BSB - Behind Stories of Burma

BSB - Behind Stories of Burma The sun will shine upon us again...

ရန်ကုန်မြို့လယ်က သမိုင်းဝင် ရိုးကုန်တိုက် (Rowe & Co. Ltd.)ရန်ကုန်မြို့၏ ကိုလိုနီခေတ်အမွေအနှစ်များထဲတွင် တစ်ချိန်က လူသိမ...
20/08/2026

ရန်ကုန်မြို့လယ်က သမိုင်းဝင် ရိုးကုန်တိုက် (Rowe & Co. Ltd.)

ရန်ကုန်မြို့၏ ကိုလိုနီခေတ်အမွေအနှစ်များထဲတွင် တစ်ချိန်က လူသိများကျော်ကြားခဲ့သည့် နေရာတစ်ခုမှာ ရိုးကုန်တိုက် (Rowe & Co. Ltd.) ဖြစ်သည်။ ယနေ့ခေတ်တွင် မြို့ပြအမွေအနှစ် တစ်ခုအဖြစ်သာ ကျန်ရှိနေသော်လည်း အတိတ်ကာလတွင် ရန်ကုန်မြို့၏ ခေတ်မီမှုနှင့် လူနေမှုပုံစံကို ကိုယ်စားပြုခဲ့သော အထင်ကရကုန်တိုက်တစ်ခု ဖြစ်ခဲ့သည်။

ကိုလိုနီခေတ်နောက်ခံ ဝတ္ထုများတွင် “ရိုးတိုက်” ဟူသော အမည်ကို မကြာခဏ တွေ့ဖူးကြသူများ ရှိကြမည်ဖြစ်သည်။ ထိုအချိန်က ဘိလပ် (ဗြိတိန်) မှ တင်သွင်းလာသော ကုန်ပစ္စည်းများ၊ ပရိဘောဂများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဆင့်မြင့်အသုံးအဆောင်ပစ္စည်းများကို ရိုးကုန်တိုက်တွင် ဝယ်ယူရရှိနိုင်ခဲ့သည်။

ရိုးကုန်တိုက်သည် ကုန်သွယ်ရေးနေရာတစ်ခုသာမက ဗြိတိသျှအရာရှိများ၊ ဥရောပတိုက်သားများနှင့် မြို့ပေါ်လူတန်းစားများ လာရောက်အပန်းဖြေ၊ တွေ့ဆုံရာ နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ ထိုခေတ်က ရန်ကုန်မြို့၏ ခေတ်မီလူနေမှုဘဝကို ဖော်ပြပေးနိုင်သည့် အထင်ကရနေရာတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

ရိုးကုန်တိုက်၏ တည်နေရာမှာ ဘားလမ်းထိပ် (ယနေ့ မဟာဗန္ဓုလပန်းခြံလမ်း) နှင့် ဒါလဟိုဇီလမ်းမ (ယနေ့ မဟာဗန္ဓုလလမ်း) ထောင့်၊ မြို့တော်ခန်းမအနီး ဖြစ်သည်။ အဆိုပါနေရာသည် ရန်ကုန်မြို့လယ်၏ အချက်အချာကျသော နေရာတစ်ခုဖြစ်ပြီး လမ်းတစ်ဖက်ခြမ်းတွင် ဧမာနွေလဘုရားကျောင်း၊ ကြေးနန်းရုံးကြီး၊ Fytche Square (ယနေ့ မဟာဗန္ဓုလပန်းခြံ) နှင့် အနီးအနားတွင် ဆူးလေဘုရားတို့ တည်ရှိကြသည်။

မှတ်တမ်းများအရ ရန်ကုန်တွင် ပထမဆုံး ရိုးကုန်တိုက်ကို ၁၈၆၆ ခုနှစ်တွင် မဂိုလမ်း (ယနေ့ ရွှေဘုံသာလမ်း) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း မြို့လယ်ရှိ အဆောက်အဦးကြီးကို ၁၉၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ထိုအဆောက်အဦးတွင် ထိုခေတ်ကာလက အလွန်ခေတ်မီသော ဓာတ်လှေကားများနှင့် မျက်နှာကျက်ပန်ကာများ ထည့်သွင်းတပ်ဆင်ထားခဲ့သလို၊ လေ၀င်လေထွက်ကောင်းစေရန် အထူးတည်ဆောက်ထားသဖြင့် ရန်ကုန်မြို့၏ အဆင့်မြင့်ဆုံး အဆောက်အဦးများထဲမှ တစ်ခု ဖြစ်ခဲ့သည်။

ယင်းခေတ်က ရိုးကုန်တိုက်၏ အဆင့်အတန်းနှင့် ကျော်ကြားမှုကြောင့် လန်ဒန်မြို့၏ နာမည်ကျော် Harrods ကုန်တိုက် နှင့် နှိုင်းယှဉ်ကာ “Harrods of the East” ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထိုအချိန်က ဗြိတိသျှအင်ပါယာ၏ အရှေ့တိုင်းဒေသတွင် ရိုးကုန်တိုက်သည် ထင်ရှားသော သင်္ကေတတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Rowe & Co. Ltd. သည် ရန်ကုန်တွင်သာမက မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ် စသည့် မြို့များတွင်လည်း ကုန်တိုက်ခွဲများ ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးပါသော ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။

တစ်ချိန်က လူသိများကျော်ကြားခဲ့သော ရိုးကုန်တိုက်၏ အဆောက်အဦးဟောင်းသည် ရန်ကုန်မြို့၏ ကိုလိုနီခေတ်သမိုင်းနှင့် ရှေးဟောင်းမြို့ပြယဉ်ကျေးမှုကို ပြန်လည်သတိရစေသော အမွေအနှစ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

Photo Credit - Philip Thornton

BSB - Behind Stories of Burma

Post by App

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ စာရေးဆရာတစ်ချိန်က မြန်မာလူငယ်တွေနဲ့ အမျိုးသမီးစာဖတ်ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ စာရေးဆ...
17/08/2026

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ စာရေးဆရာ

တစ်ချိန်က မြန်မာလူငယ်တွေနဲ့ အမျိုးသမီးစာဖတ်ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ စာရေးဆရာတစ်ဦး ရှိခဲ့ပါတယ်။ ခေတ်ပြိုင်စာရေးဆရာ ဒဂုန်တာရာကပင် သူ့ကို “နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ” လို့ တင်စားခဲ့ပါတယ်။

သူကတော့ စာရေးဆရာကြီး တင့်တယ် ဖြစ်ပြီး အမည်ရင်း ဦးဝင်းစိန် ဖြစ်ပါတယ်။ တင့်တယ်ကို ၁၉၁၆ ခုနှစ်တွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ မွေးဖွားခဲ့ပါတယ်။

၁၉၃၄ ခုနှစ်တွင် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းမှ ဆယ်တန်း‌အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ သင်တန်း၌ ဆက်လက်ပညာသင်သည်။ ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး‌နောက် ဝိဇ္ဇာပညာရပ်ကို ဆက်လက်‌လေ့လာရာ ၁၉၃၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။

ဆရာတင့်တယ်သည် ၁၉၃၆ ခုနှစ် တက္ကသိုလ်‌ကျောင်းသားဘဝကပင် စာ‌ပေနယ်သို့ စတင်ဝင်‌ရောက်ခဲ့သည်။ သူ့ရဲ့ ပထမဆုံးလက်ရာဟာ မရှက်လို့လားဝတ္ထုဖြစ်ပြီး ကလောင်အမည်မပါဘဲ ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တနေဝင်ဝတ္ထုမှာတော့ အောင်ကျော် ဆိုတဲ့ ကလောင်အမည်ကို အသုံးပြုခဲ့ပါတယ်။

နောက်ပိုင်း ၁၉၄၆ ခုနှစ်မှာ တင့်တယ် ဆိုတဲ့ ကလောင်အမည်ကို စတင်အသုံးပြုခဲ့ပြီး တင့်တယ်ကလောင်နာမည်ကို ရှုမဝဦးကျော်က ပေးခဲ့တာ လို့လည်းသိရပါတယ်။ ၁၉၄၇ ခုနှစ်မှာ တင့်တယ်အမည်ဖြင့် ပထမဆုံး လုံးချင်းဝတ္ထုကတော့ “ရွှေချစ် ငွေချစ်” ဝတ္ထုပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ BBC မြန်မာပိုင်းအစီအစဉ်မှာ ဘာသာပြန်နှင့် သတင်းလွှင့်ထုတ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ BBC မှာ အလုပ်လုပ်ရင်း လန်ဒန်မှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း မြန်မာစာဖတ်ပရိသတ်ဆီ စာတွေနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။

စစ်ပြီးခေတ် ၁၉၄၇ နောက်ပိုင်းကာလမှာ သူ့ရဲ့ ဝတ္ထုတွေ မဂ္ဂဇင်းတွေထဲ အဆက်မပြတ် ထွက်ရှိလာခဲ့ပါတယ်။ အထူးသဖြင့် ဘိလပ်မှ ပြန်လာပြီးနောက် ခင်မင်ရင်းစွဲရှိပြီးဖြစ်တဲ့ ရှုမ၀ဦး‌ကျော်ရဲ့ ရှုမဝမဂ္ဂဇင်းတိုက်မှာ ပင်တိုင်စာရေးဆရာလိုဖြစ်လာခဲ့ပြီး စာပေကောင်းများစွာ ရေးသားခဲ့ပါတယ်။

ဆရာတင့်တယ်ရဲ့ အချစ်ဝတ္ထုတွေဟာ လူငယ်တွေနဲ့ အမျိုးသမီးစာဖတ်ပရိသတ်ကြား အလွန်ရေပန်းစားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒဂုန်တာရာရဲ့ “နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ” ဆိုတဲ့ တင်စားချက်က တင့်တယ်ရဲ့ စာဖတ်ပရိသတ်အပေါ် သက်ရောက်မှုကို ထင်ဟပ်စေပါတယ်။

ဆရာတင့်တယ်သည် ကမ္မဖလ၊ ဖြေလျော့ခွေ၊ ထား ၊ ရွှေချစ်ငွေချစ်၊ ဖဲမွေ့ယာပေါ်၀ယ် အစရှိတဲ့ ပင်ကိုယ်ရေးဝတ္ထုများစွာ ရေးသားခဲ့သလို ပျိုတို့အချစ်တော် (ဘာသာပြန်ဆုရရှိခဲ့သည်)၊ ရောမကိုအာခံသူ၊ လစန္ဒာနှင့်ခြူးပိုက်ဆံ၊ မိုဗီဒစ်၊ လိုက်တော်မူသင့်ပါငဲ့၊ မာနနှင့် အာယာတ စသည့် စာအုပ်ကောင်းများစွာကိုလည်း ဘာသာပြန်ဆိုခဲ့ပါတယ်။

ရုပ်ရှင်လောကဘက်တွင်လည်း ခြေဆန့်ခဲ့ပြီး လာလုလုငေး၊ ကျမအနုပညာသည်၊ ထား စတဲ့ ဇာတ်ကားတွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ဖြေလျော့ခွေ၊ ဖိုးပြုံးချို စတဲ့ ရုပ်ရှင်ကားများအတွက်လည်း ဇာတ်ညွှန်း ရေးသားပေးခဲ့ပါတယ်။ ဆရာတင့်တယ်သည် ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါတယ်။

Reference - တင့်တယ်၏ တင့်တယ်၊ Wikipedia

BSB - Behind Stories of Burma

Post by App

၀န်ကြီးချုပ် ဦးအောင်ဆန်း၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ တွင်ရေးထိုးခဲ့သော အောင်ဆန်းအက်တလီစာချုပ်အရ တိုင်းပြုပြည်ပြုလွှ...
15/08/2026

၀န်ကြီးချုပ် ဦးအောင်ဆန်း

၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ တွင်ရေးထိုးခဲ့သော အောင်ဆန်းအက်တလီစာချုပ်အရ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီးသည့်နောက် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး ကြားဖြတ်အစိုးရအဖွဲ့ကို ဖွဲ့နိုင်ခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌအဖြစ် သခင်နုကို ခန့်အပ်ခဲ့ကြပါတယ်။

၁၉၄၇ ဇူလိုင်လထဲမှာ လွှတ်တော် ဥက္ကဌ သခင်နုကို အက်တလီက ဘိလပ်ကိုဖိတ်ခဲ့ပါတယ်။ သခင်နု ဘိလပ်ရောက်တော့ ဗြိတိသျှခေါင်းဆောင်များက ဗမာပြည်အနေနဲ့ ဒိုမီနီယံ အုပ်ချုပ်ရေးအနေနဲ့ယူဖို့နားချတယ်။ ဒိုမီနီယံအုပ်ချုပ်ရေး ဆိုတာ အစိုးရ က အချုပ်အခြာအာဏာပိုင်ပါတယ်။ ဒါပေမဲ့ ဒိုမီနီယံနိုင်ငံဟာ ဗြိတိသျှဘုရင်ကို ရှင်ဘုရင်အဖြစ် အသိအမှက်ပြုရတယ်၊ အဲ့အချက်က လွတ်လပ်ရေးကို လိုလားနေတဲ့ ဗမာတွေရဲ့စိတ်ဓာက်ကို အများကြီးဆန့်ကျင်နေတယ်။

နောက်အရေးကြီးဆုံးသောအချက်မှာ ကွန်မြူနစ်များပင် ဖြစ်ပေသည်။ ကွန်မြူနစ်များသည် လုံး၀လွတ်လပ်ရေး အတွက် ဆွေးနွေးသည်များကိုပင် အတုအယောင်အဖြစ်လည်ကောင်း၊ ဖဆပလကို နယ်ချဲ့လက်ပါးစေအဖြစ်လည်ကောင်း ပြောဆိုနေကြပြီဖြစ်ပါတယ်။

အဲ့အတွက်လည်း ဗိုလ်ချုပ်နောက်ဆုံးမိန့်ခွန်းမှာ ပြောခဲ့တာရှိတယ်။ ကျုပ်တို့က အအေးဆုံး၊ အကောင်းဆုံး၊ အသက်သာဆုံးနည်းလမ်းကို ရွေးချယ်နေတာ ကျုပ်တို့ကို ဘာအပြစ်ပြောစရာရှိလဲတဲ့။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဖေတို့က ဒိုမီနီယံအရင်ယူပြီးမှ လုံး၀လွတ်လပ်ရေးအတွက် တဆင့်ခြင်းသွားဖို့ ဆန္ဒရှိခဲ့ကြပါတယ်။

သို့‌သော် ပြည်တွင်းမှ အထက်ပါအရေးများကြောင့် သခင်နု သည် လုံး၀ လွတ်လပ်ရေးရယူဖို့ အားလုံးကဆုံးဖြတ်ထားကြပြီးဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ ဗြိတိသျှခေါင်းဆောင်တွေဟာ ဗြိတိသျှ ဓနသဟာယအဖွဲ့ထဲက မြန်မာနိုင်ငံခွဲထွက်တာကို အမှန်စင်စစ် မလိုလားပေမဲ့ အနှောင့်အယှက်မပေးပဲ ခွင့်ပြုပေးခဲ့ကြတယ်။

အဲ့ဒီမှာ ‌ဗြိတိသျှ၀န်ကြီးချုပ်အက်တလီက သခင်နု ကို စကားလက်ဆောင်တစ်ခုပေးလိုက်တယ်။ ဗမာပြည်အတွက် အစိုးရ ၀န်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်အောင်ဆန်းကိုပေးဖို့ စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် မကြာခင်ကြေငြာတော့မဲ့အကြောင်း သခင်နုကို အသိပေးလိုက်ပါတယ်။

သခင်နု က ဒီသတင်းစကားနဲ့အတူ ရန်ကုန်ကို ပြန်လာခဲ့ပြီး ဇူလိုင်လ (၁၈) ရက် ညဘက်မှာ ဗိုလ်ချုပ်က သခင်နုအိမ်ကိုရောက်လာတယ်။ သခင်နု လဲ ဗိုလ်ချုပ်ကို ဗြိတိသျှတို့က ၀န်ကြီးချုပ်ရာထူးပေးဖို့ စီစဉ်နေတဲ့အကြောင်းပြောပြခဲ့ပါတယ်။ တစ်နာရီလောက်စကားပြောပြီးတော့ ဗိုလ်ချုပ်လဲအိမ်ပြန်သွားတယ်။

နောက်ရက်တော့ (၁၉) ဇူလိုင်ပါ။

Reference - တာတေစနေသား၊ခြောက်လုံးပြူးနှင့် မြို့တော်ရန်ကုန်၊ သိန်းဖေမြင့် ၏ ကျော်ငြိမ်း

BSB - Behind Stories of Burma

Post By App

ဆရာကြီးသိပ္ပံမောင်၀၏ မြန်မာစာပေအပေါ်သဘောထားမှာမြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်တို့၏ တာ၀န်ဖြစ်သည်။ ကျွန်ုပ်တို့ပြုမှနုမည့...
14/08/2026

ဆရာကြီးသိပ္ပံမောင်၀၏ မြန်မာစာပေအပေါ်သဘောထားမှာ

မြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်တို့၏ တာ၀န်ဖြစ်သည်။ ကျွန်ုပ်တို့ပြုမှနုမည့် မြန်မာစာဖြစ်ပါသည်။ ကြိုးစားကြစို့။

BSB - Behind Stories of Burma

Post by App

ကိုကြီးနု၏ဩဝါဒကို ဦးလည်မသုန် ခံယူကြခြင်း၁၃၀၀ ပြည့်နှစ်တွင် ရေနံမြေတွင် အထွေထွေအကျပ်အတည်းများ‌ကြောင့် အလုပ်သမားအရေးတော်ပ...
13/08/2026

ကိုကြီးနု၏ဩဝါဒကို ဦးလည်မသုန် ခံယူကြခြင်း

၁၃၀၀ ပြည့်နှစ်တွင် ရေနံမြေတွင် အထွေထွေအကျပ်အတည်းများ‌ကြောင့် အလုပ်သမားအရေးတော်ပုံကြီးဖြစ်ပွားရာ ရေနံမြေလုပ်သား ၁၀၀၀ ကျော်သည် ရေနံမြေမှသည် မိုင် ၄၀၀ ကျော်ရှည်လျှားသောခရီးရှည်ကြီးဖြစ်သည့် မြို့တော်ရန်ကုန်အထိချီတက်ကြလေသည်။

လမ်းခရီးတစ်‌လျှောက်တွင်လည်း ချီတက်လာကြသော ရေနံမြေသပိတ်တပ်သားများအား ဒေသခံအသီးသီး ရေပူရေချမ်းကမ်းခြင်း၊ ကွမ်းဆေးတိုက်ကျွေးခြင်း၊ လိုအပ်သည်များထောက်ပံခြင်းနှင့် တို့ဗမာအစည်းအရုံးနှင့် တက္ကသိုလ်ကျောင်းသားများကပါ ထောက်ခံကြသောကြောင့် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေ တို့ကို ရေနံ‌‌မြေသပိတ်တပ်သားများအား အာဏာဖီဆန်‌ရေးတရားဟောပြောမှုဖြင့် ဗြိတိသျှအစိုးရက ဖမ်းဆီးလိုက်ကြလေသည်။ ကိုဗဟိန်း၏ ဟောပြောမှုတွင် သူ၏ကျော်ကြားလှသော မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်ဆိုသော မိန့်ခွန်းပါ၀င်သည်။

ယင်းနောက် သပိတ်ကြီးသည် အရှိန်ပိုမြင့်တက်လာကာ ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံ ကျောင်းသားထုကပါ ၀န်းရံလာကြပြီး အတွင်းဝန်များရုံး (ယခု ဝန်ကြီးများ ရုံး) ကို ဝိုင်း၍ ဆန္ဒပြကြရာတွင် အကြမ်းမဖက်ဖီဆန်ရေးအတွက် ကျောင်းသားခေါင်းဆောင် ကိုနု က ဩဝါဒပေးသည်မှာ

" မှတ်ထားနော် လက်နက်ဆို အပ်တိုတစ်ချောင်းမှ မပါစေနဲ့ "

ဟု ၍ ဖြစ်လေသည်။ ကျောင်းသားများမှာ အတွင်း၀န်ရုံးကိုဝိုင်း၍ ဗျုရိုကရေစီ စက်ယန္တရားကြီးကို တစ်ရက်တာမျှရပ်ဆိုင်းသွား‌စေရန် သပိတ်တားကြရမည်ဖြစ်ရာ ကိုနု ၏ ဩဝါဒ ကြောင့် သပိတ်မှောက်မည့် ကောလိပ်ကျောင်းသူများမှာ ကသိကအောက်ဖြစ်ကုန်ကြ၏။ အကြောင်းမှာ အတွင်း၀န်ရုံးကိုသွား၍ဝိုင်းလျှင် လက်နက်မဲ့သာ သပိတ်မှောက်ကြမည်ဟူသော ဆုံးဖြတ်ချက်ကို ခေါင်းဆောင်ပိုင်းက ချမှတ်လိုက်သောကြောင့် ကောလိပ်ကျောင်းသူတစ်ဦး က

" ဒုက္ခပါပဲကွယ် ကိုယ်တော့ ဒီနေ့မှ ကြယ်သီးတပ်ဘော်လီအင်္ကျီ ကို မ၀တ်မိပဲ တွယ်ချိတ်ထိုးရတဲ့ ဘော်လီအင်္ကျီ ကို ၀တ်လာမိတယ်၊ ကိုကြီးနု က လက်နက်ဆို အပ်တိုတစ်ချောင်းတောင်မှ မပါရဘူးတဲ့၊ ကိုယ့်မှာက တွယ်ချိတ်လေးချောင်းနဲ့ ခက်လိုက်တာပဲကွယ် "

ဟု မချီတင်ကဲ ညည်းတွားနေရှာတော့သည်။

Reference - တင့်တယ် ၏ တင့်တယ်

BSB - Behind Stories of Burma

Post by App

သခင်စိတ် သို့ နာမည်တစ်ခုထက်ပိုသော၁၉၃၀ ပြည့်နှစ် ကုလား-ဗမာ အရေးအခင်းပြီး‌နောက် ယင်းနှစ် မေလ၃၀ ရက်နေ့၊ အမှတ်(၃၃)၊ ရေတာရှည်...
10/08/2026

သခင်စိတ် သို့ နာမည်တစ်ခုထက်ပိုသော

၁၉၃၀ ပြည့်နှစ် ကုလား-ဗမာ အရေးအခင်းပြီး‌နောက် ယင်းနှစ် မေလ၃၀ ရက်နေ့၊ အမှတ်(၃၃)၊ ရေတာရှည်လမ်း၊ ဗဟန်းမြို့ရှိ သခင်ဘသောင်း‌ နေအိမ်တွင် ခေတ်ပညာတက် လူငယ်တစ်စုတို့ဦးစီး‌သော တို့ဗမာအစည်းအရုံးဟုသောအဖွဲ့အစည်းတရပ်စတင်မွေးဖွားလာခဲ့ပါတယ်။

တို့ဗမာအစည်းအရုံးစတင်ဖွဲ့စည်း‌ကြောင်းကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော် အစရှိတဲ့လူငယ်များက ကြေငြာစာတမ်းထုတ်ပြန်ခဲ့ပြီးနောက် နယူးဘားမားသတင်းစာတိုက် တိုက်အုပ်ဖြစ်တဲ့ ၂၁ အဖွဲ့၀င် ဒေါက်တာသိန်းမောင်က ဗမာပြည်နိုင်ငံရေးအခြေအနေတွေကိုဆွေးနွေးဖို့ သခင်ဘသောင်းတို့ ၃ ‌ယောက်ကို လက်ဖက်ရည်သောက်ဖိတ်ခေါ်ခဲ့ပါတယ်။

အဲ့ဒီလက်ဖက်ရည်သောက် ဆွေးနွေးပွဲမှာ ဒေါက်တာသိန်းမောင်က သူဟာ လက်ရှိနိုင်ငံရေးခေါင်းဆောင်တွေရဲ့လုပ်ပုံကိုင်ပုံတွေကို သဘောမကျကြောင်း၊ ဒါပေမဲ့ သစ်မရှိခင် ဝါးပေါင်းကွပ် ဆိုသလို ၂၁ ဦးပါတီ၀င်ဖြစ်နေရကြောင်း တက်သစ်စ လူငယ်နိုင်ငံရေးသမား သုံးယောက်ကို ရှင်းပြပါတယ်။

ဒီတော့ သခင်ဘသောင်းက သူတို့ရဲ့ နိုင်ငံရေးခံယူချက်ကိုရှင်းပြရင်း ကျွန်ဘ၀ရောက်ပြီး ကျွန်စိတ်ပေါက်နေကြတဲ့ ဗမာပြည်သူပြည်သားတွေ လွတ်လပ်ရေးတိုက်ပွဲ၀င်ရဲအောင် သခင်စိတ်မွေးကြဖို့လိုတယ်၊ ဒါကြောင့် ဗမာတွေရဲ့နာမည်ရှေ့မှာ သခင်ဆိုတဲ့စကားလုံးကို အသုံးပြုရမယ်၊ ကျွန်တော်တို့က သခင်တွေမို့ ကျွန်တော်တို့နာမည်ခေါ်တဲ့အခါ နာမည်ရှေ့က သခင်တပ်ပြီး ခေါ်ဖို့လိုကြောင်း ပြောပြပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာသိန်းမောင်က ပြုံးရင်း ဒါတွေဟာ ပညတ်တွေပါ၊ ပရမတ်မဟုတ်လို့ အရေးမကြီးပါဘူးလို့ အဖြေပြန်ပေးပါသတဲ့။

ဒီတော့ သခင်လှဘော်က

" ဒီလိုဆိုရင် ခင်ဗျားကို ဦးသိန်းမောင်လို့မခေါ်ပဲ ကိုသိန်းမောင်လို့ခေါ်ရင် ခင်ဗျားကြိုက်မလား "

ဦးသိန်းမောင် က ကြိုက်ပါတယ် လို့ ပြန်ဖြေပါတယ်။

နောက် သခင်သိန်းမောင် က

" ဒါဖြင့်ရင် ခင်ဗျားကို မောင်သိန်းမောင်လို့ ခေါ်ရင်ရောဗျာ " လို့ မေးလိုက်ပါတယ်။

ဦးသိန်းမောင်က ရယ်ပြီး ကြိုက်ပါတယ်လို့ သွက်သွက်ပဲပြန်ဖြေပါသတဲ့။

အဲ့အချိန်မှာ သခင်ဘသောင်းက

" ကဲဗျာ ဒီလို‌ဆိုရင် ခင်ဗျားကို ဦး၊ ကို၊ မောင် တပ်မခေါ်ပဲ ခွေးသိန်းမောင်ကြီးလို့ ခေါ်ရင်ရော ခင်ဗျားကြိုက်မလား " လို့ မေးလိုက်ပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ ဒေါက်တာသိန်းမောင်ကြီးဟာ သူမမျှော်လင့်ထားတဲ့ မေးခွန်းကြောင့် အံအားသင့်သွားရာကနေ
" ကြိုက် ကြိုက် ကြိုက်ပါတယ် "
ထစ်ထစ်ငေါ့ငေါ့ပြန်ဖြေရင်း သခင်ဘသောင်းတို့လူစုကို အာဂလူငယ်တွေပါတကား ဟု စိတ်ထဲတွေးနေလေမည်မှာ မလွဲဧကန်ဖြစ်ပြီး သခင်ဘသောင်းတို့ လူငယ်တစ်စုသည် သခင်စိတ်ဟူသော စိတ်ဓာက်ကို စတင်မွေးဖွားခဲ့ကြပါတယ်။

Reference - တို့ဗမာသတို့သားငါးယောက်နှင့် ဘိုင်သခင်ဘ၀

BSB - Behind Stories of Burma

Post by App

လာဘ်အစား‌ကောင်း၍ အသက်ဘေးမှလွတ်ခဲ့သူဦးဘဘေ ဝါ ဦးဘဖေ ဆိုလျှင် မြန်မာ့နိုင်ငံရေးလောကတွင် ဝါရင့်နိုင်ငံရေးသမားကြီးအဖြစ်ထင်ရှ...
09/08/2026

လာဘ်အစား‌ကောင်း၍ အသက်ဘေးမှလွတ်ခဲ့သူ

ဦးဘဘေ ဝါ ဦးဘဖေ ဆိုလျှင် မြန်မာ့နိုင်ငံရေးလောကတွင် ဝါရင့်နိုင်ငံရေးသမားကြီးအဖြစ်ထင်ရှားပြီး ဘကြီဘဘေ ဟု လူငယ်များကတလေးတစားခေါ်ဆိုကြရသည်။ မြန်မာ့နိုင်ငံရေးနိုးကြားစ မှလွတ်လပ်‌ရေးရသည်အထိ အခန်းကဏ္ဍအသီးသီးတွင်ပါ၀င်ခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်သည်။

မြန်မာ့သတင်းစာလောကတွင်အရှိန်အဝါကြီးမားသော သူရိယသတင်းစာ (The Sun Newspapers) ကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်သလို မြန်မာနိုင်ငံတွင်သက်တမ်းအရှည်ဆုံး အသင်းကြီးဖြစ်သော ဝိုမ်အမ်ဘီအေ အသင်းကြီး၏ Founder တစ်ဦးလဲဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သွား ဖေ၊ ပု၊ ရှိန် အဖွဲ့တွင်တစ်ဦးအပါအ၀င်လည်းဖြစ်သည်။

၁၉၃၆ တွင် ငါးပွင့်ဆိုင်ပါတီ ၏ ခေါင်းဆောင်ဖြစ်သော ဦးဘဖေ ကို အစိုးရဖွဲ့ရန် ဗြိတိသျှအစိုးရကမ်းလှမ်းခဲ့သော်လည်း ပါတီတွင်းမစည်းလုံးမှုများကြောင့် အစိုးရမဖွဲ့နိုင်ခဲ့၍သာ နန်းရင်၀န်မဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့‌သော် ဗြိတိသျှခေတ်အုပ်ချုပ်ရေးတစ်လျှောက်တွင်ရာထူးအသီးသီးရရှိကာ စစ်ပြီး‌ခေတ် ဖဆပလဗဟိုဦးစီးအဖွဲ့တွင်ပါ၀င်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေး၀န်ကြီးရာထူး ရရှိခဲ့သည်။

ယင်းကဲ့သို့ မြန်မာ့နိုင်ငံရေးလောကတွင် ဩဇာတိက္ကမ ကြီးမားခဲ့သော်လည်း နောက်ပိုင်းတွင်မူ ငွေကြေးမသမာမူများ၊ လာဘ်စားမူများကြောင့် ၁၉၄၇ ခုနှစ်တွင် ဖဆပလဗဟိုဦးစီးအဖွဲ့ထဲမှရော၊ ဘုရင်ခံအမှုဆောင်ကောင်စီ၀င်၀န်ကြီးတစ်ဦးအဖြစ်ပါထုတ်ပယ်ခြင်းခံခဲ့ရသည်။

ထို့‌နောက် ဦးဘဖေ ၏ ကူးသန်းရောင်းဝယ်ရေး၀န်ကြီး နေရာကို ဗိုလ်ချုပ်အောင်ဆန်းက သူ ၏ အစ်ကို ဦးဘ၀င်းကို အစားထိုးခန့်အပ်ခဲ့ပြီး မကြာမီပင် နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားကာ ဦးဘဖေနေရာတာ၀န်ယူသူ ဦးဘ၀င်းပါ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားခဲ့‌လေသည်။

ထို့ကြောင့် ဦးဘဖေ လာဘ်အစားကောင်း၍သာ အသက်ဘေးမှလွတ်ခဲ့ရသည်ကို အကြောင်းပြုလျက် နောင်ခေတ်ဆက်ဆက် ၀န်ကြီးများ အသက်ဘေးမှလွတ်ရန် လာဘ်စားကြသည်လား ဟူ၍ပင် သတင်းစာဆရာများ၊ စာရေးဆရာများကပင် လှောင်ပြောင်သရော်ခဲ့ကြသည်။

BSB - Behind Stories of Burma

Post by App

ဂျာနယ်ကျော်ဦးချစ်မောင် ဖွင့်ဆိုတဲ့ ရိုးဂုဏ်မြန်မာ့အလင်းပြန်စာမှတစ်ဆင့် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဦးချစ်မောင်နှင့် မတင်...
07/08/2026

ဂျာနယ်ကျော်ဦးချစ်မောင် ဖွင့်ဆိုတဲ့ ရိုးဂုဏ်

မြန်မာ့အလင်းပြန်စာမှတစ်ဆင့် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဦးချစ်မောင်နှင့် မတင်လှိုင် (ဂျာနယ်ကျော်မမလေး) တို့သည် တစ်ဦးနှင့်တစ်ဦးရင်းနှီးလာကြပြီးနောက် သူတို့နှစ်ဦးသည် စာဖြင့်သော်လည်ကောင်း၊ အပြင်မှာတွေ့ဆုံ၍‌ သော်လည်ကောင်း တစ်စနှင့်တစ်စ ရင်းနှီးလာကြကာ တစ်နေ့သ၌

ဂျာနယ်ကျော်မမလေး က

“လောကမှာ ဂုဏ်အမျိုးမျိုးရှိပါတယ်။ဘယ်ဂုဏ်ဟာ အကောင်းဆုံးလဲ။ ဘယ်ဂုဏ်ကို အနှစ်ခြိုက်ဆုံးလဲ။ ဘယ်ဂုဏ်ကို ရွေးချယ်ကျင့်နေသလဲ” ဆိုပြီး ဂျာနယ်ကျော်ဦးချစ်မောင်ကို မေးပါတယ်။

ထိုအခါ ဂျာနယ်ကျော်ဦးချစ်မောင် က ခုလိုပဲ ပြန်‌ဖြေပါတယ်။

“ကျွန်တော်တော့ ရိုးဂုဏ်ကို ကြိုက်ပါတယ်။မြန်မာများဟာ ရိုးဂုဏ် လိုနေပါတယ်။ဘာသာကောင်းပါလျက်နဲ့ အကျင့်ပျက်နေကြပါတယ်။လောကမှာ စိတ်ပျော်မွေ့ဖွယ်အကောင်းဆုံးဟာ လူရိုးလူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားတာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီလို လူရိုးလူကောင်းတစ်ယောက်ဖြစ်အောင် ထိမ်းသိမ်းစောင့်စည်းရတာ မလွယ်လှကြောင်းကိုလည်း ကျွန်တော်သိပါတယ်။ မလွယ်သော်လည်း မဖြစ်နိုင်တာ မဟုတ်လို့ ကြိုးစားပြီး လူရိုးလူကောင်းဖြစ်အောင် ကျင့်မယ်လို့ ကြံပါတယ်"

ပြီးတော့ဆက်ပြောပါတယ်။

"ဘယ်လောက်အောင်မြင်မယ်၊ ပျက်ကွက်မယ်ကိုတော့ ကျွန်တော့်ရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းက သက်သေခံပါလိမ့်မယ်။ ဒီသက်သေခံကို မတင်တင်တို့လို ပုဂ္ဂိုလ်များက စစ်ဆေးဖို့ဖြစ်ပါတယ်"

ဒါဟာ ဂျာနယ်ကျော်ဦးချစ်မောင် မြတ်နိုးတဲ့ ရိုးဂုဏ်ပါပဲ။

Reference - သူလိုလူ

BSB - Behind Stories of Burma

Post by App

ဒေါက်တာဘမော် သို့မဟုတ် အင်ပါယာနှစ်ခုက ရွေချယ်ခြင်းခံရသူဒေါက်တာဘမော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အထင်ရှားဆုံး ခေါင်းဆ...
06/08/2026

ဒေါက်တာဘမော် သို့မဟုတ် အင်ပါယာနှစ်ခုက ရွေချယ်ခြင်းခံရသူ

ဒေါက်တာဘမော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အထင်ရှားဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။ ဒေါက်တာဘ‌မော်သည် အဂ်လိပ်ခေတ်တွင်ရော၊ ဂျပန်ခေတ်တွင်ပါ တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို လက်၀ယ်ရရှိခဲ့သူဖြစ်ပါသည်။

ဒေါက်တာဘမော်ကို ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း မအူပင်မြို့၌ မွေးဖွားခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးကျေး (ဦးမောင်မောင်ကျေး) ဟာ မန္တလေးနန်းတွင်းထဲတွင် မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့ရသူဖြစ်ပြီး ကင်း၀န်မင်ကြီးရဲ့ နိုင်ငံခြားခရီးစဥ်များမှာ လိုက်ပါခွင့်ရခဲ့သူတစ်ဦးဖြစ်ပါသည်။

ဒေါက်တာဘ‌မော်သည် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ကာလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ကိန်းဘရစ်ချ်တက္ကသိုလ်မှ ဥပဒေဝတ်လုံဘွဲ့နှင့် ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်မှ ပါရဂူဘွဲ့ (PhD) ရရှိခဲ့သည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်နှင့် အခြားဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်သည်။

ဘွဲ့ရပြီးနောက် အစိုးရကျောင်းတွင် ဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဥရောပသို့ သွားရောက်ပညာသင်ကြားစဉ် နိုင်ငံရေးအတွေးအခေါ်များကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်နောက် ဥပဒေအကျိုးဆောင်အဖြစ် ဆောင်ရွက်ရင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လာခဲ့သည်။

၁၉၃၀ ပြည့်နှစ်တွင် ဆရာစံအရေးတော်ပုံနှင့် ဆက်စပ်သည့် အမှုများ၌ ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ရာမှ နာမည်ကျော်ကြားလာခဲ့သည်။ ဆရာစံအရေးအခင်းတွင် လိုက်ပါဆောင်ရွက်ရင်း ဒေါက်တာဘမော်နှင့်အတူ ထင်ရှားလာသူတစ်ဦးမှာ ဂဠန်ဦးစောဖြစ်သည်။ နောင်အခါ သူတို့နှစ်ဦးသည် နိုင်ငံရေးပြိုင်ဘက်များ ဖြစ်လာခဲ့ကြသည်။

၁၉၃၇ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်မှုအောက်ရှိ မြန်မာနိုင်ငံတွင် ပထမဆုံး နန်းရင်းဝန် (ယခုခေတ် ဝန်ကြီးချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာလူမျိုးများထဲမှ ဗြိတိသျှတို့ပေးအပ်သော အမြင့်ဆုံးရာထူးဖြစ်ခဲ့သည်။ သို့သော် ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံကြီးနှင့် လာလတံသော နိုင်ငံရေးအကျပ်အတည်းများကြောင့် ၁၉၃၉ ခုနှစ်တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

ဒုတိယကမ္ဘာစစ် စတင်ချိန်တွင် ဗြိတိသျှကို ဆန့်ကျင်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သခင်ကိုယ်တော်မှိုင်းအုပ်စု၀င် သခင်များနှင့်ပူး‌ပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်းကိုတည်ထောင်ခဲ့ပြီး ဒေါက်တာဘမော်က ဥက္ကဋ္ဌသခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။ ထို့နောက် ဗြိတိသျှအစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

ဂျပန်စအ၀င် ဒေါက်တာဘမော်သည် မိုးကုတ်အကျဉ်းထောင်အတွင်းရှိနေခဲ့သည်။ ဂျပန်တို့သည် မြန်မာပြည်အုပ်ချုပ်ရေးခေါင်းဆောင်နေရာအတွက် သခင်နှစ်ဖွဲ့မှ လူများအား စိတ်တိုင်းမကျပဲ ဒေါက်တာဘမော်ကဲ့သို့ နိုင်ငံရေးအစဉ်အလာကြီးမားသော ပုဂ္ဂိုလ်မျိုးကို ပိုလိုချင်ခဲ့သည်။ သို့နှင့် နောက်ဆုံးတွင် မြန်မာပြည်အထက်ပိုင်းရှိ ဒေါက်တာဘမော်အား လူလွှတ်ကာ ရန်ကုန်သို့ ခေါ်ယူခဲ့ရသည်။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်ထောက်ပံ့မှုဖြင့် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အဓိပတိအဖြစ် ခန့်အပ်ခံရသည်။ ထိုကာလအတွင်း အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သလို အာရှနိုင်ငံများ၏ Greater East Asia Conference တွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည်။

ဒေါက်တာဘမော်ကို ဂျပန်စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ မြန်မာ့သမိုင်းတွင် အမြင်အမျိုးမျိုးဖြင့် ဝိဝါဒကွဲပြားလျက်ရှိကြသော်လည်း ဗန္ဓုလဦးစိန်၏ ဂျပန်ခေတ်ကျွန်ုပ်တို့အတွင်းရေး စာအုပ်တွင် ဒေါက်တာဘမော်သည် ဂျပန်ပြောသည်များကို လက်ညိုးထောင်ခေါင်းညှိတ်မလုပ်ခဲ့သည့်အတွက် ဂျပန်က လုပ်ကြံရန် နှစ်ကြိမ်တိုင်တိုင်မျှ ကြိုးပမ်းခဲ့သည်ဟု ရေးသားထားခဲ့ပြီး ဖြစ်ရပ်မှာလည်း အမှန်ပင်ဖြစ်သည်။

ဂျပန် ဧကရာဇ် ဘုရင်မင်းမြတ်ဘုရင်ကိုယ်တိုင်က တင်နိုဟေကာ ဆုတံဆိပ် ( Order of the Rising Sun ) ချီးမြှင့်ထားခဲ့သည့်အတွက် မြန်မာ့စစ်မြေပြင်ရောက် ဂျပန်ဗိုလ်ချုပ်ကြီးများထက်ပင် ဆုတံဆိပ် အဆင့်အတန်းမြင့်သည့်အတွက် မြန်မာပြည်က ဂျပန်စစ်တပ်ဟာ ဒေါက်တာဘမော်ကို မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို အလိုက်အထိုက်ဆက်ဆံခဲ့ရပါသည်။

ဂျပန်ခေတ်အတွင်း ဂျပန်စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဆက်ဆံခဲ့ပြီး အာဏာလက်၀ယ်ရှိနေပေမဲ့ သူရဲ့ နိုင်ငံရေး ရန်သူတွေကို ဂျပန် အားကိုးနဲ့ အနိုင်ကျင့်တာမျိုးတွေ မရှိခဲ့ပါဘူး။ ဂျပန်ကို ဆန့်ကျင်မည့် မြေအောက်တော်လှန်ရေး အကြံအစည်တွေကိုလည်း ကူညီဖုံးဖိပေးထားခဲ့ပါသည်။ နှောင်းပိုင်းတွင် စစ်အတွင်းက ဒေါက်တာဘမော်ဆီက တော်လှန်ရေးကိစ္စ ပေါက်ကြားတယ်လို့ စွပ်စွဲရာကြရာမှာ ဒေါက်တာဘမော်က ငါသာ သစ္စာမရှိရင် မင်းတို့ခေါင်းတွေ ပြုတ်ကုန်တာကြာပြီလို့ တုံ့ပြန်ခဲ့ပါသည်။

ဒေါက်တာဘမော်၏ လူသိနည်းသလောက် အရေးပါသော လုပ်ဆောင်ချက်တစ်ခုမှာ စစ်ရှုံးနေသော ဂျပန်တပ်များဆုတ်ခွာလျှင် ရန်ကုန်မြို့ကို မြေလှန်ဖျက်ဆီးခြင်းမပြုရန်၊ ရွေတိဂုံစေတီတော်ကုန်းမြေပေါ်တွင် အခိုင်အမာခံတပ်ပြုရန်ရည်ရွယ်ထားသော ဂျပန်စစ်တပ်အား တားဆီးပေးပါရန် ဂျပန်နိုင်ငံထိ သွားရောက်ကာ ဂျပန်ဧကရာဇ်ထံ အရေးဆိုခဲ့ခြင်းဖြစ်ပြီး အောင်မြင်ခဲ့သည့်အတွက် ဂျပန်အထွက်တွင် ရန်ကုန်သည် သက်သာရာရခဲ့ခြင်းပဲ ဖြစ်ပါသည်။

ဒေါက်တာဘမော် ဂျပန်ခေတ် အာဏာရ သက်တမ်းဟာ တိုတောင်းခဲ့ပေမယ့် မြန်မာစာကို ရုံးသုံးဘာသာ ပြုလုပ်ခဲ့ပြီး၊ အမျိုးသားနေ့ကိုလည်း ရုံးပိတ်ရက် သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ ဗြိတိသျှ လက်အောက်နေခဲ့ရတဲ့ နှစ်တရာနီးပါးအတွင်း မြန်မာစာကို ရုံးသုံးဘာသာစကားအဖြစ် ပထမဆုံး သက်မှတ်နိုင်ခဲ့ခြင်းပဲဖြစ်ပါသည်။

ဒေါက်တာဘမော်သည် ထူးချွန်သောပညာရှင်၊ အပြောအဆိုကောင်းမွန်သော နိုင်ငံရေးခေါင်းဆောင်နှင့် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ အဂ်လိပ်ခေတ်၊ ဂျပန်ခေတ် ခေတ်နှစ်ခေတ်စလုံးမှာ မြန်မာလူမျိုးများထဲမှ အမြင့်ဆုံးအာဏာကို ရယူနိုင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့ အသက် ၈၅ နှစ် အရွယ်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့လေသည်။

BSB - Behind Stories of Burma

Post by App

ဗိုလ်ရန်နိုင် သို့မဟုတ် ရွှေတောင်တိုက်ပွဲက သူရဲကောင်းသခင်ထွန်းရှိန်‌ ခေါ် ဗိုလ်ရန်နိုင်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ...
05/08/2026

ဗိုလ်ရန်နိုင် သို့မဟုတ် ရွှေတောင်တိုက်ပွဲက သူရဲကောင်း

သခင်ထွန်းရှိန်‌ ခေါ် ဗိုလ်ရန်နိုင်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ထင်ရှားသော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ်မှ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် တက်လှမ်းလာခဲ့သူဖြစ်သည်။

သခင်ထွန်းရှိန်‌ကို ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် စနေနေ့တွင် သရက်ခရိုင် အောင်လံမြို့နယ်၊ ကမ္မမြို့၊ ကမ္မကလေးရွာ၌ မွေးဖွားခဲ့သည်။ အဖ ဦးခန့်၊ အမိ ဒေါ်သန့် ဖြစ်ပြီး မိဘများမှာ တောင်သူမျိုးရိုး ဖြစ်သည်။ အမည်ရင်းမှာ မောင်ထွန်းရှိန် ဖြစ်သည်။

၁၉၃၆ ခုနှစ်၊ ဒုတိယအကြိမ် တက္ကသိုလ် ကျောင်းသားသပိတ်တွင် ပြည်မြို့ ကျောင်းသားခေါင်းဆောင် အဖြစ် ဦးဆောင်ခဲ့ပြီးနောက် ပြည်မြို့ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသည်။
၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိလာခဲ့ပြီးနောက် အမျိုးသားရေးလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာပါ၀င်ဆောင်ရွက်ခဲ့သည်။

၁၉၄ဝ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အိန္ဒိယပြည်၊ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ ကျောင်းသားခေါင်းဆောင်ကိုဗဟိန်း စသည့်ခေါင်းဆောင်များနှင့်အတူ တက်ရောက်လေ့လာခဲ့သည်။

၁၉၄၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံခြားမှ လျှို့ဝှက်စွာ ပြန်ရောက်နေသော သခင်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ဂျပန် စစ်ပညာသင် ပထမအသုတ် အဖြစ် ပင်လယ်ခရီး စွန့်စား ထွက်ခွာခဲ့သည်။ ဗိုလ်ရန်နိုင် (သခင်ထွန်းရှိန်) နှင့်အတူ ပထမအသုတ်တွင် သခင်လှဖေ (ဗိုလ်လက်ျာ) သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး) တို့ ပါဝင်သည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းပြီးနောက် ဂျပန်တပ်မတော်နှင့်အတူ ပြည်တွင်းသို့ ပြန်လည်၀င်ရောက်လာခဲ့ပြီးနောက် ၁၉၄၂ ခုနှစ် ရွှေတောင်တိုက်ပွဲတွင် ထင်ရှားစွာ အောင်မြင်ခဲ့ပြီး သူရဲကောင်းတံဆိပ် ရရှိခဲ့ကာ “ဗိုလ်ရန်နိုင်” ဟူသော နာမည်သည် နိုင်ငံတဝှမ်း နာမည်‌ကျော်ကြားလာခဲ့သည်။

မည်မျှနာမည်ကြီးသည်ဆိုရသော် ဂျပန်ခေတ်တွင် စကော့ဈေးကြီးကို ရွှေတောင်တိုက်ပွဲတွင် နာမည်ရခဲ့သော ဗိုလ်ရန်နိုင်အား ဂုဏ်ပြုခေါ်ဝေါ်သည့်အနေဖြင့် ရန်နိုင်ဈေးဟုခေါ်ဝေါ်ကြသည်။ ထိုအချိန်က ဗိုလ်ရန်နိုင်၏ အမည်မှာ ရေပန်းစားလှသည်။ ဆင်ရဲသားပြည်သူလူထုများကပင် ရန်နိုင်မုန့်၊ ရန်နိုင်ထမင်းကြော် စသည်ဖြင့် အမည်ပေးကာ ဂုဏ်ပြုခေါ်ဝေါ်ကြသည်။

ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးထွန်းအောင် တို့နှင့်အတူ စစ်ဘက်ဆိုင်ရာ အတွင်းဝန်အဖြစ် ဂျပန်ပြည်သို့ သွားရောက်ခဲ့သောအဖွဲ့တွင်လည်းပါ၀င်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဂျပန်ခေတ် နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်၏ သမီးဒေါ်တင်ဇာမော် နှင့် လက်ထပ်ခဲ့သည်။

ဂျပန်ခေတ်အတွင်း ရန်ကုန်မြို့စောင့်တပ်မှူး၊ စစ်ဘက်အတွင်းဝန်၊ စစ်တက္ကသိုလ် ကျောင်းအုပ် စသည့် အရေးပါသောရာထူးများ ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် တပ်မတော်မှ ထွက်ကာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် ခေါ် သခင်ထွန်းရှိန်သည် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ အသက် ၇၀ အရွယ်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

BSB - Behind Stories of Burma

Post by App

Address

Thingangyun

Website

Alerts

Be the first to know and let us send you an email when BSB - Behind Stories of Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share