28/04/2026
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အသက် ၈၅ နှစ်အရွယ် ကျွန်တော့်အဖွား မာသာဆီက ဖုန်းတစ်ကော်လာခဲ့ပါတယ်။
"လီယိုရေ... အဖွားကို ကူညီပါဦး။ အဖွား အဲဒီ တက်ဘလက်အသစ်လေးတစ်လုံး ဝယ်ချင်လို့။ ပါးပါးလျလျနဲ့ FaceTime ပါတာမျိုးပေါ့" လို့ သူက ပြောလာပါတယ်။ ဖုန်းထဲကနေ ကြားနေရတဲ့ အဖွားရဲ့အသံဟာ သစ်ရွက်ခြောက်တွေ ပွတ်တိုက်သံလိုမျိုး တုန်ရီနေခဲ့တာပါ။
ကျွန်တော် မျက်လုံးအသာမှိတ်ပြီး သက်ပြင်းတစ်ချက် ချမိသွားတယ်။ ကျွန်တော့်အဖွားဆိုတာက အခုထိ ဂိုထောင်ထဲအထိ ရောက်နိုင်တဲ့ ကြိုးရှည်ကြီးပါတဲ့ ကြိုးဖုန်းကို သုံးနေတုန်းပဲလေ။ သေဆုံးသွားတဲ့သူတွေရဲ့ နာမည်ကို ဖျက်ဆေးနဲ့ လိုက်ဖျက်ထားတဲ့ လိပ်စာစာအုပ်လေးကိုလည်း အမြတ်တနိုး သိမ်းထားတတ်သူပါ။ 'The Cloud' ဆိုတာကိုလည်း မိုးလေဝသခန့်မှန်းချက်လို့ပဲ သူက ထင်နေတုန်းပါပဲ။
အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲ ပထမဆုံး ခံစားလိုက်ရတာက စိတ်ရှုပ်ထွေးမှုပါပဲ။ ရုံးမှာကလည်း လကုန်ပိုင်း အလုပ်တွေပိနေတာ။ ဒီကြားထဲ အဖွားကို touchscreen အကြောင်း ရှင်းပြဖို့ စနေနေ့ နေ့လယ်ခင်းကြီးကို အချိန်ပေးရတော့မယ် ဆိုတာက ကျွန်တော့်အတွက်တော့ တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေခဲ့တာပါ။
"အဖွား... အဖွားလိုချင်တဲ့ မော်ဒယ်ကိုသာ ပြော၊ ကျွန်တော် မှာပေးလိုက်မယ်။ တနင်္လာနေ့ဆို အိမ်ရှေ့ရောက်လာလိမ့်မယ်။ ဒါက ပိုလွယ်တာပေါ့" လို့ ကျွန်တော်က ကွန်ပျူတာစခရင်ကို မျက်တောင်မခတ် ကြည့်ရင်း ပြောလိုက်မိပါတယ်။
ဒါပေမဲ့ အဖွားက "မဟုတ်ဘူး... မြေးကိုယ်တိုင် အဖွားကို ကုန်တိုက်ကို လိုက်ပို့ပေးစေချင်တာ" လို့ တိုးတိုးလေး ပြန်ပြောခဲ့ပါတယ်။ အဲဒီစကားသံမှာ တစ်ခုခုကို လေးလေးနက်နက် တောင်းဆိုနေသလို ခံစားလိုက်ရလို့ ကျွန်တော် ခဏတော့ မှင်သက်သွားခဲ့ရပါတယ်။
နောက်ဆုံးတော့လည်း သက်ပြင်းရှည်ကြီးချပြီး "ကောင်းပါပြီ အဖွားရာ... ကျွန်တော် လာခဲ့ပါ့မယ်။ နေ့လယ် ၁၂ နာရီလောက် ရောက်မယ်နော်" လို့ပဲ ပြောလိုက်မိတော့တယ်။
အိုဟိုင်းယိုးပြည်နယ်က အဖေကြီးပြင်းခဲ့တဲ့ အိမ်လေးဆီကို ကျွန်တော် မိနစ် ၄၀ ကြာ ကားမောင်းပြီး သွားခဲ့ပါတယ်။ ပန်းခင်းလေးတွေက သေသပ်နေပြီး အပြာရောင်ပန်းလေးတွေကလည်း ဝေဆာနေတာပေါ့။ အဖိုးဆုံးသွားတဲ့ လေးနှစ်တာအတွင်းမှာ ဒီအိမ်လေးက ဘယ်သူမှ စကားမပြောရတဲ့ စာကြည့်တိုက်တစ်ခုလိုမျိုး တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာပါ။
အိမ်ထဲကို လှမ်းဝင်လိုက်တာနဲ့ သစ်ကြံပိုးနံ့ လက်ဖက်ရည်နံ့နဲ့ အဝတ်လျှော်ဆပ်ပြာနံ့လေးက ကျွန်တော့်ကို ဆီးကြိုနေခဲ့ပါတယ်။ အဖွားကတော့ အိမ်ရှေ့ခန်းမှာ အဆင်သင့် စောင့်နေတာပါ။
"အဖွား... အဆင်သင့်ဖြစ်ရင် သွားကြစို့။ လူမရှုပ်ခင် မြန်မြန်သွားရအောင်" လို့ လက်ပတ်နာရီကို ကြည့်ရင်း ကျွန်တော်က အလျင်စလို ပြောလိုက်မိတယ်။ ဒါပေမဲ့ အဖွားကတော့ သူ့ကုလားထိုင်မှာပဲ ငြိမ်ငြိမ်လေး ထိုင်နေတုန်းပါပဲ။ ပြီးတော့ မီးဖိုချောင်ဘက်ကို လှမ်းကြည့်ရင်း "လက်ဖက်ရည်လေး အသစ်ဖျော်ထားတယ်။ မသွားခင် တစ်ခွက်လောက် အတူတူ သောက်ပါဦးလား" လို့ ဆိုလာပါတယ်။
ကျွန်တော် ဖုန်းကို ကြည့်လိုက်တော့ ၁၂ နာရီ ၁၅ မိနစ်။ ကျွန်တော့်စိတ်ထဲမှာတော့ စိတ်မရှည်မှုတွေက တိုးလာနေပါပြီ။ "ဒါဟာ အချိန်ဖြုန်းတာပဲ၊ အခုဆို Apple Store ကိုတောင် ရောက်နေလောက်ပြီ" လို့ တွေးနေမိတာပါ။ ဒါပေမဲ့လည်း အဖွားနောက်ကို လိုက်သွားပြီး မိသားစုထမင်းဝိုင်း စားပွဲကြီးမှာ ဝင်ထိုင်လိုက်ပါတယ်။
အဖွားက လက်ဖက်ရည်ကို ခွက်လေးနှစ်ခွက်ထဲ ထည့်ပေးပါတယ်။ ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ရပ်ကွက်ထဲက အကြောင်းတွေ၊ စာကြည့်တိုက် ဖွင့်ချိန်ပြောင်းသွားတဲ့ အကြောင်းတွေပေါ့။ အဖွားက ကျွန်တော့်အလုပ်အကြောင်း မေးတော့လည်း "အစည်းအဝေးတွေ များနေတာပါပဲ အဖွားရာ" လို့ပဲ ခပ်နွမ်းနွမ်း ပြန်ဖြေမိပါတယ်။
ကျွန်တော့်ဖုန်းက စားပွဲပေါ်မှာ တုန်ခါနေတုန်းပါပဲ။ အလုပ်က အကြောင်းကြားစာတွေ၊ ဇနီးဖြစ်သူဆီက မက်ဆေ့ချ်တွေက ကျွန်တော့်ကို အလျင်လိုအောင် တွန်းပို့နေသလိုပါပဲ။ ဖုန်းကို လှမ်းကိုင်လိုက်တဲ့အချိန်မှာတော့ အဖွားက "မြေး အလျင်လိုနေတာပဲ... သွားကြတာပေါ့" လို့ မျက်နှာပျက်ပျက်နဲ့ ပြောလာပါတယ်။
"မဟုတ်တာ အဖွားရဲ့... ထိုင်ပါဦး"
အဖွားက ကုလားထိုင်မှာ ပြန်ထိုင်ပြီး ကျွန်တော့်လက်ကို အသာအယာ ကိုင်လိုက်တယ်။ "လီယို... တကယ်တော့ အဖွား တက်ဘလက် မလိုချင်ပါဘူး" တဲ့။ အဲဒီအချိန်မှာ ကျွန်တော် လုံးဝ ငြိမ်ကျသွားခဲ့ရပါတယ်။
"အဖွားကို လာတွေ့ဖို့ အကြောင်းပြချက်တစ်ခုခုရှိမှ မြေး လာလိမ့်မယ်လို့ အဖွား ထင်မိလို့ပါ။ ဒီအိမ်ကြီးထဲမှာ အဖွား အရမ်း အထီးကျန်လွန်းလို့ပါ" လို့ သူက တိုးတိုးလေး ဝန်ခံလာခဲ့ပါတယ်။
အဲဒီစကားက ကျွန်တော့်ရင်ကို တကယ့်ကို နာကျင်သွားစေခဲ့ပါတယ်။ ငယ်ငယ်က ကျွန်တော့်အတွက် ဝတ်စုံတွေ တစ်ညလုံး မအိပ်ဘဲ ချုပ်ပေးခဲ့တဲ့အဖွား၊ စန္ဒရားသင်တန်းကို ခြောက်နှစ်ပတ်လုံး အမြဲလိုက်ပို့ပေးခဲ့တဲ့ အဖွား... အခုတော့ ကျွန်တော့်ရဲ့ အချိန်လေး နည်းနည်းလောက် ရဖို့အတွက်တောင် နည်းပညာဆိုင်ရာ ပြဿနာတစ်ခုကို အကြောင်းပြချက်အဖြစ် ဖန်တီးခဲ့ရရှာတာပါ။
သူ့ရဲ့ တိတ်ဆိတ်လွန်းတဲ့ ကမ္ဘာလေးထဲမှာ သူလိုချင်တာက ကျွန်တော် ရတနာတစ်ခုလို ဖက်တွယ်ထားတဲ့ 'အချိန်' ဆိုတာလေးပါပဲ။ ကျွန်တော်ဟာ အလုပ်တွေ၊ အချိန်ဇယားတွေကြားမှာ မိသားစုကို 'ပြီးမြောက်အောင် လုပ်ရမယ့် အလုပ်တစ်ခု' လိုမျိုး သဘောထားခဲ့မိတာပါ။
ကျွန်တော်တို့က FaceTime ခေါ်လိုက်တာ၊ မက်ဆေ့ချ်ပို့လိုက်တာက လူကိုယ်တိုင် သွားတွေ့တာနဲ့ အတူတူပဲလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒါက လုံးဝ မတူပါဘူး။ ဒီဂျစ်တယ် မက်ဆေ့ချ်တစ်ခုဟာ လူချင်းတွေ့ဆုံတာကို ဘယ်တော့မှ အစားမထိုးနိုင်ပါဘူး။ သူတို့အတွက် အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ရာထူးတွေ၊ အလုပ်တွေ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ရှိနေပေးမှု ဆိုတာကို ကျွန်တော် နားလည်သွားခဲ့ပါတယ်။
အဲဒီနေ့က ကျွန်တော်တို့ ကုန်တိုက်ကို မသွားဖြစ်ခဲ့ပါဘူး။ သုံးနာရီလောက်ကြာအောင် အဖွားနဲ့အတူ ဓာတ်ပုံအယ်လ်ဘမ်တွေ ကြည့်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဖုန်းကိုလည်း အသံပိတ်ပြီး အကျီအိတ်ထဲမှာပဲ ထားလိုက်တော့တယ်။
တစ်နေ့နေ့မှာတော့ ဒီအိမ်ရှေ့က ကုလားထိုင်မှာ အဖွား ရှိနေတော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျမှ နောင်တရနေမယ့်အစား အခုအချိန်ရှိတုန်းမှာ ချစ်ရတဲ့သူတွေဆီကို သွားလိုက်ပါ။ အားလပ်ရက်တွေကို မစောင့်ပါနဲ့။ သူတို့က သင့်ကို လှည့်စားပြီး ခေါ်ရတဲ့အထိ မစောင့်ပါနဲ့။
သူတို့ဆီ သွားပါ၊ လက်ဖက်ရည် အတူသောက်ပါ၊ သူတို့ပြောပြတဲ့ ပုံပြင်တွေကို အကြိမ်တစ်ထောင်မြောက် ဖြစ်နေပါစေဦး... စိတ်ရှည်လက်ရှည် နားထောင်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက် သင့်ရဲ့ အချိန်ဆိုတာဟာ တာဝန်တစ်ခု မဟုတ်ပါဘူး။
ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်သလို၊ သူတို့အတွက်တော့ အရာအားလုံးထက် တန်ဖိုးရှိတဲ့ ဘဝဖြစ်လို့ပါပဲ။
⬛ Translated by apovlog