APO VLOG Hello Guy, I hope you enjoy watching the videos.

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အသက် ၈၅ နှစ်အရွယ် ကျွန်တော့်အဖွား မာသာဆီက ဖုန်းတစ်ကော်လာခဲ့ပါတယ်။"လီယိုရေ... အဖွားကို ကူညီပါဦး...
28/04/2026

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အသက် ၈၅ နှစ်အရွယ် ကျွန်တော့်အဖွား မာသာဆီက ဖုန်းတစ်ကော်လာခဲ့ပါတယ်။

"လီယိုရေ... အဖွားကို ကူညီပါဦး။ အဖွား အဲဒီ တက်ဘလက်အသစ်လေးတစ်လုံး ဝယ်ချင်လို့။ ပါးပါးလျလျနဲ့ FaceTime ပါတာမျိုးပေါ့" လို့ သူက ပြောလာပါတယ်။ ဖုန်းထဲကနေ ကြားနေရတဲ့ အဖွားရဲ့အသံဟာ သစ်ရွက်ခြောက်တွေ ပွတ်တိုက်သံလိုမျိုး တုန်ရီနေခဲ့တာပါ။

ကျွန်တော် မျက်လုံးအသာမှိတ်ပြီး သက်ပြင်းတစ်ချက် ချမိသွားတယ်။ ကျွန်တော့်အဖွားဆိုတာက အခုထိ ဂိုထောင်ထဲအထိ ရောက်နိုင်တဲ့ ကြိုးရှည်ကြီးပါတဲ့ ကြိုးဖုန်းကို သုံးနေတုန်းပဲလေ။ သေဆုံးသွားတဲ့သူတွေရဲ့ နာမည်ကို ဖျက်ဆေးနဲ့ လိုက်ဖျက်ထားတဲ့ လိပ်စာစာအုပ်လေးကိုလည်း အမြတ်တနိုး သိမ်းထားတတ်သူပါ။ 'The Cloud' ဆိုတာကိုလည်း မိုးလေဝသခန့်မှန်းချက်လို့ပဲ သူက ထင်နေတုန်းပါပဲ။

အဲဒီအချိန်မှာ ကျွန်တော့်စိတ်ထဲ ပထမဆုံး ခံစားလိုက်ရတာက စိတ်ရှုပ်ထွေးမှုပါပဲ။ ရုံးမှာကလည်း လကုန်ပိုင်း အလုပ်တွေပိနေတာ။ ဒီကြားထဲ အဖွားကို touchscreen အကြောင်း ရှင်းပြဖို့ စနေနေ့ နေ့လယ်ခင်းကြီးကို အချိန်ပေးရတော့မယ် ဆိုတာက ကျွန်တော့်အတွက်တော့ တကယ့်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေခဲ့တာပါ။

"အဖွား... အဖွားလိုချင်တဲ့ မော်ဒယ်ကိုသာ ပြော၊ ကျွန်တော် မှာပေးလိုက်မယ်။ တနင်္လာနေ့ဆို အိမ်ရှေ့ရောက်လာလိမ့်မယ်။ ဒါက ပိုလွယ်တာပေါ့" လို့ ကျွန်တော်က ကွန်ပျူတာစခရင်ကို မျက်တောင်မခတ် ကြည့်ရင်း ပြောလိုက်မိပါတယ်။

ဒါပေမဲ့ အဖွားက "မဟုတ်ဘူး... မြေးကိုယ်တိုင် အဖွားကို ကုန်တိုက်ကို လိုက်ပို့ပေးစေချင်တာ" လို့ တိုးတိုးလေး ပြန်ပြောခဲ့ပါတယ်။ အဲဒီစကားသံမှာ တစ်ခုခုကို လေးလေးနက်နက် တောင်းဆိုနေသလို ခံစားလိုက်ရလို့ ကျွန်တော် ခဏတော့ မှင်သက်သွားခဲ့ရပါတယ်။

နောက်ဆုံးတော့လည်း သက်ပြင်းရှည်ကြီးချပြီး "ကောင်းပါပြီ အဖွားရာ... ကျွန်တော် လာခဲ့ပါ့မယ်။ နေ့လယ် ၁၂ နာရီလောက် ရောက်မယ်နော်" လို့ပဲ ပြောလိုက်မိတော့တယ်။

အိုဟိုင်းယိုးပြည်နယ်က အဖေကြီးပြင်းခဲ့တဲ့ အိမ်လေးဆီကို ကျွန်တော် မိနစ် ၄၀ ကြာ ကားမောင်းပြီး သွားခဲ့ပါတယ်။ ပန်းခင်းလေးတွေက သေသပ်နေပြီး အပြာရောင်ပန်းလေးတွေကလည်း ဝေဆာနေတာပေါ့။ အဖိုးဆုံးသွားတဲ့ လေးနှစ်တာအတွင်းမှာ ဒီအိမ်လေးက ဘယ်သူမှ စကားမပြောရတဲ့ စာကြည့်တိုက်တစ်ခုလိုမျိုး တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာပါ။

အိမ်ထဲကို လှမ်းဝင်လိုက်တာနဲ့ သစ်ကြံပိုးနံ့ လက်ဖက်ရည်နံ့နဲ့ အဝတ်လျှော်ဆပ်ပြာနံ့လေးက ကျွန်တော့်ကို ဆီးကြိုနေခဲ့ပါတယ်။ အဖွားကတော့ အိမ်ရှေ့ခန်းမှာ အဆင်သင့် စောင့်နေတာပါ။

"အဖွား... အဆင်သင့်ဖြစ်ရင် သွားကြစို့။ လူမရှုပ်ခင် မြန်မြန်သွားရအောင်" လို့ လက်ပတ်နာရီကို ကြည့်ရင်း ကျွန်တော်က အလျင်စလို ပြောလိုက်မိတယ်။ ဒါပေမဲ့ အဖွားကတော့ သူ့ကုလားထိုင်မှာပဲ ငြိမ်ငြိမ်လေး ထိုင်နေတုန်းပါပဲ။ ပြီးတော့ မီးဖိုချောင်ဘက်ကို လှမ်းကြည့်ရင်း "လက်ဖက်ရည်လေး အသစ်ဖျော်ထားတယ်။ မသွားခင် တစ်ခွက်လောက် အတူတူ သောက်ပါဦးလား" လို့ ဆိုလာပါတယ်။

ကျွန်တော် ဖုန်းကို ကြည့်လိုက်တော့ ၁၂ နာရီ ၁၅ မိနစ်။ ကျွန်တော့်စိတ်ထဲမှာတော့ စိတ်မရှည်မှုတွေက တိုးလာနေပါပြီ။ "ဒါဟာ အချိန်ဖြုန်းတာပဲ၊ အခုဆို Apple Store ကိုတောင် ရောက်နေလောက်ပြီ" လို့ တွေးနေမိတာပါ။ ဒါပေမဲ့လည်း အဖွားနောက်ကို လိုက်သွားပြီး မိသားစုထမင်းဝိုင်း စားပွဲကြီးမှာ ဝင်ထိုင်လိုက်ပါတယ်။

အဖွားက လက်ဖက်ရည်ကို ခွက်လေးနှစ်ခွက်ထဲ ထည့်ပေးပါတယ်။ ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ရပ်ကွက်ထဲက အကြောင်းတွေ၊ စာကြည့်တိုက် ဖွင့်ချိန်ပြောင်းသွားတဲ့ အကြောင်းတွေပေါ့။ အဖွားက ကျွန်တော့်အလုပ်အကြောင်း မေးတော့လည်း "အစည်းအဝေးတွေ များနေတာပါပဲ အဖွားရာ" လို့ပဲ ခပ်နွမ်းနွမ်း ပြန်ဖြေမိပါတယ်။

ကျွန်တော့်ဖုန်းက စားပွဲပေါ်မှာ တုန်ခါနေတုန်းပါပဲ။ အလုပ်က အကြောင်းကြားစာတွေ၊ ဇနီးဖြစ်သူဆီက မက်ဆေ့ချ်တွေက ကျွန်တော့်ကို အလျင်လိုအောင် တွန်းပို့နေသလိုပါပဲ။ ဖုန်းကို လှမ်းကိုင်လိုက်တဲ့အချိန်မှာတော့ အဖွားက "မြေး အလျင်လိုနေတာပဲ... သွားကြတာပေါ့" လို့ မျက်နှာပျက်ပျက်နဲ့ ပြောလာပါတယ်။

"မဟုတ်တာ အဖွားရဲ့... ထိုင်ပါဦး"

အဖွားက ကုလားထိုင်မှာ ပြန်ထိုင်ပြီး ကျွန်တော့်လက်ကို အသာအယာ ကိုင်လိုက်တယ်။ "လီယို... တကယ်တော့ အဖွား တက်ဘလက် မလိုချင်ပါဘူး" တဲ့။ အဲဒီအချိန်မှာ ကျွန်တော် လုံးဝ ငြိမ်ကျသွားခဲ့ရပါတယ်။

"အဖွားကို လာတွေ့ဖို့ အကြောင်းပြချက်တစ်ခုခုရှိမှ မြေး လာလိမ့်မယ်လို့ အဖွား ထင်မိလို့ပါ။ ဒီအိမ်ကြီးထဲမှာ အဖွား အရမ်း အထီးကျန်လွန်းလို့ပါ" လို့ သူက တိုးတိုးလေး ဝန်ခံလာခဲ့ပါတယ်။

အဲဒီစကားက ကျွန်တော့်ရင်ကို တကယ့်ကို နာကျင်သွားစေခဲ့ပါတယ်။ ငယ်ငယ်က ကျွန်တော့်အတွက် ဝတ်စုံတွေ တစ်ညလုံး မအိပ်ဘဲ ချုပ်ပေးခဲ့တဲ့အဖွား၊ စန္ဒရားသင်တန်းကို ခြောက်နှစ်ပတ်လုံး အမြဲလိုက်ပို့ပေးခဲ့တဲ့ အဖွား... အခုတော့ ကျွန်တော့်ရဲ့ အချိန်လေး နည်းနည်းလောက် ရဖို့အတွက်တောင် နည်းပညာဆိုင်ရာ ပြဿနာတစ်ခုကို အကြောင်းပြချက်အဖြစ် ဖန်တီးခဲ့ရရှာတာပါ။

သူ့ရဲ့ တိတ်ဆိတ်လွန်းတဲ့ ကမ္ဘာလေးထဲမှာ သူလိုချင်တာက ကျွန်တော် ရတနာတစ်ခုလို ဖက်တွယ်ထားတဲ့ 'အချိန်' ဆိုတာလေးပါပဲ။ ကျွန်တော်ဟာ အလုပ်တွေ၊ အချိန်ဇယားတွေကြားမှာ မိသားစုကို 'ပြီးမြောက်အောင် လုပ်ရမယ့် အလုပ်တစ်ခု' လိုမျိုး သဘောထားခဲ့မိတာပါ။

ကျွန်တော်တို့က FaceTime ခေါ်လိုက်တာ၊ မက်ဆေ့ချ်ပို့လိုက်တာက လူကိုယ်တိုင် သွားတွေ့တာနဲ့ အတူတူပဲလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဒါက လုံးဝ မတူပါဘူး။ ဒီဂျစ်တယ် မက်ဆေ့ချ်တစ်ခုဟာ လူချင်းတွေ့ဆုံတာကို ဘယ်တော့မှ အစားမထိုးနိုင်ပါဘူး။ သူတို့အတွက် အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ရာထူးတွေ၊ အလုပ်တွေ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ရှိနေပေးမှု ဆိုတာကို ကျွန်တော် နားလည်သွားခဲ့ပါတယ်။

အဲဒီနေ့က ကျွန်တော်တို့ ကုန်တိုက်ကို မသွားဖြစ်ခဲ့ပါဘူး။ သုံးနာရီလောက်ကြာအောင် အဖွားနဲ့အတူ ဓာတ်ပုံအယ်လ်ဘမ်တွေ ကြည့်ရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဖုန်းကိုလည်း အသံပိတ်ပြီး အကျီအိတ်ထဲမှာပဲ ထားလိုက်တော့တယ်။

တစ်နေ့နေ့မှာတော့ ဒီအိမ်ရှေ့က ကုလားထိုင်မှာ အဖွား ရှိနေတော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျမှ နောင်တရနေမယ့်အစား အခုအချိန်ရှိတုန်းမှာ ချစ်ရတဲ့သူတွေဆီကို သွားလိုက်ပါ။ အားလပ်ရက်တွေကို မစောင့်ပါနဲ့။ သူတို့က သင့်ကို လှည့်စားပြီး ခေါ်ရတဲ့အထိ မစောင့်ပါနဲ့။

သူတို့ဆီ သွားပါ၊ လက်ဖက်ရည် အတူသောက်ပါ၊ သူတို့ပြောပြတဲ့ ပုံပြင်တွေကို အကြိမ်တစ်ထောင်မြောက် ဖြစ်နေပါစေဦး... စိတ်ရှည်လက်ရှည် နားထောင်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက် သင့်ရဲ့ အချိန်ဆိုတာဟာ တာဝန်တစ်ခု မဟုတ်ပါဘူး။

ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်သလို၊ သူတို့အတွက်တော့ အရာအားလုံးထက် တန်ဖိုးရှိတဲ့ ဘဝဖြစ်လို့ပါပဲ။

⬛ Translated by apovlog

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ ကိုယ်ပိုင်ဆိုင်ရမှဆိုတဲ့ အတ္တတွေ တစ်စစီပြိုကျသွားတတ်တယ်။ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာ အ...
27/04/2026

လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ ကိုယ်ပိုင်ဆိုင်ရမှဆိုတဲ့ အတ္တတွေ တစ်စစီပြိုကျသွားတတ်တယ်။

ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာ အနားမှာအမြဲရှိနေတာ၊ ဘာလုပ်လုပ် အတူတူရှိနေတာလို့ ထင်ခဲ့ဖူးတယ်။
ကိုယ့်ကိုပဲ အချိန်တွေအကုန်ပေးရမယ်၊ ကိုယ့်ကိုပဲ ဂရုစိုက်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ ချစ်ခဲ့ကြတယ်။
အချစ်ဆိုတာ တစ်ဖက်လူရဲ့ ဘဝတစ်ခုလုံးကို ကိုယ့်လက်ထဲ အပ်လိုက်တာပဲလို့ အမှတ်မှားခဲ့ကြဖူးမှာပါ။

ဒါပေမယ့် အသက်တွေ နည်းနည်းပိုရလာတဲ့အခါ...
ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက ကိုယ့်ကို သင်ခန်းစာအသစ်တွေ ပေးလာတယ်။
တကယ်တမ်း ချစ်ခြင်းမေတ္တာဆိုတာ ရယူပိုင်ဆိုင်ခြင်း တစ်ခုတည်း မဟုတ်ဘူးဆိုတာကို ကိုယ်တိုင်ခံစားသိမြင်လာရတယ်။

ပန်းတစ်ပွင့်ကို သဘောကျရင် ခူးယူပြီး ခေါင်းမှာပန်ချင်ကြတယ်။
ဒါပေမယ့် ပန်းတစ်ပွင့်ကို တကယ်မြတ်နိုးတဲ့သူကတော့ သူပွင့်လန်းဖို့ နေရောင်ခြည်လေးရအောင် ဖန်တီးပေးမယ်၊ ရေမှန်မှန်လောင်းပေးမယ်။
သူ့အလှတရားတွေ ပိုပြီးတောက်ပလာမယ့် အချိန်ကို စိတ်ရှည်လက်ရှည် ထိုင်စောင့်ကြည့်ပေးလိမ့်မယ်။

လူတစ်ယောက်ကို ချစ်တဲ့နေရာမှာလည်း ဒီလိုပါပဲ။

တစ်ခါတလေကျရင် ကိုယ်အချစ်ရဆုံးလူတွေက ကိုယ့်အနားမှာ ရှိမနေနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံရတတ်တယ်။
ရွေးချယ်စရာ လမ်းနှစ်ခွမှာ သူပိုပြီးပျော်ရွှင်မယ့်လမ်းကို ကိုယ်တိုင် လက်ဆွဲပြီး ပို့ပေးခဲ့ရတဲ့ အခိုက်အတန့်မျိုးတွေ ရှိခဲ့ဖူးမှာပါ။
ရင်ထဲမှာ ဘယ်လောက်ပဲ ကွဲကြေနေပါစေ... သူ့မျက်နှာပေါ်က အပြုံးလေးတွေကို မြင်ရဖို့အတွက် ကိုယ့်ဘက်က အရှုံးပေးလိုက်ရတာမျိုးတွေလေ။

အဲ့ဒီလိုအချိန်မျိုးမှာ "ငါနဲ့မရရင် ဘယ်သူနဲ့မှ မရစေရဘူး" ဆိုတဲ့ အတ္တမျိုးထက်...
"သူရောက်နေတဲ့ နေရာလေးမှာ အမြဲတမ်း အဆင်ပြေနေပါစေ" ဆိုတဲ့ ဆုတောင်းမျိုးကသာ အချစ်စစ်ပါ။

အတူတူရှိနေရတဲ့ လက်ရှိ Relationship တွေ၊ အိမ်ထောင်ရေးတွေမှာလည်း ဒီသဘောတရားက အကျုံးဝင်နေတာပါပဲ။
ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို လှောင်ချိုင့်ထဲထည့်ပြီး ပိတ်လှောင်ထားလို့ မရဘူးလေ။
သူဝါသနာပါတာလေးတွေ လုပ်ခွင့်ပေးဖို့၊ သူ့ငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ သူ့အတွက် ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးပေးဖို့ လိုအပ်တယ်။

အချစ်ဆိုတာ သူ့ကို ကိုယ့်ရဲ့ အရိပ်အောက်မှာပဲ အမြဲတမ်းခိုအောင်းခိုင်းတာမျိုး မဟုတ်ဘူး။
သူကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်ကြီးထွားခွင့် ပေးရမယ်။
သူဖြစ်ချင်တဲ့ အိပ်မက်တွေ၊ သူသွားချင်တဲ့ ခရီးစဉ်တွေမှာ အနောက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးတဲ့ ကျောထောက်နောက်ခံတစ်ခု ဖြစ်ပေးရမယ်။

တကယ်ချစ်တဲ့သူတွေက တစ်ဖက်လူရဲ့ အားနည်းချက်တွေကိုရော၊ အားသာချက်တွေကိုပါ နားလည်လက်ခံပေးတတ်ကြတယ်။
သူလဲကျသွားတဲ့အခါ ထူမပေးဖို့ အသင့်ရှိနေသလို၊ သူအောင်မြင်လို့ ပျံသန်းသွားတဲ့အခါမှာလည်း အောက်ကနေ မနာလိုမဖြစ်ဘဲ လက်ခုပ်တီးပေးနိုင်တဲ့သူ ဖြစ်ရမယ်။

ချစ်ခြင်းမေတ္တာဆိုတာ အချုပ်အနှောင်မဟုတ်ဘူး... အတောင်ပံတစ်စုံပါ။
ကိုယ်ချစ်တဲ့သူ ပိုပြီး မြင့်မြင့်ပျံသန်းနိုင်အောင် တပ်ဆင်ပေးရတဲ့ အတောင်ပံမျိုးပေါ့။

ဒီတော့ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခြင်းဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ မထည့်ထားလိုက်ပါနဲ့။
ချစ်တယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်မှာ ပေးဆပ်ခြင်း၊ နားလည်ပေးခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သူ့ရဲ့ပျော်ရွှင်မှုကို ကိုယ့်ရဲ့ပျော်ရွှင်မှုလို သဘောထားနိုင်ခြင်းတွေ အကုန်လုံး ပါဝင်နေတာလေ။

တစ်ခါတလေမှာ အဝေးကနေ ငေးကြည့်နေရုံနဲ့တင် ကျေနပ်တတ်သွားတဲ့ အချစ်မျိုးကို တွေ့ကြုံဖူးတဲ့သူတွေပဲ ဒီခံစားချက်ကို အပြည့်အဝ နားလည်နိုင်လိမ့်မယ်။

"တကယ်ချစ်ရင် ပိုင်ဆိုင်ရမှ" ဆိုတဲ့စကားနဲ့ "တကယ်ချစ်ရင် သူ့ကိုလွှတ်ပေးလိုက်ပါ" ဆိုတဲ့စကား...
ဒီနှစ်ခုမှာ သင်ကရော ဘယ်စကားကို ပိုယုံကြည်လဲ။

⬛ APO VLOG

ကျွန်တော် ရဲဝန်ထမ်းဘဝနဲ့ ဖြတ်သန်းခဲ့တာ ၃၅ နှစ်တောင် ရှိပါပြီ။ အကြွေးတွေ၊ အရက်တွေနဲ့ လက်သီးလက်မောင်းတန်း အကြမ်းဖက်မှုတွေက...
21/04/2026

ကျွန်တော် ရဲဝန်ထမ်းဘဝနဲ့ ဖြတ်သန်းခဲ့တာ ၃၅ နှစ်တောင် ရှိပါပြီ။ အကြွေးတွေ၊ အရက်တွေနဲ့ လက်သီးလက်မောင်းတန်း အကြမ်းဖက်မှုတွေကြောင့် လူတွေ ဘဝပျက်သွားတာကို ကျွန်တော် အများကြီး မြင်ဖူးခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံးနဲ့ အသည်းအအေးဆုံး တိုက်ခိုက်မှုတစ်ခုကို မြင်ခဲ့ရချိန်မှာတော့ ဘာလက်နက်မှ ပါမလာခဲ့ပါဘူး။ အဲ့ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တာကတော့ ကြည်လင်ပြတ်သားတဲ့ ကင်မရာတစ်လုံးရယ်၊ ပြီးတော့ အရှက်တရား လုံးဝမရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကျွန်တော့်နာမည်က ဒက်စ်မွန်ပါ။ အခု အသက် ၇၁ နှစ်ရှိပြီဖြစ်သလို ရဲတပ်ဖွဲ့ကနေလည်း အနားယူထားပါပြီ။ ပင်စင်လစာလေးကတော့ ရေခဲသေတ္တာထဲ စားစရာဖြည့်ဖို့နဲ့ ကျွန်တော့်ရဲ့ ထရပ်ကားလေး ဆီဖြည့်ဖို့အတွက်တော့ လောက်ငှရုံလေးပါပဲ။ ဆယ်စုနှစ် သုံးခုကျော်ကြာအောင် တောင်ပိုင်းနယ်မြေမှာ တာဝန်ထမ်းဆောင်ခဲ့တာမို့ ဒီတစ်ဝိုက်က ပလက်ဖောင်း အက်ကွဲကြောင်းလေးတွေကအစ၊ မိသားစုတိုင်းကိုပါ ကျွန်တော် ကောင်းကောင်း သိနေခဲ့တာပေါ့။

အခုရက်ပိုင်းမှာတော့ "The Copper Kettle" ဆိုတဲ့ ဆိုင်လေးက ကျွန်တော့်ရဲ့ အမြဲတမ်း နားခိုရာနေရာလေး ဖြစ်နေခဲ့ပါတယ်။ ဆိုင်ရှင် မစ်ခ်ကတော့ ဆိုင်နောက်ဖက်မှာ ဖုန်းအဟောင်းကြီးတစ်လုံးကို သုံးနေတုန်းပါပဲ။ ဒီဆိုင်က ကော်ဖီကတော့ အရသာ တော်တော်ပြင်းပေမဲ့ အခမဲ့ ထပ်ဖြည့်ပေးတတ်တာကတော့ ကျွန်တော့်အတွက် နတ်ဘုံနတ်နန်းပါပဲ။

တစ်နေ့မှာတော့ ကျွန်တော် ကော်ဖီသောက်ရင်း စကားလုံးဆက်တဲ့ ပဟေဠိကို ဖြေဖို့ ကြိုးစားနေမိပါတယ်။ နံရံက တီဗီမှာတော့ သတင်းတွေက ဆူညံလို့ပေါ့။ အခုခေတ်ကြီးက လူတိုင်းက ဖုန်းနဲ့ဗီဒီယို ရိုက်နေကြပေမဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ကျတော့ မေ့နေကြသလိုပါပဲ။ "အိမ်နီးချင်း" ဆိုတဲ့ စကားလုံးက ရင်းနှီးမှုထက် စည်းခြားထားတဲ့ မျဉ်းတစ်ကြောင်းလို ဖြစ်လာခဲ့တာကို မြင်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ မိန်းကလေးတစ်ယောက် ဆိုင်ထဲကို လမ်းလျှောက်ဝင်လာခဲ့ပါတယ်။

သူမက အသက် ၂၃ နှစ်လောက်ပဲ ရှိဦးမှာပါ။ ကျောင်းတံဆိပ်ပါတဲ့ အပြာရောင် ဟူဒီအဟောင်းလေးကို ဝတ်ထားပြီး တကယ့်ကို ပင်ပန်းနွမ်းနယ်နေပုံရပါတယ်။ အလုပ်တွေ အများကြီးလုပ်ထားရပြီး အိပ်ရေးပျက်နေတဲ့ ပုံစံမျိုးပေါ့။ သူမက ကောင်တာမှာ ရပ်ပြီး ကော်ဖီတစ်ခွက်နဲ့ မုန့်တစ်ခုကို တိုးတိုးလေး မှာလိုက်ပါတယ်။ မစ်ခ်က ၆ ဒေါ်လာ ကျသင့်တယ်လို့ ပြောတော့ သူမက ဘဏ်ကတ်နဲ့ ပေးချေခဲ့တာပါ။ ဒါပေမဲ့ စက်ကနေ ငြင်းပယ်တဲ့ အသံကြီး ထွက်လာခဲ့ပါတယ်။

သူမ မျက်နှာ ဖြူဖျော့သွားပြီး "ခဏလေးပါ၊ ပြန်စမ်းပေးလို့ ရမလား။ ကျွန်မရဲ့ လစာက ဒီနေ့ညသန်းခေါင်မှာ ဝင်ရမှာပါ" ဆိုပြီး တောင်းပန်ရှာပါတယ်။ မစ်ခ်က စိတ်ကောင်းရှိသူမို့ နောက်တစ်ကြိမ် ထပ်စမ်းပေးပေမဲ့လည်း မရခဲ့ပါဘူး။ သူမ လက်တွေ တုန်ယင်လာပြီး လွယ်အိတ်ထဲမှာ ပိုက်ဆံလိုက်ရှာနေတုန်းမှာပဲ ဘေးကနေ စူးစူးဝါးဝါး အသံတစ်ခု ထွက်လာပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက်က သူမရဲ့ ဖုန်းကို ဒိုင်းတစ်ခုလို မြှောက်ကိုင်ပြီး ဗီဒီယို ရိုက်နေတာပါ။

"ကြည့်ကြပါဦးရှင်၊ တနင်္လာနေ့ မနက်ခင်းမှာ ဆရာမဆိုတဲ့သူက ကိုယ့်ဘဏ်အကောင့်ထဲက ပိုက်ဆံကိုတောင် မစီမံနိုင်ဘူး။ ဒါတွေကို ငါတို့ ပေးဆောင်ထားတဲ့ အခွန်တွေနဲ့ ထောက်ပံ့နေရတာလား။ တကယ့်ကို အရှက်မရှိတာပဲ" ဆိုပြီး လူအများကြားအောင် အော်ပြောပါတော့တယ်။ အဲ့ဒီမိန်းကလေးဟာ တုံ့ပြန်ဖို့ အားမရှိတော့တဲ့အလား ပျော့ခွေသွားပါတယ်။ သူမက "ကျွန်မ ကျောင်းပွဲအတွက် တစ်ပတ်လုံး ပန်းချီဆွဲပေးနေလို့ အိပ်ချိန်တောင် မရှိခဲ့ပါဘူး။ ဒီကတ်ထဲမှာ ပိုက်ဆံမရှိတော့တာကလည်း အိမ်မှာ အနွေးပေးစက် မရှိတဲ့ ကျောင်းသားလေးတစ်ယောက်အတွက် အနွေးစောင်နဲ့ ပစ္စည်းတွေ ဝယ်ပေးလိုက်လို့ပါ" လို့ တုန်ရီတဲ့အသံနဲ့ ပြောခဲ့ပါတယ်။ ပြီးတော့ သူမဟာ မုန့်ကို ပြန်ပေးပြီး မိုးထဲလေထဲကို ထွက်သွားခဲ့ပါတယ်။

ဆိုင်ထဲမှာ တိတ်ဆိတ်သွားပေမဲ့ ဗီဒီယိုရိုက်တဲ့ အမျိုးသမီးကတော့ ကျေနပ်နေပုံရပါတယ်။ ကျွန်တော် အတော်လေး စိတ်တိုသွားမိတာပေါ့။ ဒါဟာ ဒုက္ခရောက်နေသူကို ထပ်ပြီး နှိပ်စက်တာပဲလို့ ခံစားရပါတယ်။ ကျွန်တော် ပိုက်ဆံ ၂၀ တန်တစ်ရွက်ကို ကောင်တာပေါ် တင်လိုက်ပြီး "မစ်ခ်... အဲ့ဒီဆရာမလေးအတွက် ကျသင့်တာကို ယူထားလိုက်ပါ။ ကျန်တာကိုတော့ 'ကျောင်းသားရန်ပုံငွေ' အဖြစ် ထားပေးပါ" လို့ အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။

ပြီးတော့ ကျွန်တော် အဲ့ဒီအမျိုးသမီးဆီ လျှောက်သွားလိုက်ပါတယ်။ သူမက ကျွန်တော့်ကိုပါ ဖုန်းနဲ့လှမ်းရိုက်ပြီး "ဘာပြောမလို့လဲ အဘိုးကြီး၊ ခင်ဗျားလည်း နာမည်ကြီးချင်လို့လား" လို့ မေးပါတယ်။ ကျွန်တော် အသံမမြှင့်ဘဲ သူမမျက်လုံးကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။ "ကျွန်တော့်နာမည် ဒက်စ်မွန် မူလာ၊ အငြိမ်းစား ရဲအရာရှိတစ်ယောက်ပါ။ တခြားသူတွေရဲ့ ဒုက္ခပေါ်မှာ အမြတ်ထုတ်တဲ့သူတွေကို ကျွန်တော် အများကြီး မြင်ဖူးပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အနည်းဆုံး မျက်နှာဖုံးတော့ စွပ်ထားကြသေးတယ်။ ခင်ဗျားတို့လို လူတွေကို အရင်က လင်းတတွေလို့ ခေါ်ခဲ့ကြပေမဲ့ အခုတော့ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ဖန်တီးရှင်လို့ ခေါ်နေကြတာပဲ။ တကယ်တော့ ခင်ဗျားက ဘာမှဖန်တီးနေတာမဟုတ်ဘူး၊ အပုပ်ကောင်ရှာတဲ့သူ သက်သက်ပဲ" လို့ ပြောလိုက်ပါတယ်။

သူမ မျက်နှာ နီမြန်းသွားပြီး တစ်ခုခု ပြန်ပြောဖို့ ကြိုးစားပေမဲ့ ဆိုင်ထဲက လူတွေရဲ့ အကြည့်တွေကြောင့် အကြွေစေ့တချို့ကို စားပွဲပေါ် ပစ်တင်ပြီး ထွက်ပြေးသွားပါတော့တယ်။ နောက်တစ်ပတ် တနင်္လာနေ့မှာ ဆိုင်ကို ပြန်ရောက်တော့ ဆိုင်ထဲမှာ လူတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ်။ ကောင်တာပေါ်မှာတော့ "ဆရာမအတွက် ရန်ပုံငွေ" ဆိုတဲ့ စာတန်းနဲ့ ဖန်အိုးကြီးတစ်လုံး ရှိနေခဲ့ပါတယ်။ အထဲမှာလည်း ပိုက်ဆံတွေ အပြည့်ပါပဲ။

မစ်ခ်က ပြုံးပြီး ပြောပြပါတယ်။ အဲ့ဒီအမျိုးသမီး တင်လိုက်တဲ့ ဗီဒီယိုကနေတစ်ဆင့် လူတွေက ကျွန်တော့်မျက်နှာနဲ့ ဆရာမလေးရဲ့ ကျောင်းတံဆိပ်ကို မှတ်မိသွားကြတာပါ။ သူမက ကျွန်တော်တို့ကို လူဆိုးတွေလို ပုံဖော်ခဲ့ပေမဲ့ အင်တာနက်က တကယ့်အမှန်တရားကို ဖော်ထုတ်ပေးခဲ့ပါတယ်။ အခုတော့ ဆရာမလေး မစ္စရိဒ်အတွက် ဒီမြို့မှာ တစ်နှစ်ပတ်လုံး စားစရာတွေ အလကား ရနေတော့မှာ ဖြစ်သလို သူမရဲ့ စာသင်ခန်းအတွက် တက်ဘလက်တွေတောင် ဝယ်ပေးနိုင်တဲ့အထိ ပိုက်ဆံတွေ ရခဲ့ပါတယ်။

ကျွန်တော် ဆိုင်မှာ ထိုင်နေတုန်း တီဗီကတော့ ကမ္ဘာ့သတင်းတွေကို အော်ဟစ်နေတုန်းပါပဲ။ ဒါပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး။ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောရင်း မိသားစုလို ဖြစ်နေကြပါပြီ။ လောကကြီးက ဖုန်းမျက်နှာပြင်ပေါ်မှာ မြင်နေရသလောက် အေးစက်မနေပါဘူး။ လူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ ခေတ်ကာလနဲ့ မဆိုင်ဘဲ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက် ဒုက္ခရောက်နေချိန်မှာ ကိုယ်တိုင်ရွေးချယ်ရမယ့် အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ အင်တာနက်ကတော့ ဆူညံသံတွေအတွက်ပါ၊ တကယ့်ပြင်ပကမ္ဘာကတော့ အေးချမ်းတဲ့ မေတ္တာတရားတွေအတွက်ပဲ ဖြစ်ပါတယ်။ ပြဿနာတွေကို ဗီဒီယိုရိုက်မနေပါနဲ့။ ကော်ဖီတစ်ခွက် ဝယ်တိုက်နိုင်တဲ့သူသာ ဖြစ်အောင် ကြိုးစားကြည့်ကြပါဦး။

⬛ Translated by apovlog

ကျွန်တော် တစ်ယောက်တည်း နေတယ်လို့ ပြောတဲ့အခါမျိုးမှာ သနားသလိုလို အကြည့်တွေနဲ့ ကြည့်တာကို ရပ်လိုက်ပါတော့။ ကျွန်တော့်အသက် ၇...
13/04/2026

ကျွန်တော် တစ်ယောက်တည်း နေတယ်လို့ ပြောတဲ့အခါမျိုးမှာ သနားသလိုလို အကြည့်တွေနဲ့ ကြည့်တာကို ရပ်လိုက်ပါတော့။ ကျွန်တော့်အသက် ၇၈ နှစ်ရှိပါပြီ။ ဒီအိမ်ထဲမှာ နေလာတာလည်း ၃၅ နှစ်တောင် ရှိခဲ့ပြီလေ။ ကျွန်တော်ဟာ တစ်ခုခုဖြစ်တော့မယ့် ဒုက္ခသည်တစ်ယောက် မဟုတ်ပါဘူး။

လူတွေက "သက်ကြီးရွယ်အို တစ်ယောက်တည်း နေတယ်" လို့ ကြားတာနဲ့ အဆိုးဆုံး အခြေအနေတွေကိုပဲ အရင်တွေးတတ်ကြတာပါ။ အထီးကျန်နေသလား၊ အမှောင်ထဲမှာ ကြောက်နေမလား၊ ဒါမှမဟုတ် သားအိမ်က ဧည့်ခန်းမှာ သွားနေဖို့ အချိန်တန်ပြီ မဟုတ်လား ဆိုတာမျိုးတွေပေါ့။

သူတို့က စေတနာနဲ့ ပြောကြတာ မှန်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အခါ လူတွေ သတိမထားမိတဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခု ရှိနေသေးတယ်လေ။ ကျွန်တော်က ဒီမှာ အသက်ဆက်ရှင်နေရုံတင် မဟုတ်ပါဘူး။ ကိုယ့်သိက္ခာကိုယ် ထိန်းပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နေတာပါ။

ကျွန်တော် တာဝန်တွေ အားလုံး ကျေပွန်ခဲ့ပါပြီ။ သားသမီး လေးယောက်ကို ပြုစုပျိုးထောင်ခဲ့တယ်။ ကျောင်းပရောဂျက်တွေ မရေမတွက်နိုင်အောင် လုပ်ပေးခဲ့ရတာ၊ ဘောလုံးကန်လို့ ပေလာတဲ့ အင်္ကျီတွေကို ဖြူစင်သွားအောင် လျှော်ဖွတ်ခဲ့ရတာ၊ အလုပ်တွေ အပင်ပန်းခံ လုပ်ခဲ့ရတာတွေက မနည်းပါဘူး။ မီးဖိုချောင်စရိတ်ကအစ အကုန်အကျ သက်သာအောင် အစစအရာရာ ချွေတာပြီး ရုန်းကန်ခဲ့ရတာပါ။ နိုဝင်ဘာလရဲ့ အေးစိမ့်တဲ့ ရာသီမှာ ကွင်းဘေးက သံခုံတန်းတွေပေါ်မှာ တုန်တုန်ယင်ယင်နဲ့ စောင့်ခဲ့ရဖူးသလို၊ သားသမီးတွေ ပြန်လာမယ့် လမ်းကို မျှော်ရင်း ပြတင်းပေါက်နားမှာ ထိုင်နေခဲ့ရတဲ့ ညတွေလည်း အများကြီးပေါ့။ မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ အခက်အခဲမှန်သမျှကို ညသန်းခေါင်ယံမှာ ဖြေရှင်းပေးခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ဘဝက တကယ့်ကို ဆူညံပွက်လောရိုက်ပြီး ပင်ပန်းစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒါကပဲ လှပတဲ့ အမှတ်တရတွေ ဖြစ်လာခဲ့တာပေါ့။

အခုတော့ အရာအားလုံးက ငြိမ်သက်သွားပါပြီ။ အိမ်ကြီးက ဟောင်းနွမ်းလာလို့ တစ်ခါတလေ လှေကားတွေဆီက အသံကြားရတတ်ပေမယ့် ဒါတွေက ကျွန်တော်နဲ့ ရင်းနှီးပြီးသား အသံတွေပါ။ အခု ကျွန်တော် ကြားနေရတဲ့ ခြေသံကလည်း ကိုယ့်ခြေသံ ကိုယ်တိုင်ပါပဲ။

ဇနီးသည် ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဒီလိုတိတ်ဆိတ်နေတာဟာ ရှုံးနိမ့်မှုတစ်ခုလို့ လူတွေက ထင်အောင် လုပ်ကြပါတယ်။ မိသားစုတွေ ဝိုင်းဝိုင်းလည်နေမှ ပြည့်စုံတယ်ဆိုတဲ့ အတွေးမျိုးကို ရိုက်သွင်းခံထားရတာကိုး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာတွေ ရှိခဲ့ပါတယ်။ ငါ တယူသန်နေတာလား၊ ညစာစားတိုင်း ငိုမနေလို့ ငါဟာ လမ်းပျောက်နေတဲ့သူ ဖြစ်သွားပြီလား ဆိုပြီးတော့ပေါ့။

ဒါပေမဲ့ တစ်နေ့ အင်္ဂါနေ့ မနက်ခင်းမှာ လက်ဖက်ရည်တစ်ခွက်နဲ့ ဥယျာဉ်ထဲက မြူတွေ ပျယ်သွားတာကို ထိုင်ကြည့်နေရင်းနဲ့ ကျွန်တော် နားလည်သွားခဲ့ပါတယ်။ ကျွန်တော်ဟာ အပယ်ခံရတဲ့သူ မဟုတ်ဘူး၊ အသုံးမကျတော့တဲ့ ပစ္စည်းအဟောင်းကြီးလည်း မဟုတ်ဘူး။ ကျွန်တော်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ တစ်ယောက်ပါ။

ကျွန်တော့်စိတ်က ကြည်လင်နေတုန်းပဲ။ ငွေရေးကြေးရေးကိုလည်း ကိုယ်တိုင် စီမံနိုင်ပါတယ်။ ကိုယ့်အချိန်ဇယားကို ကိုယ်တိုင်ပဲ ရေးဆွဲသူပါ။

အဲဒီ အချိန်ဇယားက တကယ့်ကို လက်ဆောင်တစ်ခုပါပဲ။ စိတ်ကူးပေါက်ရင် သန်းခေါင်ယံမှာ ပန်ကိတ်လုပ်စားမယ်။ ဘယ်သူမှ လာမနှောင့်ယှက်ဘဲ ဝတ္ထုတစ်အုပ်ကို ဆုံးအောင်ဖတ်မယ်။ ကိုယ်ကြိုက်တဲ့ သမိုင်းမှတ်တမ်းတင် ရုပ်ရှင်တွေကို ဘယ်သူနဲ့မှ လုကြည့်စရာမလိုဘဲ ကြည့်မယ်။ ကိုယ့်ရဲ့ အလုပ်ခန်းထဲမှာ ကိရိယာတန်ဆာပလာတွေကို သူငယ်ချင်းတွေလို သဘောထားပြီး စကားတွေ ပြောနေမိတာမျိုးပေါ့။

ကျွန်တော့်ကလေးတွေမှာလည်း သူတို့ရဲ့ ရှုပ်ထွေးလှတဲ့ ကိုယ်ပိုင်ဘဝတွေ ရှိကြပါတယ်။ သူတို့ ဒီလို လူလားမြောက်လာတာကို ကျွန်တော် တကယ့်ကို ဂုဏ်ယူမိတာပါ။ သူတို့ ကျွန်တော့်ဆီ လာကြည့်ကြတယ်၊ ညစာ အတူတူစားကြတယ်၊ ကျွန်တော့်ကို အရမ်းချစ်ကြပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အချိန်ပြည့် လာဖျော်ဖြေပေးနေရမယ့် တာဝန်တော့ မရှိပါဘူး။ သူတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကျွန်တော် သင်ပေးခဲ့သလို၊ သူတို့ကလည်း ကျွန်တော့်ကို အဲဒီလိုပဲ ရပ်တည်ခွင့် ပေးထားကြတာပါ။

တစ်ယောက်တည်း နေတယ်ဆိုတာ အမေ့ခံရတာ မဟုတ်ဘဲ လေးစားခံရတာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုကို မိသားစုက ယုံကြည်ကြသလို ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အားကိုးကြပါတယ်။ တကယ်လို့ အကူအညီ လိုလာရင်လည်း ဖုန်းဆက်ရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အကူအညီတောင်းတာဟာ အရှုံးပေးတာ မဟုတ်ဘဲ အသိဉာဏ်ရှိတာပဲ ဖြစ်ပါတယ်။

ကျွန်တော်က လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့သူ မဟုတ်ပါဘူး။ ပစ္စည်းလာပို့တဲ့သူက ကျွန်တော့်နာမည်ကို သိတယ်။ ဆေးဆိုင်ကလူက ကျွန်တော် ဆေးကို ဘယ်လို စီပေးရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ကစားဖော် သူငယ်ချင်းတွေကလည်း ကျွန်တော် "ပြဿနာတွေ ရှာနေတုန်းလား" ဆိုပြီး ဖုန်းဆက်နောက်ကြရင်း အမောတကော ရယ်မောဖြစ်ကြပါသေးတယ်။

ဟုတ်ပါတယ်၊ စိတ်ညစ်စရာနေ့တွေလည်း ရှိတတ်တာပေါ့။ ဒါပေမဲ့ အသက် ၂၀ ပဲဖြစ်ဖြစ်၊ ၉၀ ပဲဖြစ်ဖြစ်၊ အိမ်ထောင်ရှိရှိ မရှိရှိ လူတိုင်းမှာ ဒီလိုနေ့မျိုးတွေ ရှိတတ်ကြတာပါပဲ။

ကျွန်တော့်ရဲ့ နေ့ရက်တွေမှာ အထီးကျန်မှုထက် ပိုပြီး ခံစားရတာကတော့ တည်ငြိမ်မှုပါပဲ။ ကျွန်တော် အမြဲထိုင်နေကျ ကုလားထိုင်အိုကြီးပေါ်မှာ ငြိမ်းချမ်းမှု ရှိတယ်။ မနက်ခင်းရဲ့ လှုပ်ရှားမှုတွေထဲမှာ ငြိမ်းချမ်းမှု ရှိတယ်။ နှစ်ပေါင်း ၅၀ လောက် လူတိုင်း အားကိုးရတဲ့ ဒေါက်တိုင်တစ်ခု ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အသိက ကျွန်တော့်ကို ငြိမ်းချမ်းစေတာပါ။

အခုတော့... ကျွန်တော်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရိုးရိုးရှင်းရှင်းလေး ရပ်တည်နိုင်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရရှိထားပြီ ဖြစ်ပါတယ်။

⬛ Translated by apovlog

ကျနော် အိမ်ထောင်ရေးကို လက်လွှတ်လိုက်ရတဲ့ အကြောင်းရင်းက ကျနော့်ဇနီးက သူ့ကိုယ်သူ ပစ်ထားတယ်လို့ ထင်ခဲ့လို့ပါပဲ။ အခုပြန်စဉ်း...
11/04/2026

ကျနော် အိမ်ထောင်ရေးကို လက်လွှတ်လိုက်ရတဲ့ အကြောင်းရင်းက ကျနော့်ဇနီးက သူ့ကိုယ်သူ ပစ်ထားတယ်လို့ ထင်ခဲ့လို့ပါပဲ။ အခုပြန်စဉ်းစားရင်တော့ ဒါဟာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပြီး အပေါ်ယံဆန်တဲ့ လုပ်ရပ်တစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျနော်ဟာ နစ်နာသူတစ်ယောက်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခဲ့တာပေါ့။ နှစ်နှစ်လောက်ကြာပြီးတဲ့နောက် စီယက်တဲလ်မြို့လယ်က လူစည်ကားတဲ့ လမ်းထောင့်တစ်ခုမှာ ရပ်နေရင်းမှ... ကျနော်ဟာ နစ်နာသူမဟုတ်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ဆိုတာကို သိလိုက်ရပါတယ်။

ဒုတိယသမီးလေး မွေးလာပြီးတဲ့နောက်မှာ ကလဲယာဟာ ကျနော် အရင်က သိခဲ့တဲ့ အမျိုးသမီး မဟုတ်တော့ပါဘူး။ အနုပညာပြပွဲတွေမှာ ကျနော် ဂုဏ်ယူဝင့်ကြွားစွာ ခေါ်သွားလေ့ရှိတဲ့ "ဂုဏ်ယူစရာ ဆုလာဘ်" တစ်ခုလိုလည်း မဟုတ်တော့ဘူးပေါ့။ ပိုးထည်ဂါဝန်တွေနဲ့ သေသေချာချာ ပြင်ဆင်ထားတဲ့ ဆံပင်တွေအစား... ပွပွယောင်ယောင် အင်္ကျီတွေနဲ့ အရောင်လွင့်နေတဲ့ ဘောင်းဘီတွေကပဲ သူ့ရဲ့ နေ့စဉ်ဝတ်စုံတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအဝတ်အစားတွေထဲမှာပဲ သူ ရှင်သန်နေထိုင်ပြီး ပျောက်ကွယ်သွားသလိုမျိုးပါပဲ။ "ဘာလို့ အရင်လို မပြင်ဆင်တော့တာလဲ" လို့ ကျနော်မေးရင်တော့ သူဟာ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေကို ပွတ်ရင်း "သုံးနာရီခြားတစ်ခါ ကလေးနိုးနေတာနဲ့တင် အဆင်ပြေအောင် နေရတာပါ" လို့ပဲ ခပ်တိုးတိုး ပြန်ပြောလေ့ရှိပါတယ်။

အဲဒီလိုဖြစ်ရတဲ့ လက်တွေ့ကျတဲ့ အကြောင်းပြချက်တွေ ရှိနေမယ်ဆိုတာ ကျနော် သိခဲ့သင့်တာပါ။ ဒါပေမဲ့ "ကြည့်ကောင်းမှ စိတ်ချမ်းသာမယ်" ဆိုတဲ့ သူ အမြဲပြောလေ့ရှိတဲ့ လက်သုံးစကားလေးကတော့ လေထဲမှာတင် ပျောက်ကွယ်သွားခဲ့ပါပြီ။

ကလဲယာဟာ ယောဂသင်တန်းတွေ၊ အသားအရေ ထိန်းသိမ်းတာတွေ၊ လက်ဝတ်ရတနာလေးတွေ ဝတ်ဆင်တာကအစ အားလုံးကို မေ့လျော့သွားခဲ့ပါတယ်။ အိမ်ထဲမှာ လှုပ်ရှားသွားလာနေတဲ့ သူ့ပုံစံက အရင်က ကလဲယာရဲ့ အရိပ်တစ်ခုလိုပါပဲ။ ခန္ဓာကိုယ်ကလည်း ပွယောင်းလာသလို အရင်ကလို တက်ကြွမှုတွေအစား နွမ်းလျမှုတွေကပဲ နေရာယူထားပါတယ်။ ဆံပင်တွေကိုလည်း အမြဲတမ်း ရှုပ်ရှုပ်ထွေးထွေးပဲ စည်းထားတတ်တာဟာ အရှုံးပေးလိုက်ပြီဆိုတဲ့ အဖြူရောင်အလံကို လွှင့်ထူထားသလိုပါပဲ။

ကလေးတွေမရခင်တုန်းက ကလဲယာဟာ အနုပညာလက်ရာတစ်ခုလို လှပလွန်းသူပါ။ လူကြားထဲသွားရင် ကျနော်ဟာ ဘေးကယောင်္ကျားတွေရဲ့ အားကျတဲ့ အကြည့်တွေကို ခံစားရပြီး "သူက ငါ့မိန်းမပဲ" ဆိုတဲ့ စိတ်နဲ့ ပိုပြီး ဂုဏ်ယူနေခဲ့တာပေါ့။ ဒါပေမဲ့ ကလေးမွေးပြီးတဲ့နောက်မှာတော့ အဲဒီအလင်းရောင်တွေဟာ ငြိမ်းသတ်ခံလိုက်ရပါတယ်။ ကျနော်တို့အိမ်ဟာလည်း သူ့ရဲ့ ပင်ပန်းမှုတွေအတိုင်းပဲ ရှုပ်ပွပြီး ဆူညံနေခဲ့တာပါ။ သူဟာ မိသားစုအပေါ်မှာ အစွမ်းကုန် ပေးဆပ်နေတာကို ကျနော် မမြင်ဘဲ... ဇနီးကောင်းတစ်ယောက် မဖြစ်တော့ဘူးဆိုတဲ့ အချက်ကိုပဲ အပြစ်တင်ဖို့ စောင့်ကြည့်နေခဲ့မိပါတယ်။

ကျနော် သူ့ကို အရှက်ရအောင်ပြောပြီး အရင်လို ပြန်ဖြစ်လာဖို့ ဖိအားပေးခဲ့ပါတယ်။ သူဟာ အရည်အချင်းတွေ လျော့ပါးလာပြီလို့ ကျနော် ပြောခဲ့ဖူးတယ်။ အဲဒီအခါမှာ သူက ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးလေးနဲ့ပဲ "ပိုကောင်းအောင် ကြိုးစားပါ့မယ်" လို့ ကတိပေးတတ်ပေမဲ့ ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။

တစ်နေ့မှာတော့... အားလုံးကို အဆုံးသတ်စေမယ့် "ကွာရှင်းကြရအောင်" ဆိုတဲ့ စကားကို ကျနော် ပြောလိုက်ပါတယ်။

သူ အော်ဟစ်ငိုယိုပြီး မတောင်းပန်ခဲ့ပါဘူး။ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့ရဲ့ အစွန်းအထင်းတွေနဲ့ အင်္ကျီကို ငုံ့ကြည့်ရင်း "ဒါဟာ ရှင်တကယ် လိုချင်တဲ့အရာဆိုရင်လည်း... ကျမကတော့ ရှင်ဟာ ကျမရဲ့ ပုံရိပ်ကိုပဲ မဟုတ်ဘဲ ကျမဆိုတဲ့ လူသားကိုပါ ချစ်တယ်လို့ ထင်ခဲ့တာ" ဆိုပြီး တိုးတိုးလေး ပြောခဲ့ပါတယ်။

ကျနော် စာချုပ်မှာ လက်မှတ်ထိုးပြီး အိမ်က ထွက်လာခဲ့ပါတယ်။ ပိုက်ဆံတွေ ပို့ပေးခဲ့ပေမဲ့ သံယောဇဉ်ကိုတော့ ဖြတ်တောက်ထားခဲ့တာပါ။ ကျနော် အရင်က လိုချင်ခဲ့တဲ့ အမျိုးသမီးရဲ့ အရောင်မှိန်နေတဲ့ ပုံရိပ်ကို ထပ်မမြင်ချင်တော့ဘူးလေ။ ကျနော့်အတွက်တော့ သူဟာ ဆက်ပြီး သယ်ပိုးဖို့ မလိုတော့တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေခဲ့တာပါ။

အချိန်တွေဟာ နှစ်နှစ်တောင် ကုန်ဆုံးသွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ အပတ်က အားကစားရုံတစ်ခု ရှေ့ကနေ ဖြတ်လျှောက်သွားရင်း အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။ သူ့ရဲ့ လျှောက်လှမ်းပုံက ယုံကြည်မှုအပြည့်နဲ့ လှပလွန်းနေတာပါ။ သူ နီးကပ်လာတဲ့အခါမှာတော့ ကျနော့်ရင်တွေ တုန်သွားခဲ့ပါတယ်။

အဲဒါ ကလဲယာ ဖြစ်နေလို့ပါ။

ဒါပေမဲ့ ကျနော် စွန့်ပစ်ခဲ့တဲ့ ကလဲယာတော့ မဟုတ်ပါဘူး။ ဒါဟာ အသစ်တဖန် ပြန်လည် မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ မင်္ဂလာဆောင်တုန်းကထက်တောင် ပိုပြီး တောက်ပနေပါသေးတယ်။ ကိုယ်လုံးကိုယ်ပေါက်နဲ့ လိုက်ဖက်တဲ့ ကုတ်အင်္ကျီ၊ မြေပြင်နဲ့ ထိခိုက်သံ မြည်နေတဲ့ ဒေါက်ဖိနပ်၊ ပြီးတော့ တောက်ပြောင်နေတဲ့ ဆံပင်လှိုင်းလေးတွေနဲ့ပေါ့။ သူ့ဆီကနေ သူ အမြဲသုံးနေကျ နံ့သာဖြူနံ့လေးနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ရနံ့တွေပါ ရနေသလိုပါပဲ။

သူနဲ့ ကျနော် မျက်လုံးချင်း ဆုံသွားတဲ့အခါ ကျနော်ဟာ ကျောက်ရုပ်တစ်ရုပ်လိုပဲ ရပ်နေမိပါတယ်။ တုန်လှုပ်မှု၊ တမ်းတမှုနဲ့ နောင်တတွေက ကျနော့်ဆီကို လှိုင်းလုံးကြီးတွေလို ရိုက်ခတ်လာခဲ့တာပေါ့။ ကျနော့်ရဲ့ မျက်နှာအမူအရာကို မြင်တော့ သူက လှောင်ပြုံးလေး ပြုံးလိုက်ပါတယ်။

"ဘာဖြစ်လို့လဲ မာ့ခ်... ရှင် 'မျှော်လင့်ချက်မရှိတော့ဘူး' လို့ ပြောခဲ့တဲ့ အမျိုးသမီးကို မမှတ်မိတော့ဘူးလား" တဲ့။

သူ့ကားဆီအထိ လိုက်ပို့ဖို့ သူ ခွင့်ပြုခဲ့ပါတယ်။ သမီးလေးတွေကတော့ စာတော်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အရွယ်ရောက်လာပြီဖြစ်ကြောင်း သူ ပြောပြပါတယ်။ သူ့ရဲ့ အခုလက်ရှိ ဘဝအကြောင်းကိုတော့ သူ အများကြီး မပြောပါဘူး။ ပြောဖို့လည်း မလိုတော့ပါဘူးလေ... သူ့ရဲ့ တည်ရှိမှုကပဲ အရာအားလုံးကို သက်သေပြနေတာကိုး။

အဲဒီအချိန်မှာ ကျနော့်စိတ်တွေဟာ အရင်က စိတ်ပျက်စရာ နေ့ရက်တွေဆီ ပြန်ရောက်သွားပါတယ်။ ကလေးနှစ်ယောက်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့အပြင် အပြစ်တင်ဖို့ပဲ စောင့်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖိအားတွေအောက်မှာ နွမ်းလျနေခဲ့တဲ့ ကလဲယာ...။ မိသားစုအတွက် သူ့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို အစွမ်းကုန် ပုံအောပေးနေရလို့ အဝတ်အစားအဟောင်းတွေကိုပဲ ဝတ်နေခဲ့ရတာပါ။ သူဟာ "ကိုယ့်ကိုယ်ကိုယ် ပစ်ထားခဲ့တာ" မဟုတ်ပါဘူး။ သူဟာ ရေနစ်နေခဲ့တာဖြစ်ပြီး ကျနော်က သူ့ကို ကယ်တင်မယ့် အသက်ကယ်အင်္ကျီ မဖြစ်ခဲ့တဲ့အပြင်... သူ့ကို ရေအောက်ထဲ ပိုနစ်သွားအောင် ဆွဲချနေတဲ့ ခဲဆွဲတစ်ခု ဖြစ်နေခဲ့တာပါ။

သူ လွတ်လွတ်လပ်လပ် ပြန်ပြီး ပေါ်ထွက်လာနိုင်ဖို့အတွက် ကျနော်ဆိုတဲ့ အလေးကြီးကို ဖြတ်တောက်လိုက်ဖို့ လိုအပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ကျနော် ဇောချွေးတွေပြန်ပြီး သူ့ဆီ ဖုန်းဆက်လို့ရမလားလို့ မေးမိပါတယ်။ ကျနော် အမှားကြီး မှားခဲ့တာပါ၊ အရင်လို ပြန်ဖြစ်အောင် ကြိုးစားကြရအောင်ဆိုပြီး တဖျဖျနဲ့ ပြောနေမိတာပေါ့။ သူ့ကို ဘေးကနေ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပိုင်ဆိုင်ချင်မိတာပါ။

သူ ကားတံခါးကို ဖွင့်လိုက်ပြီး ကျနော့်ကို သနားစရာကောင်းတဲ့ အကြည့်နဲ့ ကြည့်ရင်း ခေါင်းခါပြပါတယ်။

"ရှင် အခုမှ မြင်တတ်လာပေမဲ့ နှစ်နှစ်တောင် နောက်ကျသွားပါပြီ။ ကျမ အလှဆုံးအချိန်မှာ ရှင့်ရဲ့ အချစ်ကို လိုအပ်ခဲ့တာ မဟုတ်ဘူး။ ကျမ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အချိန်မှာပဲ ရှင့်ရဲ့ အချစ်ကို လိုအပ်ခဲ့တာပါ။ သွားတော့မယ် မာ့ခ်"

သူ ကားမောင်းထွက်သွားတဲ့အခါ ကျနော်ဟာ လမ်းဘေးမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ အနုပညာလက်ရာတစ်ခုကို ဘောင်လေး သေချာမထိန်းသိမ်းပေးချင်တဲ့ ပျင်းရိမှုကြောင့် အဲဒီလက်ရာကို ဖျက်ဆီးပစ်လိုက်မိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပေါ့။

⬛Translated by apovlog

အကြွေးကင်းစင်တဲ့ ကိုယ်ပိုင်အိမ်ကြီးကို ရောင်းချပြီး အသက် ၂၀ အရွယ် လူငယ် ၅ ယောက်နဲ့ အိမ်တစ်လုံးထဲမှာ အတူနေဖို့ ကျွန်မ ဆုံ...
09/04/2026

အကြွေးကင်းစင်တဲ့ ကိုယ်ပိုင်အိမ်ကြီးကို ရောင်းချပြီး အသက် ၂၀ အရွယ် လူငယ် ၅ ယောက်နဲ့ အိမ်တစ်လုံးထဲမှာ အတူနေဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မသားကတော့ ကျွန်မ ရူးသွားပြီလို့ ထင်နေတာပါ။ ဒါပေမဲ့ တကယ်တော့ ကျွန်မရဲ့ ဘဝအစစ်အမှန်ကို အခုမှ ပြန်ရှာတွေ့ခဲ့တာလို့ပဲ ဆိုရမှာပါ။

"အမေ... သေချာ အာရုံစိုက်ပြီး နားထောင်စမ်းပါ။ ကင်မရာကို ကြည့်ပါ။ အဲဒီအိမ်ရောင်းတဲ့ကိစ္စကို အမြန်ဆုံး ဖျက်သိမ်းလိုက်ပါ" လို့ ကျွန်မသား ဒေးဗစ်က ပြောနေပါတယ်။ သူ့လေသံက စိတ်ပျက်နေတာထက်စာရင် နာရေးတစ်ခုမှာ ဝမ်းနည်းပူဆွေးနေတဲ့ လေသံမျိုး ပိုပေါက်နေတာပါ။

"အားလုံး ပြီးသွားပြီ ဒေးဗစ်" လို့ ကျွန်မ ပြန်ပြောလိုက်ပါတယ်။ ဖုန်းကိုလည်း စားပွဲပေါ်က ရာမင်ခေါက်ဆွဲပန်းကန်နဲ့ အားသွင်းကြိုးတွေကြားထဲမှာ မှီထားလိုက်ပြီး "စာချုပ်တွေလည်း လက်မှတ်ထိုးပြီးပြီ၊ ပိုက်ဆံလည်း ရပြီးပြီ။ ကွန်နက်တီကတ်ကိုလည်း ငါပြန်မလာတော့ဘူး" လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

"အမေက အသက် ၇၅ နှစ်ရှိနေပြီလေ" လို့ သူက ဖုန်းထဲကနေ အော်ပြောပါတော့တယ်။ "လူငယ်တွေကြားထဲမှာ အမေ ဘယ်လိုသွားနေမှာလဲ။ ချော်လဲရင် ဘယ်လိုလုပ်မလဲ။ အမေ့ရဲ့ အငြိမ်းစားပင်စင်တွေရော။ အမေက နောက်ကျမှ ပေါက်ကွဲလာတဲ့ စိတ်ကူးယဉ်မှုတစ်ခုအတွက် အမွေတွေကို ဖြုန်းတီးပစ်နေတာပဲ" ဆိုပြီး သူက စိုးရိမ်တကြီး ပြောနေခဲ့တာပါ။

ကျွန်မ ဖုန်းကို ပိတ်လိုက်ပါတယ်။ ကျွန်မ လက်တွေ တုန်ယင်နေပေမဲ့ ဒါဟာ ကြောက်လို့ မဟုတ်ပါဘူး။ စွန့်စားမှုတစ်ခုကို စတင်ရတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုကြောင့်ပါ။

ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အခန်း ၄ ခန်းပါတဲ့ အိမ်ကြီးထဲမှာ ကျွန်မဟာ ပြတိုက်ထဲက တစ္ဆေတစ်ကောင်လိုပဲ နေထိုင်ခဲ့ရတာပါ။ "သက်တောင့်သက်သာရှိတဲ့" ဘဝတစ်ခုတော့ ရှိခဲ့တာပေါ့။ အငြိမ်းစား ပင်စင်လစာလည်း ရှိတယ်၊ ခြံစောင့်ဝန်ဆောင်မှုလည်း ရှိတယ်။ အိမ်နီးချင်းတွေကလည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တတ်ကြပေမဲ့ ကျွန်မသာ တစ်ပတ်လောက် အိမ်ထဲက ထွက်မလာခဲ့ရင်တောင် ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ပါဘူး။

ကျွန်မရဲ့ နေ့စဉ်မှတ်တမ်းဟာ ဆေးစစ်ဖို့ ရက်ချိန်းတွေနဲ့ နာရီကြည့်ပြီး အချိန်ကုန်ရတာတွေပဲ ဖြစ်နေခဲ့ပါတယ်။ ဒေးဗစ်က အဆင့်မြင့် အတိုင်ပင်ခံ အရာရှိတစ်ယောက်ပါ။ သူ ကျွန်မကို ချစ်ပေမဲ့ ရှေးဟောင်း အရုပ်မလေးတစ်ရုပ်လိုပဲ သဘောထားခဲ့ပါတယ်။ ဖုန်မတက်အောင် မှန်ဗီရိုထဲမှာ ထည့်ထားရမယ်၊ မတော်တဆ ကွဲသွားရင် အလုပ်ရှုပ်မှာမို့ လက်အိတ်နဲ့ ကိုင်တွယ်ရမယ် ဆိုတဲ့ ပုံစံမျိုးပေါ့။

သူက ကျွန်မကို "The Gables" ဆိုတဲ့ လူချမ်းသာတွေနားတဲ့ ဂေဟာကို ပို့ချင်နေတာပါ။ အဲဒီမှာဆိုရင် ဆေးဆိုင်ကို ဘတ်စ်ကားနဲ့ သွားရတာက အကြီးကျယ်ဆုံး စိတ်လှုပ်ရှားစရာဖြစ်ပြီး ဆားနည်းနည်းပဲပါတဲ့ ဖဲကစားဝိုင်းတွေက ညစာစားပြီး အပန်းဖြေစရာတွေ ဖြစ်နေမှာပါ။ သူက ဒါကို "လုံခြုံမှု" လို့ ခေါ်ပေမဲ့ ကျွန်မအတွက်တော့ ဒါဟာ "ပစ္စည်းသိုလှောင်ရုံ" တစ်ခုလိုပါပဲ။

တစ်နေ့မနက်မှာတော့ တိတ်ဆိတ်လွန်းတဲ့ ထမင်းစားခန်းထဲမှာ ထိုင်နေရင်း ကျွန်မ တစ်ခုခုကို သတိထားမိလိုက်ပါတယ်။ ကျွန်မဟာ တကယ် ရှင်သန်နေတာ မဟုတ်ဘဲ ထွက်ပေါက်ကို စောင့်နေရတဲ့ ဈေးကြီးတဲ့ ဧည့်ခန်းဆောင်တစ်ခုထဲ ရောက်နေသလိုပါပဲ။ ဒါနဲ့ပဲ မဖြစ်နိုင်တာကို ကျွန်မ လုပ်လိုက်ပါတယ်။ အိမ်ကို ရောင်းလိုက်ပြီး ရလာတဲ့ ပိုက်ဆံတွေနဲ့ Pacific Northwest က "မျိုးဆက်စုံ နေထိုင်ရေး စီမံကိန်း" တစ်ခုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုဆိုရင် ကျွန်မဟာ လူငယ် ၅ ယောက်နဲ့ မီးဖိုချောင်တစ်ခုကို မျှသုံးနေရပါပြီ။ အကြီးဆုံးက ၃၅ နှစ်ဖြစ်ပြီး အငယ်ဆုံးကတော့ ၂၂ နှစ်ပါ။ ကျွန်မ အဲဒီကို စရောက်တော့ သူတို့က ကျွန်မကို တန်ဖိုးကြီး ဖန်ထည်ပစ္စည်းတစ်ခုလိုပဲ ဆက်ဆံကြပါတယ်။ စလုံး လို့ခေါ်တဲ့ ဆံပင်အပြာရောင်နဲ့ အနုပညာရှင်မလေးက "အန်တီ အီလီနာ... အပူပေးစက်က အဆင်ပြေရဲ့လား၊ လှေကားတက်ရင် ကူညီပေးရမလား၊ ဂိမ်းဆော့တဲ့ အသံကိုလည်း လျှော့ပေးလို့ရပါတယ်" လို့ လေသံပျော့ပျော့လေးနဲ့ မေးရှာပါတယ်။

"ငါက ၇၀ ကျော်ကာလတွေကို ဖြတ်သန်းခဲ့ပြီး မြို့ပေါ်မှာ ကလေး ၃ ယောက်ကိုတောင် ပြုစုပျိုးထောင်ခဲ့တာပါ။ အသံကို မလျှော့ပါနဲ့၊ ငါ့အတွက် ဘယ်ဗီရိုမှာ ပစ္စည်းထားရမလဲဆိုတာပဲ ပြောပြပါ" လို့ ကျွန်မ ပြန်ပြောလိုက်ပါတယ်။ ပထမပိုင်း ရက်အနည်းငယ်မှာတော့ သူတို့က ကျွန်မနားမှာ တိုးတိုးတိတ်တိတ် စကားပြောကြပြီး ကျွန်မကို တစ်ယောက်ယောက်က စောင့်ရှောက်ပေးဖို့ လိုမယ်လို့ ထင်နေကြတာပါ။

ဒါပေမဲ့ တစ်ရက်မှာတော့ ညစာစားပွဲလုပ်နေတုန်း စင်္ကြာဝတ်ပိုက်တွေ ပိတ်ပြီး ရေတွေလျှံတက်လာပါတော့တယ်။ အိမ်ထဲမှာရှိတဲ့ ဇီဝနည်းပညာ သုတေသီတွေ၊ ပန်းချီဆရာတွေနဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေဆိုတဲ့ ထက်မြက်တဲ့ လူငယ်လေးတွေဟာ ပိုက်ပိတ်တဲ့ ကိစ္စလေးတစ်ခုမှာတင် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်ကုန်ကြပါတယ်။ သူတို့က အဲဒီ ရေဆေးကန်ကို မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလိုပဲ ကြည့်နေကြတာပါ။

ကျွန်မလည်း အကျင်္ီလက်ကို မတင်၊ wrench နဲ့ ပုံးကို ဆွဲပြီး ဗီရိုအောက်ထဲ ဝင်သွားခဲ့ပါတယ်။ ပိတ်နေတာတွေကို ရှင်းထုတ်၊ မော်တာကို ပြန်စစ်ပြီး ပိုက်တွေကို ပြန်ကျပ်လိုက်တဲ့အခါ ရေတွေဟာ ဝူးခနဲဆိုပြီး ပြန်ကျသွားပါတော့တယ်။ မီးဖိုချောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အသက် ၂၆ နှစ်အရွယ် ကွန်ပျူတာ ပရိုဂရမ်မာလေးက ကျွန်မကို အံ့သြတကြီး ကြည့်နေပါတယ်။ "အန်တီ အီလီနာ... အန်တီကတော့ တကယ့် လူစွမ်းကောင်းပဲ" တဲ့။

"ငါက လူစွမ်းကောင်း မဟုတ်ပါဘူး။ နှစ်ပေါင်း ၅၀ လောက် အိမ်တစ်လုံးကို ထိန်းသိမ်းလာခဲ့တာဆိုတော့ wrench ကို ဘယ်လိုကိုင်ရမလဲဆိုတာ မသိရင် ရေနစ်သေမှာပေါ့" လို့ လက်ကို သုတ်ရင်း ကျွန်မ ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မဟာ "သက်ကြီးရွယ်အို" ဆိုတဲ့ အဆင့်ကနေ သူတို့ရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်မက အိမ်ပြင်ပေးရုံတင် မဟုတ်ဘဲ တစ်ခုခု ထပ်လုပ်ပေးချင်ခဲ့ပါတယ်။ ဒီကလေးတွေဟာ ကဖိန်းဓာတ်တွေနဲ့ အသင့်စား မုန့်တွေကိုပဲ အားကိုးနေကြရတာကို ကျွန်မ သတိထားမိပါတယ်။ သူတို့ဟာ လူမှုကွန်ရက်တွေပေါ်မှာ အမြဲရှိနေပေမဲ့ တကယ်တမ်းမှာတော့ စိတ်ဖိစီးပြီး အထီးကျန်နေကြတာပါ။ ဒါနဲ့ပဲ ကျွန်မ ဟင်းစချက်ပါတော့တယ်။ သာမန်ဟင်းတွေ မဟုတ်ဘဲ ရှေးနည်းအတိုင်း ကိုယ်တိုင်နယ်တဲ့ ပေါင်မုန့်တွေ၊ လင်မွန် ယိုတွေနဲ့ ငရုတ်သီးသနပ်တွေကို လုပ်ပေးခဲ့ပါတယ်။

မီးဖိုချောင်ဟာ အိမ်ရဲ့ နှလုံးသွေးကြော ဖြစ်လာခဲ့ပါပြီ။ ည ၇ နာရီခွဲတိုင်းမှာ ဖုန်းတွေမကြည့်ဘဲ အတူတူ ထမင်းစားရင်း စကားပြောတဲ့ အလေ့အထကို စတင်ခဲ့ပါတယ်။ တစ်ညမှာတော့ စလုံးက ကျွန်မလုပ်တဲ့ လင်မွန်ယိုကို ပေါင်မုန့်နဲ့ စားနေရင်း ကင်မရာကို ထုတ်လိုက်ပါတယ်။ "အန်တီ... ဒါက တကယ့်ကို အံ့သြစရာပဲ။ အန်တီ ဘယ်လိုလုပ်တယ်ဆိုတာ လူတွေ သိသင့်တယ်" လို့ သူက ပြောပါတယ်။ "ဘယ်သူက အဖွားကြီးတစ်ယောက် လင်မွန်သီး လှီးနေတာကို ကြည့်ချင်မှာလဲ" လို့ ကျွန်မက ငြင်းပေမဲ့ သူကတော့ ဗီဒီယိုကို တင်လိုက်ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ အိမ်တစ်လုံးလုံး ဆူညံသွားပါတော့တယ်။ "အန်တီ အီလီနာ... အန်တီတော့ ကမ္ဘာကျော်သွားပြီ" တဲ့။ နှာခေါင်းမှာ ဂျုံမှုန့်တွေ ပေကျံနေပြီး ဘဝကို အသစ်ကနေ ပြန်စဖို့ ဘယ်တော့မှ မနောက်ကျကြောင်း ပြောရင်း လင်မွန်သီးခြစ်နေတဲ့ ကျွန်မရဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ ၃ သန်းကျော်သွားခဲ့ပါတယ်။ မှတ်ချက်တွေထဲမှာ အစားအသောက်အကြောင်းတင် မဟုတ်ဘဲ "သူက ကျွန်မတို့ကို တန်ဖိုးရှိတဲ့သူတွေလို ဆက်ဆံတယ်"၊ "အသက် ၃၀ ပြည့်မှာကို ကြောက်နေပေမဲ့ သူ့ကိုကြည့်ပြီး အသက် ၇၅ နှစ်ဟာ ဘဝရဲ့ အကောင်းဆုံးအချိန်ဆိုတာ သိလိုက်ရတယ်" ဆိုတာမျိုးတွေ ရေးထားကြတာ မြင်ရပါတယ်။

၆ လအကြာမှာတော့ "Elena’s Pantry" ဆိုတဲ့ လုပ်ငန်းလေးဟာ တကယ်ကို အောင်မြင်လာခဲ့ပါတယ်။ ကျွန်မရဲ့ အခန်းဖော်တွေဟာ အခုတော့ ကျွန်မရဲ့ ပါတနာတွေ ဖြစ်နေပါပြီ။ စလုံးက အမှတ်တံဆိပ်ပိုင်းကို တာဝန်ယူပြီး၊ ပရိုဂရမ်မာလေးက ဝက်ဘ်ဆိုက်ကို တည်ဆောက်ပေးပါတယ်။ သုတေသီလေးကတော့ ပို့ဆောင်ရေးပိုင်းကို ကိုင်တွယ်ပေးပြီး ကျွန်မတို့အားလုံး စားပွဲဝိုင်းကြီးမှာ ထိုင်ပြီး ယိုပုလင်းတွေကို ထုပ်ပိုးကြပါတယ်။ ကျွန်မ သူတို့ကို လုပ်အားခ ထိုက်ထိုက်တန်တန် ပေးသလို သူတို့ကလည်း အိမ်ငှားခကို ပြန်ထည့်ကြပါတယ်။

ပြီးခဲ့တဲ့လက ဒေးဗစ် ရောက်လာပါတယ်။ သူဟာ ဝတ်စုံပြည့်နဲ့ အိမ်ထဲကို ဝင်လာပြီး ဆူညံပြီး ရှုပ်ပွနေတဲ့ ဒီအိမ်ကြီးကို ကြည့်ကာ ကြောင်နေရှာပါတယ်။ ပို့ဖို့ အသင့်ဖြစ်နေတဲ့ ယိုပုလင်းတွေ၊ ကျွန်မနဲ့ စလုံး ရယ်မောနေတာတွေ၊ ပြီးတော့ ဒီသူစိမ်းတွေက ကျွန်မရဲ့ အမြင်ကို တလေးတစား နားထောင်နေကြတာတွေကို သူ မြင်သွားပါတယ်။ "အမေ... အမေ ကြည့်ရတာ တစ်မျိုးဖြစ်နေတယ်" လို့ သူက ပြောပါတယ်။ "ငါ အရမ်းပင်ပန်းတယ် ဒေးဗစ်၊ ဒူးတွေလည်း နာနေတာပဲ။ ဒါပေမဲ့ ငါ့ဘဝမှာ အခုလောက် စိတ်ဓာတ်တက်ကြွနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး" လို့ ကျွန်မ ပြန်ပြောလိုက်ပါတယ်။

အားလပ်ရက်တွေမှာ အိမ်ပြန်လာဦးမလားလို့ သူက မေးတဲ့အခါ ကျွန်မ ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။ "ဒေးဗစ်... အမေ ရှိသင့်တဲ့ နေရာမှာ အမေ ရောက်နေပါပြီ" တဲ့။

အသက် ၆၅ နှစ်ဆိုရင် ဘဝက ကုန်ဆုံးသွားပြီလို့ ယူဆတဲ့ အယူအဆတစ်ခု ရှိပါတယ်။ လူတွေက သင့်ကို နောက်ကွယ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး နောက်လူတွေအတွက် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားစေချင်ကြတာပါ။ ဒါတွေကို ဂရုမစိုက်ပါနဲ့။ သင်ဟာ တစ်ယောက်ယောက်က စီမံခန့်ခွဲပေးရမယ့် ဝန်ထုပ်ဝန်ပိုး မဟုတ်သလို၊ ဘဝကလည်း ပြီးဆုံးသွားပြီ မဟုတ်ပါဘူး။

အခု ကျွန်မဘဝက အရင်ကထက် ပိုပြီး ဆူညံလာပါတယ်။ ကိုယ်ပိုင်အချိန်တွေ နည်းသွားပြီး ပန်းကန်ဆေးဖို့ မေ့တတ်တဲ့၊ ကျွန်မရဲ့ နွားနို့တွေကို သောက်တတ်တဲ့ အခန်းဖော်တွေ ရှိလာပါတယ်။ ဒါပေမဲ့ ကျွန်မမှာ မနက်တိုင်း အိပ်ရာထဖို့ အကြောင်းပြချက်ကောင်းကောင်း ရှိနေပါပြီ။ ဘယ်သူ့ကိုမှ သင့်ကို ထောင့်တစ်နေရာမှာ ပစ်ထားခွင့် မပေးပါနဲ့။ ယိုတွေလုပ်ပါ၊ အိမ်တွေကို ရောင်းချလိုက်ပါ။ နောက်ဆုံး အသက်ရှူသံ ကျန်နေသရွေ့ ဘဝကို အပြည့်အဝ ရှင်သန်လိုက်ပါ။

⬛ Translated by apovlog

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ APO VLOGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์