13/08/2026
မောင်တောခရိုင်ရှိ ရိုဟင်ဂျာလယ်ယာမြေများကို AA သိမ်းပိုက်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ငှားရမ်းသွားမည်ဟု စည်းဝေးပွဲအတွင်း AA ပြော
RMN Media 24 I ဩဂုတ် ၁၃ ရက်၊ ၂၀၂၆။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်အတွင်း ရိုဟင်ဂျာဒေသခံ မူလပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများအားလုံးသည် AA/ULA ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ရိုဟင်ဂျာများအနေဖြင့် မြေပိုင်ဆိုင်ခွင့်မရှိဘဲ လုပ်ပိုင်ခွင့်သာ ရှိကြောင်း ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ရိုဟင်ဂျာလူထုအစည်းအဝေးအတွင်း AA/ULA အကြီးအကဲများက ပြောကြားခဲ့သည်ဟု ဒေသခံများက ပြောကြားပါသည်။
သြဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှာ မောင်တောမြို့နယ်ရှိ ကျေးရွာအသီးသီးမှ ဒေသခံ ရိုဟင်ဂျာ ၄၀၀ နီးပါးကို နခခ (၁၀) သို့ ခေါ်ယူကာ AA/ULA က အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရပါသည်။
စည်းဝေးပွဲသို့ ULA ဖက်မှ ခရိုင်မှူး၊ မြို့နယ်မှူး ၊ နိုင်ငံရေးမှူး၊ ဂျူရီအဖွဲ့တို့ တက်ရောက်ခဲ့ပြီး ယင်းသို့ မှာကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးတက်ရောက်သူတဦးက ပြောကြားချက်အရ မောင်တောခရိုင်အတွင်း ရိုဟင်ဂျာများ မူလပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများအားလုံးကို ယနေ့မှစ၍ ULA ၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း အဆိုပါ လယ်ယာမြေများတွင် မင်းတို့ မွတ်ဆလင်များ စိုက်ပျိုးလုပ်ကိုင်လိုပါက မိမိတို့ဆန္ဒအတိုင်း လွတ်လပ်စွာ စိုက်ပျိုးခွင့်မရှိဘဲ ULA ထံမှ ခွင့်ပြုချက်ရရှိပြီးမှသာ စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဟု ULA ခရိုင်မှူးက ပြောကြားခဲ့ကြောင်း သိရပါသည်။
ခရိုင်မှူး၏ ပြောကြားချက်အပြီး ဒေသခံ ရိုဟင်ဂျာရပ်မိရပ်ဖတစ်ဦးက “ယင်းပြောကြားချက်မှာ လက်ရှိ မောင်တောနှင့် ဘူးသီးတောင်တွင် နေထိုင်နေသည့် ဒေသခံ ရိုဟင်ဂျာများ၏ လယ်ယာမြေများကို ရည်ညွှန်းခြင်းလား၊ သို့မဟုတ် တစ်ဖက်နိုင်ငံသို့ စစ်ဘေးရှောင်နေသည့် ရိုဟင်ဂျာများ၏ လယ်ယာမြေများကို ရည်ညွှန်းခြင်းလား” ဟု မေးမြန်းခဲ့ရာ ခရိုင်မှူးက လက်ရှိဒေသတွင် နေထိုင်နေသူများနှင့် စစ်ဘေးရှောင်နေသည့်ရိုဟင်ဂျာများ ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများ အားလုံးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
“အရင်က မင်းတို့မွတ်ဆလင်တွေ ပိုင်ဆိုင်ခဲ့ပေမယ့် အခု ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။ စိုက်ပျိုးလုပ်ကိုင်ခွင့်ပဲ ရှိမယ်။ စိုက်ပျိုးချင်ရင် ဧကအလိုက် အထက်အရာရှိတွေ သတ်မှတ်ထားတဲ့ အခွန်ငွေကို ပေးရမယ်” ဟု ခရိုင်မှူးက ပြန်လည်ပြောကြားခဲ့ကြောင်း သိရပါသည်။
#မောင်တော #ဘူးသီးတောင် #ရိုဟင်ဂျာ #လယ်ယာမြေ #မြေယာအရေး #ရခိုင်ပြည်နယ် ိမ်းပိုက်ပြီး #မူလပိုင်ရှင်များထံ #ပြန်လည်ငှားရမ်းသွားမည်ဟု #စည်းဝေးပွဲအတွင်း ြော