22/05/2022
''နီ နွေး ကွေး စို့ အော်''
APGAR
👩 ဆရာမ … ကျွန်မက ခုမှ သားဦးမွေးထားတာဆိုတော့ ကလေးပေါက်စလေးကို ဂရုစိုက်ရတာ စိတ်ထဲ စိုးရိမ်စိတ်များနေပါတယ်။ တခုခုဖြစ်ရင် မသိလိုက်ဘဲ အချိန်လွန်မှ သိရတာမျိုး ဖြစ်မှာ စိုးရိမ်နေရပါတယ်။ ဘယ်လို လက္ခဏာတွေက အရေးကြီးသလဲ ဆိုတာလေး ပြောပြပေးပါဆရာမ။
👩⚕️ ဟုတ်ပြီ။ အမေက ခုလိုမေးတာ သိပ်ကောင်းတယ်။ ကလေးငယ်လေးတွေကို ပြုစုရတာ မလွယ်ကူဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သိပ်ခက်ခဲနေတာတော့လည်း မဟုတ်ပါဘူးနော်။
👩⚕️ ဆရာမအနေနဲ့ အလွယ်မှတ်နည်း ကြည့်နည်းလေးသင်ပေးလိုက်မယ်နော်။ ဒီနည်းက ဆရာမတို့ရဲ့ ဆရာကြီးသင်ပေးထားတဲ့နည်းလေးပါ။ မှတ်ရလွယ်သလို အလွန်လဲအသုံးဝင်တာမို့ သေချာမှတ်ထားနော်။
''နီ နွေး ကွေး စို့ အော်'' တဲ့။
✅ နီ - နီဆိုတာက မွေးကင်းစကလေးငယ်လေးတွေကို ကြည့်လိုက်ရင် အသားလေးတွေ ပန်းသွေးထနေတတ်တယ်။ နီနီထွေးထွေး ချစ်စရာလေးပေါ့။ အဲဒါ ကျန်းမာတဲ့ လက္ခဏာတစ်ခုပဲ။ အဲလိုမဟုတ်ဘဲ ကလေးက ဖြူဖျော့လာမယ်, ကလေးလေးရဲ့ ပါးစပ် ပါးစောင်လေးတွေ မနီတော့ဘဲ ပြာတာတာဖြစ်မယ်, လက်ဖျားခြေဖျားလေးတွေ ပြာတာတာဖြစ်မယ် ဆိုရင် ဒါအရေးကြီးတဲ့ လက္ခဏာတစ်ခုပဲ။ (လက်ဖျားဖြေဖျားလေးတွေက မွေးစ နာရီပိုင်းအတွင်းမှာ ပြာတာကတော့ ပုံမှန်ပါပဲ။)
✅ နွေး - ကျန်းမာတဲ့ ကလေးငယ်လေးဟာ နွေးနွေးထွေးထွေး ရှိနေရမယ်။ နွေးထွေးအောင်ထားရမယ်။ ခြေဖျားလက်ဖျားလေးတွေ အေးလာရင် အမြန်ဆုံးနွေးအောင် လုပ်ပေးရမယ်။ အဲဒါကိုမှ မနွေးလာဘဲ အေးနေမယ်ဆိုရင် စိုးရိမ်ရတယ်။ ဒါကြောင့် မွေးစရက်တွေမှာ ဦးထုပ် ခြေအိတ် လက်အိတ်လေးတွေစွပ်ပေးရတယ်။ အနှီးလေးနဲ့ထွေးထားလို့ရတယ်။ ဆံပင်လေးတွေက ခေါင်းကလေးမအေးအောင် ကာကွယ်ပေးတာမို့ သုံးလအထိ ကတုံးမတုံးဘဲ ထားရမယ်။
✅ ကွေး - အမေ့ဝမ်းထဲမှာ ကွေးကွေးလေးနေခဲ့တာမို့ မွေးကင်းစကလေးတွေရဲ့ ကိုယ်နေဟန်ထားလေးကို ကြည့်လိုက်ရင် ခြေလက်လေးတွေ ကွေးနေတတ်တာ ကျန်းမာတဲ့လက္ခဏာဖြစ်တယ်။ ဆန့်ကြည့်ပြီး ပြန်လွှတ်လိုက်ရင်လည်း ကွေးကွေးလေး ပြန်ဖြစ်သွားရမယ်။ အဲလိုမဟုတ်ဘဲ ခြေလက်ကလေးတွေက ပျော့ဖတ်ဖတ်နဲ့ ဘေးမှာပုံကျနေခဲ့ရင် ပုံမှန်လှုပ်ရှားမှုလေးတွေ လျော့နည်းသွားရင် ငြိမ်သွားရင် ဒါ အရေးကြီးတဲ့လက္ခဏာပါပဲ။
✅ စို့ - ဒါကတော့ ရှင်းပါတယ်။ ကျန်းမာတဲ့ ကလေးငယ်လေးဟာ မိခင်နို့ကို ကောင်းကောင်းစို့နိုင်ရမယ်။ နို့စို့နည်းလာရင်, မစို့နိုင်ရင် သိပ်ကိုအရေးကြီးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ နို့တိုက်ပုံတိုက်နည်း, ကလေးအနေအထား, နို့ငုံတဲ့ပုံစံ ဒါတွေ မှန်ကန်ဖို့တော့လိုတယ်နော်။
✅ အော် - ကလေးငယ်လေးတွေက အော်တယ် ငိုတယ် ဆိုတာ ပုံမှန်ပါပဲ။ တနေ့ကိုနှစ်နာရီလောက် ငိုလေ့ရှိပါတယ်။ တလခွဲနှစ်လအရွယ်မှာဆိုရင် အငိုဆုံးအချိန်လို့ပြောလို့ရတယ်။ သုံးလသားလောက်ကစလို့ ငိုတာတဖြည်းဖြည်းလျော့လာပါလိမ့်မယ်။ နို့ဆာလို့လား … လေထိုးလို့လား … ရှူးရှူး အီးအီးစိုနေလို့လား … ပူလွန်းအေးလွန်းလို့လား … အိပ်ချင်လို့လား … ဆိုပြီး အမေတွေခေါင်းခြောက်အောင် စဉ်းစားကြရတာလည်း သဘာဝပါပဲ။ ငိုတာအော်တာ သဘာဝဆိုတော့ မအော်နိုင်တာ မငိုနိုင်တာက အရေးကြီးတဲ့လက္ခဏာတစ်ရပ်လို့ မှတ်ထားရမယ် သတိထားရမယ်နော်။
🆗 ကဲ … ကလေးငယ်လေးအတွက် အရေးကြီးတဲ့လက္ခဏာလေးတွေ သိသွားပြီနော်။ ကိုယ့်ကိုယ်ကို အထိုက်အလျောက်တော့ ယုံကြည်မှုရှိသွားပြီ မဟုတ်လား။ ဒီလက္ခဏာတွေ တစ်ခုခုတွေ့ရင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဌာနတစ်ခုခုဆီ အမြန်ဆုံးသာသွားပေတော့ မေမေရေ။
မေမေတို့ ချစ်စရာရင်သွေးကလေးတွေကို စောင့်ရှောက်နိုင်ပါစေ။ ။
ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်
---------------------------------------------
မေမေတို့အတွက် အလွန်အသုံးဝင်သော "နီ နွေး ကွေး စို့ အော်'' သင်ကြားပေးခဲ့တဲ့ ''ဆရာကြီးဦးစောဝင်း'' အား ကျေးဇူးတင်စွာ ကန်တော့လျက် ~ 🙏🙏🙏
Child Health and Parenting pageမှကူးယူဖော်ပြပါသည်။