Yesagyo Township Info Committee

Yesagyo Township Info Committee Justice, Truth & Peace

စစ်တပ် အင်အား ၈၀ ကျော်ဖြင့် တပ်စွဲထားသော ခမရ ၄၃၃  ကျောက်လုံးကြီး ဗျူဟာကာကင်းစခန်းကို KNU နှင့် တော်လှန်ရေးတပ်များက တိုက်...
30/05/2026

စစ်တပ် အင်အား ၈၀ ကျော်ဖြင့် တပ်စွဲထားသော ခမရ ၄၃၃ ကျောက်လုံးကြီး ဗျူဟာကာကင်းစခန်းကို KNU နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

မေ ၃၀ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (K.N.U)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ် -ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ (၄၃၃) တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာကင်းအဖြစ် ပြန် လည်ဝင်ရောက်တပ်စွဲထားသော "လယ်ဖဒို (ကျောက်လုံးကြီး)" တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန်မှစတင်၍ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာ ရီချောင်းမကြီးနဘေးရှိ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားသော အဆိုပါကျောက်လုံးကြီးတပ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက အပြင်းအထန် တိုက် ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် အဆိုပါ "လယ်ဖဒို (ကျောက်လုံးကြီး)" စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစခန်းသည် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်၊ အမှတ် ၂ ဗျူဟာလက်အောက်ခံတပ်များက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေပြုတပ်စွဲခဲ့သည့် စခန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ နှင့် တော်လှန် ရေးမဟာ မိတ်ပူးပေါင်းတပ်များက စစ်ကောင်စီ၏ "အောင်သာဝရစခန်း" ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ်အတွင်း ထိုကျောက်လုံးကြီးစစ်ဗျူဟာစခန်းသည် စခန်းကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း၊ သို့သော် လည်း နောက်ပိုင်းတွင် အဆိုပါစခန်း၌ စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် စစ်ရေးဗျူဟာကာကင်းတစ်ခုအနေ ဖြင့် ပြန်လည်ဝင်ရောက်ကာ အခြေပြုတပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

Khit Thit Media

ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်း...
30/05/2026

ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဟု AA က ကြေညာ

မေ ၃၀၊ ၂၀၂၆

ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ယမန်နေ့ မေလ ၂၉ ရက်နေ့ ညပိုင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာလက်တွဲလျက် အာရက္ခအမျိုးသားတော်လှန်ရေးကြီးတစ်ခုကို မရုပ်မနား၊ တစိုက်မတ်မတ် ဆင်နွှဲလျက်ရှိကြောင်း၊ လက်ရှိအချိန်ကာလတွင် အာရက္ခတစ်ပြည်လုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အနေအထားသို့ ရောက်ရှိလျက်ရှိပြီး တစ်မျိုးသားလုံး၏ မျှော်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ထုတ် ပြန်ကြေညာလာခြင်းဖြစ်သည်။

ထိုသို့ အောင်မြင်မှုများရရှိလာခြင်းသည် အာရက္ခစစ်သည်တော်တို့၏ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်းစွန့်လွှတ်အနစ်နာခံမှု၊ စီးဆင်းတိုက်ပွဲဝင်ပြီး အောင်ပွဲများရယူနိုင်ခြင်း၏ အကျိုးရလဒ်ဖြစ်သည့်နည်းတူ ရဲရင့်ပြောင်မြောက်သော အာရက္ခပြည်သူလူထုများ၏ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မပြီးပြတ်သေးသော တော် လှန်ရေးကြီး အလုံးစုံပြည့်ဝအောင်မြင်မှုရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များသည် ရှေ့တန်းစစ်မျက်နှာမှနေ၍ ရန်သူများနှင့် အပြင်းအထန် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်နေကြရပြီး ရှုံးမဲမဲနေသော ရန်သူသည် အာရက္ခပြည်သူလူထုများဆိုင်ရာ မြို့ရွာများအား လက်နက်ကြီး၊ လေ ကြောင်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သတိပေးထားသည်။

ယင်းသို့ စစ်မြေပြင်၌ ရန်သူနှင့် စစ်ရေးအရ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရသည့်နည်းတူ ကမ္ဘာ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိသားစုများ သက်ရောက်မှုရှိစေရန် အားထုတ်ကြိုးပမ်းနေကြသည့် အစုအဖွဲ့များ၊ အမျိုးသားသစ္စာဖောက်အချို့၏ တစ်ကိုယ်တော် တိုက်ခိုက်ဆောင်ရွက်ချက်များကိုလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရကြောင်း၊ ထိုကဲ့သို့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက် ခိုက်မှုများကြားထဲမှာပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဥပဒေစိုးမိုးရေး၊ ကျန်း မာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စသည့် တိုင်း ပြည်တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အာရက္ခပြည်သူလူထုများနှင့်တက္က ခိုင်မြဲစွာလက်တွဲလျက် အချိန်နှင့်တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိကြောင်း AA က ပြောဆိုသည်။

မပြီးပြတ်သေးသော အမျိုးသားတော်လှန်ရေးကြီးကြားထဲကပင် လျှောက်လှမ်းရင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်လျက်ရှိသော်လည်း ယခင်အာဏာရှင်အစိုးရအဆက် ဆက် လက်ထက်၌ အာရက္ခဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားခြင်း၊ မြို့ပြစီမံကိန်းများကို စည်းစနစ်ကျစွာ၊ နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်း၊ တည်ဆဲဥပဒေများကို အာဏာ ပိုင်အဆက်ဆက်များနှင့် ကိုယ်ကျိုးရှာစီးပွားရေးသမားများက လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာဆောင်ရွက်ခြင်းများ ရှိခဲ့သောကြောင့် အာရက္ခဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် စိန်ခေါ်မှုမျိုးစုံကို နေ့တိုင်းကြုံတွေ့လျက်ရှိကြောင်း လက်ရှိ အခြေအနေကို AA က အသိပေးထားသည်။

နှစ်ကာလရှည်ကြာ စုပုံနေခဲ့သော အဆိုပါဆိုးမွေများကြောင့် အာရက္ခဒေသအတွင်း လူမှုဘဝနေထိုင်မှုအဆင့် အတန်းမှာ အဖက်ဖက်မှ နိမ့်ကျလျက်ရှိနေကြောင်း၊ ထို့ကြောင့် အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရက အာရက္ခပြည်သူများ၏ လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရန်၊ စနစ်တကျဖွံ့ဖြိုးလာစေရန်၊ တိုးပွားလာသော လူဦးရေကြောင့် ဖြစ်ပေါ်လာသည့် လူထုထပ်မှုများကို စနစ်တကျ ဖြည့် တင်းပေးနိုင်ရန်၊ မြို့ပြများ၌ လမ်းနယ်နိ မိတ်အပါအဝင် ကားလမ်းဘေးခြံနေရာများအား ဥပဒေမဲ့ ကျူးကျော်ခြင်းများကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လမ်း၊ တံတား၊ အိမ်ရာများအပါအဝင် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် “မြို့ပြစီမံကိန်းလုပ်ငန်းကော် မတီများ” ကို ဖွဲ့စည်းကာ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း AA က ဆက်လက်ပြောဆိုသည်။

အထူးသဖြင့် အာရက္ခပြည်သူပြည်သားများ အသက်တမျှ တန်ဖိုးထားလာခဲ့သော အာရက္ခပြည်သမိုင်း ၏ အထင် ကရနှင့် အာရက္ခတို့၏ အသည်းနှလုံးဖြစ်သည့် “မြောက်ဦးမြေဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်” အား သန့်ရှင်းသပ်ရပ်စွာဖြင့် ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်၊ ကမ္ဘာ့အဆင့်၊ အာရက္ခအမွေအနှစ်အဖြစ် တည် တံ့နိုင်ရန် ရည်ရွယ်ချက်များဖြင့် “မြောက်ဦးမြို့ မြို့တည်ဆောက်ရေးစီမံကိန်း” ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း AA က ဆို သည်။

“မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ” သည် မြောက်ဦးအပါအဝင် ဒေသအသီးသီးမှ စီမံကိန်းလျာ ထားခြံနေရာများကို ကွင်းဆင်းတိုင်းတာခြင်း၊ ခြံနှင့်သက်ဆိုင်သူများအား ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးရှင်းလင်းမှုများ ပြုလုပ်ခြင်း၊ တစ်ဦးချင်းပိုင်ဆိုင်သော ခြံဧရိယာကို တိုင်းတာအတည်ပြု၍ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်းအပြင် အခြေအနေ၏ လိုအပ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခြံသိမ်းဆည်းရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း၊ သင့်တင့်သော လျော်ကြေးငွေ ပေးဆောင်ခြင်း စသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ ဆောင် ရွက်လျက်ရှိသည်ဟု အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အာရက္ခတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ အနာဂတ်အာရက္ခမျိုးဆက်များအတွက် အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီသော လူ့ဘောင်တစ်ခု ချန်ထားခဲ့နိုင်ရန်နှင့် မြို့ပြစီမံကိန်းများ အောင်အောင်မြင်မြင် အကောင်အထည်ပေါ်နိုင်ရန်အလို့ငှာ အမျိုးသားရေးအသိစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားရှိသော အရင်းခံစေတနာစိတ်များဖြင့် ယခင်ကထက်ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးဖြင့် ပါဝင်ပေးကြပါရန် AA က ဖိတ်ခေါ် တိုက်တွန်းနှိုးဆော်ထားသည်။

အာရက္ခတပ်တော်-AA က ရခိုင်ပြည်နယ် - ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော၊ သံတွဲနှင့် အမ်းမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ထားသည်။

AA က သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့ ၊ကျောက်ဖြူမြို့ ၊မာန်အောင်မြို့ (ကျွန်းမြို့)တို့ကိုလည်း မကြာမီ သိမ်းပိုက်သွားမည်ဟု ထုတ် ပြန်ကြေညာထားပြီး လက်ရှိတွင်လည်း ယင်း ၃ မြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

Khit Thit Media
ဓာတ်ပုံ - AFP ။

30/05/2026
30/05/2026

Khit Thit သတင်းဌာန၏ မေ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ...

မြစ်ခြေမြို့အဝင်လမ်းတွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မ...
29/05/2026

မြစ်ခြေမြို့အဝင်လမ်းတွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေ၊ အမျိုးသမီးတချို့ကိုလည်း စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုများရှိဟု ဒေသခံများ ပြောဆို

မေ ၂၉၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အဝင်လမ်းတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်မှ နေအိမ်များကို ည ၁၀ နာရီကျော်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မိုးရွာသွန်းခြင်းကြောင့် မီးငြိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို နံနက်ပိုင်းမှ စတင်၍ ထပ်မံ မီးရှို့နေကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ကလည်း မြစ်ခြေမြို့ပေါ်မှ စစ်ဘေးရှောင် ပြည်သူများသည် နေအိမ်များကို မီးငြိမ်းသတ်ရန် သွားရောက်စဉ် မြို့အဝင်တောင်ဘက်ခြမ်း ဆွဲကြီးရွာလမ်းပေါ်တွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ စစ်ဘေးရှောင်များက အလောင်းကောက်ယူရန် ကြိုးစားစဉ် စစ်သားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သောကြောင့် ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်သည့် အပြင် အမျိုးသမီးတချို့ကိုလည်း အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုများလည်းရှိကြောင်း ဒေသပြည်သူများ ပြောဆိုချက် အရ သိရသည်။

"စစ်ခွေးတွေ မနေ့က မြစ်ခြေမြို့ကို မီးရှို့တာက ညပိုင် ၁၀ နာရီကျော်လောက်မှ မိုးရွာလို့ ငြိမ်းသွားတယ်။ ဒီနေ့ နံနက်ကျတော့ ၈ နာရီလောက်က စပြီး စစ်ခွေးတွေ ထပ်ရှို့နေတယ်။ နေအိမ်ဆုံးရှုံးမှုကတော့ များနိုင်တယ်။ မနေ့က မြစ်ခြေမြို့ပေါ်က ပြည်သူတွေက မီးပြန်ငြိမ်းမယ်ဆိုပြီး လူစုပြီး မြို့ထဲပြန်အဝင်မှာ မြို့အဝင်တောင်ဘက်ခြမ်း ဆွဲကြီးရွာလမ်းပေါ်မှာ စစ်ခွေးတွေေ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေ့လို့ ဆွဲယူဖို့လုပ်နေတုန်း သေနတ်နဲ့ လိုက်ပစ်လို့ အကုန်ပြန်ပြေးခဲ့ရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများ လိုအပ်နေကြောင်း သိရသည်။

Khit Thit Media

မင်းဘူးမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ကားကို မိုင်းဆွဲတိုက်ခိုက်စစ်သား ၆ ဦး သေဆုံး၊ ၃ ဦး အရှင် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေ...
29/05/2026

မင်းဘူးမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ကားကို မိုင်းဆွဲတိုက်ခိုက်စစ်သား ၆ ဦး သေဆုံး၊ ၃ ဦး အရှင် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါသိမ်းနိုင်ခဲ့

မေလ ၂၉၊ ၂၀၂၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် စစ်ကောင်စီ၏ ထောက်ပို့ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။

မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ယခု တိုက်ခိုက်မှုကို မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho နှင့် NSA လူ့ဘောင်သစ်တပ်မတော်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အကြား မိနစ် ၂၀ ကြာ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ၊ အူဇီ (U*i) သေနတ် ၃ လက်၊ MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည်ဆန် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်းသေတ္တာ ၆ လုံးတို့ကိုသိမ်းဆည်းနိုင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ယခု တိုက်ခိုက်မှုသည် စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်စခန်းများနှင့် အနီးကပ်ဆုံး နေရာတွင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မြေပြင်တိုက်ခိုက်ရေး စွမ်းရည်ကို ထင်ရှားစွာ ပြသနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သောင်ရင်းသတင်းလွှာ

29/05/2026

ကမ္ဘာ့အသက်တိုဆုံး တိုင်းပြည်အဖြစ် သေမင်းထံ ခြေလှမ်းပြင်နေရသည့် မြန်မာပြည်

27 May 2026 By Cherry May / MPA (‌ဆောင်းပါး)

နံနက်ခင်းတစ်ခုတွင် နိုးထလာတိုင်း မြန်မာပြည်သူတို့ ရင်ဆိုင်ရသည့် ‘အမေ့ခံအရာများ’ က ကမ်းကုန်အောင် များပြားလှသည်။

ပြိုလဲနေသော နိုင်ငံရေး၊ ချောက်ထဲကျနေသော စီးပွားရေး၊ လုံခြုံမှုမရှိတော့သည့် လူမှုဘဝများနှင့်အတူ ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့ရသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည်လည်း စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလအတွင်း သွေးလွန်ကာ သေလူအဖြစ်သို့ ကူးပြောင်းလုနီးပါး ချွတ်ခြုံကျသွားခဲ့ပြီဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု အလွဲအမှားများ၊ အပြောနှင့်အလုပ် မညီသည့် ဗြောင်းဆန်မှုများ၏ ဒဏ်ရာဒဏ်ချက်ကို အရပ်သားပြည်သူတို့သည် အသက်နှင့်ခန္ဓာကို အရင်းပြု၍ နေ့စဉ်နှင့်အမျှ ခါးစည်းခံနေကြရသည်။

အဆိုးရွားဆုံးမှာ ပြည်တွင်း၌ ကျန်းမာရေး ဝန်ဆောင်မှုများ နိမ့်ပါးလွန်းလှသဖြင့်၊ မိမိတွင် မည်သည့်ရောဂါ ကပ်ငြိနေမှန်းပင် အဖြေရှာမရဘဲ သေဆုံးသွားရသူများ ထုနှင့်ထေး ရှိလာခြင်းပင် ဖြစ်သည်။

“ဘာရောဂါမှန်း မသိဘဲ လက်လွှတ်လိုက်ရခြင်း”

လှိုင်သာယာမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် မသင်း (အမည်လွှဲ) ၏ ရင်ထဲက အနာရွတ်များသည် ယနေ့တိုင် သွေးစိမ်းရှင်ရှင် ယိုစီးနေဆဲ ဖြစ်သည်။

“အဖေက အကောင်းကြီးကနေ ရုတ်တရက် နာမကျန်းဖြစ်သွားတာ။ အဲဒါနဲ့ လှိုင်သာယာက ပုဂ္ဂလိကဆေးရုံကြီးတစ်ခုကို တင်လိုက်တယ်။ ဆေးရုံတက်တာ တစ်လသာကျော်သွားတယ်၊ ဘာရောဂါမှန်း မသိခဲ့ရဘူး” ဟု မသင်းက မချိတင်ကဲ ဖွင့်ဟသည်။

မသင်း၏ ဖခင်ကြီးကို ဆေးစစ်၊ သွေးစစ်၊ ဆီးစစ်၊ အဆုတ်စစ်သည့်အပြင် အသားစ ဖြတ်ယူစစ်ဆေးခြင်းအထိ နည်းမျိုးစုံဖြင့် စစ်ဆေးခဲ့သော်လည်း ငွေကုန်ကြေးကျများရုံမှလွဲ၍ ရောဂါအမည် မည်မည်ရရ မထွက်လာခဲ့ပေ။ နောက်ဆုံးတွင်မှ ‘အဆုတ်ရောဂါ’ ဟု အလွယ်တကူ နာမည်တပ်ကာ ဆေးဝါးများ ပေးခဲ့သည်။

သက်ကြီးရွယ်အို ဖခင်ကြီးမှာ ထိုဆေးဝါးများ သောက်သုံးရင်း တစ်လကျော်၊ နှစ်လနီးပါး ကာလအတွင်း သတိမလည်တစ်ချက် လည်တစ်ချက်ဖြင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံး စက်ကိရိယာများ ရှိသည်ဆိုသော ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့သော်လည်း အခြေအနေက ထူးမခြားနား။

ထို ‘အဆုတ်ရောဂါ’ ဟူသော နာမည်တစ်ခုတည်းဖြင့်ပင် ဆေးအများအပြား ထပ်ပေးခဲ့ခြင်းသာ ရှိခဲ့သည်။ နောက်ဆုံးတွင် ဆေးရုံက မနိုင်တော့သဖြင့် အိမ်သို့ ပြန်ခေါ်ခဲ့ရပြီး မကြာမီမှာပင် ဖခင်ကြီး အသက်ဆုံးရှုံးခဲ့ရသည်။

ဖခင်တင်ပဲလားဆိုတော့ မဟုတ်ပေ။ ရင်သွေးလသားငယ်လေးနှင့် သမီးငယ်လေးတစ်ဦး ကျန်ရစ်ခဲ့သည့် မသင်း၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီးမှာလည်း ဆေးရုံတက်ခဲ့ရသော်လည်း မည်သည့်ရောဂါကြောင့် သေဆုံးသွားသည်ကို ဆေးရုံဘက်က ရေရေရာရာ မပြောနိုင်ခဲ့ဘဲ ပဟေဠိဆန်ဆန် ဆုံးပါးသွားခဲ့ရပြန်သည်။

“ကျွမ်းကျင်သူများ သတိပေးသည့် ‘ကင်ဆာနှင့် ရုတ်တရက် သေဆုံးမှု’ မြင့်တက်လာခြင်း”

လက်ရှိ ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်ကြသော ရွှေပြည်သာနှင့် လှိုင်သာယာတို့အပါအဝင် မြို့နယ်အတော်များများမှာ ရောဂါအမည်မသိဘဲ သေဆုံးခြင်း၊ ကင်ဆာရောဂါများ စောစီးစွာ ခံစားရခြင်းနှင့် အသက် ၃၀ နှင့် ၄၀ ကြား လူငယ်လူရွယ်များ ရုတ်တရက် သေဆုံးမှုများ သိသိသာသာ မြင့်တက်နေသည်။

“ကျနော့်အသိ တစ်ယောက်ဆုံးသွားတာ အသက်က ၃၀ စွန်းစွန်းလေးပဲ ရှိသေးတယ်။ သူက အသောက်အစားလည်းကင်းတယ်၊ ဆေးလိပ်လည်းမသောက်ဘူး။ ဒါပေမဲ့ ရုတ်တရက်သေသွားတာ။ ရင်ခွဲစစ်ကြည့်လိုက်မှ အစာအိမ်နာ၊ အသည်းမကောင်း၊ ကျောက်ကပ်ရောင်တာတွေ အစုံထွက်လာတယ်” ဟု အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ ရွယ်တူချင်း ကျန်းမာရေးအတွက် စိုးရိမ်တုန်လှုပ်စွာ ပြောပြသည်။

ယခုကဲ့သို့ လူငယ်များပါမကျန် ရောဂါအမည်မသိဘဲ ရုတ်တရက် သေဆုံးမှုများပြားလာခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက အခြေခံအကြောင်းရင်း သုံးရပ်ကို ထောက်ပြသည်။

“ပထမအချက်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွေကြောင့် ပြည်သူ့ဆေးရုံကြီးတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဝါရင့်ဓာတ်ခွဲကျွမ်းကျင်သူတွေ မရှိတော့ဘူး။ စက်ပစ္စည်းတွေ ရှိပေမဲ့ ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး ရောဂါရှာဖွေနိုင်စွမ်းကျဆင်းသွားလို့ ရောဂါအမည်မထွက်ဘဲ သေဆုံးတာတွေ များလာတာ။ ဒုတိယအချက်ကတော့ စီးပွားရေးပျက်ကပ်ကြောင့် ပြည်သူတွေ စားသောက်နေရတဲ့ အခြေခံစားသောက်ကုန်တွေမှာ အရည်အသွေးမမီတာ၊ ဓာတုဆိုးဆေးနဲ့ တရားမဝင် မှောင်ခိုဆေးဝါးတွေ၊ အစားအသောက်တွေ ဈေးကွက်ထဲ အထိန်းအကွပ်မဲ့ ဝင်လာတာကြောင့် ကင်ဆာနဲ့ အသည်း၊ ကျောက်ကပ် ပျက်စီးတာတွေ စောလာတာ ဖြစ်ပါတယ်” ဟု ၎င်းဆရာဝန်က ပြောသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေး ပညာရှင်တစ်ဦးကလည်း စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ကြည့်စစ်ဆေးမှု ကွင်းဆက်တစ်ခုလုံး ပျက်စီးသွားခြင်းက ပြည်သူများကို အဆိပ်ကျွေးနေသကဲ့သို့ ဖြစ်နေကြောင်း သုံးသပ်သည်။

“အာဏာပိုင်တွေရဲ့ ဝိသမလောဘနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် FDA ရဲ့ စစ်ဆေးမှုတွေက စက္ကူပေါ်မှာပဲ ရှိတော့တယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူထုက အဟာရချို့တဲ့ပြီး ကိုယ်ခံအားကျနေချိန်မှာ ဘေးအန္တရာယ်ရှိတဲ့ အစားအသောက်တွေနဲ့ စိတ်ဖိစီးမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ အသက် ၃၀ ဝန်းကျင် လူငယ်တွေဟာ သွေးတိုး၊ နှလုံးနဲ့ အင်္ဂါအစိတ်အပိုင်း ပျက်စီးပြီး ရုတ်တရက် လဲကျသေဆုံးတဲ့ ဖြစ်စဉ်တွေ ဆိုးဆိုးရွားရွား တိုးလာနေတာပါ” လို့ ၎င်းက ပြောဆိုသည်။

“ကုလသမဂ္ဂ အစီရင်ခံစာများတွင် ထင်ဟပ်နေသည့် ပြိုလဲမှု အခိုင်အမာ”

မြေပြင်တွင် ပြည်သူများ ကြုံတွေ့နေရသည့် ယခုကဲ့သို့သော ကြေကွဲဖွယ် ဖြစ်ရပ်များသည် တစ်ဦးစ၊ နှစ်ဦးစ ဖြစ်စဉ်များ မဟုတ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်ကြသည့် WHO၊ UNICEF နှင့် UNOCHA တို့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာများက သက်သေထူနေသည်။

၎င်းတို့၏ ထုတ်ပြန်ချက်များတွင် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ အသက်ကယ်ဆေးဝါးများ ပြတ်လပ်ခြင်းနှင့် ရောဂါရှာဖွေနိုင်စွမ်း (Diagnostic Capacity) ပြိုလဲသွားခြင်းတို့ကြောင့် မြန်မာပြည်သူများသည် ကာကွယ်၍ရသော ရောဂါများ၊ အဖြေရှာမရသော ရောဂါများဖြင့် အသက်တိုနေကြရကြောင်း အချက်အလက်များနှင့်တကွ သတိပေးဖော်ပြထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ အစီရင်ခံစာ (Humanitarian Needs and Response Plan) တွင်လည်း ကျန်းမာရေးကဏ္ဍကို လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတစ်ခုအဖြစ် ထည့်သွင်းဖော်ပြထားသည်။

ထိုအစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော် (အထူးသဖြင့် စစ်မီးတောက်နေသည့် စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင်) သည် အခြေခံ အဖျားပျောက်ဆေးမှစ၍ မည်သည့်ကျန်းမာရေး ဝန်ဆောင်မှုကိုမှ လက်လှမ်းမမီတော့ပေ။

ထို့ပြင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးများကြောင့် ကျေးလက်ဆေးပေးခန်းများနှင့် ဆေးရုံ အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်းများပါ ဖမ်းဆီး/သတ်ဖြတ်ခံရမှုများကြောင့် မြေပြင်တွင် ကျန်းမာရေးလုံခြုံမှုဇုန် (Safe Zone) လုံးဝ မရှိတော့ကြောင်း တရားဝင် ဖော်ပြထားသည်။

အလားတူပင် ယူနီဆက်ဖ် (UNICEF) အနေဖြင့်လည်း မြန်မာနိုင်ငံရှိ မိခင်နှင့် ကလေးငယ်များ၏ အာဟာရချို့တဲ့မှုနှင့် ကျန်းမာရေးဝန်ဆောင်မှု မရရှိတော့သည့်အခြေအနေကို အဓိကထား အစီရင်ခံထားသည်။

ကျေးလက်နှင့် စစ်ဘေးရှောင် (IDP) စခန်းများတွင် ကိုယ်ဝန်ဆောင်မိခင်များ စနစ်တကျ မွေးဖွားခွင့်မရတော့ဘဲ လမ်းခရီးနှင့် တောတောင်များထဲ၌ မွေးဖွားနေရသဖြင့် မိခင်နှင့် သားဖွားသေဆုံးနှုန်း ပြန်လည်မြင့်တက်လာနေသည်။

အဆိုးရွားဆုံးမှာ ကလေးသူငယ် သန်းပေါင်းများစွာမှာ ပုံမှန်ထိုးရမည့် ကာကွယ်ဆေးများ လွတ်သွားသည့်အပြင်၊ အာဟာရချို့တဲ့မှုဆိုးရွားစွာ ခံစားနေရသဖြင့် ရေရှည်တွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ကိုယ်ခံအားစနစ် ပျက်စီးကာ အသက် ၃၀-၄၀ အရွယ်ရောက်လျှင် နာတာရှည်ရောဂါများ စောစီးစွာ ခံစားရနိုင်ခြေ မြင့်မားသွားကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

ထိုသတိပေးချက်သည် မြေပြင်တွင် အသက် ၃၀ ဝန်းကျင် လူငယ်များ ရုတ်တရက် လဲကျသေဆုံးနေသည့် ဖြစ်ရပ်ဆိုးများနှင့် ကွင်းဆက်တစ်ခုတည်းပင် ဖြစ်နေသည်။

“စစ်တပ် လက်နက်ရန်နှင့် အစားအသောက်ရန်အကြား ညှပ်ပူးညှပ်ပိတ် ခံရခြင်း”

မြန်မာပြည်သူတို့၏ ဘဝသည် ရှေ့ကကျား၊ နောက်ကသေမင်း ညှပ်ပူးညှပ်ပိတ် ခံနေရသည့်ပမာ။

နိုင်ငံအနှံ့ ပတ်ကြဲနေသည့် အာဏာသိမ်းစစ်အုပ်စု၏ လေယာဉ်ဗုံးဒဏ်နှင့် လက်နက်ကြီးရန်ကြောင့် နေ့စဉ် အသက်ပျောက်နေရသလို၊ တစ်ဖက်တွင်လည်း အာဟာရချို့တဲ့မှုနှင့် အဆိပ်အတောက် ဖြစ်စေသော အစားအသောက်များကြောင့် ရောဂါဆိုးဒဏ်ကို ခန္ဓာကိုယ်အတွင်းမှ လှိုက်စားခံနေကြရသည်။

ရာသီဥတုကလည်း ညှာတာမှု ကင်းမဲ့လှသည်။ သဘာဝဘေးဒဏ်ကြောင့် နွေရာသီတိုင်း အပူဒဏ်ကို ဆတိုးကြံ့ကြံ့ခံနေရသလို၊ မိုးတွင်းဆိုလျှင်လည်း နှစ်စဉ်ရေကြီးမှုဒဏ်က တစ်နှစ်ပြီး တစ်နှစ် စံချိန်တင် ဆိုးရွားလာသည်။ ဆောင်းတွင်းရောက်ပြန်တော့လည်း လျော့နည်းလာသည့် အအေးဓာတ်နှင့်အတူ လေထုညစ်ညမ်းမှု (PM 2.5) အန္တရာယ်က လူထု၏ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖိတ်ခေါ်ပေးနေသကဲ့သို့ ရှိနေသည်။

ဤသို့ဖြင့် မြန်မာပြည်သူတို့၏ နေ့စဉ်ဘဝများသည် သေဆုံးခြင်းဆိုသည့် ပန်းတိုင်သို့ မသိမသာ ခြေလှမ်းစိပ်လာကြပြီး၊ ကမ္ဘာပေါ်တွင် အသက်တိုဆုံး တိုင်းပြည်အဖြစ် မှတ်တမ်းဝင်ရတော့မည့် အခြေအနေဆီသို့ ဦးတည်နေတော့သည်။

“ကျွန်မတို့ အသက်တွေက ဒီစစ်တပ်အပေါ်မှာ မူတည်နေတယ်”

မသင်းကတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချရင်း လူ့သက်တမ်း၏ မရေရာမှုနှင့် စစ်အာဏာရှင်စနစ်၏ ဆိုးယုတ်ပုံကို အခုလို မချိတင်ကဲ ကောက်ချက်ချလိုက်သည်။

“ကျမတို့ရဲ့ အသက်တွေက ဒီစစ်တပ်ပေါ်မှာ မူတည်နေတယ်။ ဒါကပဲ အတော်လေး နှောင့်ယှက်နေတာ။ အခု ကျမရဲ့ ကျန်းမာရေးကလည်း ဘာမှန်းမသိတဲ့အခြေအနေ၊ ကျမမိသားစုဝင်တွေရဲ့ ကျန်းမာရေးကလည်း ထူးမခြားနားပါပဲ။ အခု လူ့သက်တမ်းက ၆၅ နှစ်လို့ အကြမ်းဖျင်း သတ်မှတ်ထားကြပေမဲ့ မြန်မာနိုင်ငံက လူတွေရဲ့ သက်တမ်းက မိခင်ဝမ်းထဲမှာတင် ဆုံးပါးရသူတွေ၊ လသားအရွယ်လေးတွေဟာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ကွယ်လွန်သွားခဲ့ရတယ်။ အဲဒါကိုမှ အခု ကျန်းမာရေးဝန်ဆောင်မှုက ဆိုးရွားလွန်းလို့ ကျန်းမာပါတယ်ဆိုတဲ့ လူငယ်တွေတောင် အသက် သုံးလေးဆယ်မှာတင် အသက်ကုန်နေကြရပြီ”

စစ်အာဏာရှင်တို့၏ လက်အောက်တွင် မြန်မာပြည်သူတို့သည် အနာဂတ် ပျောက်ဆုံးရုံတင်မကဘဲ၊ မိမိတို့ ခန္ဓာကိုယ်ထဲတွင် မည်သည့်ရောဂါ အမြစ်တွယ်နေမှန်းပင် မသိရဘဲ ‘အမည်မဲ့ သေဆုံးခြင်း’ များဖြင့် ကမ္ဘာ့အသက်တိုဆုံး တိုင်းပြည်ဆီသို့ အတင်းအကျပ် အပို့ခံနေကြရသည်။

စာတည်း-ကိုဆန်း

#ကမ္ဘာ့အသက်တိုဆုံး #မြန်မာပြည်

“အောင်မြင်ရန်မရှိတဲ့ မအလရဲ့ လုပ်ငန်းစဥ်များ”ရွေးတုနဲ့ သမ္မတအတု ဖြစ်လာတဲ့ မင်းအောင်လှိုင်အတွက် လတ်တလောလုပ်ငန်းစဥ်က နှစ်ခု...
28/05/2026

“အောင်မြင်ရန်မရှိတဲ့ မအလရဲ့ လုပ်ငန်းစဥ်များ”

ရွေးတုနဲ့ သမ္မတအတု ဖြစ်လာတဲ့ မင်းအောင်လှိုင်အတွက် လတ်တလောလုပ်ငန်းစဥ်က နှစ်ခုပဲရှိပါတယ်၊ တခုက ပြည်တွင်းမှာ စစ်ရေးအရ အသာစီးရရေးဖြစ်ပြီး နောက်တခုကတော့ အာဆီယံနဲ့ အိမ်နီးချင်းတွေကြား လူရာဝင်ရေးပါပဲ၊ စစ်ရေးကတော့ နိုင်ငံတကာရဲ့ နှုတ်ဆိတ်နေမှု အရေးယူဆောင်ရွက်ခြင်း မရှိမှုတွေကြောင့် ထင်သလို ဗုံးကြဲ သတ်ဖြတ်နေတာဖြစ်တယ်၊ အာဆီယံမှာတော့ ဗိုလ်သန်းရွှေလက်ထက်ကတည်းက အရှုပ်ထုပ်ဖြစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တသိုက်ဟာ အခုလဲ အရင်ကလိုပဲ ပြဿနာတွေ ပေးနေတာပါပဲ၊ တလောက အာဆီယံထိပ်သီးအစည်းဝေးအပြီး ဖိလစ်ပိုင်သမ္မတ သတင်းစာရှင်းလင်းပွဲ လုပ်ချိန်မှာ မြန်မာအရေးအတွက် သူတို့ဘယ်လောက်အုံးစား နေရတယ်ဆိုတာ တွေ့နိုင်ပါတယ်၊ စကားလုံးတွေ အင်မတန်သတိထားပြီး ပြောနေတဲ့ကြားက မြန်မာအရေးဟာ ကျေနပ်ဖွယ်ရာတိုးတက်မှုတခုမှ မရှိခဲ့ဘူးဆိုတာ ပြောသွားတာပါပဲ၊ စစ်တပ်ကလူတွေ အတော် သဘောမကျ ဖြစ်စေမယ့် စကားကိုတော့ သူပြောခဲ့ပါတယ် အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သူကိုနိုင်ငံရေးရဲ့ ခေါင်းဆောင်းဆောင်မှု နေရာမှာ ပြန်ရရှိစေဖို့ဆိုတာတွေ ခပ်ပြောင်ပြောင်ပဲ ပြောသွားတာဖြစ်တယ်။

အမှန်တော့ စစ်တပ်အုပ်စိုးနေတဲ့ မြန်မာကို အာဆီယံထဲ ဝင်ခွင့်ပြုလိုက်တဲ့ ၁၉၉၇ ခုနှစ်လောက်ကစလို့ အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာပါပဲ၊ ဒါကို အရင်က အာဆီယံခေါင်းဆောင်တွေဖြစ်တဲ့ လီကွမ်ယူးတို့ မဟာသီယာတို့ ကောင်းကောင်း ကြုံခဲ့ရတာပါပဲ၊ မြန်မာပါလာလို့ အနောက်နိုင်ငံတွေက အစည်းအဝေးမတက်တာ အဆင့်နိမ့်ကိုယ်စားလှယ်တွေပဲ လွှတ်တာ စသဖြင့် အမျိုးစုံ ဖြစ်ပျက်ခဲ့တာပဲ၊ လီကွမ်ယူးကတော့ ဗမာဗိုလ်ချုပ်တွေနဲ့ စကားပြောရတာ လူသေနဲ့ စကားပြောရသလိုပဲ ဆိုပြီးတောင်ပြောခဲ့တာပါ၊ ဒါပေမယ့် စစ်ဗိုလ်တသိုက်ကတော့ မိုက်ရုပ်နဲ့ ဂိုက်ထုတ်ပြီး အစည်းအဝေးတွေမှာ နားမလည် ပါးမလည်နဲ့ လျှောက်တက် နေခဲ့ကြတာမဟုတ်လား၊ အခု မအလ လက်ထက်မှာလဲ သူ့ဆရာတွေ အချိုးမျိုးပဲ ပြန်ကြုံကြရမှာမို့ လက်ရှိအာဆီယံ ခေါင်းဆောင်တွေ စိတ်ညစ်နေလောက်ပါပြီ၊ ဒီပုံစံတွေက မကြာခင်ရုရှားအာဆီယံ အစည်းအဝေးမှာ ထပ်ပြီးကြုံကြရတော့မှာပါ။ လောလောဆယ်တော့ အိန္ဒိယက မအောင့်နိုင် မထိမ်းနိုင် မအလကို လူရာသွင်းလာပါတယ်၊ တရုတ်ကတောင် မလှုပ်သေးဘူး၊ မိုဒီရဲ့ ကိုယ်ကျိုးကြည့်ဝါဒ က ဝေဖန်ခံရမှာသေချာပါတယ်။

ဒီရက်ပိုင်းမှာ ဗိုလ်ချုပ်တွေနဲ့ အာဏာရှင်စနစ်ရဲ့ သရုပ်မှန်ကို အပေါ်လွင်ဆုံး ပြောသွားတဲ့ အင်တာဗျူးတခု နားထောင်ရပါတယ်၊ အဲဒါကတော့ အလန်ကလီးမင့်နဲ့ DVB အင်တာဗျူးမှာပါ၊ အလန်ကလီးမင့်ဆိုသူက ဗုဒ္ဓဘာသာဝင်၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးဝတ်ဖူးတဲ့အပြင် မြန်မာဓလေ့စရိုက်တွေနဲ့ စစ်ဗိုလ်တွေရဲ့ စရိုက်ဆိုးတွေကိုပါ ကောင်းကောင်းနားလည်တဲ့ သူတယောက်ပါပဲ၊ သူက မအလကို နောက်ဆုံး တနေ့မှာ ဟစ်တလာလို ဆဒန်ဟူစိန်လို ကဒါဖီ လိုကြုံရလိမ့်မယ်၊ အခုချိန်မှာ သားသမီး ဇနီးတွေနဲ့ ပိုင်ဆိုင်မှုတွေယူပြီး ရုရှားမှာ အာဆတ်လိုပဲ သွားနေဖို့တိုက်တွန်းသွားတာပါ၊ ဗုဒ္ဓဘာသာဝင်တွေ အကုန်သိကြတဲ့ မကောင်းမှုတခုကျူးလွန်တော့မယ်ဆိုရင် ဟီရိသြတ္တပ္ပ တရားလေးရှိဖို့ပါ တိုက်တွန်းသွားတယ်၊ တကယ်တော့ မအလနဲ့ စစ်ဗိုလ်တသိုက်ဟာ အရှက်အကြောက် မရှိယုံသာမက မကောင်းမှုတွေကို ပျော်ပျော်ကြီး ကျူးလွန်နေကြသူတွေပါ၊ သူတို့မှာ ထပ်ပြီး အပိုဆောင်းရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့အရာတွေလည်း ရှိနေပါသေးတယ်၊ အဲဒါတွေထဲမှာ ဦးနေဝင်းလက်ထက်ကတည်းက စစ်တပ်ထဲမှာ ရိုက်သွင်းထားတဲ့ ကုလားမုန်းတီးရေး၊ တရုတ်မုန်းတီးရေး စိတ်ဓါတ်တွေအပြင် အမျိုးသမီးတွေအပေါ် နှိမ်ချဆက်ဆံတတ်တဲ့ အမြင်တွေပါ ရှိနေတာ ဖြစ်တယ်၊ အဲဒါအပြင် တခြားသူတွေမှာ ရှိချင်မှ ရှိမှာဖြစ်ပေမယ့် မင်းအောင်လှိုင် တယောက်ထဲမှာရှိတဲ့ မူမမှန်တဲ့ စိတ်တမျိုး ရှိပါသေးတယ်၊ အဲဒါက နို့ညှာ(သိရသလောက် အချက်အလက်တွေအရ ခွေးပုဟာ နို့ညှာလို့ဆိုပါတယ်) တချို့မှာဖြစ်တတ်တဲ့ မနာလို ဝန်တိုစိတ်၊ အာဃာတနဲ့ အနိုင်ကျင့်လိုတဲ့ စိတ်နဲ့ သူသာအားလုံး ရချင်တဲ့စိတ်မျိုးဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်းသည်းမည်းမည်း ဖြစ်နေတဲ့စိတ်ဟာ ဗိုလ်နေဝင်း အမွေဖြစ်တဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချ ဆက်ဆံလိုတဲ့စိတ်နဲ့ သူ့ရဲ့ မွေးရာပါ နို့ညှာစိတ်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလိုအချက်တွေအပြင် မအလရဲ့ ရေရှည်လုပ်ငန်းစဥ်ကြီးတခုက မြန်မာကို ရာသက်ပန်စစ်တပ်က လွှမ်းမိုးအုပ်စီးထားနိုင်ရေး တာဝန်ပါပဲ၊ အဲဒါက သူနဲ့ မြေခွေးတွေ အမြီးချင်းလိမ်သလို ဆက်နွယ်ပတ်သက်နေတဲ့ စစ်ဗိုလ်ချုပ်အဟောင်းအသစ်အကုန် ပါတာဖြစ်ပါတယ်၊ အားလုံးအကျိုးစီးပွား တူနေတဲ့အတွက် တသဘောထဲလို့ပဲ ပြောရမှာပါ၊ ဒီထဲမှာ ဘာအကျိုးစီးပွားမှ မရပဲ အသေခံနေရသူတွေလဲ ရှိပါတယ်၊ အဲဒါက သူ့ရဲ့ သန္တေစစ်သားဆိုတဲ့ အခြားအဆင့်က လူတွေပါပဲ၊ ဒီလူတွေက ခိုးဆိုးလုနှိုက်တွေ ပညာမဲ့သူတွေကို အတင်းဖိညှပ်ပြီး ပုံသွင်းခံထားရ သူတွေပါပဲ၊ PDF ကလေးတွေကို ပညာမတတ်လို့ သူများအသုံးချတာခံရတယ်ဆိုပြီး မအလက စကားကို ပြောင်းပြန်ဖြစ်အောင်ပြောပါသေးတယ်၊
PDF လူငယ်တွေဟာ ပညာတတ်တွေ နိုင်ငံရေးအသိရှိသူတွေ နိုင်ငံချစ်သူတွေ ဖြစ်လို့သာ အရာရာစွန့်လွှတ်ပြီး စစ်အာဏာရူးတွေကို ဆန့်ကျင်ဖို့ လက်နက်စွဲကိုင် လာကြရတာ ကမ္ဘာကတောင် သိပါတယ်၊ ဒီလူငယ်တွေကသာ မအလရဲ့ လတ်တလောတာဝန်တွေရော ရေရှည်တာဝန်တွေကိုပါ တခုမှ မအောင်မြင်အောင် ချေဖျက်ပစ်ကြမှာ ဖြစ်ပါတယ်၊ ဒီလူငယ်တွေနဲ့အတူ တော်လှန်တဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေကသာ အာဏာရူးတွေကို တိုက်ဖျက်ပြီး သာယာလှပတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ထောင်ကြမှာ ဖြစ်ကြောင်းပါ။

© PDFInsight



မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ဒေသနှင့်လူမျိုးအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကြရန် ဖိတ်ခေါ်၊ Southern တပ်ပေါင်းစုက စစ...
28/05/2026

မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ဒေသနှင့်လူမျိုးအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကြရန် ဖိတ်ခေါ်၊ Southern တပ်ပေါင်းစုက စစ်ကြောင်း ၃ ခုအဖြစ် ပူးပေါင်းရပ်တည်

ရန်ကုန်၊ မေ ၂၈

မကွေးဖက်ဒရယ်ယူနစ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများကို စီမံကွပ်ကဲ၍ တန်ပြန်ဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရန်အလို့ငှာ ဒေသအခြေပြုနှင့် လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်းဆောင်ရွက်ကြပါရန် မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ကြေညာ ဖိတ်ခေါ်လိုက်သည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ထုတ်ပြန်ချက်အရ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာ ဥပဒေနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်တို့နှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ကြောင်းများ၌ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ရသေးသည့် ဒေသတွင်းရှိ အခြားသော ဒေသအခြေ ပြု/လူမျိုးစုအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ချိတ်ဆက်ပူးပေါင်းကြပါရန် ဆက်လက်ဖိတ်ခေါ်ထားသည်။

ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုထားကြသည့် ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များကို စုစည်း၍ ကာကွယ်ရေးစစ်ကြောင်းများကို ယာယီစုဖွဲ့ကာ စစ်ရေးလှုပ်ရှားမှုများကို စတင်ကွပ်ကဲဖော်ဆောင်နေပြီဖြစ်ကြောင်း မေလ ၂၇ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။

မကွေးအခြေစိုက် Southern တပ်ပေါင်းစုအနေဖြင့် "မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၃)" အဖြစ် ယာယီစုဖွဲ့မှုတွင် ပါဝင်ရပ်တည်သွားမည်ဖြစ်ကြောင်း Southern တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်.

Southern တပ်ပေါင်းစုတာဝန်ခံ ကိုအောင်မောင်းက “တော်လှန်ရေးရဲ့ အားက လက်နက်အပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူး။ နိုင်ငံရေးရင့်ကျက်မှုတွေ၊ အဖွဲ့အစည်း စည်းကမ်းတွေ၊ ပြည်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင်တဲ့အပေါ်မှာလည်း တော်လှန်ရေး အောင်မြင်မှုက မူတည်နေပါတယ်။ အဲဒါကြောင့် Southern တပ်ပေါင်းစု အနေနဲ့ ပြည်သူလူထုကို အခြေခံတဲ့ တော်လှန်ရေးအင်အားစုတစ်ခုအဖြစ် ရပ်တည်ပြီး ပြည်သူကို အကာအကွယ်ပေးမယ့် တပ်ဖွဲ့၊ ပြည်သူကို လေးစားတဲ့တပ်ဖွဲ့ စည်းကမ်းနဲ့နိုင်ငံရေးခံယူချက်ရှိတဲ့ တပ်ဖွဲ့အဖြစ်ဖြစ်လာစေဖို့ ကျနော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတော်လှန်ရေးသည် လက်နက်ကိုင်လှုပ်ရှားမှုသက်သက်မဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် သမိုင်းအကူးအပြောင်းကာလဖြစ်သဖြင့်၊ မိမိတို့တပ်ပေါင်းစုအနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကာ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ယူမှုရှိစွာ ရပ်တည်သွားမည်ဟု ၎င်းက ဆိုသည်။

“တော်လှန်ရေးကာလအတွင်းမှ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ တော်လှန်ရေး ရဲဘော်တွေ၊ ပြည်သူတွေရဲ့ယုံကြည်မှုကို မပျက်စေဖို့ ကျနော်တို့ Southern တပ်ပေါင်းစုအနေနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ တာဝန်ကျေပွန်စွာ၊ သစ္စာရှိစွာ၊ စည်းကမ်းရှိစွာနဲ့ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုအပ်ပါတယ်။ တော်လှန်ရေးက လူတစ်စုရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ အောင်မြင်မှုပါ၊ ကျနော်တို့အောင်မြင်မှုတွေရတဲ့အချိန်အထိ နောက်မဆုတ်ပဲ အမြဲကြိုးစားသွားမှာဖြစ်ပါတယ်။”ဟု ကိုအောင်မောင်းက ရှင်းပြသည်။

ယခုကဲ့သို့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်းအဖြစ် ရပ်တည်ရခြင်းမှာ ကိုယ်ကျိုးစီးပွားနှင့် အာဏာ ချဲ့ထွင်ရန်အတွက်မဟုတ်ဘဲ ပြည်သူ့အာဏာ ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့အတွက်သာဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် စစ်ရေးကွပ်ကဲမှုစနစ် (Command and Coordination) များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Southern ရေစကြို (Yesagyo) တပ်ပေါင်းစုတွင် Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF၊ King Cobra၊ ဒေါင်းစစ်သည်၊ Golden Eagle Force၊ Ayeyarwaddy Revolution Forceတို့ပါဝင်သည်။

Khit Thit Media

Address

Bogyoke Street
Yesagyo
04181

Website

Alerts

Be the first to know and let us send you an email when Yesagyo Township Info Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share