25/08/2026
PET Scan က စျေးပိုကြီးလို့ CT, MRI ထက် ပိုကောင်းတာလား?
အဖြေကတော့ — မဟုတ်ပါဘူး။
CT, MRI နဲ့ PET Scan သုံးမျိုးလုံးက ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးပေးပေမယ့် ကြည့်ပေးတဲ့အရာ မတူကြပါဘူး။
လွယ်လွယ်မှတ်မယ်ဆိုရင်—
🩻 CT Scan = ခန္ဓာကိုယ်အတွင်းက ပုံသဏ္ဍာန်ကို မြန်မြန်ကြည့်ခြင်း
CT Scan က X-ray ကိုအသုံးပြုပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက်ပုံဖော်ပေးပါတယ်။
အရေးပေါ်အခြေအနေတွေမှာ စစ်ဆေးချိန်မြန်တာကြောင့်—
* ဦးခေါင်းထိခိုက်မှုနှင့် သွေးယိုခြင်း
* အဆုတ်ပြဿနာများ
* အရိုးကျိုးခြင်း
* ဝမ်းဗိုက်အတွင်း ပြဿနာများ
* ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းကျောက်
* ကင်ဆာအကျိတ်၏ အရွယ်အစားနှင့် တည်နေရာ
တို့ကို စစ်ဆေးရာမှာ အသုံးများပါတယ်။
CT မှာ X-ray ရောင်ခြည်အသုံးပြုပေမယ့် အရေးပေါ်လူနာကို မြန်မြန်စစ်ဆေးနိုင်တာက အဓိကအားသာချက်ပါ။
🧲 MRI = အတွင်းသားနဲ့ အာရုံကြောတွေကို အသေးစိတ်ကြည့်ခြင်း
MRI က X-ray ရောင်ခြည်မသုံးဘဲ အားပြင်းတဲ့ သံလိုက်နဲ့ ရေဒီယိုလှိုင်းကို အသုံးပြုပါတယ်။
အထူးသဖြင့်—
* ဦးနှောက်နှင့် အာရုံကြော
* ကျောရိုးနှင့် ခါးရိုး
* ကြွက်သား၊ အရွတ်နှင့် အဆစ်
* သားအိမ်၊ အသည်းနှင့် အခြားကိုယ်တွင်းအင်္ဂါများ
* အကျိတ်အချို့
ကို အသေးစိတ်ကြည့်ဖို့ အသုံးဝင်ပါတယ်။
MRI က CT ထက် အချိန်ပိုကြာနိုင်ပြီး စက်ထဲမှာ ငြိမ်ငြိမ်နေရပါတယ်။ Pacemaker သတ္တုအစားထိုးပစ္စည်း သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ သတ္တုတစ်ခုခုရှိရင် မစစ်ခင် ဝန်ထမ်းကို မဖြစ်မနေပြောရပါမယ်။ RadiologyInfo – MRI
☢️ PET Scan = ဆဲလ်တွေ ဘယ်နေရာမှာ ပိုတက်ကြွနေလဲ ကြည့်ခြင်း
CT နဲ့ MRI က ကိုယ်တွင်းအင်္ဂါတွေရဲ့ ပုံသဏ္ဌာန်ကို အဓိကကြည့်ပေမယ့် PET Scan က ဆဲလ်တွေရဲ့ လှုပ်ရှားမှု ကိုကြည့်တာပါ။
စစ်ဆေးမယ့်သူကို ရောင်ခြည်အနည်းငယ်ပါဝင်တဲ့ ဆေးတစ်မျိုး ထိုးပေးပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ဆေးကို ပိုမိုစုပ်ယူထားသလဲ ကြည့်ပါတယ်။
အများအားဖြင့်—
* ကင်ဆာ ဘယ်အဆင့်ရောက်နေပြီလဲ
* တခြားနေရာကို ပျံ့နှံ့ထားသလား
* ကုသမှုထိရောက်မှုရှိသလား
* ကုသပြီးနောက် ပြန်ဖြစ်လာသလား
ဆိုတာတွေကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ PET ကို CT နဲ့ပေါင်းပြီး PET/CT အနေနဲ့ စစ်ဆေးတာများပါတယ်။
⚠️ PET Scan မှာ တောက်နေတိုင်း ကင်ဆာလို့ မဆိုလိုပါဘူး။
ပိုးဝင်ရောင်ရမ်းနေတဲ့ နေရာတွေလည်း ဆေးကိုပိုစုပ်ယူပြီး တောက်နိုင်ပါတယ်။ ဒါကြောင့် PET Scan တခုတည်းနဲ့ ကင်ဆာဖြစ်၊ မဖြစ် အဆုံးအဖြတ်မပေးနိုင်ဘဲ တခြားစစ်ဆေးမှုတွေနဲ့ တွဲဖက်ကြည့်ရပါတယ်။
အတိုချုံးမှတ်မယ်ဆိုရင်—
✅ CT = မြန်မြန်ကြည့်ချင်တဲ့အခါ
✅ MRI = အတွင်းသားနဲ့ အာရုံကြောကို အသေးစိတ်ကြည့်ချင်တဲ့အခါ
✅ PET = ဆဲလ်တွေရဲ့ လှုပ်ရှားမှုနဲ့ ကင်ဆာပျံ့နှံ့မှုကို ကြည့်ချင်တဲ့အခါ
ဘယ် Scan က အကောင်းဆုံးလဲဆိုတာ မရှိပါဘူး။
လူနာရဲ့လက္ခဏာနဲ့ ဆရာဝန်သိချင်တဲ့အချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ Scan ကို ရွေးချယ်ရတာပါ။
ကိုယ်ဝန်ရှိနိုင်ခြင်း၊ နို့တိုက်နေခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆေးမတည့်ဖူးခြင်း၊ ဆီးချိုရောဂါ သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ သတ္တုပစ္စည်းရှိခြင်းတို့ကို စစ်ဆေးမှုမတိုင်ခင် ဆရာဝန်နဲ့ဝန်ထမ်းကို ကြိုပြောထားပါ။
#ကျန်းမာရေးဗဟုသုတ