25/03/2025
ထူးအိမ်သင်က အခုလို ရေးခဲ့ဖူးတယ်။
- စကားလုံးများဟာ “ အတု ” ဖြစ်ပြီး
- စိတ်သည် “ အစစ်အမှန် ”ဖြစ်တယ် တဲ့။
လောကကြီးက ဟန်ဆောင်လှည့်ဖျားမှုတွေနဲ့ ပြည့်နှက်နေတာ။ ဒါကို အသက်ကြီးလာလေ ပိုသဘောပေါက်လာလေ၊ ပိုသိမြင်လာလေပဲ။
လူတိုင်းဟာ သရုပ်ဆောင်သာ မဖြစ်ကြတာ။ ဟန်ဆောင်ကောင်းကြတဲ့သူတွေချည်းပဲ။
“ ပျားသကာသို့ ချိုပါ၏ ”ဆိုတဲ့ စကားလုံးတွေမှာတောင် အတုတွေချည်းပဲ။ အစစ်လို့ ထင်ရအောင်ကို ချိုမြနိုင်လွန်းတယ်။
လူတွေ ပြောပြောနေကြတဲ့ စေတနာပါပါတယ်ဆိုတဲ့ စကားလုံးတွေမှာတောင် အတုတွေ ရောထားတာ အများကြီးပဲ။ ဟန်ဆောင်မျက်နှာဖုံးအောက်မှာ အတုတွေချည်းပဲ။
အစစ်အမှန်အတိုင်း ပြောလို့၊ နေလို့ မရဘူးဆိုပေမယ့်လည်း အတုတွေချည်းဆိုလည်း ဘာလုပ်မှာလဲကွယ်။
အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့သူတွေချည်းပါပဲ။ သူတို့ များများနစ်နာရမယ်ဆိုရင်တော့ ရှောင်ကြတာပါပဲ။
အတုတွေများတဲ့ လောကကြီးထဲမှာ စစ်စစ်မြစ်မြစ်ကြီး နေထိုင်မိရင်တော့ ရင်နာရတာပေါ့။
အချစ်အတုတွေ၊ မေတ္တာအတုတွေ၊ အကြင်နာအတုတွေ၊ စေတနာအတုတွေ၊ အတုတွေ၊ အတုတွေ ... အများကြီးပါပဲလားကွယ်။
လောကြီးမှာ လူပါး၊ လူနပ်တွေချည်းပါပဲ။ ရိုးချင် အ,ချင်ယောင် ဆောင်နေကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်ဖို့တော့ ကိုယ်သိကြတဲ့သူတွေချည်းပါပဲ။
ညစဉ် ဘုရားဝတ်ပြုတိုင်း ပို့သတဲ့ မေတ္တာထဲမှာ “ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ”ဆိုတာ ပါတယ်။ ဘယ်လောက်ပဲ မေတ္တာပို့တွေကို ရွတ်ဆိုနေပါစေ၊ နေ့စဉ်နဲ့အမျှ လူအချင်းချင်း လှည့်ပတ်ခြင်းတွေကတော့ ရှိနေမြဲပါပဲ။
လူတွေအကြောင်း သိလာလေ၊ လူတွေကို အယုံအကြည်မဲ့လာလေပါပဲ။ ဒါကြောင့် တစ်ခါတလေမှာ မသိခြင်းတွေဟာ ကောင်းတယ်လို့ ဆိုထားတာ။ သိတော့ ခံစားရတာပေါ့။
လူအတုတွေ၊ စကားလုံးအတုတွေ၊ ချစ်ခြင်းမေတ္တာအတုတွေကြားမှာ ရှင်သန်ဖို့ရာ တစ်ယောက်တည်း တိတ်ဆိဆ်ခြင်းကိုပဲ ဒဏ်ရာနည်းဖို့ ရွေးလိုက်ပါတယ်။
ရေလိုက်ငါးလိုက်၊ စကားလုံးအတု ဟန်ဆောင်မှုတွေအကြား အပြုံးတုတွေကို မုန်းလိုက်တာ။
စိတ်အစစ်အမှန်နဲ့လူ ဘယ်နှယောက်ကိုများ ငါ ရှာဖွေတွေ့ရှိနိုင်ပါ့မလဲ။
အလင်းသစ်(သဲကုန်း)