22/08/2025
Chess Date
သင် စစ်တုရင်ကစားတတ်ပါသလား။ ကစားတတ်တယ်ဆိုရင် ဂုဏ်ပြုပါတယ်မိတ်ဆွေ။ သင်ဟာ စစ်တုရင်မကစားတတ်တဲ့ အခြားသူတွေထက် တစ်ခုပိုနေပါပြီ။ ဘာပိုလဲဆို Date နည်းတစ်ခု ပိုတာပါပဲ။
ကျွန်တော်ပြောပြမယ်။ ချစ်သူနဲ့ Date တိုင်း Movie Date တွေ Dinner Date တွေ ဖြစ်စရာမလိုဘူး။ စတုရန်းကွက်လေး ၆၄ ကွက်ရယ် ကစားရုပ်လေးတွေရယ်နဲ့ဆို အကုန်အကျမများဘဲ ပြီးပြည့်စုံလှတဲ့ Date တစ်ခုကို ဖန်တီးနိုင်နေပါပြီဗျာ။
ဆိုတော့ ဘယ်နေရာမှာ Date မလဲ?
ကော်ဖီဆိုင်လေးမှာလား။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပန်းခြံတစ်ခုခုက ခုံတန်းလျားလေးမှာလား။ ဒါမှမဟုတ် အိမ်မှာပဲ ဆိုရင်တောင်အဆင်ပြေပါတယ်။
ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ကြားမှာ စစ်တုရင်ခုံလေးရှိမယ်။ ဘေးမှာ သောက်စရာတစ်ခုခု ကော်ဖီဖြစ်ဖြစ် အအေးဖြစ်ဖြစ်ရှိမယ်။ မုန့်လေးရှိမယ်။ သီချင်းအေးအေးလေးရော ဖွင့်ထားချင်သေးလား။ အို........ Perfect ပဲ။
ကစားပွဲအဖွင့်ပိုင်းမှာ သိပ်လောနေစရာမလိုဘူး။ ချစ်ရသူလေးကိုပြုံးပြမယ်။ ရွှေ့ကွက်တွေဖြည်းဖြည်းမှန်မှန်လေးပဲရွှေ့မယ်။ ကစားပွဲရဲ့ရည်ရွယ်ချက်က သူ့ကိုနိုင်အောင်ကစားဖို့မဟုတ်ဘူး။ သူနဲ့ကိုယ်ပိုပြီးနီးစပ်လာဖို့ပဲဖြစ်ရမယ်။
ပွဲလယ်ပိုင်းရောက်လာပြီ။ ရွှေ့ကွက်တွေ စဥ်းစားရခက်လာပြီလား။ ချစ်သူရဲ့မျက်နှာလေးကြည့်လိုက်ပါဦး။ သူရောဘယ်လိုနေလဲ။ မျက်မှောင်ကြီးကျုံ့ပြီး သေသေချာချာတွေးနေလား။ ဒါမှမဟုတ် ကိုယ့်ကိုများခိုးကြည့်နေမလား။ အို.............. ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေလိုက်မလဲကွာ။ နှလုံးသားထဲ အမြဲသံမှိုစွဲနေစေမယ့်မျက်နှာလေး။ ကစားပွဲကို အရမ်းကြီးမစဥ်းစားစေနဲ့။
''သူ့ဘုရင်ကြီးကိုပဲအမိဖမ်းပြီး Checkmate လုပ်ရမလား။ သူ့နှလုံးသားလေးကိုပဲအမိဖမ်းရမလား'' လို့မေးကြည့်လိုက်။ ဟော....... ချစ်သူလေးပြုံးရယ်သွားပါလိမ့်မယ်ဗျာ။
ပွဲဆုံးပိုင်းရောက်လာပြီလား။ ဖြည်းဖြည်းကစားပါမိတ်ဆွေရယ်။ ဒီပွဲက ရှုံးရှုံးနိုင်နိုင်အရေးမကြီးပါဘူး။ သူနိုင်အောင်လျှော့ပေါ့ပြီး ကစားပေးလိုက်ပေါ့။ အရေးကြီးတာက ချစ်သူလေးပြုံးဖို့ပဲမလား။ သူပိုပြုံးလာအောင်လုပ်ဖို့ သူ့နှလုံးသားလေးနဲ့ ကိုယ့်နှလုံးသားလေးနဲ့ ပိုပြီးနီးစပ်လာဖို့ပဲ စဥ်းစားဗျာ။
ကဲ Chess Date ဆိုတာကြီးက အရမ်း Perfect မဖြစ်လွန်းဘူးလား။ ဖုန်းနဲ့မျက်စိမခွာနိုင် တစ်ယောက်နဲ့တစ်ယောက် စကားမပြောနိုင် ငြီးငွေ့စရာရိုးအီနေတဲ့ Date ကြီးမျိုးဖြစ်နေမှာမဟုတ်ပါဘူး။ Chess Date ရင်း တစ်ယောက်အပေါ်တစ်ယောက် အာရုံစိုက်မှုတိုးလာအောင်လုပ်နိုင်တယ်။ ကစားရင်းနဲ့ ကိုယ့်ရဲ့ Personality တွေ Creativity တွေ ချပြလို့ရမယ်။ အမှတ်တရတွေ ချန်ထားနိုင်မယ်။ ဒီလို Chess Date လေးတစ်ခု Date ပြီးရင် ကိုယ်နဲ့ ကိုယ့်ချစ်သူလေးကြား ကောင်းမွန်တဲ့နှောင်ကြိုးလေးတစ်ခုတော့ ပိုလာမှာပါ။ ဒါကြောင့်မလို့ မိတ်ဆွေတို့ Chess Date လေး try ကြည့်ကြပါလို့ အကြံပေးချင်ပါတယ်ဗျာ။ ချစ်သူက စစ်တုရင်မကစားတတ်လဲ ကိုယ်တတ်ထားသမျှအကုန် ကိုယ်ဖိရင်ဖိ သင်ပေးလိုက်ပေါ့ဗျာ။ ချစ်သူနှစ်ဦးနှစ်ဖက်လုံးအတွက် အများကြီးအကျိုးရှိတဲ့ Chess Date လေးကို Pawn's Mind ကချပြပေးလိုက်ပါတယ်ဗျာ။ Date ကြည့်ပြီးရင်လဲ Date Review လေးတွေ လာပြန်ပေးကြပါဦးဗျာ။
#စစ်တုရင်
Photo Crd.