11/03/2026
ဘာစကားတစ်ခွန်းမှ မပြောဘဲ ချစ်သူမျက်နှာကို ငေးကြည့်ချင်စိတ်ဟာ ချစ်ရတဲ့သူနဲ့မှ ဖြစ်လာတဲ့ စိတ်ပါ ။
ကိုယ့်မှာ စိတ်ရှုပ်စရာတွေ ဘယ်လောက်ရှိရှိ ၊ ဒီနေ့ဟာ လုပ်ငန်းခွင်ထဲမှာ ပြဿဒါး ဖြစ်နေရင်တောင်မှပဲ ချစ်သူမျက်နှာလေး မြင်လိုက်တာနဲ့ အသံလေးကြားလိုက်တာနဲ့ကို ရက်ရာဇာ ဖြစ်သွားတာလည်း ဓမ္မတာပါပဲ ။
အချစ်ဆိုတာ သိပ်ဆန်းကြယ်တယ် ... ဟန်ဆောင်ပြီး ချစ်ပြလို့ မရဘူး ။ ချစ်တယ်လို့ ဘယ်လောက်ပဲပြောနေပါစေဦး ... ရင်ထဲကနေ တကယ်ချစ်တာ မဟုတ်သရွေ့ နူးနူးညံ့ညံ့လေး ချစ်နိုင်မယ်မထင်ဘူး ။
အချစ်ရဲ့ အနောက်မှာ မေတ္တာဟာ ကပ်ပါလာတယ် ... မေတ္တာတွေ ပိုလာတော့ အေးချမ်းစေချင်လာတယ် ၊ ပျော်ရွှင်စေချင်လာတယ် ၊ ငေးမောကြည့်ချင်လာတယ် ။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ ဆိုကြပါစေဦး ... မေတ္တာဓာတ်က အင်အားကြီးနေရင် ရယူတာတွေ ၊ ဆုံးရှုံးတာတွေအသာထား ကိုယ်နဲ့ရှိနေစဉ်အခိုက်အတံ့လေးအတွင်းမှာ ကိုယ့်ချစ်သူလေးပျော်ရွှင်ဖို့ကိုပဲ ဗဟိုပြုတော့တာ။
အချစ် နဲ့ မေတ္တာ ပေါင်းစပ်သွားတော့ နောက်ထပ် စေတနာ ဆိုတာလေး ထပ်ဖြစ်လာပြန်ရော ...
ကိုယ့်အတွက်က အရေးမကြီးဘူး ... သူ့အတွက် ၊ သူ့အကြိုက် ၊ သူလိုချင်တာလေးတွေကို ကိုယ့်အတွေးလေးနဲ့ကိုယ် ဖြည့်ဆည်းပေးချင်လာပြန်ရော ။ တန်ဖိုးကြီးတာ ၊ နည်းတာ မဆိုင်ဘူးနော် ။ " ကိုယ့်အတွက် ကိုယ်တောင် မသဒ္ဒါပေမယ့် သူ့အတွက်ကျ ဘာလေးမဆို ဝယ်ပေးချင် ၊ ဖြည့်ဆည်းပေးချင်တဲ့ စေတနာပဲ " ။
အသံလေး ကြားလိုက်တာနဲ့ ပြုံးမိသွားတာမျိုး
အတွေးထဲ ဝင်လာတဲ့ သူ့ပုံရိပ်လေးကြောင့် ကြည်နူးမိသွားတာမျိုး
သူ့လက်ဖဝါးနုနုလေးကို ကိုင်ထားတဲ့အချိန်တိုင်း စကြာဝဠာတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရသလိုမျိုး
ဒီခံစားချက်တွေကလေ ကိုယ် တကယ် နှစ်နှစ်ကာကာ ချစ်ရတဲ့သူနဲ့မှ ဖြစ်ပေါ်လာတာ ။
သူ့ပျော်ရွှင်မှုနဲ့ ကိုယ့်ပျော်ရွှင်မှုက တိုက်ရိုက်အချိုးကျနေရင် ကိုယ် ရယ်မောနေတယ်ဆိုတာ ကိုယ့်ချစ်သူလေး ပြုံးပျော်နေလို့များလားလို့ တွေး,တွေးပြီး ကြည်နူးနေမယ်ဆိုတာ အပိုမဟုတ်ဘူး ။
ချစ်တယ်လို့ ပါးစပ်ကနေ လိမ်ပြောလို့ရပေမယ့် ခံစားချက်တွေဟာ လိမ်လို့မရဘူး ။ တကယ်ချစ်လာတဲ့အခါ ချစ်တယ်ဆိုတဲ့စကားက ကိုယ့်အချစ်ကို ဖော်ပြဖို့ မလုံလောက်တော့ဘူး တဲ့ ။
- အယ်လ်ဇ