
10/07/2025
မောင်သာချို ပရိသတ်တွေအတွက် ဖြစ်ဖြစ်၊ ဂျက် (ကွမ်းခြံကုန်း) မှ ဆိုသူတွေအတွက်ပဲ ဖြစ်ဖြစ် အင်မတန် စိတ်ထိခိုက်ဖို့ကောင်းတဲ့ သတင်း။ ဆရာ တိမ်းပါးသွားခဲ့ပြီတဲ့။
ကျနော်တို့ ကျောင်းသားဘဝက စာပေဟောပြောပွဲတွေကို အရူးအမူး ခုံမင်ခဲ့ကြစဥ် ကာလတစ်ခုမှာ စာပေဟောပြောပွဲ လုပ်မယ်ကြံစည်တိုင်း ကျနော် အဖိတ်ချင်ဆုံး ပုဂ္ဂိုလ်ထဲမှာ မောင်သာချို ပါခဲ့တယ်။ ဘယ်ဆရာ/မ ကို ဖိတ်ချင်လဲ မဲပေးရွေးကြရင် ချစ်ဦးညို၊ နေဝင်းမြင့်၊ မောင်သာချို၊ ဂျူး တို့ကိုပဲ ဦးစားပေး စာရင်းပေးခဲ့ဖူးတယ်။
အဲဒီကာလမှာ မောင်သာချို ရေးတဲ့ "ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ" ဆိုတဲ့ ပရိုဖိုင်ဆန်ဆန် အရေးအသားကို အရမ်း စွဲလန်းနေခဲ့တာ။ ဂျက် (ကွမ်းခြံကုန်း) အနေနဲ့ဆိုရင်တော့ "ကမ္ဘာကြီးက တောင်ကန်မြောက်ကန်" ဆိုတဲ့ သရော်တော်တော် စာတွေကို စွဲလန်းနေချိန်ပေါ့။
ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ စာအုပ်ထဲမှာ မောင်သာချို ပေးတဲ့ ခေါင်းစဥ်တွေက အတော်လေး ရှေ့ရောက်ပါတယ်။
ဇော် (ပျဥ်းမနား)၊ သို့မဟုတ်
ဓားတစ်လက် ပန်းတစ်ပွင့်
မင်းသိုက်မွန် ၊ သို့မဟုတ်
အရက်ဖြူပုလင်း၊ ချစ်ခြင်းမေတ္တာ၊ ရွှံ့နွံဗွက်အိုင်နှင့် အိုမာခိုင်ယမ်ညများ
ကိုတာ၊ သို့မဟုတ်
ဆင်စွယ်နန်းတော်တံခါးအဝက စာရေးဆရာတစ်ယောက်
နေဝင်းမြင့်၊ သို့မဟုတ်
ယာခရိုးက ရွှေချိုးကူသံ
ဂျူး၊ သို့မဟုတ်
ဥာဏ်ပညာအပေါင်း ချစ်ခြင်းမေတ္တာ စွယ်တော်ရွက်လေးတစ်ရွက်
သန်းမြင့်အောင်၊ သို့မဟုတ်
လောကကမ်းပါးမှာ ကြယ်ငါးကောက်လေသူတစ်ယောက်
စသဖြင့် တင်စားပုံ အဆန်းလေးတွေနဲ့ ခိုင်းနှိုင်းခဲ့ပုံက အတုယူဖို့ ကောင်းတယ်။ ကျနော် နောက်ပိုင်း အားကစားအယ်ဒီတာ ဘဝ ရောက်တော့ ဘောလုံးသမား ပရိုဖိုင်တွေ ရေးချိန်မှာ အဲဒီ လွှမ်းမိုးမှုတွေ ကြီးခဲ့ပါတယ်။
မောင်သာချိုက သူနဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်တွေအကြောင်း ရေးချိန်မှာ ကောင်းကွက်တွေချည်း ရေးတာမျိုး မဟုတ်ဘဲ သူ မကြိုက်တာမျိုးရှိရင် မကြိုက်ကြောင်း အရှိအတိုင်း ရေးလေ့ရှိတယ်။
"တိမ်နဲ့ ချည်တဲ့ကြိုး၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ" တို့လို တောင်တက် ဝတ္ထုတွေ ပီပီပြင်ပြင် ရေးခဲ့တဲ့ စာရေးဆရာမ ဂျူးက စာပေဟောပြောပွဲ သွားရင်း လမ်းမှာ စေတီတစ်ဆူ ဖူးမယ်လုပ်ကြတော့ တောင်ကုန်းလေးတစ်ခု တက်ရချိန် ပင်ပန်းလို့ဆိုပြီး မလိုက်ဘဲ ကျန်နေရစ်ခဲ့လို့ သူ အံ့သြမိခဲ့တဲ့အကြောင်းတွေ၊
သူ့မိတ်ဆွေ ကဗျာဆရာတွေ မူးလာရင် ဘယ်လိုသွေးဆိုးပြီး ရစ်တဲ့အကြောင်းတွေ စသဖြင့် မကွယ်မဝှက် အားမနာတမ်း ရေးခဲ့တာပါ။ လူပုဂ္ဂိုလ်တွေအကြောင်း ပရိုဖိုင်ဆန်ဆန် ပြောတော့မယ်ဆိုရင် ကောင်းကွက်ချည်း ရေးဖို့ မသင့်ကြောင်း ဆင်ခြင်မိစေဖို့ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ စာအုပ်က တွန်းအားဖြစ်စေခဲ့တယ်။
နောက်ထပ် ဆရာနဲ့ အကြိုက်တူရတာက သူလည်း ဆရာမင်းလူတို့လိုပဲ ဘောလုံးပွဲတွေကို အရူးအမူး ကြိုက်တတ်တာပဲ။ ဘောလုံး သရော်စာတွေ ဖတ်ရချိန်မှာ ကိုယ်နဲ့ ရင်ဘတ်ချင်း ပိုနီးသလို ခံစားရစေတယ်။ စာဖတ်သက် ရင့်တဲ့သူတွေကတော့ ဂျက် ကို ပိုစွဲကြတယ်။
အရေးအကြီးဆုံး တစ်ချက်ကတော့ ဆရာမောင်သာချို (သို့) ဂျက် (ကွမ်းခြံကုန်း) ဟာ သာမန် စာရေးဆရာသက်သက် မဟုတ်ဘဲ နိုင်ငံရေးအမြင်၊ လောကအမြင်၊ ဟာသအမြင်၊ ဓမ္မအမြင် ထက်သန်သော စာရေးဆရာတစ်ယောက် ဆိုတာ မဖြစ်မနေ ထည့်ပြောရပါလိမ့်မယ်။
ကျနော်တို့လို နိုင်ငံအတွက် မောင်သာချို လို စာရေးဆရာမျိုးတွေ ပိုပြီး လိုပါတယ်။
သူ့ ပရိုဖိုင်တွေထဲက ခေါင်းစဥ်တွေလို တင်စားရရင်
မောင်သာချို ၊ ဂျက် (ကွမ်းခြံကုန်း) ၊ သို့မဟုတ်
နိုင်ငံရေးအမြင်၊ လောကအမြင်၊ ဟာသအမြင်၊ ဓမ္မအမြင် ထက်သန်သော စာရေးဆရာတစ်ယောက်
လို့ပဲ တင်စားလိုက်ပါရစေ။
ငြိမ်းချမ်းပါစေ ဆရာ။
~ ညှိုးငယ်စွာဖြင့် (The Storyteller)