05/07/2026
FSSPX အသင်း သာမက Traditional Latin Mass (TLM) ကျင်းပသည့် အခြားသော ရဟန်း အသင်းများ အကြောင်း သိကောင်းစရာ
SSPX ဟာ နာခံခြင်း မရှိမှု အပေါ် အခြေခံပြီး ရဟန်းမင်းကြီး လီယို ၁၄ လက်ထက် အသင်းတော် အတွင်း အခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပေမယ့် SSPX လိုမျိုး လက်တင် ထုံးတမ်း အစဉ်အလာ အတိုင်း မစ္ဆား ကျင်းပတဲ့ အသင်းအဖွဲ့တွေ ရှိနေဆဲ ဖြစ်တဲ့ အပေါ်မှာ အဲဒီ အသင်းများ အကြောင်း ဝေမျှလိုက်ပါတယ်။
လက်ရှိ အချိန်မှာတော့ SSPX နဲ့ ပေါင်းစည်းမှုတွေ ရှိနေဆဲ ဖြစ်ရင် ရှောင်ရှားရမှာ ဖြစ်ပြီး ဒါမှသာလျှင် Excommunication ဆိုင်ရာ ကန့်သတ်အရေးယူမှုများမှ ကင်းလွှတ်မှာ ဖြစ်ပါတယ်။
Vatican နဲ့ အပြည့်အဝ ပေါင်းစည်းပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ဦးဆောင်မှုကို နာခံကာ တရားဝင်အသိအမှတ်ပြုထားတဲ့ လက်တင် ထုံးတမ်း လိုက်တဲ့ ရဟန်း အသင်းဂိုဏ်းတွေ အကြောင်းကို ဖော်ပြအပ်ပါတယ်။
၁။ Institute of Christ the King Sovereign Priest
ခရစ်တော် ဘုရင် ထာဝရ ရဟန်း အသင်း
ဒီအဖွဲ့အစည်းဟာ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် ၂ (Pope Saint John Paul II) လက်ထက်မှာ ဘုန်းတော်ကြီးတွေကို လက်တင်မစ္ဆားပူဇော်ခွင့် ရက်ရက်ရောရော ပေးနိုင်ဖို့ တိုက်တွန်းချက်နဲ့အတူ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန် ၂၃ (Pope Saint John XXIII) က ၁၉၆၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်များ (Liturgical Books) အတိုင်း ရှေးထုံးရိုးရာ မပျက် လက်တင်မစ္ဆားတရားကို အစဉ်အလာမပျက် ပူဇော်ကြပါတယ်။
၂။ Priestly Fraternity of Saint Peter (F.S.S.P.)
ရှင်ပီတာ၏ ညီအစ်ကို ရဟန်း အသင်း
၁၉၈၈ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် ၂ ကပဲ ကက်သလစ်အသင်းတော် တစ်လုံးတစ်ဝတည်းဖြစ်ရေးနဲ့ သာသနာပြုလုပ်ငန်းသစ်တွေအတွက် ရည်ရွယ်ပြီး တည်ထောင်ခွင့်ပြုခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ကနဦး နာယကကြီးကတော့ နောင်မှာ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ (Pope Benedict XVI) ဖြစ်လာမယ့် ဂျိုးဇက် ကာဒီနယ် ရက်ဇင်းဂါ (Joseph Cardinal Ratzinger) ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက တာဝန်နဲ့ ဝိညာဉ်ရေးရာကတော့ မစ္ဆားတရားတင်မကဘဲ အခြားသော Sacraments (စက္ကရာမင်တူ) တွေနဲ့ Divine Office တွေကိုပါ ၁၉၆၂ ရဲ့ လက္တင်ဝတ်ပြုစာအုပ်အတိုင်း အခမ်းအနား အပြည့်အစုံနဲ့ ပူဇော်ပေးဖို့ဖြစ်ပါတယ်။
၃။ Institute of the Good Shepherd
ကောင်းသော သိုးထိန်း ရဟန်း အသင်း
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ ရဲ့ လမ်းညွှန်မှုနဲ့ ထောက်ပံ့မှုအောက်မှာ ၂၀၀၆ ခုနှစ်ကမှ တည်ထောင်ခဲ့တဲ့ သာသနာပြု လက်တင် ရဟန်း အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ကက်သလစ်အသင်းတော်အတွင်းမှာ ရှိတဲ့ ရိုးရာအစဉ်အလာနဲ့ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အဖိုးတန် ထုံးတမ်း ရတနာတွေကို ဘာသာသူတွေဆီ မျှဝေပေးဖို့ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ရဲ့ ရိုးရာရောမဝတ်ပြုပုံတွေအတိုင်းသာ သီးသန့်အသုံးပြုပြီး ဒေသအသီးသီးက ဆရာတော်တွေရဲ့ သာသနာလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။
၄။ The Premonstratensians (Norbertines)
နော်ဘာတင်း ရဟန်း အသင်းဂိုဏ်း
၁၁၂၀ ခုနှစ်ကတည်းက စိန့်နောဘတ် (Saint Norbert) နဲ့ သူ့ရဲ့ရဲဘော်ရဲဘက်တွေက ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ အလွန်သက်တမ်းရင့်လှတဲ့ သာသနာပြု အဖွဲ့အစည်းဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း ကက်သလစ်အသင်းတော်တွေက ဒေသန္တရဘာသာစကားတွေဆီ ကူးပြောင်းသွားကြတဲ့အချိန်မှာတောင် ဒီအဖွဲ့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားတဲ့ Norbertine Rite အပြင် စံပြ လက်တင်မစ္ဆားတရားတွေကိုပါ ဒီနေ့အထိ ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပါတယ်။
၅။ Diocesan Traditional Latin Mass
မိမိ သာသနာ အလိုက် ကျင့်ကြံသော လက်တင် မစ္ဆားတရားများ
ဒါကတော့ သီးခြား လက်တင် မစ္ဆားကျင်းပသော ရဟန်း အသင်းများ မဟုတ်ဘဲ မိမိတို့ သာသနာနယ် အသီးသီးက ဒေသန္တရ ဆရာတော် (Local Bishop) ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဘန်ုးတော်ကြီး တပိုင် သာသနာနယ် (Parish) တွေမှာ ပူဇော်တဲ့ လက်တင်မစ္ဆား ဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးမီက ပုပ်ဖရန်စစ် လက်ထက်မှာ ထွက်ပေါ်လာတဲ့ "Traditionis Custodes" စာချွန်တော်ပါ စည်းမျဉ်းတွေကြောင့် ဆရာတော်တွေနဲ့ ဗာတီကန်ရဲ့ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး ပူဇော်နိုင်တဲ့နေရာတွေ နည်းပါးနေသေးပါတယ်။
၆။ Canons Regular of St. John Cantius
၁၉၉၈ ခုနှစ်မှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတစ်ခွင်မှာရှိတဲ့ ဘာသာသူတွေအတွက် တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ဟာ ပုံမှန်ဝတ်ပြုကိုးကွယ်မှု (Ordinary Form) ရော၊ တမူထူးခြားသော ထုံးတမ်းလာ လက်တင်ဝတ်ပြုမှု (Extraordinary Form) ကိုပါ ကျင်းပဝတ်ပြုနေပြီး အသင်းတော်ရဲ့ နှစ်ရာထောင်ချီ ရိုးရာ အစဉ်အလာ မပျက်သော တေးဂီတ၊ အနုပညာ၊ ဒေသနာတော်နဲ့ ဝတ်ပြုရေးဆိုင်ရာ အစဉ်အလာတွေကို ထိန်းသိမ်းမြှင့်တင်ပေးနေပါတယ်။
⚠️ အရေးကြီးတဲ့ သတိပြုရန်အချက်များကတော့ (Important Points) လက်ရှိ SSPX (FSSPX) အခြေအနေမှာ ဗာတီကန် က SSPX အဖွဲ့ကို သာသနာမှ နောင်ကြဉ်ထားတဲ့ (Excommunicated) ဆိုင်ရာ ပြစ်ဒဏ်ကို ခံယူရတဲ့ ကာလ ဖြစ်ပြီး SSPX ရဲ့ လက်တင်မစ္ဆားတရားဟာ စည်းမျဉ်းစည်းကမ်းတွေအရ တရားမဝင်တော့ပါ (Illicit)။
စက္ကရာမင်တူများ ပျက်ပြယ်ခြင်း
တချိန်တုန်းက ပုပ်ဖရန်စစ် လက်ထက် သနားကရုဏာတော်နှစ် အထိမ်းအမှတ်အဖြစ် Confession (အာပတ်ဖြေခြင်း) နဲ့ Matrimony (လက်ထပ်ထိမ်းမြားခြင်း) စက္ကရာမင်တူးတွေအတွက် SSPX များကို အာဏာလွှဲအပ်ပေးခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ အဲ့ဒီအခွင့်အာဏာတွေ မေပးတော့လို့ သူတို့ဆီမှာ သွားရောက်ပြီး အာပတ်ဖြေခြင််းနဲ့ ကိုယ်တော်မြတ် ပင့်ယူရင် တရားမဝင်တော့ပါ။
ဒါကြောင့် အထက်ပါ လက်တင် မစ္ဆားတရား ကျင်းပသော အခြား တရားဝင် ရဟန်း အသင်း အဖွဲ့တွေရဲ့ နေရာတွေမှာပဲ သွားရောက်ဖို့ လိုအပ်ပြီး SSPX ကျောင်းဆောင်တွေမှာ မစ္ဆားတရားတက်တာ သို့မဟုတ် စက္ကရာမင်းတူ ခံယူတာမျိုးကို ဗာတီကန်ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက် မထွက်မချင်း လောလောဆယ် ရှောင်ကြဉ်ထားဖို့ အကြံပြုအပ်ပါတယ်။
သင်နဲ့နီးစပ်တဲ့နေရာမှာ လက်တင် မစ္ဆားကျင်းပခြင်းကို ရှာဖွေဖို့ https://www.latinmass.com/find-latin-mass မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Lawrence
4 July 2026, Saturday