Hninn Si Phyu

Hninn Si Phyu A publishing house headquartered in Myanmar

ကိုလတ်စာပေမှာ ဝယ်ယူအားပေးနှိုင်ပါပြီ။ကြော်ငြာထားတဲ့အတိုင်း ဒေးဗစ် ၁၀၀ ထွက်ပြီ။ ကျွန်တော်ရေးခဲ့ပြီးသားကဗျာတချို့နဲ့ ကဗျာအ...
27/08/2026

ကိုလတ်စာပေမှာ ဝယ်ယူအားပေးနှိုင်ပါပြီ။

ကြော်ငြာထားတဲ့အတိုင်း ဒေးဗစ် ၁၀၀ ထွက်
ပြီ။ ကျွန်တော်ရေးခဲ့ပြီးသားကဗျာတချို့နဲ့ ကဗျာအသစ်အနည်းငယ်ပေါင်းဒေဗစ် ၁၀၀ ရေတွက်လိုက်ခြင်းဖြစ်တယ်။

အမှာစာ

ဆရာမရှိသော ဝါကျများရဲ့ခေတ်စနစ်
နဲ့ဒေးဗစ်ကိုရှာဖွေကြစို့။

လူမှုကွန်ရက်ပေါ်မှာ စာသားတစ်ကြောင်း ပျံ့နှံ့သွားဖို့ စာရေးသူရဲ့ သက်ရှိထင်ရှား ရှိနေမှုတောင် မလိုအပ်တော့တဲ့ ခေတ်ထဲမှာ ကျွန်တော်တို့ အသက်ရှုနေကြရပါတယ်။
Salman Rushdie မရေးခဲ့တဲ့ ဝါကျတစ်ကြောင်းဟာ Salman Rushdie ရေးခဲ့သမျှ ဝတ္ထုတွေထက် မိုင်ပေါင်းများစွာ ပိုမို ခရီးရောက်သွားခဲ့ဖူးတယ်။ အဲဒီဝါကျမှာ စာရေးသူ မရှိဘူး။ စာရေးသူရဲ့ နာမည်ဟောင်းတစ်ခုပဲ ရှိတယ်။ လူတွေဟာ ဝါကျရဲ့ အမှန်တရားထက်၊ ဝါကျရဲ့ မွေးဖွားရာထက် — အဲဒီဝါကျကို ဘယ်သူ့နာမည်နဲ့ သွားကပ်လိုက်ရင် ပိုပြီး ယုံချင်စရာကောင်းမလဲဆိုတဲ့ "နာမည်" ဆိုတဲ့ identity politics ကိုပဲ ကိုးကွယ်ခဲ့ကြတာပါ။
အတုအယောင်တွေနဲ့ အမှန်တရားတွေ ရောထွေးနေတဲ့ ဒီ Post-Truth ခေတ်ကြီးထဲမှာ — စာရေးသူဟာ ကိုယ့်စာရဲ့ အပြင်ဘက်ကို နှင်ထုတ်ခံလိုက်ရပြီး၊ ဝတ္ထုထဲက သရဲတွေ ထွက်မလာခင် စာရေးသူကိုယ်တိုင် သရဲဖြစ်သွားရတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရပါတယ်။
အမှားတစ်ခုကို သန်းပေါင်းများစွာက အာဘော်ပြုလိုက်တဲ့အခါ အဲဒီအမှားဟာ အမှန်တရားလို ပြုမူလာတယ်။ အမှန်တရားကပဲ ကိုယ့်ကိုယ်ကို ပြန်ရှင်းပြနေရတဲ့ အဝိဇ္ဇာခေတ်မှာ “ဒေးဗစ် ၁၀၀” ဆိုတဲ့ ကဗျာစုစည်းမှုဟာ ထွက်ပေါ်လာခဲ့တာပါ။
ဒီစာအုပ်ဟာ ခေတ်ရဲ့အဖြစ်မှန်( သွေးသားစတေးနေရတဲ့ကာလရှည်) ကို ဒီကဗျာများကနေ တိတ်တိတ်လေး စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။
"David" ဆိုတာ သမိုင်းထဲက၊ ကျမ်းစာထဲက သို့မဟုတ် မြို့ပြရဲ့ ထောင့်တစ်နေရာက ဒေးဗစ်တစ်ယောက်တည်းကို ညွှန်းဆိုတာ မဟုတ်ပါဘူး။ အမှန်တရားကို မေးခွန်းထုတ်ဖို့၊ စာရေးသူမရှိတဲ့ ဝါကျတွေကို ပြန်လည်စစ်ဆေးဖို့၊ အနှစ်မရှိတဲ့ တင်စားချက် (Metaphor) တွေနဲ့ ကိုယ့်ကိုယ်ကို လှည့်စားထားတဲ့ လူ့အဖွဲ့အစည်းကို မှန်ထိုးပြဖို့အတွက် "ဒေးဗစ် ၁၀၀" ဆိုတဲ့ ဝိညာဉ် ၁၀၀ က အသံပြုလိုက်ခြင်း ဖြစ်ပါတယ်။
စကားလုံးတွေရဲ့ သက်တမ်း ကုန်ဆုံးသွားပြီလို့ ယူဆရတဲ့ ခေတ်မှာ၊ စာရေးသူရဲ့ ဖြစ်တည်မှုကို လူတွေ မယုံတော့တဲ့ ခေတ်မှာ — ဒီကဗျာတွေဟာ စာဖတ်သူကို ပြန်လည်ဖတ်ရှုပါလိမ့်မယ်။
ကျွန်တော်တို့ ဘယ်လိုဝါကျမျိုးကို ယုံကြည်နေကြသလဲ။ ဘယ်လိုအမှားတွေကို အမှန်ဖြစ်အောင် အတူတကွ တွန်းပို့နေကြသလဲ။ ဒါမှမဟုတ် ကျွန်တော်တို့ကိုယ်တိုင်ရော အပြင်က ရောဂါအကျိတ် မဟုတ်ဘဲ၊ ဒီဒဏ်ရာတွေထဲမှာ အစကတည်းက ပါဝင်နေခဲ့တဲ့ တန်းစီစောင့်ဆိုင်းသူတွေ ဖြစ်မနေဘူးလား။
“ဒေးဗစ် ၁၀၀” ဟာ လွယ်လွယ်နဲ့ သက်သာရာရစေမယ့် အဖြေတွေကို ပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်ရဲ့ အသံဗလံတွေကြားမှာ တိတ်ဆိတ်သွားခဲ့တဲ့ "အမှန်တရား၏ သဘော" ကိုတော့ ကဗျာဆန်ဆန် ပြန်လည် နှိုးဆွပေးပါလိမ့်မယ်။
စာဖတ်သူအနေနဲ့ ဒီကဗျာတွေကို ဖတ်ရှုရင်း စာရေးသူ မရှိတော့သည့်တိုင်အောင် စာသားများ၏ အသက်ရှုသံကို သမာဓိရှိရှိ ခံစားရရှိနိုင်ပါစေကြောင်း။

ဘိုဘိုဝင်း

ဒေးဗစ်၁၀၀ကောက်ကြောင်း

ဒေးဗစ်၁၀၀ဟာ ဘိုဘိုဝင်းရဲ့ အရင်ကိုယ်တိုင်ရေးကဗျာစာအုပ်တွေထဲက ကဗျာတွေကို စုစည်းထုတ်ဝေထားတာဖြစ်တယ်။ သူ့ကိုယ်တိုင်ရေးကဗျာစာအုပ်အားလုံးလောက်မှာ ကျနော့်အမှာတွေပါခဲ့တာကြောင့် ဒီစာအုပ်အတွက်အမှာမရေးခင် အရင်စာအုပ်တွေမှာ ရေးခဲ့တဲ့အမှာတွေကို ပြန်ဖတ်ကြည့်ဖို့ဖြစ်လာတယ်။

မိုးတိမ် - ၂၀၂၂
ဒီတော့မှ သူ့ကိုယ်တိုင်ရေးပထမကဗျာစာအုပ်ဖြစ်တဲ့ “ဒေးဗစ်ရဲ့မိုးတိမ်များ”မှာ ကျနော်ရေးခဲ့တဲ့အမှာဟာ ၂၀၂၂ ဒီဇင်ဘာလလို့ သတိထားမိတော့တယ်။ အမှာတွေရေးတာ မကြာမတင်ခင်ကလို့ ထင်ထားခဲ့ပေမယ့် ပထမစာအုပ်သည်ပင်လျှင် ၃နှစ်ကျော်ကြာမြင့်ခဲ့ပြီဆိုတာ တွေ့ရတယ်။ ၃နှစ်ကျော်ကာလ၊ ကဗျာ၁၀၀၊ ပေါင်းချုပ် စတာတွေဟာ ကဗျာဆရာတယောက်ရဲ့ ဖြတ်သန်းမှု၊ ဖန်တီးမှုနဲ့ သမိုင်းကို စာဖတ်သူဆီမှာ မှတ်ကျောက်အတင်ခံဖို့ ဖြစ်လာခဲ့တာပဲလို့ သူ့ကဗျာတွေနဲ့ ကိုယ့်အမှာတွေကိုပြန်ဖတ်ရင်း ဆင်ခြင်မိတယ်။

နောက်တချက်သတိထားမိတာက ကိုယ်ရေးခဲ့သမျှအမှာစာတွေဟာ စာအုပ်တွေမှာပါတဲ့ ကဗျာတွေကို မိတ်ဆက်သဘောဆိုတာထက် အကဲဖြတ်တဲ့အပိုင်းတွေပါ ပါဝင်နေတယ်ဆိုတာပါပဲ။ ဥပမာ ဒေးဗစ်ရဲ့မိုးတိမ်များမှာ စကားပြေကဗျာကိုအကြမ်းအဓိပ္ပါယ်ဖွင့်ဆိုကြည့်ခဲ့ပြီး သူ့ကဗျာတပုဒ်ဖြစ်တဲ့ ဗုဒ္ဓရဲ့တက်တူးကို ဂျိမ်းတိတ်ကဗျာတပုဒ်နဲ့ယှဥ်တွဲသုံးသပ်ကြည့်မိတာမျိုး ဖြစ်တယ်။

B&V - ၂၀၂၃ နဲ့ ဆဌမမြောက်အတွေး - ၂၀၂၄
နောက်ထပ်ဥပမာတခုပေးရရင် B&V (သူနဲ့ဗာဝယ်ပေါင်းထုတ်တဲ့ ၂ယောက်တွဲကဗျာစာအုပ်) မှာ သူတို့နှစ်ယောက်ရဲ့ကဗျာတွေမှာ ဘယ်အပိုင်းက မော်ဒန်၊ ဘယ်အပိုင်းကပို့စ်မော်ဒန်စသည်ဖြင့် ပေါင်းစပ်ပါဝင်နေတဲ့သဘောကို ခွဲခြမ်းကြည့်ဖြစ်ခဲ့တယ်။ ဒီလိုကဗျာတွေကို ခွဲခြားကြည့်တာအပြင် သူတို့ကဗျာတွေနဲ့ မြန်မာကဗျာပုံသဏ္ဍန် အပြောင်းအလဲကိုပါထဲ့သွင်းချိန်ဆခဲ့တဲ့သဘောလည်း ပါဝင်ခဲ့ပြန်တယ်။ ဆိုလိုတာက ဒီအချိန်ဟာ မြန်မာကဗျာတွေအတွက် ပုံသဏ္ဍန်အလွန် အနေအထားတခုကိုရောက်ရှိနေတယ်ဆိုတဲ့သဘောထားမျိုး သုံးသပ်ခဲ့တာဖြစ်တယ်။ အမှာခေါင်းစဥ်ကိုက “ပုံသဏ္ဍန်အလွန်၊ Metaphorကိုပြန်ပေးဆွဲခြင်း” လို့နာမည်ပေးခဲ့တာကို ကြည့်ရင် ဆိုလိုချင်တဲ့သဘောကို အလွယ်မြင်တွေ့ရမှာပဲဖြစ်တယ်။

ဘိုဘိုဝင်းရဲ့ တတိယမြောက်ကိုယ်တိုင်ရေးကဗျာစာအုပ်ဖြစ်တဲ့ “ဒေးဗစ်ရဲ့ဆဌမမြောက်အတွေး” စာအုပ်ကတော့ အမှာစာဆိုတာထက် မှတ်ချက်သဘောမျိုးပဲဖြစ်တယ်။ ဒီမှတ်ချက်‌မှာအပိုဒ်၃ပိုဒ်သာပါဝင်ပြီး နောက်ဆုံးအပိုဒ်ကို ပြန်ပြီးကူးယူဖော်ပြလိုက်ပါရစေ။

“လက်ရှိခေတ်ကာလဖြတ်သန်းမှုတွေကို အကြောင်းအရာအဖြစ်ယူပြီး တည်ဆောက်ထားသည့် ဒေးဗစ်ရဲ့ဆဌမမြောက်အတွေးကိုဖတ်ရင်း ကဗျာဆရာ၊ အချိန်ကာလ နဲ့ က‌ဗျာဖန်တီးမှုတွေကြားက ဆက်စပ်မှုနဲ့ကွာဟမှုကို ဆင်ခြင်ကြည့်မိသည်ဟုပြောရမည်ထင်သည်။”

ရုပ်သံ - ၂၀၂၅ နဲ့ တလွဲကောင် - ၂၀၂၆
စတုထ္ထစာအုပ်ဖြစ်တဲ့ “ဒေးဗစ်ရဲ့ရုပ်သံများ”မှာ ကျနော်အဓိကထုတ်နှုတ်ကြည့်ခဲ့မိတာက ကဗျာတွင်အကြောင်းအရာ‌ပေါ်အခြေခံသည့်အဓိပ္ပါယ်ကိုဖတ်ခြင်း (Reading Meaning) နှင့် ပုံသဏ္ဍန်ကိုဖတ်ခြင်း (Reading Form) ပဲဖြစ်တယ်။ ဒီစာအုပ်ရဲ့အမှာစာသည်လည်း မှတ်ချက်သဘောသာသာပဲဖြစ်တယ်။ သို့သော် အဓိပ္ပါယ်ကိုဖတ်ခြင်း နှင့် ပုံသဏ္ဍန်ကိုဖတ်ခြင်း ဆိုတာတွေဟာ စာပေသီအိုရီတွင်အရေးပါသောအခန်းခွဲတွေဖြစ်ပြီး ဒီနှစ်ထဲထွက်ခဲ့တဲ့ “ဒေးဗစ်ရဲ့ တလွဲကောင်” ကဗျာစာအုပ်မှာ ဝေဖန်ရေးသစ်အယူအဆနဲ့ ရိုလန်ဘတ်ရဲ့ စာဖတ်သူသေဆုံးခြင်း စာတမ်းတွေကိုတို့ထိရေးသားခဲ့တယ်။

ဒါ့ကြောင့် အမှာစာတွေနဲ့မှတ်ချက်တွေဟာ ကဗျာစာအုပ်ပါကဗျာများကိုနားလည်ဖို့ကျိုးစားရာမှာ စာပေဝေဖန်ရေးသဘောတရားတွေကို အကျဥ်းသဘောထဲ့သွင်းအသုံးချ ချဥ်းကပ်ကြည့်တဲ့ သဘောလည်း သက်ဝင်နေခဲ့တယ်။ ဒီလောက်ဆိုရင် စာဖတ်သူ၊ ကဗျာချစ်သူတွေအနေနဲ့ ဒေးဗစ်၁၀၀ ကဗျာပေါင်းချုပ်ရဲ့ ကောက်ကြောင်း၊ ပါဝင်တဲ့ကဗျာတွေနဲ့ပတ်သက်တဲ့ အမှာရေးသူရဲ့မိတ်ဆက်နဲ့ ကဗျာပေါ်ထားတဲ့သဘောထားတွေကို အနည်းနဲ့အများတော့ ဖမ်းဆုပ်ကြည့်နိုင်ပြီလို့ထင်ပါတယ်။

နှောင်းကွန်တမ်ပိုရီမှ ကွန်တီပိုရီအလွန်သို့
နှစ်၃၀ကျော်မော်ဒန်ကဗျာ၊ နှစ်၂၀ကျော်ကွန်တမ်ပိုရီကဗျာခေတ်တွေကိုဖြတ်သန်းလာခဲ့တဲ့ မြန်မာကဗျာဟာ နောက်ထပ်အရေးအသားသစ်တွေဆီခရီးဆက်မှာ မလွဲမသွေဖြစ်တယ်။ လာမယ့်အချိုးအကွေ့တခုဆီကိုမသွားခင် ကဗျာဆရာဟာ ဒေးဗစ်၁၀၀ကို သူ့စာပေမှတ်တိုင်တခုအဖြစ် စုစည်းထုတ်ဝေလိုက်ပုံရတယ်လို့ ယူဆကြည့်မိတယ်။

ကျော်ဇောခိုင်
၂၀ ဇူလိုင် ၂၀၂၆

စမ်းချောင်းကို ကိုလတ်မှာဝယ်ယူ နှိုင်ပါပြီစမ်းချောင်းမှာစီးဆင်းခြင်း၁။ဒီတခါတော့ ကဗျာဆရာ၊ ဘာသာပြန်ကဗျာဆရာအဖြစ် စာဖတ်ပရိတ်သ...
26/08/2026

စမ်းချောင်းကို ကိုလတ်မှာဝယ်ယူ နှိုင်ပါပြီ

စမ်းချောင်းမှာစီးဆင်းခြင်း

၁။

ဒီတခါတော့ ကဗျာဆရာ၊ ဘာသာပြန်ကဗျာဆရာအဖြစ် စာဖတ်ပရိတ်သတ်ကသိရှိထားသော (ဆရာ) ဘိုဘိုဝင်းဆီကဝထ္ထုတွေ (ဝထ္ထုတိုတွေ) ထွက်လာသည်။ ထုံးစံအတိုင်းကျနော့်မှာတော့ သူ့စာရေးနိုင်စွမ်းနှင့် စာပေနယ်ပယ်တွေကြားကူးလူးထိတွေ့နိုင်စွမ်းအားကို အံ့အားသင့်ရပြန်သည်။ ကဗျာမှာ စကားပြေကဗျာတွေကို အထူးဂရုပြုဘာသာပြန်ဆိုသူ ကိုယ်တိုင်ရေးကဗျာတွေထဲတွင် စကားပြေကဗျာဓတ်ကိန်းအောင်းနေသူတဦးထံကထွက်လာသော ဝထ္ထုတိုတွေမှာ ဝထ္ထုနှင့်စကားပြေ(ကဗျာ) အကြားထိကစားထားတာတွေတွေ့ရပေမယ့် ကောင်းစွာခြားထားတဲ့သဘောလည်းတွေ့ရပြန်သည်။ ဆိုလိုသည်မှာ သူ့ဝထ္ထုတွေထဲမှာ ကဗျာဓတ်ထဲ့သွင်းထားတဲ့နေရာတွေရှိပေမယ့် ကဗျာလိုလို စကားပြေလိုလို (micro fiction) အရေးအသားတချို့ရောထွေးပါဝင်နေပေမယ့် တခုလုံးကိုခြုံကြည့်သည့်အခါ ဝထ္ထုတိုတွေပဲဖြစ်နေတယ်ဟုဆိုလိုရင်းဖြစ်သည်။

၂။
မြန်မာစာပေတွင် ဝထ္ထုတိုတခေတ်ဆန်းချိန်မှာ ၁၉၈၀ပြည့်နှစ်တွေကဖြစ်သည်။ ၁၉၇၀နောက်ပိုင်း မြန်မာမော်ဒန်ကဗျာအားယူပြီးအရှိန်ကောင်းလာသည့်၁၉၈၀ပြည့်နှစ်များတွင် ဝထ္ထုတိုလည်း တခေတ်ဆန်းခဲ့သည်ဟုပြောနိုင်ပါလိမ့်မည်။ ထင်ရှားပြီးစာဖတ်ပရိတ်သတ်အကြား အမှတ်ထင်ထင်ဖြစ်ခဲ့ရသည့်ဝထ္ထုတိုများကို အဆက်မပြတ်ရေးနိုင်ခဲ့သည့်ဝထ္ထုတိုဆရာများမှာ ဂျူး၊ သစ္စာနီ၊ နေမျိုး၊ ကိုဆွေ၊ မြင့်သန်းတို့ဖြစ်ခဲ့သည်။ (တခြားဝထ္ထုတိုဆရာမြောက်များစွာရှိသော်လည်း အားလုံးကိုရှည်လျှားစွာမဖော်ပြနိုင်တာကိုတော့ ခွင့်လွှတ်စေချင်ပါသည်)။

၁၉၈၀ပြည့်နှစ်များ ဝထ္ထုတိုနှင့်ကဗျာရွှေတခေတ်မှာ ကဗျာဆရာ၊ စာရေးဆရာများစွာ အုံနဲ့ကျင်းနဲ့ထွက်လာသလို၊ ခေတ်ကြီးတခုလုံးကိုပျက်ပျက်ထင်ထင်သရော်နိုင်ခဲ့သောကာတွန်းများ၊ ထိုစာပေလက်ရာများကိုဖော်ပြသည့် လစဥ်မဂ္ဂဇင်းများနှင့် စာအုပ်အငှားဆိုင်ခေတ်တခေတ်သည် ၁၉၈၈ရှိရာသို့ တရစ်ချင်းရစ်ပတ်လာခဲ့ပုံရသည်။

မြင့်တက်လာသည့်ယဥ်ကျေးမှုအနုပညာရဲ့ စိမ်ခေါ်ချက်ကို ရပ်တန့်နေသည့်နိုင်ငံ‌‌ရေးက လိုက်လျှောညီထွေပြုပြင်ပြောင်းလဲမပေးနိုင်ခဲ့ပါ။ ကျန်တာကတော့သမိုင်းတခုဖြစ်လာခဲ့သည်။

၃။

စာအုပ်ခေါင်းစဥ်အဖြစ်တင်ထားသည့် စမ်းချောင်းမှာဝထ္ထုတိုသည် စာရေးသူဘာသာပြန်ဆိုလေ့ရှိသည့်ကဗျာဆရာတွေထဲကတဦးဖြစ်သည့် မာမွတ်ဒါဝတ်ရှ်၏ ကဗျာတပုဒ်ထံမှအာရုံသွင်းယူထားခြင်း (Inspiration) ဖြစ်ပုံရသည်။ လူငယ်တွေကို ကျောက်တုံးနှင့်သစ်ပင်အကြား သင်္ကေတပြု ဖွဲ့ဆိုထားခြင်းလို့ ယူဆရမည်ထင်သည်။

သို့သော်ညီအကိုနှစ်ဦး၊ ရောဂါသည်ညီဖြစ်သူနှင့် အကိုဖြစ်သူထောင့်ကနေပြီး ရေးဖွဲ့သည့်ပုံစံတွေသည် ဒါဝတ်ကဗျာကပေးသည့် နောက်ခံအယူအဆပါးပါးကြားတွင် စာရေးသူဘာကိုထပ်မံထဲ့သွင်းတည်ဆောက်ပြလိုသလဲဆိုတာကိုတော့ ကောင်းစွာထိုးဖောက်မကြည့်မိနိုင်ခဲ့။

ဒီဝထ္ထု၄ပုဒ်မှာဖတ်ပြီးပြီးချင်းချက်ခြင်းသဘောကျမိသည့်အပုဒ်မှာ Love Bite ဖြစ်သည်။ လိုင်းပေါ်မှာကြုံတွေ့ရတတ်သည့် ကြားဖူးနားဝဇတ်လမ်း(တခု)ကို ပြန်လည်ဝင်စား ရေးဖွဲ့ထားပုံရသည်။ ဝထ္ထုသည်ဇတ်လမ်းတခုထက်ပိုပြီး အသက်ဝင်နေသည့်သဘောခံစားမိသည်။ ဝထ္ထု၏အယူအဆပိုင်းဆိုင်ရာထင်ဟပ်ချက်များမှာ ယနေ့ခေတ်လူငယ်များနှင့် မိဘများကြား ချင့်ချိန်စရာများ လေ့လာစရာများ ရှိနိုင်လိမ့်မည်ဟုထင်သည်။

နံပတ်၂ ဝထ္ထုတိုဖြစ်သည့် “တံခါးမရှိသောအခန်း” နှင့် နံပတ်၃ “အအေးသည်ဆောင်းများသာ ဖတ်ကြားခြင်း” တို့ကို စာဖတ်သူများကိုယ်တိုင်ဖတ်ရှူခံစားရန်နှင့် လေ့လာစူးစမ်းရန် မတို့မထိချန်လှပ်ထားခဲ့ပါရစေ။

၄။

ယခုအမှာတွင် ၈၈နောက်ပိုင်းပြန်လည်ထွက်ရှိလာသည့်မဂ္ဂဇင်းတွေမှာ (အမှာစာရေးသူဘက်က) အထူးသဖြင့် ၂၀၀၀ပြည့်များ၏ မြန်မာဝထ္ထုတိုစီးကြောင်းကို ခြေရာမခံနိုင်ခဲ့သည့်အတွက် မြန်မာဝထ္ထုတိုတွေဘယ်လိုဆက်လက်ဖွံ့ဖြိုးလာခဲ့သလဲဆိုတာကို ထဲ့သွင်းချိန်ဆမဖော်ပြနိုင်ပါ။ သို့သော် ယခုစာအုပ်ထဲကဝထ္ထုတိုတွေနှင့် ၈၀ပြည့်နှစ်တွေကို မောင်းနှင်ခဲ့သော မြန်မာမော်ဒန်ဝထ္ထုတိုတွေအကြား ကောင်းစွာကွဲလွဲနေသည့်အချက်မှာ ယခုဝထ္ထုတွေက သဘာကျစွာမော်ဒန်တွေမဟုတ်တော့။ သို့သော် ပို့စ်မော်ဒန်တွေလည်းမဟုတ်ပဲ သရုပ်မှန်အရေးအသား (Realism) တွေဘက်ကိုပြန်လှည့်သွားသည်ဟု ယေဘူယျပြောရမည်ထင်သည်။ ဒါပေမယ့် သေချာတာကတော့ အရင်တခေတ်ကထင်ရှားခဲ့သည့် သရုပ်မှန်အရေးအသားတွေလည်းမဟုတ်။

ရှေ့မှာပြောခဲ့သလို ဝထ္ထုတိုတွေက ဒီ့ထက်ပိုတိုသည့်အတိုတွေနဲ့ စကားပြေကဗျာဆန်ဆန် စုစည်းတည်ဆောက်ထားတာတွေ့ရပြီး ဇတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဘဝ (inner life)နှင့် နေ့စဥ်ဘဝထဲမျက်မှောက်နိုင်ငံရေးရောနှောသက်ရောက်နေပုံကိုတွေ့ရပေလိမ့်မည်။ ကမ္ဘာတွင် ကဗျာမှာ ကွန်တမ်ပိုရီတွေနဲ့အပြိုင် ကာရံအားပြုကဗျာများ (Form ကိုအားပြုပြီး) ပြန်ရေးလာသည့်အခါ New Formalism လို့ခေါ်ကြသလို ဒီဝထ္ထုတိုတွေကို New Realism တွေလို့ပြောနိုင်မလားမဆိုတတ်။

ဝထ္ထုတွေကအတတ်ပညာပိုင်းအားပြုပြီး ကွန့်မြူးဖန်တီးရေးသားထားတာတွေမဟုတ်ပဲ (အတတ်ပညာမပါဟုမဆိုလို) စာရေးသူတင်ပြလိုသည့်ရည်ရွယ်လိုရင်းနှင့်ဘဝအမြင်ကို ဦးစားပေးပုံဖော်ထားတာတွေ့ရသည်ဟု ပြောနိုင်ပါလိမ့်မည်။

ကျော်ဇောခိုင်
၂၇ ဇူလိုင် ၂၀၂၆

စမ်းချောင်းမှာ နှင့်ဝတ္ထုတိုများထွက်နေပြီဗျရဲလွင်အောင်ရဲ့ ဝတ္ထုများအပေါ်အမြင်အစိတ်စိတ်ကွဲနေတဲ့ မြို့ပြနဲ့ လူ့သဘာဝ(ကို)ဘိ...
25/08/2026

စမ်းချောင်းမှာ နှင့်ဝတ္ထုတိုများ
ထွက်နေပြီဗျ

ရဲလွင်အောင်ရဲ့ ဝတ္ထုများအပေါ်အမြင်

အစိတ်စိတ်ကွဲနေတဲ့ မြို့ပြနဲ့ လူ့သဘာဝ
(ကို)ဘိုဘိုဝင်းရဲ့ “စမ်းချောင်းနှင့် ဝတ္ထုတိုများ" စာအုပ်ကို မြို့ပြဝတ္ထု(Urban Fiction) ထဲပါဝင်တယ်လို့ ကျွန်တော် ခံယူပါတယ်။
စာအုပ်ထဲမှာ-
မြို့ပြရဲ့ရုပ်ဝတ္ထုနဲ့ စိတ္တဇအခင်းအကျင်း(Urban Geograrphy and Alienation)
မြို့ပြဝတ္ထုတွေရဲ့ ထင်သာမြင်သာရှိတဲ့ လက္ခဏာတစ်ခုကတော့ ဇာတ်ဆောင်တွေကို ဖြစ်ရပ်ကြီးတစ်ခုလုံးရဲ့ နောက်ခံသက်သက်မဟုတ်ဘဲ သက်ရှိဇာတ်ဆောင်(A Living Character) တွေအဖြစ် ပုံံဖော်တာပါ။
(က) စမ်းချောင်းရဲ့ ပုံရိပ်(Urban Spatiality)
စမ်းချောင်းရဲ့ ကျဉ်းမြောင်းတဲ့လမ်းကြားတွေ၊ ရေညှိတက်နေတဲ့ နံရံတွေ၊ ဟောင်းနွမ်းနေတဲ့ တိုက်ခန်းတွေ၊ သံချေးတက်နေတဲ့ လှေကားတွေ၊ ကျဉ်းကျပ်လှတဲ့ ပြတင်းပေါက်တွေက မြို့ပြရဲ့ သိပ်သည်းဆနဲ့ လူသားတွေကြား ကျဉ်းမြောင်းလာတဲ့ ဆက်ဆံရေးကို ပြသနေပါတယ်။ဒီသဘောကို စိတ္တဇပြယုဂ်(Psychological Symbolism) သဘောနဲ့ဖော်ပြထားပါတယ်။ ဒီသဘောကို တိုက်ဟောင်းတွေနဲ့ လှေကားမှာ အထင်းသားမြင်ရပါတယ်။ ဒီအရေးအသားတွေဟာ စမ်းချောင်းရဲ့ စိတ္တဇမြေပုံ (Psychogeographic Mapping) ကိုကြိုးစားဖော်ပြချင်ပုံရပါတယ်။ လှေကားတွေ၊ တိုက်ဟောင်းတွေဟာ ရုပ်ဝတ္ထုသက်သက်မဟုတ်ဘဲ ဇာတ်ဆောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာယိုယွင်းလာမှုနဲ့ ပိတ်လှောင်ခံထားရမှု (Spatial Claustrophobia) ကို ကိုယ်စားပြုနေပါတယ်။ ကိုသော်ဇင်နဲ့ ကိုရဲမာန်တို့ရဲ့ ဘဝကျဉ်းမြောင်းမှု၊ အိုမင်းရင့်ရော်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းလာမှုတို့က ထင်ဟပ်နေပါတယ်။ “လူတစ်ယောက်ဆီမှာ မှတ်ဉာဏ်တွေမရှိတော့ရင် သူဟာ အရင်လူ ဟုတ်သေးရဲ့လား” ဆိုတဲ့ စာသားမျိုးကို တွေ့ရမှာဖြစ်ပါတယ်။
(ခ)မြို့ပြရဲ့ သူစိမ်းဆန်မှု(Urban Alienation)
လူတွေ ကြပ်ညပ်ပြီးနေထိုင်ကြပြီး ကွန်ကရစ်အခေါင်းလိုမျိုးဖြစ်နေတဲ့ တိုက်ခန်းတွေများစွာရှိတဲ့ စမ်းချောင်းလို စက်ဝန်းထဲမှာ လူတွေဟာ အချင်းချင်းနီးကပ်နေကြပေမဲ့ စိတ်ပိုင်းဆိုင်ရာ အထီးကျန်တာ၊ အေးစက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုတာဆိုတဲ့ မြို့ပြရဲ့ သူစိမ်းဆန်မှု(Urban Alienation) သဘောကို တွေ့ရပါတယ်။ ညီဖြစ်တဲ့သူ ကွယ်လွန်ပြီးနောက် ကိုသော်ဇင်တစ်ယောက် အစိုးရုံးတွေကြားမှာ ဗျာများရတာဟာ အဓိပ္ပါယ်မဲ့တဲ့စနစ်နဲ့ ကာဖ်ကာဆန်မှု(Kafkaesque Bureaucracy) သဘောပါပဲ။ စနစ်ကြီးတစ်ခုလုံးက လူသားတစ်ဦးချင်းစီရဲ့ ဝေဒနာကို လျစ်လျူရှုထားပုံပါ။

(င)ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဝါးမျိုတဲ့ လူ့အဖွဲ့အစည်း(Burnout Society)
ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဝါးမျိုတဲ့ လူ့အဖွဲ့အစည်းသဘောကိုလည်း စာရေးသူက ပုံဖော်ခဲ့ပါသေးတယ်။ မင်းသန့်နဲ့ ညဆိုင်းလုံခြုံရေး ဝတ္ထုဇာတ်ဆောင်တွေကတစ်ဆင့် ကိုရီယားနွယ်ဖွား ဂျာမန်တွေးခေါ်ရှင် Byung-Chul Han ရဲ့ Burnout Society ပါသဘောတရားတချို့ကို ဖော်ပြခဲ့ပါသေးတယ်။
(ဃ) တရားမျှတမှု၊ ဥပဒေနဲ့ စကားလုံးတွေ သေဆုံးမှု (Law & Restorative Justice)
တံခါးမရှိသော အခန်းနဲ့ Lovebite ဝတ္ထုတိုတွေမှာ စာရေးသူဟာ ဥပဒေရေးရာနဲ့ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေမေးထားပါတယ်။ စကားလုံးတွေ သေဆုံးမှု (Death of Language) ကို “စကားလုံးများ သေဆုံးသွားသည့် နေရာတွင် အကြမ်းဖက်မှုနှင့် ဓားချက်များ စတင်လာသည်။” ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့မြင်တွေ့ရပါတယ်။ နောက်တစ်ချက်က တရားမျှတမှုသဘောပါ။ စာရေးသူကတော့ နစ်နာသူရဲ့ စိတ်ဒဏ်ရာကို ကုစားပေးရေးနဲ့ အားအနည်းဆုံးသူတွေကို အကာအကွယ်ပေးရေးဆိုတဲ့ ဂျွန်ရောရဲ့ အယူအဆတချို့ကိုပါ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။
စမ်းချောင်းနှင့် ဝတ္ထုတိုများကတော့ ဒဿနဆန်တဲ့ ဝတ္ထုပုံစံအရေးအသားတွေလို့ ဆိုရပါမယ်။ ဝတ္ထတွေထဲမှာ စိတ္တဇဆန်တဲ့ အရိပ်တွေ(Metaphors & Fragmented Structure)၊ ခေတ်ပြိုင် လူမှုရေးရာဝေဒနာတွေ(Systemic Alienation & Burnout)၊ ဥပဒေနဲ့ စိတ်ဒဏ်ရာဆိုင်ရာ မေးခွန်းတွေ (Restorative Justice) နဲ့ ဒဿနဆိုင်ရာပဲ့တင်သံတွေ (Kafka၊Byung-Chul Han၊ John Rawls နဲ့Mahmoud Darwish) တို့ကိုတွေ့ရမှာဖြစ်ပါတယ်။
ရေးဟန်(Style) ကိုပြောရမယ်ဆိုရင် တင်စားချက်တွေကို အလျှံပယ်သုံးထားပါတယ်။ ဥပမာ “ အကွာအဝေးဆိုတာ အစ်ကိုဖြစ်သူရဲ့ သက်ပြင်းချသံက ညီဖြစ်သူရဲ့အိပ်မက်ထဲအထိ စိမ့်ဝင်ရတဲ့ အကွာအဝေး” ဆိုတာမျိုး၊ “သန့်ရှင်းခြင်းသည် ဖျက်ပစ်ခြင်း၏အခြားအမည်ဖြစ်သည်” ဆိုတာမျိုးပါ။ အတိတ်နဲ့ လက်တွေ့ရောယှက်ဖွဲ့စည်းပုံ (Non-linear & Fragmented Narrative) သဘောကိုလည်းတွေ့ရမှာပါ။ အရေးအသားတွေမှာ ဖြစ်စဉ်ကို တပြေးညီအစဉ်အတိုင်းမသွားစေဘဲ မှတ်ဉာဏ်၊ အိပ်မက်၊နာကျင်မှု လက်ရှိအခြေအနေတွေနဲ့ ရောစပ်ပြထားပါတယ်။ စာမျက်နှာနဲ့ အခန်းအလိုက် အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ ဇာတ်ကွက်ပုံစံ (Fragmented Structure) နဲ့ ဇာတ်ဆောင်တွေရဲ့ ဝေဝါးနေတဲ့ စိတ်အခြေအနေ၊ အနာဂတ်နဲ့ ကိုယ့်ဘဝကိုယ်မပိုင်ဆိုင်နိုင်တဲ့သဘောကို ဖော်ပြဖို့ကြိုးပမ်းထားပါတယ်။
ဒီစာအုပ်ပါအရေးအသားတွေနဲ့ပတ်သက်လို့ နောက်ဆုံးအချက်ကတော့ အပြ(showing) ထက် အပြော(telling) က ပိုများနေတယ်ဆိုတဲ့သဘောပါပဲ။ အရေးအသားတစ်ခု အစပြုတိုင်း နောက်မှာ ဘယ်လိုအကြောင်းအရာတွေပါလာနိုင်တယ်ဆိုတာကို ပထမဆုံးဖော်ပြတဲ့ ဒဿနဆန်ဆန်စာကြောင်းတွေက တစ်ဆင့်မှန်းဆကြည့်လို့ရနိုင်တဲ့သဘောပါ။ စာရေးသူဟာ ကြီးမားလေးနက်တဲ့ အကြောင်းအရာ(theme) တွေကို စာမျက်နှာနည်းနည်းလေးမှာ စုပြုံဖော်ပြဖို့ကြိုးစားတာဟာလည်း ဝတ္ထုကို အိုင်သွားစေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို ဒီအရေးအသားတွေဟာ ခေတ်ပြိုင်လူမှုဘဝတွေကို သုံးသပ်ထားတာမို့လို့ ဖတ်ရှုသူအတွက် ပြန်လည်စဉ်းစားဖို့ အကြောင်းအရင်းများစွာပေးနေတယ်လို့ ဆိုပါရစေ။

ရဲလွင်အောင်
ဇူလိုင် ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။

စမ်းချောင်းမှာနှင့်ဝတ္ထုတိုများကိုကိုလတ်စာပေ ဖုန်း ၀၉၅၀၂၀၀၆၈၀၉၅၀၉၃၉၃၈No 220, 31 st street ( upper block ) Central Hotel ...
24/08/2026

စမ်းချောင်းမှာနှင့်ဝတ္ထုတိုများကို
ကိုလတ်စာပေ
ဖုန်း ၀၉၅၀၂၀၀၆၈
၀၉၅၀၉၃၉၃၈
No 220, 31 st street ( upper block )
Central Hotel အနီး
မှာ ဝယ်ယူအားပေးနှိုင်ပါပြီ
၁၂၄ စာမျက်နှာ ၊ တန်ဘိုး ကျပ် ၁၅၀၀၀ပါ

ညီလင်းအိမ်အမှာ

______________

စာရေးသူတယောက်အနေနှင့် စာပေလက်ရာတိုင်းကို စုတုပြု ရေးကောင်းရေးနိုင်မည်။ သို့ရာတွင် ခံစားမှုတိုင်းက အသက်အရွယ်အရ အကန့်အသတ်ရှိသည် ဆိုတာကို တကိုယ်ရည်ဖြတ်သန်းလာမှုအသိကြောင့်လားမသိ။ လက်ခံသည်။ သည်အမြင်သည် အူးဘို၏ လက်ရာ လေးပုဒ်ကို ဖတ်ရတော့မှ မှားပါလား ဆိုတာကို သိလိုက်ရပါသည်။

ပထမဆုံး အပုဒ် ဖြစ်သည့် စမ်းချောင်းကို ခဏထား။ ဒုတိယမြောက်အပုဒ်ဖြစ်သည့် အအေးသည် ဆောင်းများသာ ဖတ်ကြားခြင်း၌ သူ့ အသက်အရွယ်ကြီးနဲ့ ဘယ်လိုများ ဒါကိုရေးသလဲလို့သာ အတွေးတွေ ကျန်ခဲ့ရသည်။ အကြောင်းအရာသည် မျက်မှောက်ကမ္ဘာဝယ် ထွန်းကားလာသော အသုံးချ သိပ္ပံကိရိယာတခုဖြစ်လာသည် AI ကိစ္စ။ ဖတ်နေရင်း သင့်အနေဖြင့် Spike Jone ၏ Her ရုပ်ရှင်ကို သတိရနိုင်သည်။ သို့တစေ အူးဘို ဝတ္ထုကမူ Her ကနေ ချန်ထားရစ်သော အထီးကျန် ကမ္ဘာနှင့် AI သည် လူနှင့်မခြား ပိုမိုစွဲမက်စရာကောင်းသည့် အရာဆန္ဒ ဖြစ်လာသလား၊ ကျတော်တို့လူသားများ၏ စိတ်နေသဘောထားများအပေါ်ကို တထပ်တည်း သက်ဝင်နားလည်အောင် ပြောင်းလဲလာနိုင်မှာ၊ ပြင်ဆင်မွမ်းမံပေးနိုင်မှာ သေချာရဲ့လားဆိုတာကို လှလှပပကလေးနှင့် မေးခွန်းထုတ်ထားတာ ဖြစ်သည်။ အဖြေကမူ ကျတော်တို့ တဦးချင်းစီ၏ သက်ဝင်ခံစားမှု အတိမ်အနက်အလိုက် အူးဘို၏ အနုပညာသည် ဝင်ရောက်ချဉ်းနင်းနေပါလိမ့်မည်။

အခြားသော လက်ရာသုံးပုဒ်ကလည်း ထိုနည်းတူ မျက်မှောက်ခေတ် လူမှုဘဝထဲက အနာတွေနှင့် ဖြစ်ပျက်နေမှုများအပေါ်ကို ဖော်ပြဖန်တီးထားခြင်း ဖြစ်သည်။ ဇာတ်လမ်းအကြောင်းအရာများကို မပြောပြတော့ပါ။

ဝေဖန်မှု ရှု့ထောင့်ကနေ ဖော်ပြရလျှင်မူ အူးဘို၏ ဝတ္ထုတိုလေးပုဒ်သည် ကျတော်တို့စာဖတ်သူများအပေါ်ကို ချယ်လှယ်တာ၊ ဘာမက်ဆေ့ချ်၊ ညာမက်ဆေ့ချ်၊ ဝတ္ထုကောင်းတပုဒ်ဆိုတာ ရသကိုးပါးထဲက ဘယ်တပါးပါမှ၊ တိုင်းပြည်နဲ့လူမျိုးအပေါ်ကို ဘယ်လိုအကျိုးပြုစေတာ စတာတွေကိုတော့ တခုမှ မြင်ရမည် မထင်ပါ။ အဲသည်ဂုဏ်သတ္တိတွေနှင့် ကိုက်ညီနေမှ ဖတ်မည်ဆိုလျှင် အူးဘိုစာတွေကို ကျော်ပစ်ဖို့ အကြံပြုလိုပါသည်။

လက်ရှိကာလဝယ် ခေတ်ကြီးက မှောင်အတိကျနေတာနှင့်အတူ အခြားတဖက်တွင်လည်း ဖော်လံဖား အနုပညာအတုတွေ၊ အစုတ်အပဲ့ ဖန်တရာတေ အခြင်းအရာများနှင့်သာ ကူးလူးခပ်နေပါသည်။ တခါသုံးဆေးထိုးအပ်၊ ပလပ်စတစ်၊ ဇွန်း၊ခရင်း၊ ကွန်ဒုံးများနှင့် အသက်ရှုကျပ်နေသည့် မျက်မှောက်အချိန်များ၌ သူရို့နှင့်အတူ အနုပညာရေချိန်အပြည့်ပါသော စာပေလက်ရာများ၊ ရုပ်ရှင်၊ ဂီတများ အစရှိသည်တို့လည်း အလုံးစုံပြိုကျပျက်စီးသွားပြီလား ၊ လူမှုကွန်ရက်ပေါ်က တမိနစ်တာ Video Clip များလို တခါဆွဲ၊ တခါပျောက် အနေအထားဖြင့်သာ ပြောင်းလဲတိမ်ပခဲ့ပြီလား။

သည်လိုမေးခွန်းများနှင့် စိတ်ပျက်ဒေါသ ထွက်နေကြရချိန်ဝယ် အူးဘို၏ ဝတ္ထုတို လေးပုဒ်သည် စိတ်ကျေနပ်ဖွယ် အဖြေများအား ပေးသွားခဲ့သည်လို့သာ။

ညီလင်းအိမ်

ကျနော်ရဲ့ ဝတ္ထုလတ်တပုဒ်ဖြစ်တဲ့“ စမ်းချောင်းမှာ နဲ့ ဝတ္ထုတိုများတော့ဒီနေ့ ထွက် ပြီကိုလတ်စာပေကနေ တနင်္လာနေ့ လောက် စ ဖြန့်ဖ...
22/08/2026

ကျနော်ရဲ့ ဝတ္ထုလတ်တပုဒ်ဖြစ်တဲ့
“ စမ်းချောင်းမှာ နဲ့ ဝတ္ထုတိုများတော့
ဒီနေ့ ထွက် ပြီ

ကိုလတ်စာပေကနေ တနင်္လာနေ့ လောက် စ ဖြန့်ဖြစ်မယ်။
စိန်ခင်မောင်ရီ က ရုပ်ရှင် အညွှန်းတွေ ရေးတယ်
သူ့ ရေးတာဖတ် ပြီး ရုပ်ရှင်ကောင်းမကောင်းခန့်မှန်းရတာမျိုး

သူ့ခေါင်းစဉ်က
“ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ” တဲ့
ကျော်လည်း ယနေ့ နာမည်ကြီးနေတဲ့
အပြာမိုးသက်ဟန်
ကျနော်တို့ကတော့ မိုးကြီးလို့ခေါ်တယ်
မိုးကြီးအမှာနဲ့ကြော်ငြာဝင်လိုက်တယ်။

သူ့အမှာ ဖတ်ပြီးမှာ ဝယ်ပါ

ကိုဘိုဘို၀င်းရဲ့ စမ်းချောင်းထဲကို တိုး၀င်ကြည့်ခြင်း

________________

ကိုယ့်အဖြစ်ကို ကိုယ်တိုင်အထိတ်တလန့် တွေ့ရှိလိုက်ရတယ်။
ကိုဘိုဘို၀င်းရဲ့ “စမ်းချောင်းမှာ” ၀တ္ထုလတ်ကို ဖတ်ပြီးပြီးချင်း ကျနော် ရရှိလိုက်တဲ့ ခံစားမှုပါပဲ။ ကျဉ်းမြောင်းလှတဲ့ အခန်းလေးတွေထဲမှာ တိုးဝှေ့နေထိုင်ကြပြီး တစ်ဖက်အခန်းက သက်ပြင်းမှုတ်သံကို တခြားအခန်းက ကြားနေရသလို ဘ၀အမောတွေဟာ လေထဲမှာဝေ့ဝဲလို့။ မြို့ပြ မွန်းကျပ်မှုတွေပေါ့။ ဒီလိုရေးနေလို့ ကိုဘိုဘို၀င်းရဲ့ “စမ်းချောင်းမှာ နဲ့ အခြား၀တ္ထုတိုများ”စာအုပ်ကိုတော့ဖြင့် ဇာတ်နာတဲ့ အရေးအသားတွေလို့ မထင်မှတ်စေချင်ပါ။ မြို့ပြရဲ့ နေ့စဉ်လူနေမှုဘ၀၊မြို့ပြရဲ့ စိတ္တဗေဒ၊မြို့ပြရဲ့ အသက်ရှူနှုန်း စသဖြင့်၊စသဖြင့်နဲ့ ရှေ့ကို တလှမ်းချင်းတိုး၊တစ်ကြောင်းချင်းရေးဖွဲ့၊ စာဖတ်သူကိုပါ အရေးအသားထဲက စမ်းချောင်းဆီကို ဆွဲငင်ခေါ်ယူသွားနိုင်တဲ့ အရေးအဖွဲ့တွေပါပဲ။
ကျနော်ကိုယ်တိုင်ဟာ စမ်းချောင်းမှာ အချိန်ကာလတော်တော်ကြာကြာ နေထိုင်ခဲ့တဲ့အတွက် စမ်းချောင်းကမိတ်ဆွေတွေ၊ ထိုင်နေကျနေရာတွေ၊အမှတ်ရစရာတွေဟာ ခေါင်းထဲမှာ အစီအရီ အလိုအလျောက်ပြန်ပေါ်လာခဲ့ပါတယ်။ မှတ်ဉာဏ်တွေက ပလုံစီအမြှပ်လေးတွေလို့ဝေ့တက်လို့လာပါတယ်။ ဖျာပုံလမ်းထိပ်က ‘ဂိုးလ်း’၊ မြောင်းမြလမ်းထိပ်က ‘ကသစ်ပွင့်’၊ဂွစျေးထိပ်က ‘ကောင်းသာ’၊စမ်းချောင်းလမ်းက ‘၀င်း’ စသဖြင့် ဘ၀အမောတွေဖြေဖျောက်ရာ အေးရိပ်ဆာယာ ကွန်းခိုရာ နေရာတွေပေါ့။ ဒီနေရာတွေမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အလ္လာပသလ္လာပ ပြောဆိုကြတယ်၊ အလုပ်အကိုင်ကိစ္စတွေအတွက် အချိန်းအချက်လုပ်ကြတယ်။ ကျနော့်ဘ၀ရဲ့ စာမျက်နှာတွေထဲမှာ စမ်းချောင်းဟာ စာမျက်နှာတော်တော်များများ ပါ၀င်လို့နေပါတယ်။ ကျနော့်ရဲ့ စမ်းချောင်းကို ထားလိုက်ပြီးတော့ ကိုဘိုဘို၀င်းရဲ့ စမ်းချောင်းဆီကို ပြန်သွားကြပါစို့ရဲ့။
‘စမ်းချောင်းမှာ’ အမည်ရ ၀တ္ထုလတ်ကို အဓိကဇာတ်ကောင်လေးကောင်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ကိုသီဟန်၊ကိုသော်ဇင်၊ ကိုရဲမာန်နဲ့ မင်းသန့်။ အရေးအသားကို ကိုသီဟန်နဲ့ စတင်ဖွင့်လှစ်ပြီးတော့ နောက်ပိုင်းမှာ ကိုသီဟန့်အကြောင်း မပါ၀င်တော့တာကလည်း ဒီ၀တ္ထုရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ကိုသီဟန်ဟာ ပျောက်ဆုံးဇာတ်ကောင် (Absent Character) ၊ဒါမှမဟုတ် ကိုသီဟန်ဟာ ဒီအရေးအသားတစ်ခုလုံးကို အပေါ်ကနေ အုပ်မိုးကြည့်နေသူတစ်ယောက်၊ဒါမှမဟုတ် သူ့ကိုယ်တိုင်က အရေးအသား။ ကိုသီဟန်က ကိုသော်ဇင်နဲ့ ကိုရဲမာန်တို့ ညီအစ်ကို နှစ်ဦးကို မိတ်ဆက်ပေးအပြီးမှာ ပျောက်ကွယ်သွားခဲ့တယ်။ သူ မပါတော့ပေမယ့် အရေးအသားက ရှေ့ဆက်လာတယ်။ ပင်မဇာတ်ကောင်ဖြစ်တဲ့ အသက် ငါးဆယ့်ရှစ်နှစ်အရွယ် ကိုသော်ဇင်ဟာ စာအုပ်ဆိုင်၀န်ထမ်း၊ကုန်တိုက်လုံခြုံ‌ရေး၊ပစ္စည်းပို့သမား၊ဂိုဒေါင်စာရင်းကိုင် စသဖြင့် အလုပ်မျိုးစုံ လုပ်ကိုင်ရင်း စိတ်ကျန်းမာ‌ရေးမကောင်းရှာတဲ့ ညီဖြစ်သူ ကိုရဲမာန်ကို ပြုစုစောင့်ရှောက်နေရသူပါ။ ညီအစ်ကိုနှစ်ယောက်အထပ်သုံးထပ်ပါ တိုက်တစ်တိုက်ရဲ့ ဒုတိယထပ် အမှတ် ၂၁မှာ အတူတကွနေထိုင်ကြတယ်။ ဒီအရေးအသားက ၀တ္ထုဖြစ်တဲ့အတိုင်း ၀တ္ထုမှာ တစ်ခုခုတော့ ဖြစ်ရမှာပေါ့။ ဘယ်လိုပဲ အစဉ်အလာကနေ သွေဖီခွဲထွက်ပါစေ၊ဒီ၀တ္ထုမှာလည်း တစ်ခုခု၊တစ်ခုခုထက်မက ဖြစ်ခဲ့ရပါတယ်။ အဲဒါကတော့ ညီဖြစ်သူ ကိုရဲမာန် သေဆုံးတာပါပဲ။ အမှာဖြစ်တဲ့အလျောက် အသေးစိတ်ဇာတ်ကွက်တွေကိုတော့ မ‌ရေးတော့ပါ။ ညီအစ်ကို နှစ်ယောက်ထဲ ရှိနေရာကနေ ညီဖြစ်သူ ဆုံးပါးသွားခြင်းက ကိုသော်ဇင်ရဲ့ ဘ၀ဟာ ခြောက်သယောင်း သွေ့ခြောက်သွားတော့တာပေါ့။ သူဟာ အခန်းကိုပြန်အပ်၊ မြို့လယ်က အဆောင်တစ်ခုမှာ သွားနေ၊ ညဖက်ကုန်တိုက်တစ်ခုမှာ လုံခြုံရေးအလုပ်လုပ်။ အဲဒီမှာ မင်းသန့်ဆိုတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်လေးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်။ မင်းသန့်ဟာ နေ့လယ်ပိုင်း ကုမ္ပဏီတစ်ခုမှာ ဒစ်ဂျစ်တယ်အကြောင်းအရာရေးသားသူ၊ ညပိုင်းကော်ဖီဆိုင်မှာ အလုပ်လုပ်သူ။ တစ်နေ့မှာ သုံးနာရီပဲ အိပ်စက်သူ။ မရပ်မနား၊ အနားမနေပေါ့။ ဒါကို ကိုဘိုဘို၀င်းက အားကုန်ခမ်းနေသော လူ့အဖွဲ့အစည်းလို့ အမည်တပ်ထားလေရဲ့။ ကျနော်တို့တွေ နေ့စဉ်ဘ၀မှာ မောပန်းနေကြသလို၊ ၀တ္ထုထဲက ဇာတ်ကောင်တွေကလည်း ဆက်လက်မောပန်းနေကြပါတယ်။ ဒီမောပန်းနွမ်းနယ်မှုကြီးနဲ့ ၀တ္ထုထဲက ဇာတ်ကောင်တွေ အဆုံးမရှိဘဲ၊ ရှေ့ဆက်နေကြသလို စာဖတ်သူဖြစ်တဲ့ ကျနော်ဟာလည်း ကိုယ့်အဖြစ်ကို ကိုယ်တိုင် အထိတ်တလန့်တွေ့လိုက်ရတာပါပဲ။
ကျနော့်ရဲ့ အထိတ်တလန့် တွေ့ရှိလိုက်ရမှုက စာရေးသူ ကိုဘိုဘို၀င်းရဲ့ အောင်မြင်မှုလို့ ပဲ ဆိုရမှာပါ။ ပထမဆုံးတစ်ပုဒ်ဖတ်ပြီးတော့ ဟူးခနဲ သက်ပြင်းချတယ်။ နောက်ထပ် အပုဒ်တွေမှာလည်း နောက်ထပ်မေးခွန်းတွေနဲ့။ ကိုဘိုဘို၀င်းဟာ စာဖတ်သူတွေကို အချို မကျွေးပါဘူး၊ သူ့ရဲ့ လောကအမြင်တွေကို မေးခွန်းတွေနဲ့ တည်ဆေ‌ာက်တယ်။ စာဖတ်သူတွေကိုပါ အဲဒီမေးခွန်းတွေနဲ့ အရေးအသားတွေထဲမှာ နစ်မျော စေပါတယ်။
ကိုဘိုဘို၀င်း ဒီထက်မက စာပေလက်ရာကောင်းတွေ ထုတ်လုပ်နိုင်ပါစေ။
လေးစားစွာဖြင့်
မိုးသက်ဟန်

20/07/2026

စာမဖတ်တော့သောလူ့အဖွဲ့အစည်း

စာဖတ်ယဉ်ကျေးမှုလွန်ခေတ်တွင် လူ့ယဉ်ကျေးမှု ဆက်လက်ရှင်သန်နိုင်ဦးမည်လော။


လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော်ခန့်က ဒဏ္ဍာရီတစ်ပုဒ်အရ အီဂျစ်ဘုရင် ပတိုလမီ ပထမသည် ကမ္ဘာပေါ်ရှိ စာအုပ်စာတမ်းအားလုံးကို တစ်နေရာတည်းတွင် စုစည်းထားမည့် မဟာစာကြည့်တိုက်ကြီးတစ်ခု တည်ထောင်ရန် သူ၏ နန်းတွင်းပညာရှင်များအား အမိန့်ပေးခဲ့သည်ဟု ဆိုကြသည်။
အလက်ဇန္ဒားမဟာ၏ လက်အောက်တွင် စစ်မှုထမ်းခဲ့ဖူးသော ပတိုလမီသည် လူသားမျိုးနွယ်၏ အသိပညာဗဟုသုတအားလုံးကို ထာဝစဉ် ကာကွယ်ထိန်းသိမ်းပေးမည့် စာကြည့်တိုက်တစ်ခုကို စိတ်ကူးအိပ်မက်ခဲ့ခြင်းဖြစ်သည်။ သူ့ကို ဆက်ခံသည့် ဘုရင်များကလည်း ထိုအမွေအနှစ်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။ အလက်ဇန္ဒြီးယားဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် သင်္ဘောတိုင်းကို တော်ဝင်စစ်သားများက စစ်ဆေးပြီး ပါရှိသမျှ စာလိပ်များကို သိမ်းယူကြသည်။ ထိုစာလိပ်များကို အရစ္စတိုတယ်၏ လိုက်ဆီယမ် ကျောင်းတော်ကို နမူနာယူတည်ဆောက်ထားသော၊ ပညာရှင်များဗိမာန်ဟု ခေါ်သည့် မူဆီယွန် တွင် စနစ်တကျ ထိန်းသိမ်းထားသည်။ အရစ္စတိုတယ်ကိုယ်တိုင် စုဆောင်းခဲ့သည့် ကိုယ်ပိုင်စာအုပ်အချို့ပင် ထိုနေရာတွင် ပါဝင်ခဲ့သည်ဟု ဆိုကြသည်။
အလက်ဇန္ဒြီးယား စာကြည့်တိုက်၏ သမိုင်းအစအနအများစုမှာ ယနေ့ခေတ်တွင် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။ သို့သော် ထိုနေရာသည် ခေတ်မီသိပ္ပံပညာရပ်များ မထွန်းကားမီ ကမ္ဘာ့အကြီးမားဆုံးသော ပညာရပ်ဆိုင်ရာ အောင်မြင်မှုများ ပေါ်ထွန်းခဲ့ရာ အရပ်ဖြစ်ကြောင်းကိုမူ အားလုံးက လက်ခံထားကြသည်။ ဘုရင်သည် ပညာရှင်များအား ထိုစာကြည့်တိုက်တွင် အခြေစိုက်နေထိုင်၍ သုတေသနပြုနိုင်ရန် လစာရိက္ခာ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ထိုစာအုပ်စုဆောင်းမှုကြီးကိုလည်း “ပညာသင်လိုသူ မည်သူမဆို လွတ်လပ်စွာ လေ့လာနိုင်စေရန်နှင့် မြို့တော်တစ်မြို့လုံး ပညာဗဟုသုတ ကြွယ်ဝစေရန်” ဖွင့်လှစ်ပေးထားခဲ့ကြောင်း ဂရိအဟောအပြောပညာရှင်တစ်ဦးက မှတ်တမ်းတင်ခဲ့သည်။ ထိုနေရာတွင်ပင် အာရတိုစသီးနီးစ်က ကမ္ဘာ့အချင်းဝက်ကို တွက်ချက်ခဲ့သည်။ ဇီနိုဒိုးတပ်စ်က ဟိုးမား၏ မော်ကွန်းကဗျာရှည်များကို ရှေးအကျဆုံး မူရင်းလက်ရာများအတိုင်း ပြန်လည်တည်းဖြတ်ခဲ့သည်။ ဂျီဩမေတြီ၏ အခြေခံကျမ်းကြီးဖြစ်သော အခြေခံ မူလကျမ်းကို ရေးသားခဲ့သည့် သင်္ချာပညာရှင် ယူကလစ်လည်း ထိုနေရာတွင်ပင် လေ့လာဆည်းပူးခဲ့ဖွယ် ရှိသည်။
သို့သော် ထိုကဲ့သို့ ပညာရပ်များ ပေါ်ထွန်းခဲ့သည့် ကာလသည် ကြာရှည်မခံခဲ့ပါ။ ခရစ်နှစ် ၄၀၀ ဝန်းကျင်တွင် ထိုစာကြည့်တိုက်ကြီးသည် သမိုင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ပညာရှင်အများစုက ထိုပျက်စီးမှုကို သမိုင်းတစ်လျှောက် လူသားတို့၏ အသိပညာဆုံးရှုံးမှု အကြီးမားဆုံးသော ဖြစ်ရပ်တစ်ခု၊ သို့မဟုတ် အမှောင်ခေတ် ၏ အစပြုခြင်းဟု သတ်မှတ်ကြသည်။ ရာစုနှစ်များစွာတစ်လျှောက် သမိုင်းပညာရှင်များသည် ပေပီရပ်စာရွက်အပိုင်းအစများကို စုဆောင်းဖတ်ရှုပြီး ထိုကဲ့သို့သော နှမြောဖွယ်ရာ ပျက်စီးခြင်းမျိုး ဘာကြောင့် ဖြစ်ပွားခဲ့ရသည်ကို နားလည်ရန် ကြိုးပမ်းခဲ့ကြသည်။
ရိုးရာသမိုင်းအမြင်အရ စစ်ပွဲများကြောင့် ပျက်စီးခဲ့ရသည်ဟု ယူဆခဲ့ကြသည်။ ဘီစီ ၄၈ ခုနှစ် အလက်ဇန္ဒြီးယားမြို့ ဝိုင်းရံခံရချိန်တွင် ဂျူးလိယက် ဆီဇာ၏ စစ်တပ်က မီးရှို့မှုကြောင့် စာလိပ်ပေါင်း လေးသောင်းကျော် ပြာကျခဲ့ရသည်။ နောက်ပိုင်းတွင် စာကြည့်တိုက်သည် ခရစ်နှစ် ၄ ရာစုအထိ အစိတ်အပိုင်းအချို့ ကျန်ရှိနေသေးသော်လည်း၊ နောက်ဆုံးတွင် အလက်ဇန္ဒြီးယား ဘုန်းတော်ကြီး၏ နောက်လိုက်များက ကျန်ရှိနေသော စာမူများကို ထိန်းသိမ်းထားသည့် စပေဗိမာန်ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ် သမိုင်းပညာရှင်များက ထိုကဲ့သို့သော စစ်မီးများထက် ပိုမိုရိုးရှင်းသည့် အကြောင်းရင်းတစ်ခုကို ပို၍ ယုံကြည်လာကြသည်။ အဲဒါကတော့ "လျစ်လျူရှုမှု" ပင် ဖြစ်သည်။
စာကြည့်တိုက်ကြီးတစ်ခုကို ရေရှည်ထိန်းသိမ်းရန် ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှသည်။ စိုထိုင်းဆ၊ ကြွက်များနှင့် ပိုးမွှားများက ပေပီရပ်စာလိပ်များကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးကြသည်။ စာကူးသူများသည် စာမူဟောင်းများ လုံးဝပျက်စီးမသွားမီ အမြဲတမ်း ပြန်လည်ကူးရေးနေရသည်။ နောက်ဆုံးတွင် ထိုစာကြည့်တိုက်ကြီးကို ဆက်လက်ထိန်းသိမ်းလိုသည့် ဆန္ဒထက်၊ ထိန်းသိမ်းရသည့် ဝန်ထုပ်ဝန်ပိုးနှင့် အခက်အခဲက ပိုမိုကြီးမားလာခဲ့တော့သည်။
ဂန္ထဝင်စာပေပညာရှင် ရော်ဂျာ ဘက်ဂနဲလ်က “စာကြည့်တိုက်တစ်ခု ပျောက်ကွယ်သွားလို့ အမှောင်ခေတ် ရောက်လာတာ မဟုတ်သလို၊ စာကြည့်တိုက်ကို ထိန်းသိမ်းထားနိုင်ခဲ့ရင်လည်း အဲဒီခေတ်ကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး။ စာကြည့်တိုက်ကို သေဆုံးခွင့်ပေးလိုက်နိုင်တာကိုယ်တိုင်က အမှောင်ခေတ်ကို ရောက်နှင့်ပြီးသားဆိုတာကို ပြသနေတာပဲ” ဟု ရေးသားခဲ့သည်။
နှစ်ပေါင်း နှစ်ထောင်ကျော်အကြာ ယနေ့ခေတ်တွင် အခြေအနေများ မတူညီတော့သော်လည်း၊ ထိုအမှောင်ထုသည် တစ်ဖန် ပြန်လည်စုဝေးလာနေပြီ ဖြစ်သည်။
တစ်ချိန်က မိမိတို့၏ စာဖတ်တတ်မှုနှုန်းကို ဂုဏ်ယူခဲ့ကြသော အမေရိကန်လူ့အဖွဲ့အစည်းသည် ယခုအခါ ယခင်ကထက် စာဖတ်မှုနှုန်း သိသိသာသာ လျော့နည်းကျဆင်းလာသည်။အမျိုးသား အနုပညာ မြှင့်တင်ရေး ရန်ပုံငွေအဖွဲ့ ၏ ၂၀၂၂ ခုနှစ် စစ်တမ်းအရ အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်မပြည့်သော အရေအတွက်သာ လွန်ခဲ့သော တစ်နှစ်အတွင်း မည်သည့်စာအုပ်မျိုးမဆို (တစ်အုပ်တည်းဖြစ်ပါစေ) ဖတ်ခဲ့ကြောင်း ဖြေဆိုခဲ့သည်။ ဝတ္ထုရှည် သို့မဟုတ် ဝတ္ထုတို ဖတ်ရှုသူမှာ ၃၈ ရာခိုင်နှုန်းသာ ရှိတော့သည်။
အမေရိကန်နိုင်ငံသားပေါင်း ၂၃၆,၀၀၀ ၏ အချိန်အသုံးပြုမှုကို လေ့လာထားသော စစ်တမ်းတစ်ခုအရ မိမိတို့အစီအစဉ်ဖြင့် အပျော်ဖတ် စာဖတ်သူအချိုးအစားမှာ ၂၀၀၄ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ (ဤစစ်တမ်းတွင် စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ အသံစာအုပ် သို့မဟုတ် e-book တစ်မျိုးမျိုး ဖတ်ခဲ့သူအားလုံးကို ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။)
ယနေ့ခေတ်တွင် လောင်းကစားပြုလုပ်ခြင်းသည် စာဖတ်ခြင်းထက် ပိုမိုလူကြိုက်များသော အပန်းဖြေလှုပ်ရှားမှု ဖြစ်လာသည်။ မနှစ်က အမေရိကန်လူဦးရေ၏ ၅၇ ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ်မျှ လောင်းကစားပြုလုပ်ခဲ့ကြသည်။
စာဖတ်မှုကျဆင်းခြင်းသည် အသက်အရွယ်၊ ကျားမ၊ ပညာရေးအဆင့် မရွေး အားလုံးတွင် ဖြစ်ပေါ်နေသည်။ ယခင်က စာအများဆုံးဖတ်လေ့ရှိသည်ဟု သတ်မှတ်ထားကြသော အငြိမ်းစားများ၊ အမျိုးသမီးများနှင့် တက္ကသိုလ်ဘွဲ့ရများတွင်ပင် စာဖတ်နှုန်းမှာ ထိုးဆင်းသွားခဲ့ပြီဖြစ်သည်။
လူများဖတ်ရှုနေကြသည့် စာအုပ်များသည်လည်း ယခင်ကထက် ပို၍ ရိုးရှင်းလွယ်ကူလာသည်။ ယနေ့ New York Times ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် စာအုပ်များ၏ ဝါကျအရှည်သည် လွန်ခဲ့သော ရာစုနှစ်က စာအုပ်များနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံခန့် ပိုတိုလာသည်ကို တွေ့ရသည်။
ဝါကျရှည်လျားခြင်းက အမြဲတမ်း ပိုကောင်းသည်ဟု မဆိုနိုင်သော်လည်း၊ ယခင်ခေတ်က ရှုပ်ထွေးရှည်လျားသော ဝါကျများကို လူအများ ဖတ်ရှုနိုင်ခဲ့ခြင်းသည် ထိုခေတ်က အမေရိကန်ပြည်သူများတွင် လေးနက်သော စာပေကို ဖတ်ရှုနားလည်နိုင်စွမ်းနှင့် စိတ်ရှည်သည်းခံမှု အပြည့်အဝရှိခဲ့ကြောင်း သက်သေပြနေသည်။
၁၉၅၈ ခုနှစ်တွင် ဘောရစ် ပါစတာနက် ၏ ဒေါက်တာဇီဗာဂိုဝတ္ထုကြီး၏ အင်္ဂလိပ်ဘာသာပြန်သည် ထိုနှစ်၏ အရောင်းရဆုံး ဝတ္ထုဖြစ်ခဲ့ဖူးသည်။ သို့သော် ယနေ့ခေတ်တွင် အရောင်းရဆုံး ဝတ္ထုမှာ Sunrise on the Reaping ဖြစ်ပြီး၊ ၎င်းသည် The Hunger Games လူငယ်စာအုပ်စီးရီး၏ နောက်ဆုံးထွက် စာအုပ်မျှသာ ဖြစ်သည်။
New York Public Library ၏စာကြည့်တိုက်မှူးချုပ် ဘရိုင်ယန်ဘန်နွန်က ယနေ့ခေတ်တွင် လူငယ်ဝတ္ထု များသည် စာကြည့်တိုက်တွင် လူအများဆုံး ငှားဖတ်ကြသည့် စာအုပ်များ ဖြစ်နေကြောင်း ပြောသည်။ ထိပ်တန်းစာရင်းထဲတွင် ကလေးစာအုပ်များဖြစ်သည့် Diary of a Wimpy Kid စီးရီးနှင့် Dog Man ကဲ့သို့သော စာအုပ်များသာ လွှမ်းမိုးထားသည်။ လူကြီးများအတွက် အရောင်းရဆုံး ဝတ္ထုဆိုလျှင်လည်း စိတ်ကူးယဉ်အချစ်စွန့်စားခန်း ဝတ္ထုဖြစ်သည့် Onyx Storm ကဲ့သို့ စာအုပ်မျိုး ဖြစ်နေသည်။
အမေရိကန်များသည် သတင်းအချက်အလက်များကိုလည်း ယခင်ကဲ့သို့ စာဖတ်ခြင်းမှ မရယူကြတော့ပါ။ ၁၉၇၅ ခုနှစ်တွင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဝက်ခန့်သည် နေ့စဉ် သတင်းစာဖတ်ကြသည်ဟု ဖြေဆိုခဲ့သော်လည်း၊ ယနေ့တွင် ထိုအချိုးအစားသည် ၁၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ ယနေ့ အမေရိကန်အများစုသည် သတင်းများကို ဖုန်းနှင့် လက်ပ်တော့များမှတစ်ဆင့် သိရှိကြပြီး ၄၀ ရာခိုင်နှုန်းက သတင်းကို ဖတ်ရှုခြင်းထက် ဗီဒီယိုကြည့်ခြင်း သို့မဟုတ် နားထောင်ခြင်းကို ပိုမိုနှစ်သက်ကြသည်။
ဤအပြောင်းအလဲကို လူအများက “စာဖတ်စွမ်းရည် အကျပ်အတည်း” ဟု ခေါ်ဆိုနေကြသည်။ တကယ်လည်း အမေရိကန်ပြည်သူများ၏ အခြေခံစာဖတ်စွမ်းရည်သည် ကျဆင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ၏ စာဖတ်စွမ်းရည် ရမှတ်များသည် ဆယ်စုနှစ်တစ်ခုလုံး ဆက်တိုက် ကျဆင်းလာခဲ့သည်။
အမေရိကန် စာကြည့်တိုက်မှူးများအသင်း၏ ဘုတ်အဖွဲ့ဝင် အမန်ဒါ ကိုဒီလစ်စကီက ကျောင်းသားများ၏ စာဖတ်နိုင်စွမ်း လျော့နည်းလာမှုနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် စာကြည့်တိုက်များတွင် စာအုပ်အသစ်များ ဝယ်ယူရာ၌ပင် ပြောင်းလဲဝယ်ယူနေရကြောင်း ပြောသည်။ ယနေ့ခေတ် လူကြိုက်များသော စာအုပ်များတွင် ရုပ်ပြဝတ္ထုများ၊ ကလေးများအတွက် ရိုးရှင်းအောင် ပြန်လည်တည်းဖြတ်ထားသော ဂန္ထဝင်စာအုပ်များနှင့် မန်ဂါရုပ်ပြများသာ ပါဝင်လာတော့သည်။
၂၀၂၄ ခုနှစ် အမျိုးသားအဆင့် စစ်တမ်းအရ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသား ၃၅ ရာခိုင်နှုန်းသာ ရှုပ်ထွေးသော စာပေဆိုင်ရာအကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး၊ စာရေးသူ၏ အကြောင်းပြချက်များကို ဝေဖန်သုံးသပ်နိုင်သည့် အဆင့် သို့ ရောက်ရှိကြသည်။ အလားတူ အရေအတွက်ရှိသော အခြားကျောင်းသားထက်ဝက်နီးပါးမှာမူ “အခြေခံအောက်” အဆင့်တွင်သာ ရှိနေကြသည်။ အဓိပ္ပာယ်မှာ စာသားထဲတွင် တိုက်ရိုက်ဖော်ပြမထားသော အယူအဆများကို ကောက်ချက်ချနိုင်ခြင်း မရှိကြတော့ဘဲ၊ မသိသော စကားလုံးများကို ရှေ့နောက်အခြေအနေအရ ခန့်မှန်းနားလည်နိုင်ခြင်း မရှိတော့လောက်အောင် အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်။
အရွယ်ရောက်ပြီးသူများ၏ စာဖတ်စွမ်းရည်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ အမေရိကန် အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းနီးပါးသည် စာပိုဒ်များစွာပါသော စာတစ်ပုဒ်ကို ဖတ်ပြီးနောက် အဓိပ္ပာယ်ပြန်ဆိုခြင်း သို့မဟုတ် သွယ်ဝိုက်ဖော်ပြထားသော အချက်များကို ကောက်ချက်ချခြင်း မပြုနိုင်ကြတော့ပါ။ ၂၀၁၇ ခုနှစ်တွင် ထိုကဲ့သို့ စာမဖတ်နိုင်သူ အချိုးအစားမှာ ၂၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ချေ။
သို့သော် ထူးဆန်းသည်မှာ ယနေ့ခေတ် အမေရိကန်များသည် ယခင်ကထက် စကားလုံးများကို ပိုမိုဖတ်ရှုနေရခြင်း ဖြစ်သည်။ ပြောင်းလဲသွားသည်မှာ "ဘာကို ဖတ်သလဲ" နှင့် "ဘယ်လို ဖတ်သလဲ" ဆိုသည့် အချက်သာ ဖြစ်သည်။
အီးမေးလ်များ၊ စာတိုများ၊ X (Twitter) ပို့စ်များ၊ Reddit ပို့စ်နှင့် မှတ်ချက်များ ၊ Instagram စာတန်းတိုများ စသည်တို့က လူတို့ကို နေ့စဉ်ဝန်းရံထားသည်။ ဤကဲ့သို့ အတိုကောက် စာသားစိပ်စိပ်လေးများ အလွန်များပြားလာခြင်းကြောင့် ရှည်လျားသော စာပေများကို အာရုံစူးစိုက်၍ ဆက်တိုက်ဖတ်ရှုနိုင်သည့် အလေ့အထ လျော့နည်းလာခဲ့သည်။
UCLA မှ ဦးနှောက်နှင့် အာရုံကြောသိပ္ပံပညာရှင် မာရီယန် ဝုဖ်က ယနေ့လူများသည် စာကို နက်နက်နဲနဲ တွေးတောနိုင်စွမ်း ဆုံးရှုံးလာနေကြသည်ဟု ဆိုသည်။ ထိုအဓိပ္ပာယ်မှာ စကားလုံးများကို မဖတ်တတ်တော့ခြင်း မဟုတ်ပါ။ အဓိပ္ပာယ်ကို ပေါင်းစပ်နားလည်နိုင်ခြင်း၊ ဝေဖန်ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းနှင့် အတွေးအခေါ်များကို စနစ်တကျ တည်ဆောက်နိုင်ခြင်း စသည့် အဆင့်မြင့် ဉာဏ်ရည်စွမ်းရည်များ လျော့နည်းလာနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အမေရိကသည် စာမတတ်သော လူ့အဖွဲ့အစည်း မဟုတ်တော့ဘဲ၊ “စာဖတ်ပြီးလည်း စာပေယဉ်ကျေးမှု ပျောက်ဆုံးလာသော လူ့အဖွဲ့အစည်း”ဖြစ်လာနေခြင်း ဖြစ်သည်။
အခြေအနေက ရှေ့လျှောက် ပိုမိုဆိုးရွားလာရန်သာ ရှိတော့သည်။ ယနေ့ ကလေးများသည် သူတို့မိဘများ ငယ်စဉ်ကထက် စာကို အဖတ်အမှတ်ပို၍နည်းပါးလလာနေသည်။ သူငယ်တန်းဆရာ၊ ဆရာမများ၏ အဆိုအရ ကလေးအများစုသည် ကလေးချော့တေးများနှင့် အခြေခံ ဒဏ္ဍာရီပုံပြင်များကိုပင် မသိကြတော့ဟု ဆိုကြသည်။
Yale နှင့် University of Connecticut တို့၏ ဟက်စကင်း ကမ္ဘာလုံးဆိုင်ရာ စာဖတ်/စာရေးစွမ်းရည် မြှင့်တင်ရေး ဗဟိုဌာန"မှ ဘင်ဂျမင် ပါဝါစ်က—လူပေါင်း ၂၃၆,၀၀၀ ကို လေ့လာထားသော စစ်တမ်းအရ ကလေးတစ်ယောက်အား တစ်နေ့လျှင် စာဖတ်ပြလေ့ရှိသော မိဘမှာ ၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ထောက်ပြခဲ့သည်။ ၁၉၈၄ မှ ၂၀၂၅ ခုနှစ်အထိ ကာလအတွင်း ၁၃ နှစ်အရွယ် ကလေးများထဲတွင် “အပျော်ဖတ်စာကို မဖတ်သလောက်ဖြစ်သည်” ဟု ဖြေဆိုသူများမှာ ၈ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ကလေးများသည် အသက်ကြီးလာလေလေ စာဖတ်ချင်စိတ် ပိုမိုလျော့နည်းလာလေလေ ဖြစ်သည်။ “အမေရိကန် အနုပညာနှင့် သိပ္ပံ အသင်းကြီး" မှ ရောဘတ် တောင်းဆန်းက အထက်တန်းကျောင်းသားများနှင့် ဆွေးနွေးခဲ့ရာ သူတို့အများစုသည် “စာဖတ်ခြင်းကို ကိုယ်နဲ့မသက်ဆိုင်တဲ့ ထူးဆန်းတဲ့ အလေ့အထတစ်ခု” ကဲ့သို့ ရှုမြင်နေကြကြောင်း ပြောပြသည်။
စာဖတ်ခြင်းသည် လူ့အဖွဲ့အစည်း၏ ပညာအမြင့်ဆုံးသော ထိပ်သီးအလွှာများအတွက်ပင် မလိုအပ်တော့သည့် အရာတစ်ခုကဲ့သို့ ဖြစ်လာနေသည်။ ဟားဗတ်တက္ကသိုလ်မှ လူမှုသိပ္ပံနှင့် လူ့ဘောင်ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး မာဂရက် ရက်နစ်စ်က ကျောင်းသားတစ်ဦးသည် အင်္ဂလိပ်ရှေးဟောင်းဘာသာစကားဖြင့် ရေးထားသော စာအုပ်ကို မဖတ်နိုင်သဖြင့် အန်သိုနီ ဘားဂျက်စ် ၏ A Clockwork Orange ကို ChatGPT သုံးပြီး ပိုမိုလွယ်ကူသော ခေတ်ပေါ်ဘာသာစကားအဖြစ် ပြန်ဆိုခိုင်းခဲ့သည်ဟု ပြောပြသည်။
မကြာသေးမီက ဟားဗတ်တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခတစ်ဦးသည် ကျောင်းသားများက “ဖတ်စရာစာများလွန်းသည်” ဟု တိုင်ကြားကြသဖြင့်၊ ရက်နစ်စ်အား ၎င်း၏အတန်းတွင် “စာဖတ်ခြင်းကို ဘာကြောင့် ကာကွယ်စောင့်ရှောက်ရသလဲ” ဟူသည့် ခေါင်းစဉ်ဖြင့် သွားရောက်ဟောပြောပေးရန် ဖိတ်ကြားခဲ့ရသည်။ ရက်နစ်စ်က ကျောင်းသားများအား—စာတစ်ပိုဒ်ကို အနှစ်ချုပ်၊ အကျဉ်းချုပ် သို့မဟုတ် AI က လုပ်ပေးသည့် အနှစ်ချုပ်များသည် မူရင်းစာပေ၏ နက်နဲမှု၊ အလှတရားနှင့် အတွေးအခေါ်များကို မည်သို့မျှ အစားမထိုးနိုင်ကြောင်း ရှင်းပြခဲ့သည်။ သို့သော် ကျောင်းသားအချို့ကမူ စာဖတ်ခြင်းကို အသိပညာရရှိရန် မလိုအပ်ဘဲ အချိန်ဖြုန်းရသော ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်သာ မြင်နေကြဆဲဖြစ်သည်။
ရက်နစ်စ်က “သူတို့ကို စာဖတ်ခိုင်းတာဟာ ဆရာတွေက အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပြီး၊ ပိုခက်ခဲတဲ့ နည်းလမ်းကနေသာ အပင်ပန်းခံ ရယူခိုင်းနေတာလို့ ကျောင်းသားတချို့က ယူဆနေကြတယ်” ဟု ဆိုသည်။
စာရေးသူတစ်ဦးအနေဖြင့် အသက် (၁၆၉) နှစ်ရှိပြီဖြစ်သော မဂ္ဂဇင်းကြီးတစ်စောင်တွင် စာဖတ်ခြင်းကို ရှေ့နေလိုက် ကာကွယ်ပြောဆိုနေခြင်းသည် ကိုယ့်အကျိုးစီးပွားကို ကာကွယ်နေသလို ထင်ရနိုင်သည်။ သို့သော် ဤသည်မှာ စာလုံးများဖြင့် အသက်မွေးသူများသာ ဆုံးရှုံးရမည့် ကိစ္စမဟုတ်ပါ။ စာဖတ်မှုနောက်ကျသွားသော လူ့အဖွဲ့အစည်း တွင် ဆုံးရှုံးရမည့်အရာသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင်သည်။
စာဖတ်ခြင်းသည် ကျွမ်းကျင်မှုတစ်ခုမျှသာ မဟုတ်သလို၊ လူအချင်းချင်း ဆက်သွယ်သည့် နည်းလမ်းများစွာထဲမှ သာမန်နည်းလမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်ုပ်တို့ အသုံးပြုသည့် ဆက်သွယ်ရေးနည်းပညာများက ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးကို ပုံဖော်ပေးနေခြင်း ဖြစ်သည်။
လူသားတို့သည် နှစ်ပေါင်းထောင်ချီ၍ အသံ (နှုတ်ပြော) ဖြင့်သာ ဆက်သွယ်ခဲ့ကြသည်။ စာဖတ်ခြင်းနှင့် စာရေးခြင်း ပေါ်ပေါက်လာချိန်တွင် လူ့အဖွဲ့အစည်းသည် အခြေခံကျကျ ပြောင်းလဲသွားခဲ့သည်။ လူတို့၏ အသိစိတ်၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဉာဏ်ရည်စွမ်းရည်များပင် လုံးဝပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် စာဖတ်မှု ကျဆင်းလာခြင်းသည်လည်း ထိုအတိုင်း အရွယ်အစားတူညီသော ပြောင်းလဲမှု (သို့မဟုတ်) ဆုတ်ယုတ်မှုများကို ဧကန်မုချ ယူဆောင်လာမည်ဖြစ်သည်။ ယင်းသည်—
• ကျွန်ုပ်တို့၏ အတွင်းအကျဆုံးသော အတွေးအခေါ်များကို ပြောင်းလဲပစ်မည်။
• လူ့အဖွဲ့အစည်း၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုစနစ်ကို ပြောင်းလဲပစ်မည်။
• ယဉ်ကျေးမှုသမိုင်းကို ပြန်လည်ပြောပြသည့် နည်းလမ်းများကိုပါ ပြောင်းလဲပစ်မည်။
အနီးကပ် စောင့်ကြည့်မည်ဆိုလျှင် ထိုပြောင်းလဲမှုဆိုးများသည် ယခုကတည်းက စတင်နေပြီဖြစ်ကြောင်း မြင်တွေ့နိုင်သည်။
စာဖတ်ခြင်းသည် သဘာဝအလျောက် ရရှိသော စွမ်းရည်မဟုတ်ပါ
လူသားဦးနှောက်သည် စာလုံးများကို အလိုအလျောက် ဖတ်တတ်ရန် ဖန်တီးတည်ဆောက်ထားခြင်း မဟုတ်ပါ။ စာဖတ်နိုင်ရန်အတွက် လူသားသည် မူလက စကားပြောခြင်းနှင့် အရာဝတ္ထုများကို မှတ်မိခြင်းတို့အတွက် အသုံးပြုသော ဦးနှောက်အစိတ်အပိုင်းများကို အသစ်ပြန်လည် အသုံးချခဲ့ရခြင်းဖြစ်သည်။ စာရေးစာဖတ်ခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခန့်က မက်ဆိုပိုတေးမီးယားတွင် စတင်ပေါ်ပေါက်လာခဲ့သော်လည်း၊ နှစ်ပေါင်းထောင်ချီကြာအောင် လူအများစုမှာ စာမတတ်ခဲ့ကြချေ။ စာတတ်မြောက်မှုသည် လူထုတစ်ရပ်လုံး၏ အတွေ့အကြုံဖြစ်လာသည်မှာ ဂျိုဟန်နက်စ် ဂူတင်ဘာ့ဂ်က ၁၄၄၀ ခုနှစ်တွင် ပုံနှိပ်စက်ကို တီထွင်ပြီးနောက်ပိုင်းမှသာ ဖြစ်သည်။
စာရေးခြင်းက လူ့အတွေးအခေါ်ကို ဘာကြောင့် ပြောင်းလဲစေသနည်း
ရေးသားထားသော စကားလုံးသည် နှုတ်မှပြောသော စကားနှင့် အခြေခံအားဖြင့် ကွဲပြားသည်။ စာရေးခြင်းသည် အကြောင်းအရာကို ပြောဆိုသူနှင့် သီးခြားခွဲထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သတင်းအချက်အလက်များကို ပို၍ အေးဆေးတည်ငြိမ်စွာ၊ ယုတ္တိရှိရှိ ဖြန့်ဝေနိုင်သည်။ စာရေးရန်အတွက် အချိန်ယူရသဖြင့် ရေးသားသူသည် အလိုလို နှေးကွေးစွာနှင့် လေးနက်စွာ စဉ်းစားရသည်။ အရေးဘာသာစကားသည် ပြောစကားထက် ပိုမိုရှုပ်ထွေးသော ဝါကျဖွဲ့စည်းပုံနှင့် ကြွယ်ဝသော ဝေါဟာရများကို အသုံးပြုလေ့ရှိသည်။
ပြောစကားသည် အသံထွက်ပြီးသည်နှင့် ပျောက်ကွယ်သွားသော်လည်း၊ စာသည် ကမ္ဘာတည်သရွေ့ ကျန်ရှိနေသည်။ စာဖတ်သူသည် မူရင်းစာကို အကြိမ်ကြိမ် ပြန်လှန်ဖတ်ရှုနိုင်ပြီး အဓိပ္ပာယ်အသစ်များကို ရှာဖွေနိုင်သည်။ စာရေးထားသောအရာသည် ပျောက်ကွယ်မသွားသောကြောင့် ရေးသားသူသည်လည်း မိမိရေးထားသည့်အချက်ကို ခဏမေ့လျော့ထားနိုင်ပြီး၊ ထိုအရာ ပျောက်ဆုံးမသွားနိုင်ဟု ယုံကြည်စိတ်ချနိုင်သည်။ ထိုယုံကြည်မှုက ဦးနှောက်ကို အခြားသော အတွေးသစ်များ ဖန်တီးရန် လွတ်လပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
“စာရေးခြင်းသည် လူ့အသိစိတ်ကို အခြားသော တီထွင်မှုအားလုံးထက် ပိုမိုပြောင်းလဲစေခဲ့သည်” ဟု သမိုင်းပညာရှင်နှင့် ဂျေဆူးအစ်ကက်သလစ်ဘုန်းတော်ကြီး ဝေါလ်တာ ဂျေ အောင့်က ၁၉၈၂ ခုနှစ်တွင် ထုတ်ဝေသော “စကားပြောနည်းလမ်းနှင့် စာရေးစွမ်းရည်" စာအုပ်တွင် ရေးသားခဲ့သည်။ အောင့်၏ အဆိုအရ စာတတ်မြောက်မှုသည်—အတွင်းစိတ် အာရုံစူးစိုက်မှု၊ ရေရှည်အာရုံစိုက်နိုင်စွမ်းနှင့် ယုတ္တိဗေဒအရ ဆင်ခြင်သုံးသပ်နိုင်စွမ်းတို့ကို ဖြစ်ပေါ်စေသည်။ တစ်နည်းအားဖြင့် ၎င်းသည် လူသားကို အစဉ်လိုက်၊ ယုတ္တိကျကျ၊ ခွဲခြမ်းစိတ်ဖြာနိုင်သော အတွေးပုံစံအသစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
အောင့်သည် စိတ်အာရုံကြောပညာရှင် အလက်ဇန္ဒား လူရီယာ ၏ သုတေသနကို ကိုးကားထားသည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် လူရီယာသည် ဥဇဘက်ကစ္စတန်နှင့် ကာဂျစ်စတန် ကျေးရွာများသို့ သွားရောက်ပြီး စာမတတ်သူများနှင့် စာတတ်သူများ၏ အတွေးပုံစံကို နှိုင်းယှဉ်လေ့လာခဲ့သည်။ သူက မေးခွန်းတစ်ခု မေးခဲ့သည်။
“မြောက်ဘက်ဒေသတွင် ဝက်ဝံအားလုံးသည် အဖြူရောင်ဖြစ်သည်။ နိုဗာယာ ဇင်းမလျာသည် မြောက်ဘက်ဒေသတွင် ရှိသည်။ ဒါဆိုလျှင် နိုဗာယာ ဇင်းမလျာက ဝက်ဝံများသည် ဘာအရောင် ဖြစ်မလဲ။”
စာတတ်သူများက “အဖြူရောင်” ဟု ချက်ချင်း ဖြေဆိုကြသည်။ စာမတတ်သူများကမူ “ကျွန်တော် အဲဒီနေရာကို မရောက်ဖူးဘူး။ ဒါကြောင့် မမြင်ဖူးလို့ မသိဘူး” ဟု ပြန်ဖြေကြသည်။ သူတို့သည် သီအိုရီ ယုတ္တိဆိုင်ရာ ကောက်ချက်ချရန် ငြင်းဆန်ပြီး ကိုယ်တိုင်မြင်ဖူးသည့် လက်တွေ့အတွေ့အကြုံပေါ်တွင်သာ အခြေခံ၍ ဖြေဆိုကြခြင်းဖြစ်သည်။
လူရီယာ၏ လေ့လာမှုက သက်သေပြခဲ့သည်မှာ—စာတတ်မြောက်ခြင်းသည် စကားလုံးများကို ရွတ်ဖတ်နိုင်ရုံသာမကဘဲ၊ ယုတ္တိကျကျနှင့် စိတ်ကူးစိတ်သန်းအဆင့် တွင် တွေးခေါ်မြော်မြင်နိုင်သော စွမ်းရည်ကို ဖွံ့ဖြိုးစေသည်ဟူသော အချက်ပင် ဖြစ်သည်။

နေလ် ပို့စ်မန်းက ၁၉၈၅ ခုနှစ်တွင်—“စာရေးခြင်းသည် ပြောစကားကို အေးခဲစေပြီး၊ ထိုအေးခဲနေသော စကားလုံးများကို ပြန်လည်စဉ်းစားသုံးသပ်နိုင်အောင် လုပ်ပေးသည်။ ထိုအရာမှတစ်ဆင့် သဒ္ဒါပညာရှင်၊ ယုတ္တိဗေဒပညာရှင်၊ ဟောပြောပညာရှင်၊ သမိုင်းပညာရှင်၊ သိပ္ပံပညာရှင်နှင့် အနုပညာဝေဖန်ရေးသမားတို့ မွေးဖွားလာကြခြင်းဖြစ်သည်” ဟု ရေးသားခဲ့သည်။
သူ့အမြင်အရ စာဖတ်ခြင်းနှင့် စာရေးခြင်း မရှိလျှင် ဒဿနဗေဒ၊ ခေတ်သစ်သိပ္ပံပညာ၊ သမိုင်းပညာ၊ တက္ကသိုလ်ပညာရေးနှင့် အနုပညာဝေဖန်မှုတို့သည် ယနေ့ကျွန်ုပ်တို့ သိရှိထားသည့် ပုံစံအတိုင်း မည်သို့မျှ ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။
စာရေးစာဖတ်ယဉ်ကျေးမှု ပျံ့နှံ့လာခြင်းသည် လူ့အဖွဲ့အစည်းကို အလွန်ကြီးမားစွာ လှုပ်ခတ်ပြောင်းလဲစေခဲ့သည်။ စာဖတ်တတ်သူများပြားလာသည်နှင့်အမျှ နိုင်ငံရေးအုံကြွမှုများနှင့် တော်လှန်ရေးများလည်း ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။ အမေရိကန် ကိုလိုနီခေတ်တွင် လွတ်လပ်ရေးခေါင်းဆောင်များသည် ဗြိတိသျှအစိုးရကို ဆန့်ကျင်သည့် အတွေးအမြင်များ ဖြန့်ဝေရန် သတင်းစာများနှင့် လက်ကမ်းစာစောင်များကို အားကိုးခဲ့ကြသည်။
ဘင်ဂျမင် ဖရန်ကလင်က ၁၇၈၂ ခုနှစ်တွင်—“ရှေးရောမနှင့် ဂရိခေတ် ဟောပြောပညာရှင်များသည် သူတို့ရှေ့တွင် စုဝေးနေသော လူအနည်းငယ်ကိုသာ စကားပြောနိုင်ခဲ့ကြသည်။ ယခုမူ ပုံနှိပ်စက်ကြောင့် လူမျိုးတစ်မျိုးလုံးကို တစ်ပြိုင်နက် စကားပြောနိုင်ပြီ ဖြစ်သည်။ စာအုပ်များနှင့် စာစောင်များသည် အလွန်ကြီးမားသော သြဇာလွှမ်းမိုးမှုကို ရရှိလာပြီဖြစ်သည်” ဟု ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သော ဖခင်ကြီးများသည်လည်း စာရွက်စာတမ်းများပေါ်တွင် နိုင်ငံကို စနစ်တကျ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ သူတို့က နိုင်ငံရေးစနစ်တစ်ခု ကောင်းစွာ အလုပ်လုပ်နိုင်ရန်အတွက် နိုင်ငံသားများသည် စာဖတ်နိုင်ပြီး အသိပညာရှိသူများ ဖြစ်ရမည်ဟုရည်သန် ယုံကြည်ခဲ့ကြသည်။
ဖရန်ကလင်ကိုယ်တိုင် သတင်းစာထုတ်ဝေသူတစ်ဦး ဖြစ်သကဲ့သို့ အမေရိကန်၏ ပထမဆုံးသော စာအုပ်အငှားတိုက်ကိုလည်း တည်ထောင်ခဲ့သည်။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင်—“ဤစာကြည့်တိုက်များသည် အမေရိကန်တို့၏ ဆွေးနွေးပြောဆိုမှုအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ ကုန်သည်နှင့် လယ်သမားများကို အခြားနိုင်ငံများရှိ ပညာတတ် လူကြီးလူကောင်းများနှင့် တန်းတူ ဉာဏ်ရည်ဉာဏ်သွေးရှိသူများ ဖြစ်လာစေခဲ့သည်” ဟု ဂုဏ်ယူစွာ ရေးသားခဲ့သည်။
အစောပိုင်း အမေရိကန်လူ့အဖွဲ့အစည်းတွင် သတင်းအချက်အလက် မှန်ကန်စွာ ရရှိထားခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးသာမက၊ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ် ဟု ယူဆခဲ့ကြသည်။ သို့သော် ထိုခေတ်သည်လည်း ပြီးပြည့်စုံသော ခေတ်ကား မဟုတ်ခဲ့ပါ။ စာဖတ်ခွင့်သည် လူတိုင်းအတွက် တန်းတူမရရှိခဲ့ချေ။ အထူးသဖြင့် အမေရိကန်တောင်ပိုင်းတွင် လူမည်းများ စာတတ်မြောက်လာခြင်းကို ဥပဒေဖြင့် တားမြစ်ထားပြီး၊ သူတို့ကို စာမတတ်အောင် ပိတ်ပင်ထားခြင်းဖြင့် လူဖြူတို့၏ အာဏာစိုးမိုးမှုကို ထိန်းသိမ်းသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးချခဲ့ကြသည်။
အစကတည်းကပင် စာပေသည် အသိပညာပေးသည့် အရာတစ်ခုသာ မဟုတ်ဘဲ ဖျော်ဖြေရေး၊ ဘဝ၏အဓိပ္ပာယ်နှင့် လူမှုရေးချိတ်ဆက်မှုများကိုပါ ပေးစွမ်းခဲ့သည်။ လူများသည် သမ္မာကျမ်းစာနှင့် အင်္ဂလိပ်စာပေကို အတူတကွ ဖတ်ရှုကြသောကြောင့် တူညီသည့် ယဉ်ကျေးမှုဓလေ့တစ်ခုကို မျှဝေခံစားနိုင်ခဲ့ကြသည်။ ချားလ်စ် ဒစ်ကင်းစ် သည် အမေရိကန်တွင် အလွန်ထင်ရှားကျော်ကြားခဲ့သဖြင့် ၁၈၄၂ ခုနှစ်က နယူးယောက်သို့ သူရောက်ရှိလာသောအခါ၊ ဆံပင်ညှပ်ဆိုင်တွင် ညှပ်ပြီးကျန်ရစ်ခဲ့သော သူ့ဆံပင်စများကိုပင် အမှတ်တရအဖြစ် လူများ လုယက်စုဆောင်းခဲ့ကြဖူးသည်။
၁၉ ရာစုတွင် စာရေးခြင်းသည် အဆင့်မြင့် အနုပညာတစ်ရပ် ဖြစ်ခဲ့သည်။ မိသားစုဝင်များထံ ပေးပို့သော ပုဂ္ဂိုလ်ရေးစာများပင် လှပသေသပ်သော စကားလုံးများ၊ ယဉ်ကျေးသိမ်မွေ့သော အရေးအသားများဖြင့် ထုံမွှမ်းထားလေ့ရှိသည်။ ကိုလံဘီယာတက္ကသိုလ်မှ ဘာသာဗေဒပညာရှင် ဂျွန် မက်ဝေါတာ (John McWhorter) က ပြောပြသည်မှာ—အမေရိကန် ပြည်တွင်းစစ်ကာလက သာမန်စစ်သားတစ်ဦးက ဇနီးထံ ရေးသားခဲ့သောစာကို ယနေ့ခေတ်တွင် ပြန်ဖတ်ကြည့်လျှင် ရှေးဟောင်းရှိတ်စပီးယားရေးသကဲ့သို့ ထင်ရလောက်အောင်ပင် လှပဆန်းပြားနေတတ်သည်။ ယနေ့ခေတ်လူများက “သူ့မိန်းမကို ဒီလောက်တောင် ယဉ်ကျေးလွန်းအောင် ရေးနေဖို့ လိုလို့လား” ဟု တွေးကောင်းတွေးနိုင်သည်။ သို့သော် အမှန်မှာ ထိုခေတ်က လူသားများ ချစ်ခြင်းမေတ္တာနှင့် ခံစားချက်ကို ဖော်ပြသည့် ပုံစံမှာ ထိုမျှအထိ လေးနက်လှပခဲ့ခြင်း ဖြစ်သည်။
ဥပမာတစ်ခုအနေဖြင့် ပြည်တွင်းစစ်အတွင်း တိုက်ပွဲဝင်ခဲ့သော စစ်သား ဆင်မြူရယ် ဒီ လောက်ဟိဒ်သည် ၁၈၆၂ ခုနှစ် အောက်တိုဘာလတွင် ဇနီးထံသို့ ဤသို့ ရေးသားပေးပို့ခဲ့သည်။
“သွေးစိုနေသည့် မြေပြင်ပေါ်တွင် မိမိသွေးနှင့်မိမိ လဲလျောင်းပြီး သေဆုံးရမည့်အရေးသည် ဘယ်လောက်ခက်ခဲပါသလဲ။ သေဆုံးနေသူများနှင့် ဒဏ်ရာရသူများကို မရပ်မနား နင်းကျော်သွားသည့် စစ်မြင်းကြီးများကို မြင်ရသည်မှာ ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းပါသလဲ။ ချစ်ရပါသော ဇနီးရေ… အဲဒီအချိန်မှာ မင်းကို နှစ်သိမ့်စကားတစ်ခွန်းတောင် ပြောခွင့်မရနိုင်တော့ဘူး။ ဒါဟာ လူသားတို့ရဲ့ သမိုင်းမှာ အဝမ်းနည်းဆုံး နာရီတစ်နာရီပါပဲ။ အိုး… လူသားတို့။ အိုး… စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေပါတကား…”
မာရှယ် မက်လူဟန်၏ ခန့်မှန်းချက်
၁၉၆၂ ခုနှစ်တွင် မီဒီယာသီအိုရီပညာရှင် မာရှယ် မက်လူဟန်က အနောက်ကမ္ဘာသည် “စာဖတ်ယဉ်ကျေးမှုလွန် လူ့အဖွဲ့အစည်း” သို့ ရောက်ရှိလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။ သူ၏ “ဂူတန်ဘတ် ဂလက်ဆီ" စာအုပ်တွင် အီလက်ထရွန်နစ် မီဒီယာများသည် စာအရေးအသားယဉ်ကျေးမှုကို အစားထိုး နေရာယူလာနေပြီဟု ရေးသားခဲ့သည်။
ထိုအချိန်က အမေရိကန်အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းတွင် ရုပ်မြင်သံကြား (TV) ရှိနေပြီဖြစ်ပြီး၊ လွန်ခဲ့သော ဆယ်နှစ်က ၉ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ အလျင်အမြန် တိုးတက်လာခြင်းဖြစ်သည်။ ရုပ်မြင်သံကြားသည် အမေရိကန်တို့၏ အဓိက သတင်းရင်းမြစ် ဖြစ်လာခဲ့သည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် ငါးနာရီကျော် TV ကြည့်လာကြသည်။
ယနေ့ခေတ်ကနေ ပြန်ကြည့်လျှင် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များသည် စာဖတ်ယဉ်ကျေးမှု ကွယ်ပျောက်နေသော ခေတ်ဟု မထင်ရပေ။ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်သည် ပိုမိုချမ်းသာကြွယ်ဝလာပြီး ပညာရေးအဆင့်အတန်းလည်း မြင့်မားလာခဲ့သည်။ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် စာရေးဆရာများ၏ မျိုးဆက်သစ်များ အားကောင်းမောင်းသန် ပေါ်ထွက်လာခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် Time မဂ္ဂဇင်းသည် စာရေးဆရာ ဂျွန် ချီဗာ (John Cheever) ကို မျက်နှာဖုံးတင်ခဲ့ပြီး၊ သူ့အကြောင်း ဆောင်းပါးကို အိုဗစ် (Ovid) ၏ Metamorphoses ကဗျာကျမ်းမှ ကိုးကားချက်ရှည်ကြီးဖြင့် စတင်ရေးသားခဲ့ဖူးသည်။ ချီဗာ၏ ဝတ္ထုတို The Five-Forty-Eight တွင်လည်း ရထားပေါ်၌ အလုပ်သွားသူများအားလုံး သတင်းစာကိုယ်စီဖြင့် စာဖတ်နေကြသည့် မြင်ကွင်းကို သာမန်ပုံမှန် မြင်ကွင်းတစ်ခုအဖြစ် ရေးဖွဲ့ခဲ့သည်။
ဒါပေမယ့် တဖြည်းဖြည်းနှင့် TV သည် အမေရိကန်တို့၏ လူနေမှုဘဝကို အမြစ်တွယ်ပြောင်းလဲခဲ့သည်။ နေလ် ပို့စ်မန်းက ၁၉၈၅ ခုနှစ်တွင် Amusing Ourselves to Death စာအုပ်ကို ထုတ်ဝေခဲ့ပြီး၊ ရုပ်မြင်သံကြားသည် နိုင်ငံရေးနှင့် လေးနက်သော လူမှုကိစ္စများကိုပါ ဖျော်ဖြေရေးအဖြစ် ပြောင်းလဲပစ်လိုက်ကြောင်း သတိပေးခဲ့သည်။ သူ၏ နာမည်ကျော်စကားမှာ—“ပြဿနာက ရုပ်မြင်သံကြားက ဖျော်ဖြေရေးတွေကို ပြသနေတာ မဟုတ်ဘူး။ ပြဿနာကတော့ အရာအားလုံးကို ဖျော်ဖြေရေး ပုံစံမျိုးနဲ့ပဲ တင်ဆက်နေတာပဲ ဖြစ်တယ်” ဟူ၍ ဖြစ်သည်။ အဲဒီခေတ်က အမေရိကန်တစ်ယောက်သည် တစ်နေ့လျှင် TV ခုနစ်နာရီကျော် ကြည့်နေခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ကိုးနာရီနီးပါးအထိ ရောက်ရှိလာခဲ့သည်။
ရုပ်မြင်သံကြားသည် စာဖတ်ရန် လိုအပ်သော တိတ်ဆိတ်ငြိမ်သက်သည့် အချိန်များကို လုယူခဲ့သည်ဆိုလျှင်၊ ယနေ့ခေတ် အင်တာနက်နှင့် စမတ်ဖုန်းများသည် ထိုအချိန်များကို လုံးဝဥဿုံ ကွယ်ပျောက်စေခဲ့ပြီ ဖြစ်သည်။ ယခင်က ဖျော်ဖြေရေးသည် သတ်မှတ်ချိန်နှင့် အကန့်အသတ်ရှိသော်လည်း၊ ယနေ့တွင် ဖျော်ဖြေရေးသည် အဆုံးမရှိတော့ပေ။ Netflix တစ်ကား ကြည့်နေစဉ် ဖုန်းကိုင်၍ Social Media ကြည့်သည်။ တစ်ခုပြီးတစ်ခု အဆုံးမရှိ ဆက်သွားနေသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် စာဖတ်ရန်အတွက် လူတစ်ယောက်သည် တကယ်ကို စိတ်ပိုင်းဖြတ် အားထုတ်မှသာ ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် လူအများစုက ထိုသို့ စိတ်ပိုင်းဖြတ်ခြင်း မရှိကြတော့ပေ။
ယနေ့ ကျွန်ုပ်တို့သည် နေလ် ပို့စ်မန်းနှင့် မာရှယ် မက်လူဟန်တို့ ခန့်မှန်းခဲ့သည့် ကမ္ဘာထဲတွင် အမှန်တကယ် နေထိုင်နေကြရပြီဖြစ်သည်။ ဒါပေမယ့် သူတို့နှစ်ဦးပင် ကြိုတင်မခန့်မှန်းနိုင်ခဲ့သည့် အပြောင်းအလဲကြီးတစ်ခု ရှိခဲ့သည်။ အဲဒါကတော့ "စမတ်ဖုန်း" ပင် ဖြစ်သည်။
ရုပ်မြင်သံကြားသည် လူများကို အိမ်ထဲတွင်သာ ထိုင်ကြည့်စေခဲ့သော်လည်း၊ စမတ်ဖုန်းသည် လူတစ်ယောက်၏ အာရုံစူးစိုက်မှုကို နေ့လုံးညလုံး၊ နေရာမရွေး လုယူဖျက်ဆီးနိုင်သည်။ ယနေ့ လူအများစုသည် တစ်နေ့လျှင် ဖုန်းကို ရာနှင့်ချီသော အကြိမ်များ ဖွင့်ကြည့်ကြသည်။ အသိပေးချက်အသစ်တစ်ခု ပေါ်လာတိုင်း အာရုံစိုက်မှုသည် ပြတ်တောက်သွားရသည်။
စာဖတ်ခြင်းက တောင်းဆိုသည့်အရာမှာ ရှည်လျားတည်ငြိမ်သော အာရ

Address

Singapore

Alerts

Be the first to know and let us send you an email when Hninn Si Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category