30/05/2026
NATO နယ်မြေထဲ ဒရုန်းကျပြီးနောက် ‘ဒါ အစပဲရှိသေးတယ်’ လို့ ရုရှား ခြိမ်းခြောက် ပြီးစစ်မီးထပ်မွေးလိုက်ပြီ
NATO အဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံထဲကို ရုရှားဒရုန်း ကျရောက်ပေါက်ကွဲပြီး အရပ်သား (၂) ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ၊ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က "ဒါဟာ အစပဲ ရှိသေးတယ်၊ နောက်ထပ် တိုက်ခိုက်မှုတွေအတွက် အနောက်အုပ်စု ပြင်ဆင်ထားကြ" လို့ အတိအလင်း ခြိမ်းခြောက်လိုက်ပါတယ်။
စစ်မီးက ယူကရိန်းတင်မကဘဲ NATO နယ်စပ်တွေဆီပါ ကူးစက်လာနေပြီလားဆိုတာ စိုးရိမ်စရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲ ၄ နှစ်အတွင်း NATO အဖွဲ့ဝင်နိုင်ငံရဲ့ လူနေရပ်ကွက်ထဲ ရုရှားဒရုန်းကျပြီး အရပ်သား ထိခိုက်ဒဏ်ရာရတာ ဒါပထမဆုံးပါ။
ဥရောပနိုင်ငံတွေဟာ ယူကရိန်းလက်ငှားပြီး ရုရှားကို ဒရုန်းတွေ၊ လက်နက်တွေနဲ့ နေ့တိုင်း တိုက်ခိုက်နေတာမို့ စစ်ပွဲထဲ တိုက်ရိုက်ပါဝင်နေတာပဲလို့ မက်ဗီဒက်ဗ်က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ဒါဟာ ဥရောပရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုတ်ချခဲ့ပြီး၊ ရိုမေးနီးယားဘက်ကလည်း F-16 တိုက်လေယာဉ်တွေ အရေးပေါ် ပျံသန်းစေခဲ့တဲ့အပြင် ရုရှားကောင်စစ်ဝန်ချုပ်ကိုပါ နိုင်ငံထဲကနေ ချက်ချင်း နှင်ထုတ်လိုက်ပါတယ်။