16/06/2026
အခန်း (၁) – ပျံသန်းရောက်ရှိလာသော ကံကောင်းမှု
ဤလောက၌ လူတစ်ယောက် မိမိကိုယ်မိမိ ကံကောင်းသည်ဟု ထင်မြင်ယူဆလာလျှင် ထိုသူ၏ဘဝသည် အလွန်ပင်ချိုမြိန်သွားတတ်၏။ ထို့ထက်ပို၍ ထိုကံကောင်းခြင်းကို အခြားသူများအား သိစေလိုသော ဆန္ဒပြင်းပြလာလျှင်မူ ဘဝချိုမြိန်မှုသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဓာတ်ပုံများ၊ စာတန်းများအဖြစ် နေ့စဉ်ပွင့်ထွက်လာတော့သည်။ ထိုလူစားမျိုးထဲတွင် မခင်ခင်မာသည် ထိပ်ဆုံးမှ အလံကိုင်ထားသူတစ်ဦးဖြစ်ပါ၏။
မခင်ခင်မာ (အင်္ဂလိပ်အမည် Caren) သည် လွန်ခဲ့သော ရှစ်နှစ်ခန့်က ရန်ကုန်မြို့မှ အော့ကလန်မြို့သို့ ကျောင်းသားဗီဇာဖြင့် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က သူမ၌ ဘွဲ့ရရန် ဟူသောအိပ်မက် တစ်ခုတည်းသာ ရှိခဲ့သော်လည်း ယခုအခါ ထိုအိပ်မက်သည် စီးပွားရေးလုပ်ငန်း နှစ်ခု၊ နယူးဇီလန် ပတ်စပို့၊ ဂျက်လေယာဉ်ဖြင့် ကမ္ဘာအနှံ့ ခရီးထွက်ခွင့်နှင့် နွေရာသီတိုင်း အော့ကလန်သို့ အလည်လာသော မိခင်ကြီးဟူသည့် အရှိတရားများအဖြစ် ပွင့်လန်းနေပြီဖြစ်သည်။
ဇန်နဝါရီလ၏ နေသာသော မနက်ခင်းတစ်ခုတွင် မခင်ခင်မာသည် မိမိ၏ အော့ကလန် မြို့လည်ရှိ တိုက်ခန်းကျယ်ကြီး၏ လသာဆောင်တွင် ကော်ဖီတစ်ခွက်ကိုင်ကာ ဓာတ်ပုံရိုက်နေသည်။ နောက်ခံတွင် စကိုင်းတာဝါနှင့် ဆိပ်ကမ်းမြင်ကွင်း။ သူမ၏ အင်စတာဂရမ် စတိုရီတွင် “Morning bliss! So grateful for this view. ” ဟူသော စာတန်းလေးနှင့်အတူ တင်လိုက်သည်။ မိနစ်ပိုင်းအတွင်း Likes များ၊ “စိတ်ချမ်းစရာကောင်းလိုက်တာ”၊ “အရမ်းကံကောင်းတယ် မမ” စသော မြန်မာပြည်မှ မန့်များ တက်လာသည်။ ထိုတက်လာသမျှကို တစ်ခုချင်းစီ မဖတ်ဘဲ ပြုံးစိစိလုပ်ကာ အားရကျေနပ်နေလေသည်။
သူမဘဝသည် ပြောရလျှင် စီးပွားရေးနှစ်ခုဖြင့် အတန်အသင့် အဆင်ပြေနေသည်။ ပထမလုပ်ငန်းမှာ မြို့လယ်ရှိ “Golden Kiwi Nails & Beauty” အလှပြင်ဆိုင်၊ ဒုတိယမှာ အော့ကလန်ဆိပ်ကမ်းအနီးရှိ “Grand Habour” ခေါ် တရုတ်အစားအစာဆိုင်။ နှစ်ခုလုံးမှာ အရှုံးအမြတ်ကို တိတိကျကျမပြောတတ်သော်လည်း မခင်ခင်မာ၏ စကားထဲတွင်မူ “ဘဝက အရမ်းကို အောင်မြင်နေတယ်” ဟုသာ အမြဲထွက်လေ့ရှိသည်။ သူမ၏ အောင်မြင်မှုဆိုသည်မှာ တစ်လအတွင်း ပေးရသော လုပ်သားလစာ၊ အိမ်ဝယ်ကြွေး၊ ဘဏ်အကြွေးတို့ကို အလျှင်မှီအောင် ပေးနိုင်ခြင်းဖြစ်မှန်း မည်သူမျှ မသိ။ သူမက “ဒါက high cost of living မြင့်တဲ့နိုင်ငံမှာ နေတဲ့သူတိုင်း ရှိတာပဲလို့ အမြဲတွေး၊ အမြဲပြောလေ့ရှိသည်။ တစ်ယောက်ယောက်က လာပြောလျှင် "ငါကတော့ afford လုပ်နိုင်တယ်။ အဲဒါက အဓိက" ဟု ခပ်ခြေခြေ ပြန်ဖြေမည်သာ။
---
အခန်း (၂) – လေယာဥ်ခရီးနှင့် နိုင်ငံကူးလက်မှတ်၏ဂုဏ်
ဇန်နဝါရီကုန်ခါနီးတွင် မခင်ခင်မာသည် မိခင်ကြီး ဒေါ်ခင်စန်းရီကို အော့ကလန်လေဆိပ်၌ ကြိုရန် သူ၏ BMW X5 ကားနက်ကြီးဖြင့် သွားနေသည်။ ကားအသစ်စက်စက်ကို ဘဏ်ချေးငွေဖြင့် ဝယ်ထားခြင်းဖြစ်သော်လည်း "ငါ့အတွက် ကားဆိုတာ status symbol ပဲ" ဟု မိတ်ဆွေများကို ပြောလေ့ရှိသည်။ လေဆိပ်သို့ရောက်သောအခါ ဒေါ်ခင်စန်းရီက ခရီးဆောင်အိတ်ကြီးနှစ်လုံးတင်ထားသောလှည်းကို တွန်းထုတ်လာရင်း သမီးဖြစ်သူကိုမြင်သော် မျက်ရည်ဝဲသွားသည်။
"သမီး… ဒီနှစ်နွေရာသီလည်း မေမေ့ကို ခေါ်ပြန်ပြီပေါ့။ သမီးက တကယ့် သမီးကောင်းပဲ" ဟု ဆိုကာ ဖက်ထားသည်။
မခင်ခင်မာက ပြုံးလျက် "မေမေရယ်… သမီးက New Zealand passport holder ပါ။ ပြီးတော့ Successful Business Woman ပါ။ မေမေ့ကို ခေါ်ဖို့အတွက် Visa ကဘာခက်လို့လဲ။ ဒီနိုင်ငံမှာ ငွေရှိရင် အားလုံးအဆင်ပြေတယ်။ ဒီ passport နဲ့ဆို ကမ္ဘာပတ်လို့ရတယ်။ မေမေနဲ့ အတူ ကမ္ဘာပတ်မယ်။ မေမေ့ကို လာမယ့် April မှာ Gold Coast ခေါ်သွားမယ်နော်” ဟု မာန်ပါပါ ပြန်ပြောသည်။
ထိုစကားသည် ဒေါ်ခင်စန်းရီ၏နားထဲတွင် ချိုမြိန်နေသော်လည်း အနီးနားရှိ တခြားမြန်မာတစ်ဦးက ခိုးနားထောင်ရင်း “လေပါတယ်ကွာ… သူ့ပတ်စပို့ပြလိုက်ရင် ကောင်းကင်ဘုံကိုတောင် ဝင်လို့ရတော့မလိုပြောနေတယ်” ဟု တိုးတိုးရေရွတ်သွားသည်ကို မည်သူမျှ သတိမထားမိချေ။
အိမ်ပြန်ရောက်သောအခါ ဒေါ်ခင်စန်းရီသည် တိုက်ခန်း၏ ကျယ်ဝန်းမှု၊ ဧည့်ခန်းမှတွေ့ရသော Auckland CBD၊ မီးဖိုချောင်ခုံများ၏ ခေတ်မီမှုကို အံ့ဩမဆုံးဖြစ်နေသည်။ သို့သော် "သမီး… ဒီအိမ်အတွက် ဘဏ်ကြွေး (mortgage) တစ်လ ဘယ်လောက်လဲ" ဟု မေးလိုက်ရာ မခင်ခင်မာက "မပူပါနဲ့ မေမေ၊ သမီး afford လုပ်နိုင်တယ်။ လုပ်ငန်းနှစ်ခုက ဝင်ငွေကောင်းတယ်" ဟု မေးခွန်းကို ကျော်သွားသည်။ တစ်ကယ်တမ်းတွင် အိမ်ငှားခ လစဥ် ဒေါ်လာ ၄၅၀၀၊ ကားအရစ်ကျ ဒေါ်လာ ၁၅၀၀၊ လုပ်ငန်းနှစ်ခု၏ အလုပ်သမားလစာ စုစုပေါင်း ဒေါ်လာ ၃၀,၀၀၀ ကျော်ကို ဘဏ်အကောင့်ထဲ ရှိသည့်ငွေနှင့် လစဉ် အလျှင်မှီအောင် ကြိုးစားနေစသည်။ ထိုအကြောင်းကို မေမေ မရိပ်မိအောင် သူမက မေမေ့ကို သစ်သီးဖျော်ရည်တိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
---
အခန်း (၃) – နွေရာသီအိပ်မက်နှင့် မာယာစီးပွားရေး
ဇန္နဝါရီမှ မတ်လအထိ နွေရာသီအတွင်း မခင်ခင်မာသည် မိခင်ကိုခေါ်ကာ အော့ကလန်တစ်ဝိုက် လည်ပတ်ကြသည်။ မစ်ရှင်ဘေး၊ ပီဟာ၊ ဝိုင်ဟီကီကျွန်း၊ ဟော့ဘစ်တန်၊ ရိုတိုရုအာ ရေပူစမ်းစသည်ဖြင့် နေရာတိုင်းတွင် ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်၊ အင်စတာဂရမ်တင်သည်။ Caption တိုင်း၌ "So blessed to show my mum around this paradise. Hard work makes it possible. " ဟူသော စာသားကို တစ်ခါတည်း ကော်ပီကူးကာ တစ်နေ့သုံးကြိမ် တင်လေ့ရှိသည်။
တကယ်တွင် "Grand Habour" စားသောက်ဆိုင်မှာ နွေရာသီတွင် ခရီးသွားများကြောင့် အရောင်းအနည်းငယ် သွက်လာသော်လည်း စားဖိုမှူးအသစ်၏ လစာတောင်းမှုက ပိုက်ဆံပိုထွက်သွားသည်။ "Golden Kiwi Nails" ဆိုင်၌လည်း အလှပြင်ဆရာမ တစ်ဦး ရုတ်တရက်ထွက်သွားသဖြင့် သူမကိုယ်တိုင် လက်သည်းခြေသည်းလုပ်ရင်း ဖုန်းကိုင်၊ စာရင်းကိုင်လုပ်နေရသည်။ သို့သော် အင်စတာဂရမ်တွင်တော့ "Love being my own boss. Flexibility is key!" ဟု တင်ထားဆဲ။
တစ်နေ့ညနေတွင် မိခင်ဖြစ်သူက သမီး၏လက်ကိုဆွဲကာ "သမီး… မေမေ့ကို ရန်ကုန်မှာကျန်ခဲ့တဲ့ အမေ့သူငယ်ချင်းတွေက မေးကြတယ်။ နယူးဇီလန်မှာ သမီးက ဘာလုပ်ငန်းတွေလုပ်လဲ၊ အဆင်ပြေရဲ့လားပေါ့။ မေမေကလည်း ဘာပြန်ပြောရမှန်းမသိဘူး။ သမီးရဲ့ အလုပ်တွေက အရမ်းကို ကြီးကျယ်တယ်လို့ ပြောလိုက်တာပဲ" ဟု အားနာစွာမေးလိုက်သည်။
မခင်ခင်မာက ရယ်လျက် "မေမေက မပူပါနဲ့။ သမီးက ဒီမှာ business woman တစ်ယောက်ပါ။ ရန်ကုန်က အန်တီတွေကို ပြောလိုက်၊ သမီးက nail salon owner နဲ့ restaurant owner ဆိုတာ။ သူတို့တွေ မြန်မာပြည်မှာ လစာ သိန်းဂဏန်းနဲ့ အလုပ်လုပ်နေရတုန်းပဲ။ သမီးက ဒီမှာ ဒေါ်လာနဲ့ရတယ်၊ ဒေါ်လာနဲ့သုံးတယ်။ နိုင်ငံခြားသွားဖို့ visa မလိုဘူး။ အဲဒါကို အားကျအောင်ပြော” ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ဒေါ်ခင်စန်းရီသည် သမီးဖြစ်သူ၏ အောင်မြင်မှုကို ဂုဏ်ယူမိသော်လည်း တစ်နေရာရာတွင် နာကျင်သလိုလည်းဖြစ်သည်။ သူမကိုယ်တိုင် ရန်ကုန်တွင် အငြိမ်းစား ညွှန်ကြားရေးမှူးဘဝဖြင့် တစ်လလျှင် ကျပ် သုံးသိန်းကျော်ပင်စင်ဖြင့် နေထိုင်ရသည်။ သမီးက လွှဲပေးသောငွေဖြင့် အဆင်ပြေသဖြင့် သမီးကိုကျေးဇူးတင်ပါသည်။
---
အခန်း (၄) – မျက်နှာဖုံးအောက်က တကယ့်ဘဝ
မတ်လနှောင်းပိုင်း၊ မိခင်ကြီး မြန်မာပြည်ပြန်မည့်ရက်နီးလာသည်။ ထိုအချိန်တွင် မခင်ခင်မာ၏ စီးပွားရေးကိုမုန်တိုင်းငယ်တစ်ခု စတိုက်ခတ်လာသည်။ "Grand Habour" စားသောက်ဆိုင်တွင် မီးဖိုချောင်သုံးရေခဲသေတ္တာ ချို့ယွင်းမှုကြောင့် အော့ကလန် မြို့တော်ကောင်စီစစ်ဆေးရေးက စားသောက်ဆိုင်ကို အဆင့် "D" သတ်မှတ်ကာ သတိပေးခြင်းခံရသည်။ "Golden Kiwi Nails" ဆိုင်တွင်လည်း ဖောက်သည်တစ်ဦးက ဓာတ်မတည့်မှုဖြစ်ကာ လျော်ကြေးတောင်းသည့် အမှုဖြစ်လာသည်။ ဘဏ်အကောင့်ထဲတွင် သုံးစွဲနိုင်ငွေမှာ ဒေါ်လာ ၂၀၀ သာကျန်သည်။ ခရက်ဒစ်ကတ်ကြွေးမှာ ဒေါ်လာ ၁၅,၀၀၀ ကျော်နေပြီ။
သို့သော် မေမေ့ရှေ့တွင်မူ ဘာမျှမဖြစ်သလို ပြုံးနေဆဲ။ "မေမေ… မနက်ဖြန် သမီးက Gold Coast လေယာဉ်လက်မှတ် booking လုပ်ထားတာကို ပြောင်းလိုက်မယ်နော်။ အခု business က busy ဖြစ်လို့ နောက်မှ သွားမယ်" ဟု ရုတ်တရက်ပြောလိုက်သည်။ အမှန်မှာ လက်မှတ်ဖိုး မတတ်နိုင်တော့၍ မဝယ်ခြင်းဖြစ်သည်။
ညနေစောင်းတွင် လသာဆောင်တွင် တစ်ယောက်တည်းထိုင်ကာ ကောင်းကင်ကိုကြည့်နေသည်။ အော့ကလန်ကောင်းကင်က အမြဲလိုလို လှပသော်လည်း ထိုအလှသည် ငွေကြေးမတတ်နိုင်သူအတွက် အချည်းနှီးသာဖြစ်ကြောင်း သူမသိလိုက်မိသည်။ သို့သော် ထိုအတွေးကို ချက်ချင်းဖယ်ထုတ်လိုက်သည်။ "No, I’m strong. I’m a successful migrant entrepreneur. This is just a temporary challenge" ဟု မိမိကိုယ်ကို ပြောသည်။ ထို့နောက် အင်စတာဂရမ်တွင် sunset ဓာတ်ပုံတစ်ပုံတင်ကာ "Never forget why you started. Hustle mode on. " ဟု ရေးလိုက်သည်။
---
အခန်း (၅) – မေမေ၏နှုတ်ဆက်ခြင်းနှင့် အဆုံးမဲ့အကောင်းမြင်မှု
မေမေ ရန်ကုန်ပြန်မည့်နေ့။ လေဆိပ်သို့ပို့ရင်း ဒေါ်ခင်စန်းရီက သမီး၏လက်ကို တင်းတင်းဆွဲကာ "သမီး… မေမေ သမီးအတွက် ဂုဏ်ယူတယ်။ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ကိုကိုယ် သိပ်မညှင်းဆဲပါနဲ့။ ပိုက်ဆံဆိုတာ အဓိကမဟုတ်ဘူးနော်" ဟု တိုးတိုးလေးပြောသည်။
ထိုအခါ မခင်ခင်မာက "မေမေက ဘာတွေပြောနေတာလဲ။ သမီးက ဒီမှာ အရမ်းအဆင်ပြေတယ်။ high cost of living ကို afford လုပ်နိုင်တဲ့အတွက် သမီး ကျေနပ်တယ်။ ဘာမှမပူပါနဲ့။ နောက်နှစ်နွေရာသီ ထပ်လာခဲ့နော်။ သမီး Gold Coast ခေါ်သွားမယ်လို့ ကတိပေးတယ်" ဟု ကျယ်လောင်စွာ ပြန်ပြောသည်။ ထိုစကားသံကို အနီးနားရှိလူများက လှည့်ကြည့်သွားကြသည်။ တစ်ဦးတစ်ယောက်က "Wow, she must be rich" ဟု တီးတိုးပြောသွားသည်ကို သူမကြားသောအခါ ကျိတ် ပြုံးမိသည်။
မေမေကို ဂိတ်ဝသို့ပို့ပြီး ကားပါကင်တွင့် ASB Banking App ဖြင့် ဘဏ်အကောင့်ကို ဖွင့်ကြည့် $700 သာ ကျန်တော့သည်။ သူမ ခဏရပ်တန့်သွားသော်လည်း ချက်ချင်းပင် သူငယ်ချင်း အိမွန်ကို ဖုန်းခေါ်လိုက်သည်။ “ဟယ်လို အိမွန်… ညနေစောင်း coffee သွားသောက်ရအောင်။ ငါက treat ပေးမယ်နော်။ Business ကောင်းလို့ celebrate လုပ်ချင်တာ” ဟု အားပါးတရပြောနေသည်။
ကော်ဖီဆိုင်တွင် ထိုင်ရင်း အိမွန်က "ခင်မာ… မင်း အမြဲတမ်း positive ဖြစ်တာချီးကျူးတယ်။ ဒီနိုင်ငံမှာ နေရတာ စိတ်ညစ်စရာတွေအများကြီးပဲ" ဟု ပြောလာသောအခါ သူမက ကော်ဖီခွက်ကိုမော့ကာ "ဟုတ်တယ်လေ… ဒီမှာနေဖို့က high cost ဆိုပေမဲ့ ငါ့အတွက်တော့ အဲဒါက motivation ပဲ။ ငါက afford လုပ်နိုင်တယ်ဆိုတာ သက်သေပြနေရတာကိုက ဘဝရဲ့ပျော်စရာ" ဟု ခပ်ကြွားကြွားပြန်ပြောလိုက်သည်။
အိမွန်သည် ခင်ခင်မာ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုကို ဖတ်မိသော်လည်း ဘာကိုမျှ မပြောတော့ဘဲ ခေါင်းညိတ်ရုံသာ။
---
အခန်း (၆) – အော့ကလန်မာယာကန္တာရ
ထိုညတွင် မခင်ခင်မာသည် အိမ်ပြန်ရောက်သောအခါ မီးမှိတ်ထားသော ဧည့်ခန်းထဲတွင် တစ်ယောက်တည်းထိုင်နေသည်။ လသာဆောင်မှနေ၍ ညဘက်အော့ကလန်မြို့၏ မီးရောင်များက တောက်ပနေသော်လည်း ထိုအလင်းရောင်က သူမ၏ ဘဏ်အကောင့်ထဲမှ အမှောင်ကို မဖုံးကွယ်နိုင်ပေ။
သို့သော် ထိုအတွေးက ကြာရှည်မခံ။ အင်စတာဂရမ်ကို ဖွင့်ကာ အခုနက ကော်ဖီဆိုင်တွင်ရိုက်ခဲ့သော flat white ခွက်ပုံကို "Grateful for small joys. Entrepreneur life isn’t easy but I love every moment. " ဟူသောစာသားဖြင့် တင်လိုက်သည်။ ထို့နောက် အိပ်ရာဝင်သွားသည်။
မနက်မိုးလင်းသောအခါ အလုပ်သမားတစ်ဦးထံမှ မက်ဆေ့ချ် – စားသောက်ဆိုင်အတွက် ပေးရမည့် ရေဖိုး၊ မီးဖိုး ပြေစာရောက်နေသည်။ သူမ အသက်ပြင်းပြင်းရှူကာ "ဒါတွေ အားလုံး ငါ ကျော်ဖြတ်နိုင်တယ်" ဟု ကိုယ့်ကိုယ်ကိုယ်ပြောသည်။ ထို့နောက် မှန်ထဲတွင် မိမိပုံရိပ်ကိုကြည့်ကာ "You’re a strong, independent woman. You chose this country. You made it. High cost of living is just a number. You’re above it." ဟု အင်္ဂလိပ်လို ရွတ်ဆိုလိုက်သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် မေမေ့ထံမှ ရန်ကုန်လေဆိပ်ရောက်ကြောင်း ဖုန်းဝင်လာသည်။ "သမီး… မေမေ အိမ်ပြန်ရောက်ပြီ။ သမီးကိုယ်သမီး ဂရုစိုက်နော်" ဟု ပြောသောအခါ သူမက "ဟုတ်ကဲ့မေမေ။ သမီးအားလုံးအဆင်ပြေပါတယ်။ ဒီနွေရာသီမှာ မေမေ့ကို ပျော်အောင်ထားနိုင်တာ သမီးအတွက် အကောင်းဆုံး achievement ပဲ" ဟု အားရဝမ်းသာပြောလိုက်သည်။
ဖုန်းချပြီးသည်နှင့် မျက်နှာပေါ်မှအပြုံး ခဏပျောက်သွားသော်လည်း ချက်ချင်းပြန်တည်လိုက်သည်။ ဤနည်းဖြင့်ပင် အော့ကလန်မြို့တွင် မခင်ခင်မာတို့ နေထိုင်ကြသည်။ အကုန်အကျများသော ဘဝကို အားသာချက်အဖြစ် ပုံဖော်ကာ၊ အခက်အခဲများကို မရှိသလို သရုပ်ဆောင်ကာ၊ လက်တွေ့ထက် လူမှုကွန်ရက်ပေါ်က ပုံရိပ်ကို ပိုမိုချစ်မြတ်နိုးရင်း… ဤသည်မှာ ကမ္ဘာအနှံ့ ပျံ့နှံ့နေသော မာယာကန္တာရထဲမှ လှပသောအော့ကလန်မြို့မှ ဇာတ်လမ်းပင်ဖြစ်တော့သည်။
---
အခန်း (၇) – နိဂုံး (သို့မဟုတ်) နောက်ထပ်ဇာတ်သိမ်းတစ်ခု
ဧပြီလရောက်သောအခါ မခင်ခင်မာသည် မထင်မှတ်ဘဲ ဘဏ်ချေးငွေအသစ်တစ်ခု အတည်ပြုချက်ရသွားသည်။ ထိုငွေဖြင့် စားသောက်ဆိုင်ကိုအဆင့်မြှင့်၊ အလုပ်သမားလစာကိုပေး၊ ကားအရစ်ကျကို ပေးနိုင်ခဲ့သည်။ သို့သော် ထိုချေးငွေသည် နောက်လများအတွက် ဝန်ထုပ်တစ်ခုသာဖြစ်သည်ကို သူမ မေ့ထားပြန်သည်။
ထိုနေ့မှာပင် အင်စတာဂရမ်တွင် BMW ကားရှေ့ professional model တစ်ဦးဟန်ဖြင့် ဓာတ်ပုံတစ်ပုံတင်သည်။ စာတန်းမှာ “Dreams don’t work unless you do. Proud to be a businesswoman in NZ. Sky is the limit! ” တဲ့။
မြန်မာပြည်ဘက်က ကြည့်နေတဲ့ ညီမဝမ်းကွဲ ငြိမ်းငြိမ်းက ထိုပုံကိုကြည့်ရင်း “အောင်မလေး… သူ့ဘဝကြီးက တကယ့်ကို ဒဏ္ဍာရီပဲ” ဟု ရေရွတ်လိုက်သည်။ သို့သော် ထိုဒဏ္ဍာရီထဲတွင် မခင်ခင်မာသည် သူ့ကိုယ်သူ ဇာတ်လိုက်အဖြစ်လည်းကောင်း၊ ဇာတ်ညွှန်းရေးသူအဖြစ်လည်းကောင်း၊ ပရိသတ်အဖြစ်လည်းကောင်း သုံးထပ်ကွမ်း ခံယူထားသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
တကယ်တမ်းတွင် အော့ကလန်သည် လှပသောမြို့တစ်မြို့ဖြစ်သည်။ သို့သော် လူတစ်ချို့အတွက် ထိုအလှသည် ငွေကြေးဖြင့်ဝယ်ယူထားသော ခေတ္တခဏစည်းစိမ်ဖြစ်ပြီး၊ ထိုစည်းစိမ်ကို မရရှိသောသူများရှေ့တွင် ဝင့်ကြွားပြီးမှသာ တန်ဖိုးရှိလာတတ်သည်။ ဤဝတ္ထုပါ မခင်ခင်မာကဲ့သို့သော သူများအတွက်မူ "နိုင်ငံခြားမှာ နေထိုင်ခွင့်ရခြင်း" သည် အဆုံးစွန်သော အောင်မြင်မှုမဟုတ်၊ ထိုအောင်မြင်မှုကို ပြသခွင့်ရခြင်းသည်သာ အဆုံးစွန်ဖြစ်နေတော့သည်။
ရွှေကီဝီ၏ စာဖတ်ပရိသတ်တို့အား မေးခွန်းတစ်ခု ချန်ထားခဲ့ပါရစေ။ ဤဇာတ်လမ်းမှ အဓိက ဇာတ်ကောင်အား သင်တို့ သနားမိပါသလား၊ သို့မဟုတ် စက်ဆုပ်မိပါသလား၊ သို့တည်းမဟုတ် သင်တို့ကိုယ်တိုင်လည်း မှန်ထဲ၌ သူမနှင့် တစ်စိတ်တစ်ပိုင်းတူနေသည်ကို တွေ့ရှိမိပါသလား။
ပြီး၏။