16/08/2026
တရုတ်တွင် COVID-19 ကူးစက်မှု မြင့်တက်၊ ဇူလိုင်လအတွင်း လူနာသစ် ၅၂၂,၀၀၀ တွေ့ရှိ
တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လတစ်လအတွင်း အတည်ပြုလူနာသစ် ၅၂၂,၀၀၀ ဦး တွေ့ရှိခဲ့ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (China CDC) ၏ အချက်အလက်များကို ကိုးကား၍ သတင်းများက ဖော်ပြထားသည်။
အဆိုပါ လူနာများအနက် ပြင်းထန်လူနာ ၄၈၇ ဦး ရှိခဲ့ပြီး COVID-19 နှင့် ဆက်စပ်သေဆုံးသူ ၁ ဦး ရှိခဲ့သည်။ ဇွန်လအတွင်း အတည်ပြုလူနာသစ်မှာ ၇၉,၀၀၀ ခန့်သာရှိခဲ့သဖြင့် ဇူလိုင်လတွင် ကူးစက်မှု သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။
China CDC ၏ စောင့်ကြည့်မှုများအရ လက်ရှိကူးစက်မှုလှိုင်းသည် ယခင်နှစ်များက ဖြစ်ပွားခဲ့သည့် ကူးစက်မှုလှိုင်းများနှင့် ပြင်းထန်မှုအရ ဆင်တူပြီး ကူးစက်မှုမြင့်တက်သည့်နှုန်းမှာလည်း လျော့ကျလာကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီး တည်ငြိမ်လာသည့်အခြေအနေ ရှိနေကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် COVID-19 ကူးစက်မှုများတွင် Omicron မျိုးကွဲ ဖြစ်ပြီး NB.1.8.1 နှင့် ၎င်း၏ မျိုးခွဲများက အများစုဖြစ်ကြောင်း China CDC က ပြောကြားထားသည်။ လက်ရှိအချိန်အထိ ရောဂါပိုမိုပြင်းထန်စေသည့် မျိုးကွဲအသစ်တစ်မျိုး ပေါ်ပေါက်လာကြောင်း သက်သေမတွေ့ရှိရသေးဘဲ လူနာအများစုမှာ ရောဂါလက္ခဏာ အပျော့စားသာ ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးပညာရှင်များက အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် ကူးစက်မှုများ မြင့်တက်နေချိန်တွင် လူထူထပ်သည့်နေရာများ၌ သတိထားရန်နှင့် လိုအပ်ပါက နှာခေါင်းစည်းအသုံးပြုရန် အကြံပြုထားသည်။