Horror Ent

Horror Ent Horror Story

လက်ထဲရောက်တာနဲ့ ကံဆိုးခြင်းတွေ စတင်လာမယ့်—သေခြင်းတရားထက် ကြောက်စရာကောင်းတဲ့ ကျိန်စာသင့်ပစ္စည်း ၁၀ ခု====================...
03/09/2026

လက်ထဲရောက်တာနဲ့ ကံဆိုးခြင်းတွေ စတင်လာမယ့်—သေခြင်းတရားထက် ကြောက်စရာကောင်းတဲ့ ကျိန်စာသင့်ပစ္စည်း ၁၀ ခု
============================
"စီးပွားဥစ္စာနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ရဖို့အတွက်ဆို လူအများစုဟာ ဘာမဆို လုပ်ကြမှာပါ။ သာမန်လူတစ်ယောက် အတွက် တောင် ဒီလိုအဖိုးတန်ပစ္စည်းမျိုး အခမဲ့ရမယ် ဆိုရင် ငြင်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အခုပြောပြမယ့် ပစ္စည်းတွေကိုတော့ ဘာပဲဖြစ်ဖြစ် အဝေးကနေပဲ ရှောင်ထားတာ အကောင်းဆုံးပါ။ မဟုတ်ရင်တော့ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးထက် ပိုကြီးမားတဲ့ အသက်နဲ့ ပေးဆပ်ရနိုင်ပါတယ်..."

ငိုကြွေးနေသော ကလေးငယ်ပန်းချီကား၊ အင်္ဂလန်နိုင်ငံ
—
ဒီပန်းချီကားကို ကြည့်လိုက်ရင်တော့ သာမန်ကလေးလေးတစ်ယောက် ငိုနေတဲ့ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အင်္ဂလန်နိုင်ငံက အိမ်တော်တော်များများမှာ ဒီပန်းချီကားကို ချိတ်ဆွဲထားတာ တွေ့ရလေ့ရှိပါတယ်။ နောက်ဘာဖြစ်လာလဲဆိုတော့ အဲဒီပန်းချီကား ရှိနေတဲ့ အိမ်တွေမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့တာပါ။ ထူးဆန်းတာက အိမ်တစ်အိမ်လုံးနဲ့ အိမ်ထဲက ပစ္စည်းမှန်သမျှ ပြာကျသွားအောင် လောင်ကျွမ်းသွားပေမဲ့ ဒီပန်းချီကားကတော့ ဘာမှမဖြစ်ဘဲ မူလအတိုင်း ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ မီးတွေကြားထဲကနေ ပန်းချီကားတစ်ချပ်တည်း ပြန်တွေ့ရတာဟာ အိမ်ပိုင်ရှင်တွေအတွက် မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့မှာပါ။

တစ်အိမ်ပြီးတစ်အိမ် အလားတူဖြစ်ရပ်တွေ ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါ လူတွေက ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူးလို့ ယုံကြည်လာကြပါတယ်။ ဒါပေမယ့် ပန်းချီကားကို မီးမလောင်နိုင်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ထားတာ လား၊ ဒါမှမဟုတ် ပန်းချီကားကိုယ်တိုင်က မီးဘေးကို ဖိတ်ခေါ်နေတာလားဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Crying Boy ပန်းချီကားကို အိမ်မှာ ချိတ်ဆွဲထားရင် မီးဘေးကပ်ဆိုးကို ဖိတ်ခေါ်သလို ဖြစ်တယ်ဆိုတဲ့ သတင်းဟာ တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့သွားခဲ့ပါတော့တယ်။

မာအိုရီ စစ်သူကြီးနတ်ဆိုးမျက်နှာဖုံးများ၊ ဩစတြေးလျနှင့် နယူးဇီလန်
—
နယူးဇီလန်နိုင်ငံရဲ့ ဒေသခံ မာအိုရီ လူမျိုးတွေ ဟာ စစ်ပွဲမဝင်ခင်မှာ မျက်နှာဖုံးတွေနဲ့ ရုပ်ထုတွေကို ထုဆစ်လေ့ရှိကြပါတယ်။ ဒီမျက်နှာဖုံးတွေဟာ ရိုးရိုးအလှဆင်ပစ္စည်းတွေ မဟုတ်ဘဲ စစ်သည်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ အရာတွေပါ။ တချို့မျက်နှာဖုံးတွေဟာ စစ်ပွဲထဲမှာ သေဆုံးသွားတဲ့ စစ်သူကြီးတွေရဲ့ မျက်နှာနဲ့ စိတ်ဝိညာဉ်ကို ကိုယ်စားပြုထားတာမျိုး ဖြစ်ပါတယ်။

ဒီမျက်နှာဖုံးတွေဟာ အမျိုးသားတွေအတွက် အန္တရာယ်မရှိလှပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေဆီကိုတော့ ကပ်ဆိုးတွေ၊ ထိခိုက်ပျက်စီးမှုတွေ ယူဆောင်လာပေး တတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း နယူးဇီလန်ပြတိုက်တွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနီးအပါးမကပ်ဖို့ တရားဝင် သတိပေးချက် ထုတ်ထားရတဲ့အထိပါပဲ။ ဒီသတိပေးချက်ကို ကြားရတဲ့အခါ တချို့သူတွေက အယူသီးမှုလို့ ထင်ကြပေမဲ့ တချို့အတွက်တော့ မျက်နှာဖုံးတွေဟာ ပြတိုက်ထဲက ပြသထားတဲ့ပစ္စည်းတွေ မဟုတ်ဘဲ ဒီနေ့တိုင် အသက်ဝင်နေတဲ့ ဝိညာဉ်တွေရဲ့ အိမ်ဖြစ်နေဆဲလို့ ယုံကြည်ထား ကြတာပါ။

Koh-i-Noor (ကိုဟီနူရ် စိန်ပွင့်ကြီး) — အိန္ဒိယနိုင်ငံ
—
ဒီစိန်ပွင့်ကို ပိုင်ဆိုင်ရတာဟာ ကာရက် ၁၀၉ ကာရက်ရှိတဲ့ အဖိုးတန်စိန်ရတနာကြီးကို ရရှိတာဖြစ်လို့ အရမ်း ကံကောင်းတယ်လို့ ထင်ရပါတယ်။ ရှေ့မှာ ပြောခဲ့တဲ့ မာအိုရီ မျက်နှာဖုံးတွေနဲ့ ပြောင်းပြန်၊ ဒီစိန်ပွင့်ဟာ အမျိုးသမီးတွေထက် ပိုင်ဆိုင်တဲ့ အမျိုးသားတွေကိုပဲ ပဋိပက္ခတွေနဲ့ နာကျင်မှုတွေ ယူဆောင်လာပေးခဲ့တယ်လို့ ဆိုကြပါတယ်။ စိန်ပွင့်ကို ရရှိသူတိုင်းဟာ အာဏာနဲ့ ကြွယ်ဝမှုကို ရခဲ့ပေမဲ့ အဲဒီအာဏာ ဟာ အေးချမ်းစွာ တည်မြဲမနေခဲ့ပါဘူး။ သမိုင်းမှာတော့ ဒီစိန်ပွင့်ဟာ အိန္ဒိယက နာမည်ကျော်အင်ပါယာဘုရင် စူရီဆီကနေ ခိုးယူခံခဲ့ရတယ်လို့ ဆိုကြပါတယ်။ မူလ ပိုင်ရင် ဘုရင်စူရီဟာ ဒီစိန်ပွင့်ကို ရပြီးမကြာမီမှာပဲ အမြောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသလို သူ့ရဲ့သားဖြစ်သူ ဂျလာခန်လည်း သူ့ယောက်ဖအရင်းရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်တွေ တိုက်ဆိုင်နေသလို မြင်ရတဲ့အခါ လူတွေက စိန်ပွင့်ကို သာမန်ရတနာတစ်ခုလို မမြင်တော့ဘဲ အမျိုးသားပိုင်ရှင်တိုင်းအတွက် ကျိန်စာသင့်နေတဲ့ ရတနာတစ်ခုလို့ ယုံကြည်လာခဲ့ကြတာပါ။

Hope Diamond (ဟုပ် စိန်ပွင့်ကြီး) — အိန္ဒိယနိုင်ငံ
—
ဟုပ်စိန်ပွင့်ကြီးရဲ့ ကျိန်စာကလည်း အိန္ဒိယနိုင်ငံရဲ့ သမိုင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီစိန်ပြာကြီးကို ဟိန္ဒူနတ်ဘုရားမ စီတာရဲ့ ရုပ်ထုမျက်နှာပြင်ပေါ်ကနေ ခိုးယူခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အဲဒါကို သိသွားတဲ့ ဟိန္ဒူပုရောဟိတ်တွေက ဒီစိန်ပွင့်ကို ပိုင်ဆိုင်သူတိုင်း ကပ်ဆိုးကျရောက်ပါစေဆိုပြီး ကျိန်စာတိုက်ခဲ့ကြတာပါ။ ဒီကျိန်စာဟာ ပိုင်ရှင်အပေါင်းဆီ ဆက်တိုက်ကျရောက်ခဲ့ တယ်လို့ ပြောကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ပြင်သစ်ဘုရင် လူဝီ ၁၄ ပါပဲ။ လူဝီ ၁၄ ဟာ ၁၇၁၅ ခုနှစ်မှာ အသားပုပ်ရောဂါနဲ့ သေဆုံးခဲ့ရုံတင်မကဘဲ သူ့ရဲ့ ရင်သွေးတွေနဲ့ မြေးတွေပါ ဆက်တိုက် သေဆုံးခဲ့ကြရပါတယ်။ ဒီလိုနဲ့ မင်းမျိုး မင်းနွယ်တစ်ခုလုံး ထိခိုက်လာတာကို စိန်ပွင့်နဲ့ ဆက်စပ်ပြီး ယုံကြည်သူတွေ များလာခဲ့တာပါ။

အင်္ဂလန်ဘုရင် ဂျော့ချ် ၄ ဆိုရင်လည်း ဒီစိန်ပွင့်ကို ပိုင်ဆိုင်ပြီးနောက် အကြွေးတွေ တင်ပြီး ဘဝပျက်ခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီလိုမျိုး ပိုင်ဆိုင်သူတိုင်းမှာ ပြဿနာ တစ်မျိုးစီနဲ့ ကြုံတွေ့လာတာကြောင့် ဟုပ်စိန်ပွင့်ရဲ့ တောက်ပတဲ့အရောင်ဟာ လူတွေအတွက် အလှတရားထက် သတိပေး ချက်တစ်ခုလို ဖြစ်လာခဲ့ရတာပါ။

Delhi Purple Sapphire (ဒေလီ ခရမ်းရောင်နီလာ) — အိန္ဒိယနိုင်ငံ
—
အဖိုးတန်စိန်ပွင့်ကြီးတစ်ခုပြီးတော့ နောက်ထပ် ကျောက်မျက်ရတနာတစ်ခုအကြောင်း ဆက်ကြည့်ရအောင်ပါ။ ဒီတစ်ခါမှာတော့ အရောင်နဲ့ နာမည်ကြောင့် အလွန်လှပသလို ထင်ရပေမဲ့ ပိုင်ဆိုင်သူတွေကို ကံဆိုးမှုတွေ ပေးခဲ့တယ်လို့ ဆိုကြတဲ့ ဒေလီခရမ်းရောင် နီလာအကြောင်းဖြစ်ပါတယ်။

၁၈၀၀ ပြည့်လွန်နှစ်များအစောပိုင်းတုန်းက အိန္ဒိယဘုရားကျောင်းတစ်ခုကနေ ဒီကျောက်တုံး ကို လုယက်ယူဆောင်လာခဲ့ ကြတာပါ။ အဲဒီနောက်ပိုင်း ဒီကျောက်တုံးကို ပိုင်ဆိုင်သူတိုင်း ကျန်းမာရေးဆိုးရွားတာတွေ၊ စီးပွားရေးပျက်ကွက်တာတွေကို ကြုံတွေ့ခဲ့ကြ ရပါတယ်။ ဥပမာပြောရရင် ဒီကျောက်တုံးကို ပိုင်ဆိုင်ခဲ့တဲ့ အာသာအက်ဒဝပ် ဟီရွန်- အယ်လန်ဆိုတဲ့ အမျိုးသားဟာ ကံဆိုးမှုတွေ ဆက်တိုက်ကြုံလွန်းလို့ ကျောက်တုံးကို မြောင်းထဲအထိ လွှင့်ပစ်ခဲ့ဖူးတာပါ။ ဒါပေမဲ့ မြောင်းတူးသူတစ်ယောက်က တွေ့သွားပြီး သူ့ပစ္စည်းမှန်းသိလို့ ပြန်လာပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အာသာဟာ သူသေဆုံးပြီး သုံးနှစ်ကြာတဲ့အထိ ဒီကျောက်တုံးကို ဘယ်သူမှမကိုင်ရဘူးဆိုတဲ့ သတိပေးစာနဲ့အတူ လန်ဒန်ပြတိုက်ဆီ ပို့ဆောင်လိုက်ရပါ တော့တယ်။ သူ့အတွက်တော့ ဒီကျောက်တုံး ဟာ အဖိုးတန်ရတနာတစ်ခု မဟုတ်တော့ဘဲ မိသားစုနဲ့ နောင်လာမယ့်လူတွေကို ကာကွယ်ဖို့ ဝေးဝေးကိုပို့ပြီး လုံလုံခြုံခြုံ ထားရမယ့် အရာတစ်ခု ဖြစ်နေခဲ့တာပါ။

Uluru Rocks (ဥလူရူး ကျောက်တုံးများ)၊ ဩစတြေးလျနိုင်ငံ
—
ဥလူရူးဆိုတာ ဩစတြေးလျရဲ့ နာမည် အကြီးဆုံး သဘာဝအမှတ်အသား တွေထဲက ကျောက်တုံးကြီးတစ်ခုပါ။ နေဝင်ချိန်မှာ ကျောက်တုံးမျက်နှာပြင်ပေါ် အရောင်တွေ ပြောင်းလဲသွားပုံဟာ အရမ်းလှပတာကြောင့် နှစ်စဉ် ခရီးသွားထောင်ပေါင်းများစွာ လာရောက် လေ့လာကြပါတယ်။ လူတွေဟာ အဲဒီနေရာမှာ ဓာတ်ပုံရိုက်ကြ၊ အမှတ်တရပစ္စည်းတွေ ဝယ်ကြပြီး အံ့ဩစရာ သဘာဝမြင်ကွင်းကို ခံစားကြတာပါ။

ဒါပေမဲ့ ဒီကျောက်တုံးကြီးဆီကနေ ကျောက်စအနည်းငယ်ကို ယူဆောင်သွား တာကိုတော့ ဥပဒေအရ တားမြစ်ထားပါတယ်။ အဲဒီလို တားမြစ်ထားရတဲ့အကြောင်းရင်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့သာမက ဒေသခံအဘိုရီဂျင်နယ်လူမျိုးတွေရဲ့ မြင့်မြတ်တဲ့ ယုံကြည်ချက်နဲ့လည်း ဆက်စပ်နေတာပါ။ ဥလူရူးဟာ သူတို့အတွက် ကျောက်တုံးကြီးတစ်ခုထက် အများကြီးပိုပြီး အဓိပ္ပာယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့ခရီးသွားတွေက အမှတ်တရ အဖြစ် ကျောက်စလေးတွေကို အိမ်ပြန်ယူသွား တတ်ကြပါတယ်။ ထူးဆန်း တာက အဲဒီကျောက်စတွေကို ယူသွားသူတိုင်း ဟာ ကံဆိုးမှုတွေ၊ ဒုက္ခကပ်ဆိုးတွေကို ဆက်တိုက်ကြုံတွေ့ရလေ့ရှိတယ်လို့ ပြန်ပြီး ပြောဆိုကြတာပါပဲ။ တချို့သူတွေက မိသားစုအတွင်း မမျှော်လင့်ထားတဲ့ ပြဿနာ တွေ ကြုံရတယ်။ တချို့ကတော့ ခရီးက ပြန်လာပြီး မကြာခင်မှာ အလုပ်နဲ့ ငွေကြေး အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ဆိုကြပါတယ်။ ဒီလိုကံဆိုးမှုတွေ ကြုံရလွန်းလို့ နောက်ပိုင်းမှာ ခရီးသွားတွေဟာ တောင်းပန်စာ တွေနဲ့အတူ ကျောက်တုံးတွေကို ဩစတြေးလျ ဆီ စာတိုက်ကနေ ပြန်လည်ပေးပို့ကြရတဲ့အထိ ဖြစ်ခဲ့ရတာပါ။

Blarney Stone (ဘလာနီ ကျောက်တုံးစများ) ၊ အိုင်ယာလန်နိုင်ငံ
—
အိုင်ယာလန်မှာရှိတဲ့ “ဘလာနီ” ကျောက်တုံး ကြီးကို နမ်းရှုံ့ရင် စကားအောင်တယ်၊ ကံကောင်းတယ်လို့ အယူရှိကြပါတယ်။ ဒါကြောင့် ခရီးသွားတွေဟာ ကျောက်တုံးကြီး ဆီ သွားရောက်ပြီး အောက်ဘက်ကို ငုံ့ကာ နမ်းရှုံ့ကြလေ့ရှိပါတယ်။ လူတွေက အဲဒီကျောက်တုံးကြီးရဲ့ အစွမ်းကို ရယူချင်ကြပေမဲ့ ကျောက်တုံးရဲ့ အစအနတစ်ခုခုကို ခွာယူသွားရင်တော့ စာမျက်နှာပြောင်းသွားခဲ့တာပါ။

ကျောက်တုံးစကို ယူဆောင်သွားသူဟာ ဘဝမှာ ကံဆိုးမှုတွေ ဆက်တိုက်ကြုံရတတ်တယ်လို့ ဆိုကြပါတယ်။ လူအတော်များများဟာ ကျောက်တုံးစကို ယူသွားပြီးနောက် စိတ်ဓာတ်ကျတာ၊ စီးပွားရေးပျက်စီးတာနဲ့ အလုပ်ပြုတ်တာမျိုးတွေကို ကြုံတွေ့ခဲ့ကြရ ပါတယ်။ ဥလူရူး ကျောက်တုံး တွေလိုပါပဲ၊ ပြုလုပ်ခဲ့တဲ့အမှားကို နောင်တရသွားကြ တဲ့သူတွေဟာ သူတို့ရဲ့ ကံဆိုးမှုတွေဆီကနေ လွတ်မြောက်ဖို့အတွက် ရက်သတ္တပတ် အနည်းငယ် ဒါမှမဟုတ် လအနည်းငယ် အတွင်းမှာပဲ အိုင်ယာလန်ဆီကို ကျောက်တုံးစတွေကို စာတိုက်ကနေ ပြန်လည်ပေးပို့ခဲ့ကြရပါတယ်။ ပြန်ပို့ပြီးနောက် ကံဆိုးမှုတွေ ရပ်သွားတယ်လို့ တချို့က ယုံကြည်ကြတာကြောင့် ဒီကျောက်တုံးစ တွေဟာ တန်ဖိုးမရှိပေမဲ့ လူတွေအတွက် စိတ်ထဲမှာတော့ အလွန်လေးနက်တဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Black Orlov (ဘလက်အော်လော့ဖ် စိန်နက်ကြီး) — အိန္ဒိယနိုင်ငံ
—
ဗြဟ္မာ မျက်လုံး လို့လည်း လူသိများတဲ့ ဒီစိန်နက်ကြီးကို ဟိန္ဒူဘုရား ကျောင်းတစ် ခုကနေ ရဟန်းတစ်ပါးက ခိုးယူခဲ့တာလို့ ဆိုကြပါတယ်။ အဲ့ဒီ အနက်ရောင်စိန်ဟာ အလင်းရောင်ကို ပြန်လွှတ်ပေးတာနည်းပြီး ထူးခြားတဲ့ တောက်ပမှုရှိတာကြောင့် တခြားစိန်တွေနဲ့ မတူပါဘူး။ ဒါပေမဲ့ ဒီစိန်ရဲ့ အလှထက် ပိုင်ရှင်တွေကြားမှာ ပျံ့နှံ့နေတဲ့ သေခြင်းတရားသတင်းတွေက ပိုပြီး ထင်ရှားလာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဒီရတနာကြီးဟာ အမျိုးသမီးပိုင်ရှင် အမြောက်အမြားဆီ လက်ပြောင်းလက်လွှဲ ရောက်ရှိခဲ့ပြီး ပိုင်ရှင်တော်တော်များများဟာ ကိုယ့်ကိုယ် ကိုယ် သတ်သေသွားခဲ့ကြတာပါ။ အဆိုးရွားဆုံးကတော့ ဒီစိန်နက်ကြီးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အမျိုးသမီး အနည်းဆုံး နှစ်ယောက်ဟာ အထပ်မြင့် အဆောက်အဦ ပေါ်ကနေ ခုန်ချပြီး သတ်သေသွားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်း နယူးယောက်က ကျောက်မျက် ကုန်သည်တစ်ယောက်ဆီ ရောက်သွားပြီး နောက်မှ ကျိန်စာပျက်ပြယ်သွားတယ်လို့ ဆိုကြပေမဲ့ အရင်က ကံဆိုးမိုးမှောင်ကျခဲ့ ရသူတွေအတွက်တော့ ဘာမှပြန်ပြင်လို့ မရတော့ပါဘူး။

Iceman (အိုဇီ ရေခဲလူသား) — ဩစတြီးယားနှင့် အီတလီနယ်စပ်
—
၁၉၉၁ ခုနှစ်တုန်းက အယ်လ်ပ်စ်တောင်တန်း ပေါ်မှာ နှစ်ပေါင်း ၅,၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်တဲ့ ရေခဲရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီရေခဲလူသားကို နောက်ပိုင်းမှာ အိုဇီလို့ ခေါ်ခဲ့ကြပြီး ရှေးခေတ်လူသားတွေရဲ့ ဘဝနဲ့ သေဆုံးမှု အကြောင်းကို လေ့လာနိုင်ဖို့ အရေးကြီးတဲ့ တွေ့ရှိမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီတွေ့ရှိမှုနဲ့ ပတ်သက်ခဲ့တဲ့ သုတေသန အဖွဲ့ဝင် ခုနစ်ယောက်ဟာ ဆက်တိုက်ဆိုသလို ရုတ်တရက် သေဆုံးသွားခဲ့ကြတာပါ။ သူတို့ရဲ့သေဆုံးမှုတွေဟာ သဘာဝအတိုင်း သေဆုံးတာမျိုး မဟုတ်ခဲ့ဘူးလို့ လူတွေက ယုံကြည်ကြပါတယ်။ တစ်ယောက်က တွေ့ရှိမှုအကြောင်း ဟောပြောပွဲသွားရာကနေ လမ်းမှာ ကားမှောက်သေဆုံးခဲ့သလို နောက်တစ်ယောက်က တောင်ပြိုမှုထဲ ပါသွားခဲ့ပါတယ်။ ကျန်တဲ့သူတွေကလည်း ရေခဲလူသားကို တွေ့ပြီးပြီးချင်း သွေးဝမ်းသွား ရောဂါကူးစက်ခံရတာ၊ တောင်ကမ်းပါးကနေ ပြုတ်ကျတာမျိုးတွေနဲ့ သေဆုံးခဲ့ကြရတာပါ။ သေဆုံးမှုတစ်ခုချင်းစီဟာ သီးခြား အကြောင်း ပြချက် ရှိနိုင်ပေမဲ့ အားလုံးဟာ အိုဇီနဲ့ ဆက်နွယ်နေသူတွေ ဖြစ်နေတာကြောင့် လူတွေက ရေခဲလူသားရဲ့ ကျိန်စာလို့ စပြီး ခေါ်ဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

King Tutankhamun (တူတန်ခမန်ဘုရင်ရဲ့ ကျိန်စာ) — အီဂျစ်နိုင်ငံ
—
အီဂျစ်က တူတန်ခမန်ဘုရင်ရဲ့ ဂူသင်္ချိုင်းကို စတင်တူးဖော်ခဲ့တဲ့ ဟားဝတ်ကာတာရဲ့ အဖွဲ့ဝင်တွေ ဆက်တိုက်သေဆုံးခဲ့တာကြောင့် ဒီကျိန်စာဟာ ကမ္ဘာမှာ အကျော်ကြားဆုံး ဖြစ်လာခဲ့ပါတယ်။ ဂူမဖွင့်မီအချိန်မှာပဲ ကာတာရဲ့ ငှက်လှောင်အိမ်ထဲကို အီဂျစ်ဘုရင်တွေရဲ့ သင်္ကေတဖြစ်တဲ့ မြွေဟောက်တစ်ကောင် ဝင်ရောက်ပြီး ကာတာရဲ့ အိမ်မွေးငှက်ကလေးကို ကိုက်သတ်ခဲ့ရာကနေ သတင်းတွေ စတင်ထွက်ပေါ်ခဲ့တာပါ။ ပြီးတော့ အီဂျစ်အာဏာပိုင်တစ်ဦးဖြစ်သူ အာသာဝေးဂဲလ်ကတော့ ဂူဝင်ပေါက်မှာ လှောင်ပြောင်ရယ်မောခဲ့တဲ့ လော့ဒ်ကာနာဗွန်ကို “သူအသက်ရှင်ဖို့ ခြောက်ပတ်ပဲ ကျန်တော့တယ်” လို့ စနောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မကြာမီမှာပဲ ကာနာဗွန်ဟာ ခြင်ကိုက်ခံရပြီး ဓားရိုးနဲ့ ထိမိရာကနေ သွေးဆိပ်တက်ကာ တကယ်ပဲ သေဆုံးသွားခဲ့တာပါ။ နောက်ပိုင်း တူတန်ခမန်ရဲ့ ရုပ်အလောင်းကို စစ်ဆေးတဲ့အခါမှာလည်း ကာနာဗွန် ဒဏ်ရာရခဲ့တဲ့ ပါးပြင်ပေါ်က နေရာအတိအကျမှာ ဒဏ်ရာဟောင်းတစ်ခု ရှိနေတာကို တွေ့ခဲ့ကြရတယ်လို့ ဆိုကြပါတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုလား၊ ဒါမှမဟုတ် ဘုရင်ရဲ့သေဆုံးပုံကို ထပ်တူ ပြန်လည်ပြသနေတဲ့ အမှတ်အသားလား ဆိုတာကိုတော့ လူတွေက ဒီနေ့တိုင် ဆွေးနွေးနေကြတုန်းပါပဲ။

ဒါတင်မကသေးဘဲ ကာတာက သူ့သူငယ်ချင်း ဆာဘရုစ်အင်ဂရမ်ကို လက်ဆောင်ပေးခဲ့တဲ့ မမ်မီလက်ချောင်းပေတံပေါ်မှာ “ငါ့ခန္ဓာကို ရွှေ့ပြောင်းသူတိုင်းထံ မီး၊ ရေနှင့် ကပ်ဆိုးများ ကျရောက်ပါစေ” လို့ ရေးထားခဲ့ပါတယ်။ တိုက်ဆိုင်ချင်တော့ အင်ဂရမ်ရဲ့အိမ်ဟာ မီးလောင်ခဲ့ရသလို ပြန်လည်ပြင်ဆင်ပြီးချိန် မှာလည်း ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် တူတန်ခမန်ဘုရင်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လှစ်ခဲ့သူ တွေဟာ ရတနာတွေကို ရှာဖွေခဲ့တာလား၊ ဒါမှမဟုတ် သေခြင်းတရားကို ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာလားဆိုတဲ့ မေးခွန်းက ဒီနေ့အထိ ကျန်ရှိနေခဲ့တာပါ။

ကဲ... အခုပြောပြပေးခဲ့တာကတော့ ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး ကျိန်စာသင့်ပစ္စည်း ၁၀ ခုပါပဲ။ တချို့က ပန်းချီကား၊ တချို့က ရှေးဟောင်းမျက်နှာဖုံးနဲ့ ကျောက်တုံးတွေ ဖြစ်ပေမဲ့ တစ်ခုချင်းစီမှာ ပိုင်ရှင်တွေကို ကြောက်ရွံ့စေခဲ့တဲ့ အတိတ်ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။ မိတ်ဆွေတို့ဆီကိုသာ ဒီလိုပစ္စည်းမျိုး တစ်ယောက်ယောက်က အခမဲ့လာပေးရင် လက်ခံရဲကြမလားဗျာ။

မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်တွေကို ကွန်မန့်မှာ ရေးပေးခဲ့ပါဦး။ ဒီလို စိတ်ဝင်စားစရာ ဒဏ္ဍာရီနဲ့ အမှန်တရားတွေကို မလွတ်တမ်း ကြည့်ရှုဖို့အတွက် ကျွန်တော်တို့ရဲ့ ချန်နယ် လေးကို Subscribe လေးလုပ်ထားဖို့ မမေ့ပါနဲ့ဦးဗျ။ နောက်ဗီဒီယိုမှာ ပြန်ဆုံကြပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။

01/09/2026

သေခြင်းတရားတောင် မတားနိုင်တဲ့ အချစ်

Address

721 Clementi West Street 2, #01-126
Singapore
120721

Website

Alerts

Be the first to know and let us send you an email when Horror Ent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share