10/01/2026
ဖေ့စ်ဘုတ် (Facebook) စာမျက်နှာထက်မှာ တွေ့နေရတဲ့ ပို့စ်တချို့က ကျွန်တော့်ရင်ကို နင့်ခနဲ ဖြစ်စေတာ အမှန်ပဲ။ အသက်အရွယ်အားဖြင့် "အဘိုး" လောက် ရှိနေတဲ့ ဥရောပသား၊ အမေရိကန် အဖိုးကြီးတွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေကို ဂုဏ်ယူဝင့်ကြွားစွာ တင်ပြီး "အနောက်တိုင်းသား ယောက်ျားတွေကမှ တကယ့် အိမ်ထောင်ဖက်ကောင်း၊ မြန်မာယောက်ျားတွေထက် အဆများစွာ သာတယ်" ဆိုပြီး ပြောဆိုနေကြတဲ့ မြန်မာမိန်းကလေးတချို့ကို တွေ့နေရလို့ပါ။ သူတို့ကတော့ "ဒါ အချစ်ပါ" လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ဘေးကကြည့်နေတဲ့ ကျွန်တော်တို့ မြန်မာယောက်ျားလေးတွေရဲ့ မျက်လုံးထဲမှာတော့ ဒါဟာ ကိုယ့်နှမတစ်ယောက်ကို ငွေကြေးအာဏာနဲ့ အဝယ်ခံလိုက်ရသလို ခံစားရတယ်။
ဒါက အနောက်တိုင်းသားတွေနဲ့တင် ပြီးသွားလားဆိုတော့ မဟုတ်ပြန်ဘူး။ အခု ၂၀၂၆ မှာ ခေတ်စားလာတာက တစ်မျိုး။
အာရှတိုက်သားချင်းတူတဲ့ ဂျပန်တို့၊ ကိုရီးယားတို့ဘက်ကို အကြည့်ရောက်လာကြပြန်ပြီ။ "အိုပား" တွေ၊ "ဆာကူရာ" မြေက လူတွေဆိုရင် ဘာမဆို အထင်ကြီးနေကြတယ်။ ဂျပန်မှာ၊ ကိုရီးယားမှာ သွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေတချို့ ဟိုက နိုင်ငံသားတွေနဲ့ အိမ်ထောင်ကျတာကို "ဘဝအောင်မြင်မှု" တစ်ခုလို ပြောနေကြတာ ကြားရတယ်။ ဟိုဘက်နိုင်ငံက အမျိုးသားတွေက အသက်ကြီးသည်ဖြစ်စေ၊ ရုပ်ရည် အဆင်မပြေသည်ဖြစ်စေ "နိုင်ငံခြားသား" ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့ နှမတို့ရဲ့ စံနှုန်းတွေကို လျှော့ချပေးလိုက်ကြတာလား။
တချို့နှမတွေက ပြောကြတယ်။ "မြန်မာယောက်ျားတွေက အသုံးမကျဘူး၊ ရှေးရိုးစွဲတယ်၊ နိုင်ငံခြားသားတွေကမှ တကယ့် လေဒီဖာစ့် (Lady First)" တဲ့။
ဒီနေရာမှာ ကျွန်တော် မေးချင်တာက... နှမတို့ အထင်သေးနေတဲ့ "မြန်မာယောက်ျား" ဆိုတာ ဘယ်သူ့ကို ပြောတာလဲ။
တိုင်းပြည်အတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ရရှိအောင် အသက်နဲ့ရင်းပြီး ကြိုးပမ်းနေကြတဲ့ သူတွေကို ပြောတာလား။ သေချာ ပြန်ကြည့်ပါဦး။ ကျွန်တော်တို့ဟာ အိမ်ဦးခန်းမှာ ထိုင်နေတဲ့ ယောက်ျားတွေ မဟုတ်တော့ပါဘူး။ မီးဖိုချောင်ထဲမှာ ဝင်ချက်ပြုတ်နေကြသလို၊ နှမတို့ရဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးဖို့လည်း ဝန်မလေးတော့တဲ့ ခေတ်လူငယ်တွေပါ။ ဒီလို ခေတ်ကာလ ဆိုးကြီးထဲမှာ အမေအို၊ အဖွားအိုတွေကစလို့ ညီမလေး၊ သမီးလေးတွေအဆုံး မိသားစုတစ်ခုလုံးရဲ့ တာဝန်ကို ပခုံးနဲ့ထမ်းပြီး နှမတို့နဲ့အတူတူ ဘဝကို ရုန်းကန်နေကြတာ ဘယ်သူတွေလဲ။ အနောက်တိုင်းသားတွေမှ ဂရုစိုက်တတ်မှု ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာလည်း သူတို့နဲ့ တန်းတူ၊ တခါတလေ သူတို့ထက်တောင် သာလွန်တဲ့ ခေတ်မီစိတ်ဓာတ်နဲ့ ဂရုစိုက်တတ်မှုတွေ ရှိနေပါတယ်ဗျာ။
သူတို့ဆီမှာ "ငွေကြေး" ရှိမယ်ဆိုရင်၊ ကျွန်တော်တို့ဆီမှာ "နားလည်မှု" ရှိပါတယ်ဗျ။ နှမတို့ ဝမ်းနည်းတဲ့အခါ၊ အိမ်ကိုလွမ်းတဲ့အခါ... ဘာသာစကားမတူတဲ့ သူစိမ်းတစ်ယောက်က နှမတို့ရဲ့ နှလုံးသားကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း နားလည်ပေးနိုင်မှာလဲ။ ဒါ့အပြင် ဘာသာတရားချင်း မတူရင် လောကအမြင်လည်း ကွဲပြားစမြဲပါ။ သူတို့ရဲ့ မျက်လုံးနဲ့ မြင်တဲ့ ကမ္ဘာနဲ့ နှမတို့ ဗုဒ္ဓဘာသာအဆုံးအမအောက်မှာ ကြီးပြင်းလာတဲ့ ဘဝအမြင်က ထပ်တူကျဖို့ ခဲယဉ်းပါတယ်။ ကျွန်တော်တို့ကတော့ နှမတို့ရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ဘာလိုနေလဲဆိုတာ သိတဲ့ "သွေးတူ သားတူ" တွေပါ။
မြန်မာယောက်ျားတွေကို အထင်မသေးလိုက်ပါနဲ့။ ကျွန်တော်တို့ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင် ကြိုးစားနေကြတဲ့၊ နှမတို့နဲ့ တန်းတူ လျှောက်လှမ်းချင်တဲ့ ယောက်ျားကောင်းတွေပါ။
နိုင်ငံခြားသားကို ယူတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ "မြန်မာယောက်ျားတွေက ညံ့တယ်" ဆိုတဲ့ စိတ်နဲ့ ကိုယ့်လူမျိုးကို ကျောခိုင်းတာကတော့ ကိုယ့်သိက္ခာကို ကိုယ်တိုင် ချနင်းသလို ဖြစ်နေပြီ။ သူများဆီက ပြောင်လက်နေတဲ့ ကျောက်တုံးကို မက်ပြီး၊ ကိုယ့်ဆီက သွေးရောင်လွှမ်းနေတဲ့ ပတ္တမြားစစ်စစ်တွေကိုတော့ အမှိုက်လို သဘောမထားကြပါနဲ့လို့... စေတနာနဲ့ သတိပေးပါရစေ နှမတို့ရယ်။
Kyaw Tun