ဆေးမေးမြန်းမှုတွေ ခံယူကြရပါတယ်။ ဒီအခါမှာ ဆီအပြည့်ထည့်ထားသည့် အိုးများကို မနိုင်မနင်း ထမ်းရွက်လာရတဲ့အပြင် ရာသီဥတု၏ အပူဒဏ်ကြောင့် နဂိုကတည်းက ပင်ပန်းပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ရှင်ထူးက ဆီအိုးအဖုံးကို ဖွင့်ပြီး “ဘာလက်ဆောင်တွေ ဖြစ်ရမှာလဲ... မြွေတွေဟဲ့ မြွေတွေ” လို့ ဆိုလိုက်တဲ့အခါမှာတော့ ရှင်ထူးရဲ့ စကားအတိုင်း အိုးအတွင်းကနေ မြွေတွေထွက်လာပြီး အနီးဆုံးမှာရှိနေတဲ့ မြို့ဝန်ကို ပေါက်သတ်လိုက်ပါတော့တယ်။

အဲဒီနောက်မှာတော့ မြို့ဝန်ကို ပညာသည် စောနန်းမွန်က ပြုစားပြီး အသက်ဇီဝိန်ချုပ်လိုက်တယ်ဆိုတဲ့ စကားက ရုတ်ချည်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး အခြေအနေတွေအားလုံးကလည်း ရှုပ်ထွေးခဲ့ပါတော့တယ်။ ဒေါသကြောင့် တဒင်္ဂ စိတ်လွတ်သွားတဲ့ စောနန်းမွန် (ခေါ်) ရှင်ထူးမှာလည်း အဲဒီအချိန်ရောက်တော့မှ သတိဝင်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ အစ်မတော်တွေ နောက်သို့ ပြေးလိုက်ဖို့ ပြင်ပါတော့တယ်။ အဲဒီအချိန်မှာ အစ်မတော် ၃ ယောက်နဲ့ အစ်ကိုတော် တောင်ဦးမြို့စားတို့က မင်းကြီးရဲ့ ရှေ့တော်မှောက်ဆီကို ခစားနေကြပါပြီ။ ရှင်ထူးခမျာ သူ့ရဲ့အစ်ကိုနဲ့ အစ်မတွေကို အားကိုးတဲ့စိတ်နဲ့ “ကယ်ပါ ယူပါ” လို့ တကြော်ကြော် အော်ဟစ်ပြီး ပြေးလွှားတဲ့အခါမှာ စိတ်အဟုန်က ဇောကပ်နေသည့်အတွက် ရဲမက်အပေါင်းရဲ့ အတားအဆီးတွေကိုလည်း တွန်းထိုးကျော်လွှားခဲ့သလို စက်ကြိုးတွေကလည်း ဖုံးဖိမရတော့ဘဲ ပေါ်လွင်သွားပါတော့တယ်။ ဒီလိုစက်ကြိုးပညာတွေ ထွက်ပေါ်လာတဲ့အခါမှာတော့ ခြေထောက်နဲ့ မြေကြီးကလည်း လုံးဝမထိတော့သလိုဖြစ်နေတာကြောင့် လေထဲမှာ ပြေးနေသလိုဟန်မျိုး ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နာဂသိန်မိဖုရား ကြိုတင်ကြံစည်ထားတဲ့ အစီအရင်တွေကို အသုံးပြုပြီးတော့မှ ရှင်ထူးကို ဖမ်းဆီးနိုင်ခဲ့ကြပြီး ဘုရင်မင်းမြတ်ရဲ့ ရှေ့တော်မှောက်ဆီကို ခေါ်ဆောင်လာခဲ့ကြပါတယ်။

ဘုရင်မင်းမြတ်ထံ ဖြစ်ကြောင်းကုန်စင်ကို လျှောက်တင်ပြီးတဲ့အခါမှာတော့ မင်းကြီးက ရှင်ထူးကို သတ်ဖို့အတွက် အစ်ကိုဖြစ်သူ တောင်ဦးနယ်စားကို တာဝန်ပေးပါတယ်။

တောင်ဦးနယ်စားက ညီမလေး စောနန်းမွန်ကို မသတ်နိုင်ကြောင်း ငြင်းဆိုတဲ့အခါ မောင်နှမ နှစ်ယောက်စလုံးကို ကွပ်မျက်စေလို့ အမိန့်တော် ချမှတ်ပြန်ပါတယ်။ စောနန်းမွန်လည်း စုန်းစိတ်ဝင်လာပြီး ဆင်ကို အစွယ်ချိုးလိုက်ပါတော့တယ်။ ဒီအခါမှာ မှူးမတ်တွေက ကျားနဲ့တိုက်ဖို့အတွက် တစ်ဖန် ကြံဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှင်ထူးက အဲဒီကျားကိုလည်း ဇီဝိန်ချုပ်ငြိမ်းပစ်လိုက်ပြီး နောက်ဆုံးမှာတော့ တဒင်္ဂ လူစိတ်ပျောက်ဆုံးသွားတဲ့အတွက် အစောင့်တွေကိုပါမချန် ဇာတ်သိမ်းကာ ထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။

အဲဒီနောက်မှာ မင်းကြီးက ရှင်ထူးကို လိုက်လံဖမ်းဆီးဖို့ တောင်ဦးနယ်စားကို အမိန့်ပေးခဲ့ပြီး တကယ်လို့များ ဖမ်းမမိခဲ့ရင် ကျန်ရှိတဲ့ အစ်မသုံးယောက်ကို မီးလောင်တိုက်သွင်းမယ်လို့ဆိုကာ ခြိမ်းခြောက်ခဲ့ပါတယ်။ မင်းကြီးရဲ့ အမိန့်စကားကို ကြားတဲ့အခါမှာတော့ တောင်ဦးနယ်စားလည်း မင်းအမိန့်ကို မလွန်ဆန်နိုင်ဘဲ ရှင်ထူး ထွက်ပြေးသွားခဲ့တဲ့ အရပ်မျက်နှာတစ်လျှောက် စုံစမ်းမေးမြန်းရင်းနဲ့ ခရီးဆက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရှင်ထူးက တောအုပ်တောင်တန်းများ ထူထပ်သည့် ပုံတောင်ပုံညာအရပ်ဆီကို ရောက်ရှိနေခဲ့ပြီး အဲဒီအရပ်ဒေသကိုပဲ သူ့အတွက် နားခိုရာနေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါပြီ။ ဒါပေမဲ့ နက်ရှိုင်းတဲ့ တောသဘာဝဖြစ်တာနဲ့အညီ အဲဒီဒေသမှာ သားရဲတိရစ္တာန်များစွာ ကျက်စားကြပြီး မြွေဆိုးတွေဆိုတာလည်း အလွန်ကိုမှ ပေါများလှတဲ့ အရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရှင်ထူး (ခေါ်) စောနန်းမွန်မှာလည်း အစ်ကိုတော်နဲ့ အစ်မတော်တွေကို လွမ်းဆွတ်သတိရစိတ်နဲ့ ပူဆွေးနေတဲ့အချိန်အတွင်းမှာ များပြားလှသည့် မြွေများကို မြင်တွေ့ရခြင်းက သူ့ရဲ့စိတ်ကို ပိုမိုညစ်ညူးသွားစေပြီး လူစိတ်ပျောက်တစ်လှည့်၊ ကဝေစိတ်ရောက်တစ်လှည့်နှင့် အန္တရာယ်ပြုမိပါတော့တယ်။ ဒီအခါမှာ အထိအခိုက်အနာဆုံးက တောတွင်းက မြွေတွေဖြစ်တာကြောင့် မြွေမျိုးနွယ်စုအပေါင်းတို့ကလည်း သူတို့ရဲ့အရှင်သခင်ဖြစ်တဲ့ ငန်းတော်ရှင်မကြီး “အမေဘဲ” ဆီကို သွားရောက်တိုင်တန်းခဲ့ကြပါတယ်။

ဖြစ်ရပ်အကြောင်းစုံကို သိလိုက်ရပြီးတဲ့နောက် “အမေဘဲ” က သူ့ရဲ့ ဒိဗ္ဗစက္ခုအဘိညာဉ် နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ စောနန်းမွန်ရဲ့ ဘဝဖြစ်အင်ကို မြင်တွေ့သိရှိသွားခဲ့ပြီး အနားမှာ ခေါ်ယူစောင့်ရှောက်ထားဖို့အတွက် ကဒူးကနန်း အဘွားအို အယောင်ဆောင်၍ စောနန်းမွန်ရှိရာဆီကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “အမေဘဲ” က စောနန်းမွန်ကို သူနေထိုင်ရာဂူအတွင်းဆီကို ခေါ်ဆောင်လာခဲ့ပြီး သူဟာ လူစင်စစ်တစ်ယောက်မဟုတ်ကြောင်း ရှင်းပြခဲ့သလို ကဒူးကနန်းစော်ဘွားဧကရီတစ်ပါးလည်းဖြစ်၊ မွေးရာပါ ကဝေသာရအတတ်ပညာနဲ့ ဝိဇ္ဇာဓရ အတတ်ပညာရှင် ဖြစ်တဲ့ စောနန်းမွန်က မြွေမျိုးနွယ်စုရဲ့ အရှင်သခင်မအသစ်ဖြစ်ကြောင်းကိုပါ အသိပေးကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်ကစလို့ စောနန်းမွန်ကို ပညာအမွေအလုံးစုံကို သင်ကြားပေးခဲ့ပြီး မြွေမျိုးနွယ်စုအပေါင်းကိုလည်း ဆက်လက်အုပ်စိုးစေခဲ့ပါတယ်။

ဒီလိုနဲ့ လအနည်းငယ်ကြာပြီးတဲ့အချိန်မှာတော့ မဏိစည်သူမင်းရဲ့ ခိုင်းစေချက်အရ ရှင်ထူးကို လိုက်လံရှာဖွေနေခဲ့တဲ့ အစ်ကိုတော် တောင်ဦးနယ်စားနဲ့ အဆိုပါ ပုံတောင်ပုံညာဒေသတစ်ဝိုက်မှာပဲ ပြန်လည်ဆုံတွေ့ခဲ့ပြီး ပုဂံပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာအစုံအလင်ကို သိရှိသွားခဲ့ပါတော့တယ်။ အဲဒီလိုသိသွားတဲ့အခါမှာ တောင်ဦးနယ်စားအနေနဲ့ ပုဂံပြည်ကနေ ထွက်ခွာလာခဲ့တာ လအတန်ကြာမြင့်နေပြီဖြစ်တာကြောင့် ကျန်ရစ်ခဲ့တဲ့ အစ်မတော်တွေနဲ့ ဆွေတော်မျိုးတော်တွေမှာလည်း ရာဇဝတ်ဘေးသင့်ပြီး ကွပ်မျက်ခံရပြီဟု ထင်မှတ်ခဲ့ပါတယ်။ ဒီအခါမှာတော့ ရှင်ထူးဟာ ဒေါသပုန်ထွက်ပြီး ပုဂံပြည်ကို မီးလောင်တိုက်သွင်းမယ်လို့ ကြိမ်းဝါးကာ ပုဂံပြည်ဆီ ထွက်ခွာသွားပါတော့တယ်။ ဒါပေမဲ့ ပုဂံပြည်ဆိုတာက ဗုဒ္ဓသာသနာတော် ထွန်းကားမည့် အရပ်ဒေသဖြစ်သည့်အတွက် သိကြားမင်းက ရဟန်းတစ်ပါးအသွင် ဖန်ဆင်းပြီး ရှင်ထူးကို တားမြစ်ဖို့အတွက် လာရာလမ်းမှာ အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

ရှင်ထူးဆိုတာက မူလကတည်းက စိတ်သဘောထားနူးညံ့သူ၊ ရတနာသုံးပါးကို သက်ဝင်ယုံကြည်သူပီပီ လမ်းခရီးမှာ အမှတ်မထင် တွေ့ဆုံတဲ့ ရဟန်းကိုလည်း ရိုသေစွာ ရှိခိုးဝပ်တွားခဲ့ပြီး ရဟန်းအသွင်ယူထားတဲ့ သိကြားမင်းက အကြောင်းကိစ္စအစုံအလင်ကို မေးတဲ့အခါမှာလည်း ချွင်းချက်မရှိ ဖြေဆိုခဲ့ပါတယ်။ ဒီအခါမှာတော့ သိကြားမင်းက ရှင်ထူးကို လောကမှာ ဖြစ်ပျက်တတ်တဲ့ တရားသဘောကို ဟောကြားခဲ့ပြီး ရှင်ထူးရဲ့ ဒေါသအရှိန်ကို ငြှိမ်းသတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သိကြားမင်းဖြစ်ကြောင်းနဲ့ ရှင်ထူးဆီက ကဝေသာရအတတ်နဲ့ ဝိဇ္ဇာဓရအတတ်တွေကို အလှူခံခဲ့ပြီး အဲဒီလိုစုန်းကဝေအတတ်ပညာတွေအစား အလွန်တန်ခိုးရှိလှတဲ့ ဒေဝသိဒ္ဓိတို့ကို ပေးသနားတော်မူမှာ ဖြစ်ကြောင်းကိုလည်းဆိုခဲ့ပါတယ်။

ဒေဝသိဒ္ဓိက ဘယ်လို အစွမ်းပကားရှိသလဲဆိုတာကို ရှင်ထူးက ပြန်လည်မေးမြန်းတဲ့အခါမှာတော့ သိကြားမင်းက ဒေဝသိဒ္ဓိဆိုတာ လူစင်စစ်ကနေ နတ်ဖြစ်သွားပြီး ဒီလိုအစွမ်းတွေ ရရှိပြီးတဲ့နောက်ပိုင်းမှာ ရှင်ထူးအနေနဲ့ “မယ်ရေယဉ်” ဆိုတဲ့ ဘွဲ့နာမည်နဲ့ ၇ ရက်သားသမီးတို့ကို ကယ်တင်ပေးနိုင်တဲ့ နတ်တစ်ပါးအဖြစ် အသက်ထောင်သောင်းချီ နေထိုင်နိုင်မှာဖြစ်ကြောင်း ပြောဆိုကာ ရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရှင်ထူးဟာ “မယ်ရေယဉ်” ဆိုတဲ့ ဘွဲ့နာမည်နဲ့ ဇီးတောမောင်းတုန်အရပ်မှာ နေထိုင်ပြီး အကူအညီလိုအပ်သူတွေကို သူ့ရဲ့ သိဒ္ဓိအစွမ်းတွေနဲ့ ကူညီကယ်တင်ပေးခဲ့ကာ အချိန်ကာလတစ်ခု ကြာမြင့်လာတာနဲ့အမျှ ဒီသတင်းကလည်း ပုဂံရွှေနန်းတော်ဆီ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

အဲဒီအခါမှာတော့ မဏိစည်သူမင်းက ဇီးတောမောင်းတုန်အရပ်ဆီကို သူ့ရဲ့ ဖောင်တော်နဲ့ ရောက်ရှိလာခဲ့ပြီး ဒီလိုမျိုး မဏိစည်သူမင်း ရောက်လာတာကို ရှင်ထူး သိရှိသွားချိန်မှာတော့ ရွှေသားကြိုးကတ္တီပါဖိနပ်ကို စီး၍ ဓားကို ညာဘက်ပခုံးပေါ်တင်ပြီးတော့မှ မြွေလက်ကောက်၊ မြွေသရဖူ အဆင်တန်ဆာစုံလင်စွာနဲ့ ထဘီကို စွန်တောင်ဆွဲကာ မြစ်ရေပြင်ပေါ်ကနေ ကိုယ်ထင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ ဘဝဖြစ်စဉ်အကြောင်းနဲ့ နာဂသိန်မိဖုရားရဲ့ အကောက်ကြံမှုတွေအကြောင်းကို သေချာရှင်းလင်းပြောပြခဲ့တာကြောင့် မဏိစည်သူမင်းကလည်း သူ့ရဲ့အမှားကို နောင်တရပြီး ရှင်ထူးကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ဒီအချိန်မှာ ရှင်ထူးက သိကြားမင်းရဲ့ တရားပြမှုကြောင့် အမျက်ဒေါသတွေ ပြေပျောက်နေပြီဖြစ်တဲ့အတွက် မင်းကြီးရဲ့ တောင်းပန်မှုကို လက်ခံခဲ့သလို မဏိစည်သူမင်းကြီးကလည်း နှစ်တိုင်း အခါတော်ကောင်းသည့် တပေါင်းလ ရောက်ချိန်တိုင်း မယ်ရေယဉ်အား ပူဇော်ပွဲ ကျင်းပရမည်ဟု ဆိုခဲ့သလို ပုံတောင်ပုံညာနဲ့ ဇီးတောမောင်းတုန်အရပ်ကို မယ်ရေယဉ်အား အပိုင်စားပေးကြောင်းလည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် မဏိစည်သူမင်းကြီးနဲ့ မယ်ရေယဉ်တို့ ဆုံတွေ့ရာအရပ်မှာလည်း ဖောင်တော်ဦးစေတီ တည်စေဖို့အတွက် မိန့်ကြားခဲ့ပါသေးတယ်။

အနောက်မယ်ရေယဉ် (ခေါ်) ရေယဉ်ကတော်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောစမှတ်တွင်မှုတွေ၊ ဇာတ်လမ်းဇာတ်ကြောင်းတွေဆိုတာက များစွာရှိတာကြောင့် တချို့သော ဇာတ်ကြောင်းနေရာတွေမှာ ကွဲလွဲမှုတွေက အနည်းနှင့်အများ ရှိနေနိုင်ပါတယ်။ ဥပမာတစ်ခုပြောရရင် သိကြားမင်းက ရေယဉ်ကတော်ရဲ့ ဝမ်းတွင်းပညာတွေကို အလှူခံတဲ့အခါမှာ ရေယဉ်ကတော်က သူ့ရဲ့ ပညာတွေကို မပေးလိုတာကြောင့် အနီးနားမှာရှိတဲ့ မြွေကိုဖမ်းပြီး သူ့ရဲ့ပညာကို မြွေရဲ့ကိုယ်ထဲ ထည့်သွင်းပေးလိုက်တာမျိုး ဖြစ်ပါတယ်။

အဲဒီအခါမှာ သိကြားမင်းက မြွေကို သန်လျက်နဲ့ သုံးပိုင်းပိုင်းလိုက်တာကြောင့် ရေယဉ်ကတော်က စိတ်ဆိုးပြီး အဆိုပါမြွေသုံးပိုင်းကို မိုးပေါ် ပစ်မြှောက်လိုက်တဲ့အခါမှာ ခေါင်းပိုင်းက ယင်းမာပင်နယ်ဘက်ကို ကျသွားတဲ့အတွက် အဲဒီနယ်က မြွေကအစ အဆိပ်ပြင်းတယ်ဟု ဆိုပါတယ်။ မြွေအမြီးပိုင်းကတော့ မုံရွာအနောက်ဘက်ဆီကို ကျခဲ့တဲ့အတွက် အဲဒီနယ်မှာဆိုရင် ဘယ်မြွေမှ အဆိပ်မရှိဘဲ ဝမ်းဗိုက်ပိုင်း ကျရောက်ခဲ့တဲ့ ယောနယ်၊ ဆောနယ်မှ ဒေသခံတွေကတော့ မသင်ဘဲတက်တဲ့ ဝမ်းတွင်းပါ ပညာရှင်တွေ ဖြစ်ကုန်တယ်လို့ အဆိုရှိတာဖြစ်ပါတယ်။

ရေယဉ်ကတော်ရဲ့ နတ်ပွဲကိုတော့ နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့မှ ၉ ရက်နေ့အထိ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဇီးတောရွာအနီးက နတ်နန်းမှာ ကျင်းပပြုလုပ်ပြီး အဲဒီအချိန်ရောက်တိုင်းမှာ အနယ်နယ်အရပ်ရပ်မှ သိုးဆောင်းကြီး၊ သိုးဆောင်းကလေး၊ နတ်ထိန်း၊ နတ်ကတော်တွေက ပွဲတော်ဆီကို လာရောက် ဦးခိုက်ကြပါတယ်။ တောင်ခြေအနီးမှာရှိတဲ့ ချိုင့်ဝှမ်းနေရာကလည်း ပွဲတော်မရှိတဲ့အချိန်မှာဆိုရင် ခန်းခြောက်နေတတ်ပြီး ပွဲရှိတဲ့အချိန်မှာဆိုရင်တော့ ရေတွေ ပြည့်လျှံနေတတ်တယ်လို့ ဆိုကြပါတယ်။ အဲဒီနေရာကိုတော့ ရေယဉ်ချောင်း (သို့မဟုတ်) ရေယှဉ်ချောင်းလို့ တချို့တွေက ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။

ပွဲတော်ဆီကို ဆားလင်း၊ ပုလဲ၊ ယင်းမာပင် အစရှိတဲ့ ဒေသတွေက လှည်းအစီးပေါင်း ၅၀၀၀ လောက် လာရောက်လေ့ရှိပြီး ဒီလိုလှည်းတွေနဲ့ လာရောက်ကြတဲ့အတွက် လှည်းဦးချပွဲ လို့လည်း ခေါ်ကြပါတယ်။ ပွဲတော်ကာလ ရက်အတွင်းမှာဆိုရင် ယင်းမာပင်မြို့မှာရှိတဲ့ ကျေးရွာတွေမှာ အလှူမင်္ဂလာ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရဘဲ ရပ်ဆိုင်းထားကြရတယ်လို့လည်း ဆိုကြပါတယ်။

ရေယဉ်ကတော်ဟာ ပညာရှင်တွေရဲ့ အရှင်သခင်ဖြစ်တာကြောင့် ပညာသည်တွေအားလုံးကလည်း ဒီလိုပွဲတော်ကာလမှာ လာရောက် ဂါရဝပြုကြတာမျိုးရှိပြီး ရှေးယခင်ကဆိုရင် ပညာသည်တွေက နေ့ခင်းဘက်အချိန်တွေမှာပဲ သာမန်လူတွေနည်းတူ လာရောက်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ယောကျ်ားလေးလူငယ်များ၏ စနောက်ပြောင်လှောင်မှုများကို သည်းမခံနိုင်တဲ့ ပညာသည်မိန်းကလေးတွေက ဝမ်းတွင်းပညာနဲ့ ကျိန်ဆဲလိုက်လျှင် ပွဲတော်လာရောက်သူတွေ ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် ရေယဉ်ကတော်က “ပညာသည်များအားလုံး နေ့ခင်းမလာရ။ ညလူခြေတိတ်ချိန် လူအများနှင့် မရောနှောစေဘဲ လာရောက်ရမည်” လို့ အမိန့်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပညာသည်တွေက ပွဲတော်ကာလအတွင်း လာရောက်တဲ့အခါမှာ ပွဲတော်လာရောက်သူတွေ အိပ်မောကျနေတဲ့အချိန် ညဉ့်သန်းခေါင်မှသာ ကောင်းကင်ယံကနေ လာရောက်ကြလေ့ရှိပြီး အင်းအိုင်လက်ဖွဲ့တွေ၊ ပယောဂအောက်လမ်းတွေနဲ့ ပြုစားခြင်းတွေကလည်း ရေယဉ်ကတော်ရဲ့ ခြေရင်းမှာ အားလုံးပျက်ပြယ်သွားတယ်လို့ အဆိုရှိပါတယ်။

==================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ page ကနေလည်း ရှုစားနားဆင်နိုင်သလိုတခြား platform တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အားလုံးရဲ့ နားလည်ပေးမှုနဲ့ ဆက်လက်အားပေးမှုများအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
YouTube ❤️: https://www.youtube.com/
Podcast ❤️: https://podcasters.spotify.com/pod/show/z-lann
Website ❤️: https://www.zlann.com.mm
#ဇာတ်လမ်း #အမေရေယဉ် #မြန်မာ့ရိုးရာနတ် #ရေယဉ်ကတော် #နတ်သမိုင်း

Address


Alerts

Be the first to know and let us send you an email when ဇာတ်လမ်း Z-Lann - New posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share