17/09/2025
"ဟယ်.. အားနာစရာကြီး.. - စိတ်ကူးယဉ်အချစ်ဇာတ်လမ်း" စိုးဝင်းတို့သည် လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် ထိုင်ကာ စကားပြောနေကြခြင်း ဖြစ်သည်။ စကားပြောသည်ဆိုတာထက် သူပြောတာကို ကျန်သူများက ထိုင်နားထောင်သည်ဟု ပြောရင် ပိုမှန်မည်။ ထိုင်နေသူတွေကတော့ တခြားသူများမဟုတ်။ သူနှင့် ခင်နေသည့် ရပ်ကွက်ကလူတွေ ဖြစ်သည်။ အကြော်ဖိုနှင့် နီးသည့် နေရာတွင် သူတို့ထိုင်နေကြပြီး.. ဝိုင်းထဲတွင် ရှိနေသည့် ကျန်သူလူနှစ်ယောက်ကတော့ ကိုမားဆိုးနှင့် ကိုဗတို့ ဖြစ်သည်။ စိုးဝင်းသည် သူတို့ဆိုင်ကို အမြဲလာပြီး ထိုင်နေကြသူများထဲမှ ကိုမိုးကြိုး၏ သူငယ်ချင်းဖြစ်သူ ဒီနှစ်ယောက်နှင့် အတော်ခင်နေသဖြင့် အခုလို နေ့လယ်ဘက် လူရှင်းချိန်တွင် သူ့အကြောင်းကို ရင်ဖွင့်ချင်းဖြစ်သည်။
“ဒီမှာ.. ငါ့ညီ…“
ကိုမားဆိုး၏ အသံက ထွက်လာသည်။ သေချာပါပြီ.. ဒါမျိုးလေသံ စလိုက်ရင်ဖြင့်… သူက ဥပမာဥပမေးတွေနဲ့ လာတော့မှာ…။ စိုးဝင်းတွေးတာမှ မဆုံးသေး။ ကိုမားဆိုး၏ တော်ကီက အရင်ရောက်လာသည်။
“မင်း.. ဆန္ဒန်ဆင်မင်း ဇာတ်ကို သိတယ်မှတ်လား..“
စိုးဝင်းသည် လာပြန်ပြီ တစ်ယောက်ဟု တွေးလိုက်သည်။ ဘယ်လိုလုပ်ပြီး ဒီဇာတ်လမ်းကိုပဲ လူတွေကအခုတလော လာလာပြောချင်နေကြမှန်းမသိ..။ ကိုမားဆိုးသည် သူ စကားစပြီးတွင်တော့.. ကျန်သူများက သူ့ကို စကားထောက်မလားဆိုကာ အသာအကဲခတ်သည်။ ခက်သည်က.. သူ့အကြောင်းကို သိနေကြရာ.. ဘယ်သူမှ အရေးမလုပ်ချေ။
ကိုမိုးကြိုးက အကြော်ကို ဆက်ကြော်နေကာ.. ကိုဗကတော့ လမ်းမကို ငေးလျက်ရှိသည်။ ကိုမားဆိုးသည် နည်းနည်းတော့ ညစ်သွားသည်။ ရေနွေးခွက်ကို ကိုင်ကာ သောက်မလို့လုပ်နေရာမှ ချက်ချင်းပြန်ချပြီး စကားဆက်သည်..။ ရေနွေးသောက်လိုက်ရင် သူ့စကားက ပြတ်သွားမည်လေ..။
“ဒီလိုကွ.. တို့ဘုရားလောင်းဟာ ဆန္ဒန်ဆင်မင်း ဘဝမှာတုန်းက မိန်းမနှစ်ယောက်ထားမှုကြောင့် ဒုက္ခအကြီးအကျယ် ရောက်ဖူးတယ်ကွ….။ မိန်းမဆိုတာမျိုးက မုန့်သာ ဝေစားချင် စားမယ်.. အချစ်ဆိုတာကို ဝေစားကြတာ မဟုတ်ဘူး…“
“ဒါဖြင့်ရင်… မင်းဘကြီး ဦးသာအောင်ကိုတော့ ဘာတွေ ဝေစားကြတာလဲကွ….။ ကြည့်ရတာ…. အီကြာကွေးထင်တယ်… တစ်ခုစီ ဖြုတ်စားနေကြတာ နေမှာပေါ့“
“ဟား..ဟား…ဟား…“
တချိန်လုံးငြိမ်ကာ ထိုင်နေသည့် ကိုဗက အပြောတွင်တော့ ကျန်သူများက တဟားဟားပင် ရယ်ကြသည်။ ပြောလည်းပြောချင်စရာပင်..။ ကိုမားဆိုးဘကြီးသည် မိန်းမနှစ်ယောက် ယူထားသည် ဖြစ်သည်။ စိုးဝင်းတို့၏ရယ်သံက တော်တော်ကျယ်သွားလို့ ခုံတွေကို လိုက်သုတ်နေသော ဖိုးခွားတောင် လှည့်ကြည့်သည်။ စိုးဝင်းက ရယ်နေရာမှ အသာလက်ကာ ပြလိုက်၍ ဖိုးခွားသည် သူလုပ်စရာရှိတာကိုသာ ဆက်လုပ်နေသည်။
“ဟေ့ကောင့်.. .. ကိုဗ… ဒီဟာက သူ့ဘာသာသူ အဆင်ပြေလို့ ယူထားတာ…။ အခု စိုးဝင်းက.. တစ်ယောက်နဲ့မှ အဆင်မပြေသေးတာ…“
ကိုမားဆိုးသည် အာပေါင်အာရင်းနှင့် ပြောမည့် သူ့အကြံအစဉ် ပျက်သွား၍ ကမန်းကတန်းပင် လိုရင်းရောက်အောင် စကားကို ဖြတ်ပြီး ပြောလိုက်သည်။ စောစောတုန်းက ငှဲ့ပြီး မသောက်ဖြစ်သေးသည် ရေနွေးကို ရှုးခနဲနေအောင် သောက်လိုက်သည်။
“နေဦးဗျ.. ကျွန်တော် မေးဦးမယ်..။ သူတို့ ညီအစ်မက ရည်းစားတော့ မရှိသေးဘူး မှတ်လား…“
စိုးဝင်းသည် သူသိလိုသည့် အချက်ကို အရေးတကြီး အရင်မေးလိုက်သည်။ ဒီလိုမှမဟုတ်ရင် သူရင်ဖွင်သည့် စကားဝိုင်းက ဟိုရောက်ဒီရောက်နှင့် ဖြစ်နေမှာပင်။ ဒါကိုတော့ အကြာ်ဆရာ ကိုမိုးကြိုက ဖြေသည်။ သူက သတင်းထောက်ရာထူး ရထားသူလေ..။
“ငါသိရသလောက်တော့ မရှိသေးဘူးကွ…. သွယ်သွယ်က သေချာတယ်ကွာ….။ နွယ်နွယ်ကတော့.. မဟာတန်းအတွက် ကျောင်းသွားလိုက်.. ကွန်ပျူတာသင်တန်းမှာ ဆရာမလုပ်လိုက်နဲ့ဆိုတော့ သိပ်မပြောတတ်ဘူး…။ ဒါပေမယ့်.. ညနေဘက် ညနေဘက် လာစောင့်နေတဲ့သူတွေ ရှိတယ်.. ဆိုကတည်းကိုက.. ရည်စားမရှိလို့ဆိုတာ သေချာပါတယ်..။ ရည်းစား ရှိပြီးသား… မိန်းကလေး တစ်ယောက်ကိုတော့ အချိန်ဖြုန်းပြီး.. တော်တန်ယုံလူက လာစောင့်မယ်မထင်ပါဘူး…“
ကျွန်တော်ကတော့ တကယ်ချစ်တာမှန်ရင် ရည်စားရှိလည်း လာစောင့်နေမှာပဲ… အဆိုပါ စကားကိုတော့ စိုးဝင်းသည် အသံထွက်ကာ ပြောချင်းမဟုတ်..။ ကိုမိုးကြိုး၏ စကားအဆုံးတွင် အလိုလိုရင်ထဲက ပြောမိသွားခြင်းဖြစ်သည်။ စိတ်ထဲတွင်လည်း အနည်းငယ် တုန်လှုပ်သွားသည်။ သူ နွယ်နွယ်အေးကိုများ အတည်ကြိုက်သွားပြီလား.. ဒါမှမဟုတ်.. သွယ်သွယ်နှင့် အဆင်မပြေတာနှင့်တင် အစ်မဖြစ်သူဘက် လှည့်သွားတာလား..။ စိုးဝင်း ခင်မျာ စကားမဆက်နိုင်ဘဲ ငိုက်ကျသွားသည်။
“ဟကောင်ရ… ရည်းစား မရှိနိုင်ဘူး ဆိုတဲ့ အချက်က ငိုင်သွားရမယ့် အဖြစ်လားကွ.. မင်းဟာကလည်း တစ်မျိုး..“
ငြိမ်နေသော ကိုဗက ဝင်ပြောခြင်းဖြစ်သည်။ စိုးဝင်းကိုလည်း တံတောင်နှင့် တွက်လိုက်သည်။
“ဪ.. အင်း.. အင်း…“.....
စိတ်ကူးယဉ် အချစ်ဇာတ်လမ်း_ကွန်မန့်တွင်ဆက်ဖတ်ပါ 👇👇👇