Morning Mile

Morning Mile မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ဟာ ခဏတာဖြတ်သန်းမှုပဲ…

ခဏတာ အတွင်းမှာ ငါတို့ဟာ ရသ ပေါင်းစုံနဲ့ ထိ​တွေ့ရတယ်…

ငါတို့ ရသ တွေဟာ ဘယ်လောက်များ ရသမြောက်လိုက်သလဲ…

08/06/2026

Monday rainy day

ဖြူလျော်လျော် မီးချောင်းလင်းလင်းအောက်က စင်္ကြံလျှောက်လမ်းဟာ နေ့နဲ့ညကို ခွဲခြားမရလောက်အောင် ဝေဝါးလို့နေတယ်။အသက်ရှူသံ ခပ်ပ...
04/06/2026

ဖြူလျော်လျော် မီးချောင်းလင်းလင်းအောက်က စင်္ကြံလျှောက်လမ်းဟာ နေ့နဲ့ညကို ခွဲခြားမရလောက်အောင် ဝေဝါးလို့နေတယ်။

အသက်ရှူသံ ခပ်ပြင်းပြင်းတွေက တိတ်ဆိတ်လွန်းတဲ့ ကော်ရစ်ဒါကို ဖုံးလွှမ်းထားပြီး စက်ပစ္စည်းတွေရဲ့ တတီတီ မြည်သံဟာ နှလုံးခုန်သံတွေထက် ပိုပြီး စည်းချက်မှန်နေတာ စိတ်ခြောက်ခြားစရာကောင်းလှတယ်။

ကတ္တရာစေးရောင် ညနက်ထဲမှာ ရုတ်တရက် အော်မြည်သွားတဲ့ ကျီးနက်တစ်ကောင်ရဲ့ အသံက ညဉ့်နက်သန်းခေါင်ရဲ့ အေးစက်မှုကို ပိုပြီး လေးလံသွားစေတယ်။

အချိန်တွေဟာ ကမ္ဘာဦးကလိုပဲ တုံ့ဆိုင်းလွန်းလှတယ်။ ဘီးတပ်တွန်းလှည်းတွေ ဖြတ်မောင်းသွားတိုင်း ထွက်ပေါ်လာတဲ့ တကျိကျိအသံဟာ ကြမ်းပြင်ပေါ်မှာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့ မျှော်လင့်ချက် တွေလိုပဲ။

သံချေးတက်ချင်နေတဲ့ လှည်းဘီးလေးတွေပေါ်မှာ သက်ရှိနဲ့ သက်မဲ့ ကြားက နယ်နိမိတ်ကို ဖြတ်သန်းနေရတဲ့ အသက်ဝိဉာဉ်တွေ တင်ဆောင်ထားတယ်။

နံရံကို ကျောမှီပြီး ငုတ်တုတ်လေး ထိုင်နေကြတဲ့ လူနာစောင့်တွေရဲ့ မျက်ဝန်းတွေထဲမှာ မောပန်းနွမ်းနယ်မှုတွေဟာ အိုင်ထွန်းလို့။ သူတို့ရဲ့ သက်ပြင်းချသံတွေဟာ ဆေးရုံအဆောက်အအုံဟောင်းကြီးရဲ့ အင်္ဂတေကွဲကြောင်းတွေကြားထဲ အစီအစဉ်မရှိ တိုးဝင် ပျောက်ကွယ်သွားကြတယ်။

ဆေးဝါးနံ့စူးစူးနဲ့ ကာဘောလစ်နံ့တွေ ရောပြွမ်းနေတဲ့ လေထုကို ရှူသွင်းမိတိုင်း ရင်ထဲမှာ အေးခဲတောင့်တင်းမှုကို ခံစားရတယ်။

ဒီတံတိုင်းတွေ ဒီစင်္ကြံလမ်းတွေဟာ ပျော်ရွှင်မှုတွေကို ကန့်သတ်ထားတဲ့ နယ်မြေတစ်ခုလိုပါပဲ။ ကိုယ်စီပူပန်မှုတွေနဲ့ သီးခြားကမ္ဘာတစ်ခုမှာ ရုန်းကန်နေကြရတယ်။

ဒီအမှောင်ထုနဲ့ နာကျင်ခြင်းတွေကြားထဲမှာပဲ တစ်ယောက်ကိုတစ်ယောက် ဖေးမထားတဲ့ လက်တစ်စုံ၊ ကြမ်းပြင်ပေါ်မှာ ခင်းထားတဲ့ ဖျာလိပ်လေးတစ်ချပ်နဲ့ မျှော်လင့်ချက်ကို တိတ်တဆိတ် ဆုတောင်းနေတဲ့ နှုတ်ခမ်းဖျားတွေက သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်တည်မှုကို သက်သေပြနေတယ်။

ညဟာ ရှည်လျားလွန်းပါတယ်။ အလင်းရောင်လာမယ့် မနက်ခင်း
တစ်ခုကို တိတ်တဆိတ် စောင့်မျှော်လင့်ရင်းနဲ့ပေါ့…






#နာကျင်ခြင်းတို့ငြိမ်သက်ရာ

စောင့်မျှော်​နေရင်းနဲ့ပေ့ါ…

22/05/2026

နံနက်ခင်းသြဝါဒ

တိမ်တွေကို ကြည့်ပါ
လယ်ကွင်းတွေကို ကြည့်ပါ
ပြတင်းပေါက်ရှိတဲ့ အိမ်မှာနေပါ...

လက်ဖက်ရည်ဆိုင် ထိုင်ပါ
ဘဝကို တငုံစီသောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်ပါနဲ့...

ဖြတ်သွား ဖြတ်လာတွေကို ငေးမော
ရာဇဝင်တွေကို ငေးမော
မိမိကိုယ်မိမိ ငေးမောပေါ့...

နေရောင်ခြည် နောက်ကျတတ်တယ်...
သတင်းစာ နောက်ကျတတ်တယ်...
ချိန်းထားတဲ့သူဟာလည်း နောက်ကျတတ်တာပါပဲ ။

#သစ္စာနီ

ငါတို့မှာ ဒုက္ခ"ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူးပေါ့လေ "မကိုက်ပါဘူး•••တဲ့ ။ငါတို့မှာ ကြားရတယ် ဦးပုည မေတ္တာစာ ဖတ်ရသက...
19/05/2026

ငါတို့မှာ ဒုက္ခ

"ပါးစပ်ထဲ လက်ထည့်ရင်တောင်
မကိုက်တတ်ဘူးပေါ့လေ "
မကိုက်ပါဘူး•••တဲ့ ။
ငါတို့မှာ ကြားရတယ်
ဦးပုည မေတ္တာစာ ဖတ်ရသကဲ့သို့ပေါ့လေ
ငါတို့မှာ ကြားရတယ်
ကြားတော့ ယုံရတယ် ။

ယုံရမှာပေါ့လေ
ကြားလို့ကောင်းတာကိုး ။
ကြားလို့ ကောင်းတာပေါ့လေ
ကြားလို့ကောင်းအောင် ပြောတာကိုး။

အဲသလောက် ကြားကောင်းတာကို မယုံခဲ့ရင်
ငါတို့ အလွန်ကိုး။

ဒုကၡ ဒုကၡ
ငါတို့မှာ ဒုက္ခ ။

#အောင်ချိမ့်




18/05/2026

ချစ်သောတနင်္လာ

တနင်္လာဟာ
ပြန်ပြန်ရောက်လာတယ်

ငါသတိပြုမိတိုင်းမှာ တနင်္လာ
ငါလွန်သွားခဲ့ရင်လည်း တနင်္လာ

နေ့ထဲဝင်ရောက် ပျောက်ကွယ်တတ်တာလည်း တနင်္လာ
ဘဝတစ်ခု အစပြုနေတာလည်း တနင်္လာ

ကော်ဖီသောက်ပါ တနင်္လာ
တစ်ယောက်ယောက်ကို စောင့်နေရတာလည်း တနင်္လာ

တနင်္လာမှာ
ဘယ်သူမှ ဘာမှမလုပ်ဘူးလား
အချစ်ဟာ တနင်္လာမှာ ခြောက်တဲ့ သ ရဲလား

တစ်စုံတစ်ယောက်ကို ချစ်ဖို့ဖြစ်လာခဲ့ရင်
တနင်္လာနေ့မှာပဲ ချစ်ချင်ပါတယ်
နှစ်ခါပြန်ချစ်ချင်ပါတယ်။

#စိုင်းဝင်းမြင့်




ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ…တစ်ခါတရံမှာ အိပ်မက်လို..ပင်ညိုညိုရိပ်တွေမြမြက်စိမ်းစိမ်းတွေဘယ်ဆီမှာလဲ မသိတော့ပါ….မျှော်လင့်ချက်...
12/05/2026

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ…
တစ်ခါတရံမှာ အိပ်မက်လို..

ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ….

မျှော်လင့်ချက် မနက်ဖြန်ရက်များ
အဆင်မပြေနိုင်သေးခင်….

ယုံကြည်တမ်းတ
အသိစိတ်လမ်းလျှောက်နေဖြစ်စဉ်…

#ဝေးခဲ့ပြီပန်းခရမ်းပြာ
#ဦးရဲလွင်
#ခင်မောင်တိုး



03/05/2026

ပူအိုက် စွတ်စိုတဲ့ အဲ့ဒီ လမ်းကလေးမှာ ကျွန်တော်တို့ အတူတူ မိုးခိုခဲ့ကြပါရဲ့

#တာရာမင်းဝေသေနေတဲ့ကဗျာ

30/04/2026

ဂီတကို ခန္ဓာကိုယ် လှုပ်ယမ်းရင်းနဲ့ စည်းချက်ကျကျ ခံစားမိသွားတဲ့ လှပတဲ့ ညကလေးဖြစ်ခဲ့ရပါတယ်။

#ဒဲရစ်မေလာ #

လွတ်ထွက်ခြင်း...တစ်စုံတစ်ခုကို ပိုင်ဆိုင်ဖို့ တွေးလိုက်တာနဲ့ ပူလောင်မှုက စတင်တော့တာပါပဲ။ အရာတစ်ခုကို စတင်ပျိုးထောင်လိုက်...
26/04/2026

လွတ်ထွက်ခြင်း...

တစ်စုံတစ်ခုကို ပိုင်ဆိုင်ဖို့ တွေးလိုက်တာနဲ့ ပူလောင်မှုက စတင်တော့တာပါပဲ။ အရာတစ်ခုကို စတင်ပျိုးထောင်လိုက်ပြီဆိုကတည်းက တစ်နေ့မှာ လက်လွှတ်ရမှာကို ကြိုတွေးပြီး စိတ်ကို အကြိမ်ကြိမ် ဒဏ်ရာပေးနေမိခဲ့တယ်။

ကောင်းခြင်းကရတဲ့ ပျော်ရွှင်မှုတွေရော ဆိုးခြင်းကပေးတဲ့ ဒဏ်ရာတွေပါ အကုန်လုံးကို "ငါ့ဟာ" အဖြစ် သိမ်းပိုက်ထားမိတဲ့ အခါ ရင်ထဲမှာ အရမ်းကို လေးလံလာတာပါပဲ...

ပိုင်ဆိုင်ချင်တဲ့စိတ် ပြင်းပြလေလေ အဲ့ဒီအရာ ပျောက်ဆုံးသွားမှာကို စိုးရိမ်ရတဲ့ စိတ်နဲ့တင်ကိုယ့် ကိုယ်ကိုယ်အကျဉ်းချထားသလိုဖြစ်နေခဲ့ရလေပါပဲ.......

ဝေဿန္တရာမင်းကြီးလို အရာရာကို စွန့်လွှတ်နိုင်တဲ့ စိတ်ဓာတ်မျိုးတော့ ရှိမနေပါခဲ့ပါဘူး....
စွန့်လွှတ်ခြင်းရဲ့ မြင့်မြတ်မှုကို သာဓုခေါ်နိုင်ပေမဲ့ ကိုယ့်လက်ထဲက သေးငယ်တဲ့ အရာလေးတစ်ခု လွတ်ထွက်သွားမှာကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြောက်နေရတဲ့ သာမန်မိန်းကလေးတစ်ယောက်ထက် လည်း ပိုမနေခဲ့ပါဘူး...

တောင်စွယ်နောက်ကို ညင်သာစွာ ပုန်းကွယ်သွားတဲ့ နေလုံးကြီးရဲ့ နောက်ဆုံးအလင်းရောင် ၊ကမ်းခြေကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လာပြီးမှ အားအင်ကုန်ခမ်းစွာ ပြန်လည် ဆုတ်ခွာသွားတဲ့ လှိုင်းလုံးတွေ၊ ခြေဖဝါးအောက်မှာ နူးညံ့စွာ နစ်မြုပ်ထိတွေ့သွားတဲ့ သဲဖြူဖြူလေးတွေ၊ လေထဲမှာ ပါလာတဲ့ ငန်ကျိကျိ ဆားနံ့နဲ့ငါးညှီနံ့တွေဟာသဘာဝတရားဆီကိုဆွဲခေါ်သွားကြတာပါပဲ…..

ညဉ့်နက်လာတဲ့အခါ ပင်လယ်ငါးဖမ်းလှေတွေဆီက မှိတ်တုတ်မှိတ်တုတ် လင်းလဲ့နေတဲ့ အစိမ်းရောင် မီးမှိန်မှိန်လေးတွေ သဲသောင်ပေါ်မှာ အကင်းပါးလှတဲ့ ဂဏန်းလေးတွေ ဘေးတိုက်ပြေးလွှား နေကြတာတွေ ပြီးတော့ ကြည်လင်ပြောင်လဲ့နေပေမဲ့ အသက်ငင်နေတဲ့ ငါးပျော့ကောင်လေး တွေကလည်း လောကရဲ့ ဖြစ်ပျက်ခြင်းသဘောကို ငြိမ်သက်စွာ ပြသနေကြတယ်လေ…

ဒါကလည်း တစ်ကိုယ်ရေစာ အတွေးသေးသေး တစ်ခုရယ်ပါ....

တစ်ခါတစ်ရံ ခြေထောက်ကို စစ်ခနဲ နာကျင်စေတဲ့ သဲသောင်ကျောက်ထုတွေ နေရောင်ကို တိုးဝင်ခွင့်ပေးထားတဲ့ အပင်ရှည်ကြီးတွေနဲ့ တံတိုင်းမရှိဘဲ ရိုးရှင်းစွာ တည်ရှိနေတဲ့ အိမ်ခြေတွေ ကိုယ့်နားကို ယုံကြည်အားကိုးစွာနဲ့ ခေါင်းတိုးဝင်လာတတ်တဲ့ ခပ်လည်လည် ခွေးတစ်ကောင်ရဲ့ အကြည့်တွေ။

ဘာကိုမှ ကိုယ်ပိုင်အဖြစ် သတ်မှတ်မထားဘဲ မြင်ရုံ၊ ကြားရုံ၊ ထိတွေ့ရုံသက်သက်နဲ့တင် ရင်ထဲမှာ ငြိမ်းချမ်း သွားရတဲ့ ဒီလိုခံစားချက်မျိုးကိုပဲ ပိုင်ဆိုင်ချင်တယ် ပြောရင် ရယ်ကြမလားပဲ..

ပိုင်ဆိုင်ခြင်း ဆိုတဲ့ အတွေးကို ခဏလောက် ဘေးဖယ်ထားပြီး အတ္တကို လျှော့ချကြည့် လိုက်တဲ့အခါမှာတော့... ချစ်ခြင်းတရားဆိုတာ အဝေးကြီးမှာ ရှာစရာမလိုဘူးဆိုတာ သတိပြု မိလာတာပါပဲ။

ပိုင်ဆိုင်ခြင်းရဲ့ လေးလံမှုကနေ လွတ်မြောက်သွားတဲ့ အခိုက်အတန့်မှာ ကျွန်မရဲ့ စိတ်ဝိညာဉ်ဟာ ကမ်းခြေကို ရိုက်ခတ်ပြီး ပြန်အထွက်မှာ လှိုင်းနဲ့အတူ ပါသွားတဲ့ သဲမှုန်လေးတစ်ခုလိုပါပဲ...

ဘယ်ကိုမှ ရောက်ချင်တဲ့ ရည်ရွယ်ချက်မရှိတော့ဘဲ လွတ်လပ်စွာ လွတ်ထွက်သွားခဲ့ပြီလေ....





၂၄ နာရီ"တစ်ရက်ပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင် မင်းဘာလုပ်မလဲ" လို့ သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ အဲ့ဒီတုန်းကတော့ ရေရေရာရာ အဖြ...
20/04/2026

၂၄ နာရီ

"တစ်ရက်ပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင် မင်းဘာလုပ်မလဲ" လို့ သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။

အဲ့ဒီတုန်းကတော့ ရေရေရာရာ အဖြေမပေးနိုင်ခဲ့ပေမဲ့ တခြားသူတွေကတော့ ချစ်ရသူတွေနဲ့ နေမယ်။

လုပ်ချင်တာတွေ အကုန်လုပ်ပစ်မယ်လို့ ဖြေကြတာပေါ့။

ကျွန်မ စဉ်းစားမိတဲ့အဖြေကတော့ တစ်နေကုန် "အိပ်ပစ်ဖို့" ပါပဲ။

တစ်ခါတလေ ကိုယ့်အတွေးက ရူးကြောင်ကြောင်နိုင်လွန်းတယ်လို့ ထင်မိသေးတယ်။

အသက် ၃၀ မှာ ၁၀ နှစ်လောက်က သူ့အတွက် အိပ်ချိန်တွေနဲ့ ကုန်ဆုံးနေခဲ့တာလို့ ရွဲ့ပြောတဲ့ သူငယ်ချင်းကို ကျွန်မ ကဲ့ရဲ့ဖူးခဲ့တယ်။

လောကမှာ သွားစရာ၊ စားစရာနဲ့ လုပ်စရာတွေ ဒီလောက် များနေတာကို ဘာလို့ အဓိပ္ပာယ် မရှိ အိပ်စက်ရင်း အချိန်ဖြုန်းမှာလဲလို့ပေါ့။

အိပ်တာက ဘယ် အချိန်အိပ်အိပ်ရနေတာပဲဆိုပြီးတော့လည်းတွေးခဲ့ဖူးတာကိုး။

ဒါပေမဲ့ အရာရာကို ခံစားသက်ဝင်ပြီး တက်ကြွလှုပ်ရှားတတ်တဲ့ ကျွန်မက တစ်ရက်သာ အသက်ရှင် ရတော့မယ်ဆိုတဲ့ အသိနဲ့ စဉ်းစားကြည့်တဲ့အခါမှာတော့ အိပ်နေဖို့ပဲ ခေါင်းထဲ ရောက်နေတော့တာပါပဲ။

မျှော်လင့်ချက်တွေနောက် လိုက်ရင်း သူတစ်ပါးအလိုကျ နေထိုင်ရင်းနဲ့ ကျွန်မ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ပြေးထားမိသလဲ။

ဒါဟာ အရာရာကို လက်လျှော့လိုက်တာလားဆိုတော့... ဟုတ်ပါတယ်

တကယ်ကို လက်လျှော့လိုက် တာပါ။

လူတွေဟာ နောက်ဆုံးအချိန်မှာ အဖြစ်ချင်ဆုံးအရာကို တောင့်တကြတာ မဟုတ်လား။ ကျွန်မ အဖြစ်ချင်ဆုံး တောင့်တမိတာကလည်း အိပ်မောကျသွားဖို့ပါပဲ။

သေဒဏ်ပေးခံရမယ့်သူတွေကို နောက်ဆုံးဆန္ဒ ဖြည့်ဆည်းပေးတတ်တဲ့ အစဉ်အလာကို ရုပ်ရှင်တွေမှာ တွေ့ဖူးတယ်။

ကျွန်မသာ သူတို့နေရာမှာဆိုရင် ဆေးလိပ်တစ်လိပ်တောင် တောင်းသောက်မှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ဘာမှ မှာတမ်းခြွေချင်စိတ် ရှိမှာမဟုတ်ဘူး။

လူတွေဟာ သေခြင်းတရားနဲ့ နီးကပ်လာရင် ကြောက်တတ်ကြတယ်လို့ ဆိုကြတယ်။

အိပ်ပျော်နေရင်း သေဆုံးသွားခြင်းကို ကံကောင်းခြင်းလို့ သတ်မှတ်ထားကြတာမို့ အဲ့ဒီကြောက်စိတ်တွေကနေ ကာကွယ်ဖို့ ကျွန်မအိပ်စက်ခြင်းကိုပဲရွေးချယ်မိတာလည်း ဖြစ်ပါလိမ့်မယ်...

တစ်ခါတလေ ပြန်တွေးမိပြန်တယ်... အိပ်စက်ရမယ့်ရက်တွေ ဒီလောက်ရှည်လျားနေဦးမှာကိုတောင် အိမ်မက် တွေကြားမှာ လူးလွန့်...စိတ်အစာမပြေမှုတွေကြားမှာ တွန့်ဆုတ်နေရတဲ့ ကျွန်မဟာ တကယ်တမ်း သေဖို့တစ်ရက်ပဲလိုတော့တဲ့အချိန်မှာကောအိပ်မောကျနိုင်ပါ့မလားလို့။

အိပ်ပျော်နိုင်မယ်လို့တော့ ထင်ပါတယ်။ လူတွေဟာ တစ်စုံတစ်ခုကို ပိုင်ဆိုင်ဖို့ ဆုပ်ကိုင်ထားကြလို့သာ အဲ့ဒီနောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် အိပ်မပျော်နိုင်ကြတာ မဟုတ်လား။

“တစ်ရက်" ဆိုတဲ့ အချိန်အတိုင်းအတာပဲ ရှိတော့တယ်ဆိုရင်တော့ အရာအားလုံးကို အလိုလို လွှတ်ချနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အချိန်မရွေး သေဆုံးနိုင်တာမို့ လောဘ၊ မောဟတွေကို လွှတ်ချထားဖို့ တရားတွေ နားထောင်ဖူးပေမဲ့ လူပဲလေ...

“အချိန်မရွေး" ဆိုတာကိုတော့ ခပ်တည်တည်ပဲ ဥပေက္ခာပြုထားပြီး Deadline နဲ့ကျမှသာ အစီအစဉ်တွေ ချတတ်ကြတယ်ဆိုတော့ ..

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး အူယားဖို့ကောင်း လောက် အောင် အသားကျနေတဲ့ မိတာပါပဲ။

နောက်ဆုံးတော့လည်း... ကျွန်မအတွက် အကောင်းဆုံးလက်ဆောင်ဟာ တစ်ဖက်ကမ်းကူးဖို့ လှေတစ် စင်းမဟုတ်ဘဲ အနှောင်အဖွဲ့ကင်းကင်းနဲ့ အိပ်မောကျခွင့်ရမယ့် "ခေါင်းအုံး" တစ်လုံးသာ ဖြစ်ပါလိမ့်မယ်။



Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Morning Mile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share