
11/01/2025
လော့စ်အိန်ဂျလိစ် တောမီးနှင့် ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များ
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ဇန်နဝါရီ ၇ ရက်ကစပြီး တောမီးများလောင်ကျွမ်းနေသဖြင့် လူ ၁၁ ဦးသေဆုံးပြီး အဆောက်အအုံပေါင်း ၁၀၀၀၀ ခန့်ပျက်စီးကာ လူ ၁၈၀၀၀၀ ခန့်ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၅၀ ဘီလျံအထိရှိလာခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်၏ ဒုတိယလူဦးရေအသိပ်သည်းဆုံးမြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ်၏ နေရာငါးနေရာ၌ တောမီးများလောင်ကျွမ်းနေခြင်းဖြစ်သည်။
အကြီးမားဆုံးတောမီးမှာ လော့စ်အိန်ဂျလိစ်မြို့၏ Pacific Palisades ရပ်ကွက်တွင်လောင်ကျွမ်းနေသည့် တောမီးဖြစ်ပြီး ထိုရပ်ကွက်ရှိ သန်းကြွယ်သူဌေးများနှင့် ထင်ရှားကျော်ကြားသူများ၏ နေအိမ်များ ပျက်စီးခဲ့သည်။
တောမီးလောင်ကျွမ်းမှုများကြောင့် ဧက ၃၇၀၀၀ သို့မဟုတ် ၁၅၀ စတုရန်း ကီလိုမီတာ ပျက်စီးဆုံးရှုံးခဲ့သည်။
လက်ရှိအချိန်အထိ သေဆုံးသူ ၁၁ ဦး၊ မီးလောင်ပျက်စီးခဲ့သည့်နေအိမ်ပေါင်း ၁၀၀၀၀၊ ဘေးလွတ်ရာရွှေ့ပြောင်းရသူ ၁၈၀၀၀၀ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင်တောမီးလောင်ကျွမ်းမှုဖြစ်ပွားချိန်ကစပြီး ပိုင်ရှင်များစွန့်ခွာ ထွက်ပြေးသွားသည့် နေအိမ်များအတွင်းဝင်ရောက်ကာ အတွင်းပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်ဖောက်ထွင်းမှုများပြုလုပ်ခြင်း အစရှိသည့် ဖောက်ထွင်းမှု၊ ခိုးယူမှုတို့ဖြင့် လူ ၂၀ ထက်မနည်းကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တောမီးများသည် တန်ဖိုးကြီး နေအိမ်များကို လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၁၃၅ ဘီလျံမှ သန်း ၁၅၀ ဘီလျံအကြားရှိနိုင်ကြောင်း AccuWeather ကုမ္ပဏီက ခန့်မှန်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ထိုပမာဏထက်လည်း ပိုများလာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။