23/08/2025
ရခိုင်သို့ မူးယစ်ဆေးဝါးပို့ဆောင်ရာမှာ AA ဗိုလ်မှူးတစ်ဦးကို အခွန်ပေးဆောင်ရတယ်လို့ စစ်အုပ်စုစွပ်စွဲမှု အပေါ် AA ပြောခွင့်ရသူပယ်ချ
(မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့အဆင်သင့်ရှိတယ်လို့ဆို)
Date... ဩဂုတ် ၂၃/ ၂၀၂၅
ရခိုင်သို့ မူးယစ်ဆေးဝါးပို့ဆောင်ရာမှာ အာရက္ခတပ်တော် (AA)က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးကို အခွန်ပေးဆောင်ရတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲမှုအပေါ် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပယ်ချလိုက်ပြီး ဒါက မရိုးနိုင်တဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ ဝါဒဖြန့်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ထုတ် စစ်အုပ်စုပိုင် သတင်းစာတွေမှာ ရခိုင်နဲ့ မလေးရှားသို့ ပို့ဆောင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတဲ့ သတင်းကို ဖော်ပြရာမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောက်ရှိပါက AA မှ ဗိုလ်မှူးအဆင့်ရှိ ကိုရေး(အကောက်ခွန်မှူး)ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ပြားကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ အခွန်ပေးဆောင်ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုက အခုလို တုံ့ပြန် ပြောဆိုပါတယ်။
“ ဒီဟာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ မတရားလုပ်ကြံစွပ်စွဲ၊ နိုင်ငံရေး အောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ ဝါဒဖြန့်တိုက်ခိုက်မှုတွေဘဲဖြစ်ပါတယ်။ ”
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု အစရှိတဲ့ မကောင်းမှု ဒုစရိုက် လုပ်ငန်းဟူသမျှကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဦးဆောင်ထိန်းချုပ် လုပ်ကိုင် နေတာလို့လည်း သူက ပြောဆိုပါတယ်။
“ အားလုံးသိကြတဲ့အတိုင်းပါဘဲ မြန်မာပြည်မှာ မူးယစ်ဆေးဝါး၊လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု အစရှိတဲ့မကောင်းမှုဒုစရိုက်လုပ်ငန်းဟူသမျှကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ရာဇဝတ်ဂိုဏ်းက ဦးဆောင်ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဥပမာပြရမယ်ဆိုရင် မကြာခင်က ပဲခူးဖက်မှာသူတို့အချင်းချင်းစားခွက်လုရာကနေမူးယစ်ဆေးဝါးပမာဏများစွာနဲ့ လက်ပူး လက်ကျပ်ဖမ်းမိတဲ့ သူတို့စစ်ကောင်စီအရာရှိတွေက သက်သေပါဘဲ” လို့ ပြောပါတယ်။
ဒါ့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောဆိုပါတယ်။
“ ကျနော်တို့ ULA/AAအနေနဲ့ကတော့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမဲ့ မူးယစ် ဆေးဝါး ဟူသမျှကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ လုံးဝပါတ်သက်မှုမရှိပါဘူးခင်ဗျ။ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းနဲက မဆို ပူးပေါင်း ဆောင်ရွက်သွားဖို့အဆင်သင့်ရှိပါတယ်။”
ရခိုင်နဲ့ မလေးရှားကို ပို့ဆောင်မဲ့ ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၁၈ သိန်းအပါအဝင် အိုက်စ် ၅၆၁၄ ဒသမ ၂ ကီလိုနဲ့ ကက်တမင်း ၁၈၉၉ ကီလိုတို့ကိုလည်း ဖမ်းမိခဲ့တယ်လို့ စစ်အုပ်စုပိုင် သတင်းစာတွေမှာ ဒီကနေ့ဖော်ပြကြပါတယ်။