Ngwe ZinYaw Oo - Mogok

Ngwe ZinYaw Oo - Mogok Page အသစ်လေးမို့ Like & Follow လုပ်ပေးကြပါဦးနော်။ 🙏

☘️☘️☘️
26/06/2026

☘️☘️☘️

ဒီတစ်ပတ်ပိတ်ရက် ကျွန်မ တိုက်ခန်းကိုပြန်တော့ အောက်ထပ်မှာ လေးငါးယောက်စုပြီးနေကြတဲ့ လူငယ်လေးတွေကို မတွေ့မိဘူး။

ကျွန်မသူငယ်ချင်းကို မေးကြည့်တော့ “ ပြန်တဲ့သူပြန်ကုန်ကြ၊ အလုပ်ရသူရနဲ့ တစ်ယောက်ပဲကျန်တယ်”တဲ့။

ဆယ်ကျော်သက်ကနေ နှစ်ဆယ်စွန်းလေးတွေပဲပါတဲ့ အဲဒီလူငယ်အုပ်စုလေးက ကျွန်မတို့နဲ့မတိမ်းမယိမ်း ဒီတိုက်ကို ရောက်လာကြတာဖြစ်ပြီး ဘတ်ရိုက်ထားပြီး အလုပ်လုပ်ခွင့်ရဖို့ စောင့်နေကြတဲ့တလျှောက်လုံးလည်း (ပုလိပ်ဖမ်းမှာစိုးလို့) အပြင်ထွက်မရတော့ အခန်းထဲပဲ ဂိမ်းဆော့နဲ့ သူတို့ဘာသာအေးအေးဆေးဆေးနေနေကြတာပါ။

တစ်တိုက်တည်းနေတဲ့ မြန်မာတွေချင်းမို့ မျက်မှန်းတန်းမိပြီး မေးထူးခေါ်ပြော ရှိကြတယ်။

သူတို့ထဲမှာ ညီအစ်ကိုဝမ်းကွဲလည်း ပါတယ်။

သူငယ်ချင်းတွေလည်း ပါတယ်။ အောက်လမ်းကနေ တက်လာကြတာတဲ့။

အားလုံးက သန့်သန့်ပြန့်ပြန့်လူရည်မွန်လေးတွေမို့ ဒီက အလုပ်ကြမ်းတွေနဲ့ ကိုက်ပါ့မလားတောင် ကျွန်မတို့ချင်း ပြောမိကြသေးတယ်။ အိမ်မှာကိုယ်စားတဲ့ပန်းကန်ကိုယ်တောင် ဆေးခဲ့ရမယ့်ပုံမပေါ်ဘူးလေ။

ဒီမှာက ဘတ်မရသေးခင်ဆို ကော်ဆန်းလောက်တော့ လိုက်လုပ်နိုင်ကြမှ။ ကော်ဆန်းဆိုတာ ပန်းရံအလုပ်ပါ။ ဆေးသုတ်တဲ့သူတွေလည်း ရှိတယ်။

ဘယ်အလုပ်မှတော့ မသက်သာပါဘူး။

နေပူထဲ ပန်းရံအလုပ်လုပ်ရပြီး ဒီမှာက အထပ်မြင့်မိုးမျှော်တိုက်ကြီးတွေဆိုတော့ ပိုပင်ပန်းပါတယ်။ ဆေး သုတ်အလုပ်ဆိုလည်း အထပ်မြင့်ကြီးတွေကို ကြိုးနဲ့ချည်ပြီး လုပ်ကြရတာ။

မတော်တဆ ပြုတ်များကျလိုက်ရင် မတွေးဝံ့စရာပါ။

နောက်တော့ ကိုယ်တွေလည်း ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်ကြရဆိုတော့ အလုပ်တွေရ၊ ပိတ်ရက်လောက်မှ ပြန်လာကြနဲ့ သူတို့ကို သတိမထားမိကြတော့ဘူး။ ကျွန်မပြန်လာရင်း ညနေကျတော့ သူတို့ထဲက အခန်းကျန်ခဲ့တဲ့ တစ်ယောက်နဲ့တွေ့တယ်။

လက်မှာ ကျောက်ပတ်တီးနဲ့။

“ အယ် ဘာဖြစ်တာလဲ”

“ တိုက်ဆေးသုတ်ရင်း ပြုတ်ကျလို့ အစ်မကြီး။ နှစ်ထပ်ကနေကျလို့ တော်သေးတယ်။ ဟိုးအပေါ်ကနေသာဆို ခုချိန်အစ်မကြီးနဲ့တောင် စကားပြောနိုင်တော့မှာ မဟုတ်ဘူး” တဲ့။

သူက ရယ်ရယ်မောမော ပြောနေပေမယ့် ကျွန်မတို့မှာ စိတ်မကောင်းဘူး။

“ဖြစ်ရလေ။ သူဌေးကကော တာဝန်ယူရဲ့လား ”

“ ဆေးဖိုးတော့ ပေးပါတယ်။ အလုပ်တော့ မရတော့ဘူးပေါ့။ လက်ပြန်ကောင်းရင် ဆိုက်က ပြီးလောက်ပြီဆိုတော့”

“ အင်း လက်ပြန်ကောင်းရင်လည်း တခြားအလုပ်လုပ်ပါဟယ်။ အထပ်မြင့်ကြီးတွေက ဘေးကကြည့်ရတာတောင် အသည်းယားတယ်”

“ လုပ်ချင်တာပေါ့ အစ်မကြီးရယ်။ ထိုင်းစကားမရ အင်္ဂလိပ်စကားလည်း ဖြစ်ဖြစ်မြောက်မြောက်မရတော့ အလုပ်က ဘယ်လိုမှကို ရှာမရလို့။ ဒီရှေ့မှာလည်း ကျွန်တော့်သူငယ်ချင်းနဲ့လိုက်ပြီး အွန်လိုင်းပါကင်ရုံ လိုက်သွား သေးတယ်။ စမတ်ခအများကြီးပေးပြီး နှစ်ရက်နဲ့ပြန်လာရတယ်။ တစ်တော့ခ်ကနေ သူများဝယ်သမျှ ဆန်အိတ်က အစ၊ ရေခဲသေတ္တာအဆုံးအကုန်မရတာဆိုတော့ နှစ်ရက်နဲ့တောင် အသက်ထွက်တော့မယ်။ သူများတွေပြောတုန်းက မယုံဘူး။ ငါတို့လူငယ်ပဲ လုပ်နိုင်မှာပဲ ထင်မိတာ။ စမတ်ခရှုံးပြီးကို ပြန်လာရတယ် အစ်မရေ”

အွန်လိုင်းရုံရဲ့ဆိုးကျိုးတွေတော့ ကျွန်မတို့လည်း ကြား ဖူးနားဝရှိပြီးသားလေနော်။ အလုပ်ခွင်ထဲ အမောဖောက်ပြီး အသက်ဆုံးရှုံးတဲ့ထိဖြစ်သွားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းထိတောင် ကြားဖူးပါတယ်။

အိပ်ရေးတွေပျက်၊ အလုပ်တွေတအားပင်ပန်းအမောဆို့ပြီး ဆုံးသွားတာတဲ့။

“ ကျန်တဲ့သူတွေကကော”

“ အလုပ်ရသူရ၊ တစ်ယောက်ကတော့ ပုလိပ်ဖမ်းခံပြီး ပြန်သွားတာ အစ်မရေ”

“ ဟယ် စာရွက်စာတမ်းမစုံဘဲ အပြင်ထွက်လို့လား”

“ မဟုတ်ဘူး။ စရိတ်ပြတ်၊ အလုပ်ကလည်းရှာမရတော့ အားလုံးကလည်း အဲဒီအချိန်က ခက်ခဲနေကြချိန်လေ။ အိမ်လည်းပြန်တောင်းသုံးနေကြတာကြာပြီဆိုတော့ ရဲစခန်းထဲ ပုလိပ်သွားအဖမ်းခံလိုက်တာ။ အဲဒါကို ဟိုဘက်ကို ပြန်ပို့တယ်လေ။ ထောင်ကျပြီး လွတ်ရင် ဟိုဘက်ကို အချုပ်ကားနဲ့ ပြန်ပို့ပေးတာပေါ့”

ထိုင်းရောက်မြန်မာဖေ့ဘုတ်ဂရုတွေထဲမှာ စရိတ်ပြတ်လို့“ ပုလိပ်ပဲသွားအဖမ်းခံလိုက်တော့မယ်” ဆိုတဲ့ ပို့စ်တွေ ခဏခဏ တွေ့နေပေမယ့် တကယ်လုပ်ကြတယ်လို့ ကျွန်မ မထင်ခဲ့ဘူးရယ်။

ခုကျ တကယ်ပဲ အဲဒီလိုတွေရှိနေတယ်။

နိုင်ငံခြား၊ နိုင်ငံခြားနဲ့ တကယ်မလွယ်ပါဘူး။

လာဖို့လည်း မလွယ်သလို၊ ပြန်ဖို့လည်း မလွယ်ပါဘူး။ မပြန်ဘဲ ဒီမှာအခြေကျဖို့ရာကလည်း တောင့်ခံဖို့ လိုသေးတယ်။ စာရွက်စာတမ်းစုံအောင်ရဖို့ နှစ်တစ်ဝက်မက၊ တချို့ဆို တစ်နှစ်လောက်စောင့်ရသလို ဒီကြားထဲ အလုပ်ရဖို့ကလည်း စာရွက်မစုံတော့ မှန်ကန်တဲ့အလုပ်ရဖို့ မလွယ်ပါဘူး။ ကြုံရာပွဲစားတွေနဲ့ ပွဲစားခ (စမတ်ခ) ကြီးကြီးပေးပြီး အလုပ်ရှာကြ၊ အလုပ်ပြုတ်ကြ။

အထောက်အထားမစုံတော့ သူများထုတ်လည်း ခံ။

ဘာသာစကား ကျွမ်းကျင်ရင်တော့ အလုပ်ရှိတယ်ဆိုပေမယ့် ရောက်လာလာချင်း ဘာသာစကားဘယ်သူမှ ချက်ချင်းမတတ်ကြပါဘူး။ ထိုင်းဆိုအဝေးကြီး၊ ငယ်ကတည်းက သင်လာတဲ့ အင်္ဂလိပ်ဘာသာစကားကလည်း အင်္ဂလိပ်လိုသိရုံနဲ့ ရတာ မဟုတ်ဘူးလေနော်။

သူများပြောတာ နားလည်လား။

ပြန်ပြောတတ်လားဆိုတာပေါ်မူတည်တာဆိုတော့ ဒီအ ခြေခံအဆင့်မလုံလောက်ရင် အလုပ်ကလည်း မလွယ်ပြန်ပါဘူး။

ဒါကို တစ်ခါတလေ အင်္ဂလိပ်လိုမရတဲ့ ထိုင်းတွေကို ကျွန်မတို့လူမျိုးတွေက ရယ်ကြတာရှိသေးတယ်။

တချို့ထိုင်းတွေဆို အခြေခံလောက်လေးတောင် မသိဘူးပေါ့လေ။ တကယ်က သူတို့က သိစရာမလိုပါဘူး။ သူတို့က သူများနိုင်ငံထွက်ပြီး အလုပ်လုပ်စရာမှမလိုတာ။ သူများနိုင်ငံတွေကသာ သူတို့ဆီလာအလုပ်လုပ်ကြတာလေ။

ဒီမှာ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အမေရိကန်ကနေပါ နိုင်ငံစုံလာအလုပ်လုပ်ကြပါတယ်။

မဖြစ်နိုင်တာမဟုတ်ပေမယ့် နေ့ချင်းညချင်းဘာသာ စကားတတ်ဖို့မလွယ်တော့ သင်မယ်၊ လေ့လာမယ်ဆိုရင် တောင် ကျွန်မတို့မှာ တစ်နှစ်လောက်တော့ သူများနိုင်ငံမှာ အချိန်ယူရပါတယ်။

ဆိုတော့ လာစရိတ်၊ အထောက် အထားလုပ်ရတဲ့စရိတ်၊ အထောက်အထားမစုံခင် အလုပ်ရှိတစ်လှည့်မရှိတစ်လှည့်၊ အဆင်ပြေတစ်လှည့်မပြေ တစ်လှည့်ထိုင်စားရတဲ့စရိတ်ကလည်း နေစရိတ်၊ အင်တာနက်စရိတ်၊ သွားလာစရိတ်နဲ့ဆို အောက်ထစ်ဆုံး သိန်းတစ်ရာတော့ ရှိပါတယ်။

ဒါက အပိုမသုံးဘဲ နေထိုင်စားသောက်သွားလာစရိတ်သက်သက်ပါနော်။

ဆိုတော့ ကျွန်မက ဘာစဉ်းစားမိလဲဆိုရင် ကျွန်မတို့လို အရွယ်လွန်လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေကတော့ ထားပါတော့လေ။ လူငယ်တွေဆိုရင် မဖြစ်မနေလာမယ်ဆုံးဖြတ်ပြီးရင် ပညာရေးနဲ့လာကြရင်ကောပေါ့။ အလုပ် ဗီဇာနဲ့လာရင်တော့ ကျောင်းတက်လို့မရဘူးလေနော်။

ပညာရေးအနေနဲ့လာရင်လည်း ကျွန်မတို့ ဒီမှာ အလုပ်လုပ်ဖို့လာတဲ့အခါ တည်ဆောက်ရချိန် ကုန်ကျစရိတ်လောက်ပဲ ရှိမှာပဲလေနော်။ ဒါပေမဲ့ စိတ်လုံခြုံမှုရှိမယ်။ ပညာရေးပြီးဆုံးရင် သေချာတဲ့အနာဂတ်ရှိတယ်ပေါ့။

ကျွန်မမိတ်ဆွေလေးတို့ရဲ့ EduChoice ပညာရေးအတိုင်ပင်ခံဝန်ဆောင်မှုမှာဆိုရင် သူတို့နဲ့ချိတ်ဆက်ပြီး လူငယ်တွေ ပညာရေးနဲ့ ပြည်ပထွက်ကြတာအများကြီးပဲတဲ့။

ထိုင်းတင်မကဘူး။

စင်္ကာပူ၊ မလေးရှားနဲ့ ဥရောပကျောင်းတွေထိပါ သူတို့ဝန်ဆောင်မှုပေးပေမယ့် ကျွန်မကတော့ ကျွန်မလည်းလက်ရှိနေနေတဲ့ထိုင်းနဲ့ပတ်သက်ပြီး မေးကြည့်တာပေါ့လေ။

ထိုင်းမှာကျောင်းတက်မယ်ဆိုတိုင်း ဆယ်တန်းအောင်မှချည်းပဲ မဟုတ်ဘူးရယ်။ ရှစ်တန်းအောင်ရင် တက်လို့ရတဲ့ သက်မွေးမှုပညာရပ်ကျောင်းတွေလည်း ရှိတယ်။ ဘွဲ့ရပြီးရင် ဆက်တက်လို့ရတဲ့ကျောင်း တွေလည်းရှိတယ်။

စျေးနှုန်းတွေကလည်း ကိုယ်တတ်နိုင်တဲ့ပမာဏကနေ ရွေးချယ်စရာတွေရှိတယ်ပေါ့လေ။

တစ်နှစ်နှစ်နှစ်လောက် ဒီပညာရေးဘက်ရင်းနှီးကြည့်ရင်ကောပေါ့။

လူငယ်တွေကျတော့ ကျွန်မတို့တွေထက် အချိန်တွေ၊ အရွယ်တွေ အခွင့်အရေးရှိတယ်မလား။

ဒီကရမယ့် ဘွဲ့၊ certificate လက်မှတ်တွေက ဒီနိုင်ငံမှာ လုံခြုံတဲ့ထမင်းစားလက်မှတ်တွေ ဖြစ်လာမှာ။ ပြီးတော့ ပညာနဲ့လုပ်စားရတော့ ကျွန်မတို့ လူငယ်တွေ ပင်ပန်းသက်သာတယ်။

အရိပ်ထဲ လုပ်ခွင့်ရတာပေါ့လေ။

ပညာနဲ့ လုပ်စားရတဲ့နေရာမျိုးတွေကလည်း လူအများနဲ့ပြိုင်လုစရာမလိုတဲ့အတွက် ကိုယ်ကတောင် ပြန်ပြီး ရွေးချယ်ခွင့် ရှိမလားပေါ့လေ။

ဘာရယ်တော့ မဟုတ်ပါဘူး။

နိုင်ငံရပ်ခြားကို “ထွက်ပေါက်” အနေနဲ့ မျှော်လင့်တကြီးရောက်လာကြပြီး ဒီရောက်မှ ထွက်ပေါက်ပိတ်နေကြတဲ့ တချို့လူငယ်တွေကိုမြင်ပြီး ဒါလေးစဉ်းစားမိတာပါ။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

#လူငယ်တွေအတွက်နိုင်ငံခြားကထွက်ပေါက်တဲ့လား။

မိန်းမတစ်ယောက်ရဲ့ခံစားချက် ❤️
23/06/2026

မိန်းမတစ်ယောက်ရဲ့ခံစားချက် ❤️

မက်ဆင်ဂျာမှာ အမျိုးသမီးတစ်ယောက်က သူ့ဘဝအကြောင်းလာရင်ဖွင့်ဖူးတယ်။

စာရေးသူတစ်ယောက်အနေနဲ့ မက်ဆင်ဂျာထဲရောက်လာတဲ့ ရင်ဖွင့်သံတွေ မကြာခဏနားထောင်နေရကျဆိုပေမယ့် သူ့စကားထဲက “ ကျွန်မအမျိုးသားကို လုံးဝစကားမပြောတော့တာ ဒီနေ့ ၇ နှစ်ပြည့်တာ ဆရာမ” ဆိုတဲ့စကားကိုတော့ ကျွန်မသေချာသတိပြုမိတယ်။

“ ဘာလို့လဲ အစ်မ” ဆိုတော့ လွန်ခဲ့တဲ့ ၇ နှစ်က သူ့အမျိုးသားက သူ့ကို လူရှေ့မှာ လက်သီးနဲ့ထိုးမလို့ ရွယ်တာတဲ့။

သားသမီးတွေလည်းရှိတယ်။ မိသားစုလည်းရှိတယ်။ ကြီးကြီးကျယ်ကျယ်ကိစ္စမျိုးလည်း မဟုတ်ဘဲနဲ့ သူ့အမျိုးသားက လက်သီးနဲ့ရွယ်တဲ့အထိတောင် သူ့ကိုလုပ်တာတဲ့။

ကွာရှင်းလို့မရတဲ့အနေအထားမို့ ကွာရှင်းဖို့ထိမဖြစ်ခဲ့ပေမယ့် အဲဒီကတည်းက သူ့အမျိုးသားကို စကားလုံးဝ မပြောတော့တာလို့ ပြောတယ်။

သူ့ယောကျ်ားဘယ်လိုတောင်းပန်ပန် သူခွင့်မလွှတ်နိုင်ဘူး။ ခုထိလည်း ခွင့်မလွှတ်နိုင်ဘူးတဲ့။

“ သူ့အပေါ် ခံစားမှုတွေကော၊ အချစ်ပါ ချက်ချင်းသေသွားတာ ဆရာမ။ ကျွန်မရင်ထဲ သူနဲ့ပတ်သက်တာ အ ကုန်လုံးကို အဲဒီနေ့က သူ့မျက်နှာ၊ သူ့အကြည့်၊ သူလက် သီးရွယ်လိုက်တဲ့အချိန် အကုန်နှုတ်ယူသွားတာပဲ။ ”

မနှစ်တုန်းက အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကား ကျွန်မကြည့်ဖူးတယ်။ အဲဒီအမျိုးသမီးကလည်း သူချစ်တဲ့ ယောကျ်ားကို သူယူခဲ့တာပါပဲ။ သူ့အမျိုးသားက နိုင်ငံခြားမှာအလုပ်ရာထူးနဲ့ပြောင်းရွှေ့ဖို့ရာ စိတ်အားထက်သန်နေတယ်။

သူတို့အိမ်မှာ ပါတီပွဲလုပ်တော့ လူအများကြီးရှိနေတုန်းမှာ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေတော့တာနဲ့ ပတ်သက်ပြီး သူ့အမျိုးသားက တစ်ဖက်လူကို ဒေါသထွက်ထိုးကြိတ်မယ်လုပ်ရာမှာ အမျိုးသမီးက ဝင်ဆွဲတယ်။ ဒေါသက ဒီအမျိုးသမီးအပေါ် ပုံချပြီး ပါးရိုက်ပစ်လိုက်တာပါ။

စိတိလိုက်မာန်ပါဖြစ်နေချိန်ဆိုတော့ ရိုက်ပြီးတော့လည်း မတောင်းပန်ပါဘူး။ သူ့ခံစားချက်၊ သူ့ဒေါသကပဲ အရေးပါသလို မျိုး အမျိုးသမီးကို ပုံချသွားခဲ့တာ။

အိမ်ထောင်ကျကတည်းက ဒီယောကျ်ားမျက်နှာကို တစိမ့်စိမ့်ကြည့်၊ ပြုစုယုယ၊ ဝတ္တရားကျေပွန်စွာနဲ့ သက်ဝင်ရှင်သန်လာခဲ့တဲ့ အဲဒီအမျိုးသမီးက ချက်ချင်းတိတ်ဆိတ်ပြီး အသက်မဲ့သွားလိုက်တာ။

သူ့ဘာသာလည်း နားချမရတဲ့အဆုံး ဒီလူနဲ့မပေါင်းမှကို ဖြစ်တော့မှာမို့ ကွာရှင်းခွင့်တောင်းခဲ့တယ်။ တောင်းပန်လည်းမရတော့ဘူး။ ခြိမ်းချောက်လည်း နောက်မဆုတ်ဘူး။ လူကြီးတွေနားချလည်း မတုန်လှုပ်တော့ပါဘူး။

အဲဒီဇာတ်ကားကြည့်နေတဲ့တလျှောက်လုံး ဇာတ်ဆောင်အမျိုးသမီးရဲ့ခံစားချက်အတိုင်း ကြည့်နေသူ ကျွန်မတို့က ခံစားရတယ်။

ဘာလို့လဲဆိုတော့ ကျွန်မတို့ကလည်း အမျိုးသမီးတွေမလား။

အမျိုးသမီးတစ်ယောက်ရဲ့အချစ်ဆိုတာ ဒီယောကျ်ားက ကိုယ့်ကို ကိုယ်ထိလက်ရောက် နာကျင်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ကိုယ့်အပေါ်လေးစားတန်ဖိုးထားမှုနဲ့ချစ်ပေးမှာဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ရွေးကြတာ၊ လက်ထပ်ကြတာပါ။

အမျိုးသမီးတစ်ယောက်က ချစ်ပြီဆိုရင် ဆိုးမျိုးအကုန်သည်းခံပြီး ချစ်ကြတာများတယ်။

ဘယ်သူမှလည်း တားမရဘူး။ တန်ခိုးရှင်ဆင်းဖျက်လည်း ရမှာမဟုတ်ပါဘူး။

ဒါကလေ မစဉ်းစားတတ်လို့မဟုတ်ဘူးနော်။ ကိုယ့်ဘဝကိုယ် တန်ဖိုးထားတဲ့ မိန်းမသားတိုင်း စဉ်းစားတတ်ကြပါတယ်။ သူတို့ ချစ်မိသွားကြလို့ပါ။

စာတွေထဲမှာဆို အမျိုးသမီးတွေရဲ့စိတ်ကို ကောက်ကွေ့တဲ့မြစ်တွေအဖြစ်တင်စားပြီးရေးကြတယ်။

တကယ်တမ်းက ကောက်ကွေ့တာမဟုတ်ဘဲ ဖြောင့်တန်းတာလို့ ကျွန်မတော့မြင်တာပဲ။

ဘာလို့လဲဆိုတော့ ဘယ်သူမှတားမရတဲ့သူတို့အချစ်တွေကို တိခနဲရပ်သွားအောင် ဖြတ်တောက်ပစ်နိုင်တဲ့သူကလည်း သူတို့ချစ်တဲ့ အဲဒီယောကျ်ားတွေကိုယ်တိုင်ပဲ ဖြစ်နေကြလို့လေ။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

#မိန်းမတစ်ယောက်ရဲ့ခံစားချက်

လွတ်လပ်စွာ Share လို့ရပါတယ်။

Copy ကူးယူဖော်ပြခြင်းသည်းခံပါရှင်။

ဖတ်ရှုအားပေးကြတဲ့ စာချစ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙏

တစ်ရက်က ကျွန်မတို့ကျောင်းနေဖက်သူငယ်ချင်းတွေစကားပြောဖြစ်ကြတော့ ကိုယ်ရထားတဲ့ဘွဲ့၊ ကိုယ်ဝါသနာပါတဲ့အရာနဲ့ လက်ရှိအသက်မွေးဝမ်း...
12/06/2026

တစ်ရက်က ကျွန်မတို့ကျောင်းနေဖက်သူငယ်ချင်းတွေစကားပြောဖြစ်ကြတော့ ကိုယ်ရထားတဲ့ဘွဲ့၊ ကိုယ်ဝါသနာပါတဲ့အရာနဲ့ လက်ရှိအသက်မွေးဝမ်းကျောင်းအလုပ်တွေ ဘာမှမဆိုင်တဲ့အကြောင်း ရောက်သွားတယ်ပေါ့လေ။

ထိုင်းရောက်နေတဲ့သူငယ်ချင်းတွေဆိုလည်း သူငယ်ချင်းတွေအလျောက်၊ နယ်ကသူတွေလည်း နယ်အလျောက်ဝါသနာပါတာက တစ်မျိုး၊ ရထားတဲ့ ဘွဲ့တွေကတစ်မျိုး၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေက တစ်မျိုးတွေ ဖြစ်နေကြတယ်။

ဆရာဝန်တို့ဘာတို့လောက်ပဲ သူတို့ဘွဲ့နဲ့သူတို့အလုပ်ကိုက်တာတွေ့ရတယ်။ ဝါသနာနဲ့တစ်ထပ်တည်းကျမကျတော့ သူတို့ပဲသိမှာပါပဲ။

ကျွန်မကတော့ ဝါသနာနောက် နည်းနည်းလိုက်ခဲ့တော့ စာရေးသူတော့ဖြစ်ခဲ့ပါရဲ့။ ဒါပေမဲ့ ဘဝရပ်တည်လို့ရတဲ့အလုပ်မဟုတ်တော့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ ဆယ်နှစ်နီးပါးဝန်ထမ်းလုပ်ခဲ့ရ။

ဟော ဒီဘက်ရောက်လာပြန်တော့လည်း ဝါသနာပါတာပဲ လုပ်မယ်။ စာပဲရေးမယ်ဆိုပြီး ဝင်ငွေရှာရအောင်က ကျွန်မ Page က မြန်မာပြည်က page မို့ ဇူကာဘက် ဝင်ငွေရှာခွင့်ပိတ်ထားတဲ့ နိုင်ငံထဲပါနေသလို ဝင်ငွေပွင့်အောင် ကြိုးစားပြီးတော့လည်း စာထက် video တွေကိုသာ ပေးတာဆိုတော့ ရပ်တည်ဖို့ရာ အွန်လိုင်းပေါ်က freelance အလုပ်တွေ၊ အချိန်ပိုင်းအလုပ်တွေ ရှာလုပ်ရတယ်။

အဲဒီတော့ ဝါသနာက အလိုလိုနေရင်း နောက်ရောက်သွားပြန်ရော။

ဘယ်တော့များမှ ကိုယ်ဝါသနာပါရာလေးပဲလုပ်ပြီး အေးအေးဆေးဆေးရပ်တည်ခွင့်ရမလဲမသိပါဘူး။

ကျွန်မတစ်ယောက်တည်း အဲဒီလိုဖြစ်နေတာတော့ မ ဟုတ်ဘူးပေါ့လေ။ ဖြတ်သန်းခဲ့ရတဲ့ ခေတ်နဲ့ပဲဆိုင်မလား။

တချို့ဆို သူတို့ဘာဝါသနာပါခဲ့မှန်းတောင် မမှတ်မိကြတော့ဘူး။ လုပ်သင့်တယ်ထင်တာလုပ်ရင်း၊ လုပ်စရာရှိတာ လုပ်ရင်း ဒီတိုင်း ဒီအရွယ်ရောက်လာကြတာပဲ။

ဒီလိုကျတော့ ဒီဘက်ခေတ်ကလေးတွေက ကျွန်မတို့ထက် အခွင့်အရေးလေးတွေ ရှိတယ်လို့ မြင်မိတယ်။ ကျွန်မတို့တုန်းက ဖုန်းတွေ၊ အင်တာနက်တွေလည်းမရှိတော့ အမြင်မကျယ်သလို ရွေးချယ်စရာတွေ၊ ရွေးချယ်ခွင့်တွေလည်း အများကြီးမရှိဘူး။

ပြီးခဲ့တဲ့ရက်က ကျွန်မစာတစ်ပုဒ်တင်ခဲ့တာမှတ်မိဦးမယ်ထင်ပါတယ်။ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားတဲ့ မောင်ငယ်လေးတစ်ယောက်အကြောင်းလေ။

သူတို့သူငယ်ချင်းတစ်စုက လက်ရှိမှာ EduChoice အမည်နဲ့ ကျောင်းကိစ္စအတိုင်ပင်ခံ Page လေးထောင်ထားပြီး မြန်မာလူငယ်တွေအတွက် နိုင်ငံခြားကျောင်းတွေ ချိတ်ဆက်ပေးနေတော့ သူ့ဆီကနေ လူငယ်တွေအကြောင်း အများကြီးကြားရပါတယ်။

လူငယ်လေးတစ်ယောက်ဆိုရင် သူဝါသနာပါတာက စားဖိုမှူးပညာရပ်ပါ။ ဒါကိုပဲ ရူးသွပ်ပြီး ဒါနဲ့ပဲ သူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်။

ဆိုတော့ ဘန်ကောက်မှာ တက္ကသိုလ်တက်ဖို့ရာ ရွေးကြတော့ သူ့ မိဘတွေက တခြားမေဂျာလေးတွေရွေးစေချင်တာပေါ့လေ။ တော်တဲ့လူငယ်တွေအတွက် ရွေးချယ်စရာ ကျောင်းတွေကလည်း အများကြီးကိုး။

သူကတော့ ဒီစားဖိုမှူးမှ စားဖိုမှူးပါပဲ။ ယောကျ်ားလေးလည်းဖြစ်တော့ တခြား မေဂျာတွေရွေးဖို့ရာ မိဘတွေက တိုက် တွန်းပေမယ့် နောက်ဆုံးကျတော့ သားဖြစ်သူဆန္ဒကိုလိုက်လျောပြီး ဒီကျောင်းနဲ့ပတ်သက်တာတွေ EduChoice က ကျွန်မမိတ်ဆွေလေးတို့နဲ့ လာစုံစမ်းတိုင်ပင်ကြတာပေါ့လေ။

ဒီလူငယ်လေးတွေက ကိုယ်တိုင်ကျောင်းတက်ခဲ့ကြပြီး ဒီနယ်ပယ်ထဲ ကျင်လည်လာသူတွေဆိုတော့ လူငယ်ချင်းလည်း သေချာကူညီရွေးချယ်အကြံပေးနိုင်ကြတယ်။

အဲဒီကနေ ကျောင်းတက်ဖြစ်သွားတယ်။ ဝါသနာပါတဲ့အရာကို တကယ်တက်ခွင့်ရတာဆိုတော့ ကလေးကလည်း ကြိုးစားတယ်။ ပျော်လည်း ပျော်တယ်။

ဒီကျောင်းတွေက စာမေးပွဲစစ်တာကလည်း လုပ်ငန်းခွင်မှာ တကယ် အလုပ်လုပ်နေတဲ့ နိုင်ငံတကာက ဝါရင့်ပညာရှင်စားဖိုမှူးအစစ်တွေကိုယ်တိုင်လာ အကဲဖြတ်ပေးကြတာပါ။

လူတွေက ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ရရင် ပိုအပင်ပန်းခံနိုင်သလို ပိုလည်း ထူးချွန်ကြတာမို့ အဲဒီကနေ သူ့အရည်အချင်းကိုသဘောကျပြီး အလုပ်ကမ်း လှမ်းခံရတာနဲ့ သူက အချိန်ပိုင်းအလုပ်ပါ လုပ်ခွင့်ရတယ်။

အလုပ်လည်း သင်၊ အတွေ့အကြုံလည်းရ၊ တစ်ဖက်ကလည်း ကျောင်းတက်မပျက်၊ ဝင်ငွေကလည်း အချိန်ပိုင်း အလုပ်နဲ့တောင် ဘတ်သုံးလေးသောင်းလောက်ရတယ်တဲ့။

ကျောင်းပြီးရင်လည်း သူ့အတွက် နိုင်ငံတကာ အခွင့်အ လမ်းကောင်းတွေက တန်းစီနေတော့မှာ။

ကိုယ်လိုချင်တာ တကယ်သိပြီး ယုံကြည်ချက်ရှိရှိရွေး ချယ်ရဲတဲ့လူငယ်တွေက သတ္တိရှိသလို၊ ရွေးချယ်ခွင့်ပေးတဲ့ မိဘတွေကလည်း အမြင်ကျယ်လို့ပေါ့လေ။ မိဘတွေက ငွေကုန်ခံရကျိုးနပ်သလို လူငယ်တစ်ယောက်အနေနဲ့လည်းဖြစ်လာတဲ့ဘဝမှာ ဘွဲ့ကလည်း ဒါ၊ ဝါသနာကလည်း ဒါ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း ဒါဆိုတော့ ဘယ်လောက်တောင် ကျေနပ်ဖို့ကောင်းလဲ။

ဘဝတစ်ခုဖြစ်တည်လာရကျိုးနပ်လဲပေါ့လေ။

တစ်သက်မှာ တစ်ခါပဲ ရှင်သန်ခွင့်ရတဲ့ဘဝမှာ ကိုယ်ဝါသနာပါရာနဲ့ ရှင်သန်ခွင့်ရတာလေ။

ဒီဘက်ခေတ် လူငယ်တွေက ကျွန်မတို့ထက် ရွေးချယ်စရာတွေ ပိုများကြတယ်။

ပြီးတော့ သတ္တိလည်းရှိကြတယ်။

ဘာသတ္တိလဲဆိုရင် ကိုယ်လိုချင်တာကို တောင်းဆိုရဲတဲ့သတ္တိ၊ ကိုယ်လိုချင်တာမှမဟုတ်ရင် ငြင်းပယ်ရဲတဲ့သတ္တိပေါ့။

ရွေးချယ်စရာတွေ နည်းခဲ့သလို၊ ရွေးချယ်အခွင့်အလမ်းတွေလည်း နည်းပါးခဲ့တဲ့ ကျွန်မတို့ကတော့ ခုချိန်ထိ ဘဝကို ရရာနည်းလမ်းနဲ့ရင်ဆိုင်ရင်း တစ်ခါတလေ ကိုယ်ငယ်ငယ်က ဘာဖြစ်ချင်ခဲ့လဲဆိုတာကိုတောင် မေ့တဲ့အခါ မေ့။

အဆင်ပြေသလို လျှောက်လှမ်းရင်း ဘဝခရီးမှာ ငယ်အိပ်မက်တွေ ကျပျောက်ခဲ့ကြတာပေါ့လေ။

အဆင်ပြေလားဆိုရင် အဆင်တော့ ပြေပါတယ်။

ပျော်လားဆိုတော့….။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

ဒီလူငယ်လေးနဲ့စသိခဲ့တာ အရင်အလုပ်မှာ လုပ်ဖော် ကိုင်ဖက်တွေ အနေနဲ့ပါ။သူက သွက်လက်ထက်မြက်ပြီး လူတိုင်းနဲ့အဆင်ပြေအောင် အလိုက်အထ...
06/06/2026

ဒီလူငယ်လေးနဲ့စသိခဲ့တာ အရင်အလုပ်မှာ လုပ်ဖော် ကိုင်ဖက်တွေ အနေနဲ့ပါ။

သူက သွက်လက်ထက်မြက်ပြီး လူတိုင်းနဲ့အဆင်ပြေအောင် အလိုက်အထိုက် ပေါင်းသင်းဆက်ဆံတတ်တယ်။ အလုပ်ထဲမှာ စီနီယာအနေနဲ့ ကျွန်မက သင်ပြရတာတွေရှိတဲ့အခါ တက်တက်ကြွကြွသင်ယူတာကိုတော့ သဘောအကျဆုံးပါပဲ။

ဒီလိုလူတစ်ယောက်ဟာ ဘာမဆိုတတ်မြောက်လွယ်တာ မဆန်းပါဘူး။

သူ့ဖြတ်သန်းမှုတွေအကုန်မမြင်ရသေးခင်က အထင်လွဲခဲ့မိတာတွေတော့ ရှိဖူးတာပေါ့လေ။

ကျွန်မထက် ဆယ်နှစ်ကျော်ငယ်ပေမယ့် အလုပ်ထဲသူရောက်လာချိန်မှာ ရှေ့မှာ အလုပ်တွေ ပြောင်းခဲ့ပါပြီ။

တစ်ဖက်မှာလည်း ဘန်ကောက်တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေပါတယ်။ စကားပြောဆိုရင်းနဲ့ မိဘချမ်းသာလို့ထက် စကောလားရှစ်ရပြီး ကျောင်းတက်တာ၊ ကျောင်းရဲ့ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း အသင်းအဖွဲ့တွေနဲ့ ကောင်းကောင်းပါဝင်တာတွေ ကြားရသိရတော့ ထူးချွန်ကျောင်းသားဆိုတာလည်း အသိအမှတ်ပြုမိတယ်။

လျှော့တွက်တာမဟုတ်ပေမယ့် ကျွန်မစိတ်ထဲ ကျောင်းတစ်ဖက်နဲ့အလုပ်လာလုပ်တာဆိုတော့ အဲဒီလောက် သူ တာဝန်တွေယူနိုင်မယ်မထင်ခဲ့တာလေ။ ဒါပေမဲ့ လူငယ်တွေ တကယ်ကြိုးစားရင် တကယ်လုပ်နိုင်တယ်ဆိုတာကို သူ့ကိုတွေ့တော့ ကျွန်မ လက်ခံမိတယ်။ ပညာရေးဘက်တော်သလို အလုပ်မှာလည်း ဝင်ပြီးသိပ်မကြာခင် တစ်ရုံးလုံးနဲ့ အဖွဲ့ကျ၊ အလုပ်တွေလည်း အမီလိုက်လာနိုင်သူပါ။

ကျွန်မတို့က မီဒီယာမာကတ်တင်းကုမ္ပဏီဖြစ်ပြီး ကိုဗစ်စကတည်းက ရုံးပိတ်ပြီး အွန်လိုင်းကနေပဲ အလုပ်လုပ်ကြတာမို့ အမြဲလိုလို video call နဲ့ အလုပ်လုပ်ရတာများပါတယ်။ သူက အဲ့ဒီကာလမှစပြီး အလုပ်ဝင်လာတာပါ။ Project တစ်ခုခုအတွက် Content ပိုင်း ထိုင်ကြရင်လည်း သူအလုပ်လုပ်နေတဲ့နေရာတွေ ကြည့်လိုက်ရင် စာကြည့်တိုက်တစ်ခုခုဖြစ်နေတာများပါတယ်။ အင်တာနက်လည်း ဖရီးရ၊ အားတဲ့အချိန် စာလည်း ဖတ်လို့ရလို့တဲ့။

သူ့လိုအများကြီးလုပ်နေတာလည်းမဟုတ်၊ အိမ်မှာပဲ အမေချက်ကျွေးတာစားရင်း အလုပ်လုပ်နေတဲ့ ကျွန်မက တစ်လနေလို့ စာတစ်အုပ်မဖတ်အားတော့ပေမယ့် သူက အပေါ်ကပြောတဲ့အလုပ်တွေအားလုံးတစ်ပြိုင်တည်း လုပ်နေရက်နဲ့ကို သူဖတ်ပြီး ကောင်းတဲ့စာအုပ်တွေဆို ကျွန်မကိုတောင် ပြန်ညွှန်းပေးတတ်သူပါ။

ဒီကြားထဲသူက ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ဖို့ ညနေဆို ၅ ခွဲအလုပ်သိမ်းရင် သူက Gym ပြေးသေးတာပါ။

ဒီလောက်အလုပ်တွေများ၊ ကိုယ်ပိုင်အချိန်ဇယားတွေနဲ့ပြည့်နေလို့ လူမှုရေးဘက်လစ်ဟင်းလားဆိုတော့လည်း သူ့မှာ အပေါင်းအသင်းတွေ တရုန်းရုန်းနဲ့ပါ။ သူ့အခန်းကို သူ့ကျောင်းနေဖက်သူငယ်ချင်းတွေ လိုက်လာတာရှိသလို ကျောင်းနေဖက်သူငယ်ချင်းတွေအခန်းသာမက၊ စီနီယာ၊ ဂျူနီယာမြန်မာကျောင်းသားကျောင်းသူအုပ်စုတွေနဲ့ လည်း အမြဲအဆက်အသွယ်ရှိနေတာ မြင်ရတယ်။

ကျောင်းပိတ်ရက်တိုင်း ပင်လယ်သွား၊ ဘာသွားနဲ့ ခရီးတွေလည်း တောက်လျှောက်ထွက်နေတာပါ။

ခရီးသွားလို့ အလုပ်ကနေ ခွင့်ယူသွားတာလားဆိုတော့လည်း မယူပါဘူး။ ကွန်ပျူတာတစ်လုံးနဲ့ လေယာဉ်ပေါ်မှာ အလုပ်လုပ်တယ်။ ရထားစီးရင်း၊ တစ်ခါတလေ ကားစီးရင်း ကျွန်မနဲ့ zoom meeting လုပ်နေတာလည်း ခဏခဏကြုံရပါတယ်။

ကျွန်မတို့ရုံးက နှစ်ရက်ပိတ်တော့ ပိတ်ရက်တွေဘာလုပ်နေလဲဆိုရင် အင်္ဂလိပ်လိုကြေညာတဲ့ အသံလွှင့်အစီအစဉ် တစ်ခုမှာ အချိန်ပိုင်းလုပ်ပါသေးတယ်။

ဘန်ကောက်နဲ့ မနီးမဝေးက မြန်မာဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးတဲ့ ပရဟိတအလုပ်လည်း သူလုပ်ခဲ့သေးတယ်။ တစ်နာရီကျော်လောက် ကားစီးသွားပြီး စာသွားသင်၊ ပြီးတာနဲ့ ကားစီးပြီး ဘန်ကောက်ပြန်လာတယ်။

ကျွန်မတို့တွေရဲ့ အလုပ်ပိတ်ရက်တွေက နားတာ၊ လည်တာ၊ ချက်ပြုတ်စားတာတွေနဲ့ ပြည့်နေပေမယ့် သူ့ပိတ်ရက်တွေက အဲဒီလိုအလုပ်တွေနဲ့ပါ။

နောက်တော့ သူအလုပ်ထွက်တော့မယ်တဲ့။

အဆင်ပြေနေရက်နဲ့ဘာလို့ထွက်မှာလဲဆိုတော့ သူနောက်ထပ်အတွေ့အကြုံလိုချင်တဲ့ အလုပ်လေးတစ်ခု ရထားပြီတဲ့။ အဲဒီကနေ နောက်ထပ်အလုပ်နှစ်ခုပြောင်းတဲ့အထိ ကျွန်မက လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်ကတည်းက အလုပ်တစ်ခု ပဲလျှောက်ခဲ့ပြီး အဲဒီတစ်ခုမှာပဲ ပျော်လို့ မြဲနေတုန်းပါ။ သူနောက်ဆုံးရလိုက်တဲ့အလုပ်ကလည်း နေရာတော်တော်လေးကောင်းပါတယ်။

လိုင်းပေါ်ကနေ သူတင်နေတာတွေမြင်နေတွေ့နေရတာကိုး။

ကျွန်မအလုပ်ထွက်၊ ဘန်ကောက်ရောက်ပြီး သူနဲ့ပြန်အဆက်အသွယ်ရတော့ အဲဒီနောက်ဆုံးအလုပ်ကနေ ထွက်ခါစပါ။

သူက သူသွားချင်နေတဲ့နိုင်ငံရပ်ခြားတစ်ခုမှာ အလုပ်တစ်ခုရထားပါပြီ။

ကျွန်မမျက်စိထဲမှာ သူ့တိုးတက်လာမှုတွေကို အပင်လေးကြီးထွားလာတာကို တစ်ဆင့်ချင်း မြင်ခွင့်ရနေသလိုပါပဲ။ သူက လူအများစုလို ဘဝဆိုတာကို ခံစားချက်အတိုင်း၊ ကံတရားအတိုင်း ဖြတ်သန်းတာမျိုးမဟုတ်ဘဲ သူသွားချင်တဲ့နေရာကို သေချာသိပြီး သေချာစီမံပြီး တစ်ဆင့်ချင်းသွားနေတာမျိုးပါ။

ရည်ရွယ်ချက်ရှိရှိသူစုဆောင်းခဲ့တဲ့ အတွေ့အကြုံတွေကလည်း သူလိုချင်တဲ့အလုပ်မျိုးရွေးလို့ရတဲ့အနေအထားရောက်အောင် အပံ့အပိုးဖြစ်စေမှာပေါ့လေ။ အလုပ်တွေပြောင်းနေလို့ အလုပ်သေချာမလုပ်တာလားဆိုတော့လည်း အလုပ်တိုင်းမှာ သူကျွမ်းကျင်တဲ့ အထိ၊ သေချာလုပ်ပြီးမှ အဆင်ပြေပြေနဲ့ ပြောင်းခဲ့တာမျိုးပါ။

ဘန်ကောက်မှာ ကျွန်မတို့ပြန်ဆုံကြတော့ သူက သူသွားချင်တဲ့နိုင်ငံထွက်ဖို့ရာ စောင့်နေချိန်ပါ။

ရှေ့ကအလုပ်တွေလုပ်နေရင်းနဲ့ သူတို့သူငယ်ချင်းတစ်စုစထားခဲ့တဲ့ အလုပ်လေးတစ်ခုအကြောင်းလည်း ပြောပြ တယ်။ EduChoice နာမည်နဲ့ ပညာရေးနဲ့ပတ်သက်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးလို့ရတဲ့ Educational Consultant အလုပ်လေးပေါ့လေ။

အဓိကက ထိုင်း၊ စင်္ကာပူ၊ မလေးရှားနဲ့ အနောက်နိုင်ငံတွေမှာ ကျောင်းသွားတက်ချင်တဲ့ မြန်မာလူငယ်တွေအနေနဲ့ သူတို့နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးလို့ရတယ်။

ကျောင်းတွေချိတ်ဆက်ပေးတာ၊ စာရွက်စာတမ်းနဲ့ပတ်စ်ပို့ကိစ္စတွေလိုအပ်ရင် ဝန်ဆောင်မှုပေးတာကနေ ကျောင်းသွားတက်ဖြစ်ပြီဆိုတဲ့အခါ နေထိုင်ဖို့ အဆောင်အထိပါ ကူညီစီစဉ်ပေးကြတာမျိုးပေါ့လေ။

လိုင်စင်ရ လုပ်ငန်းလေးဖြစ်ပြီး တိုတောင်းတဲ့တစ်နှစ်ကျော်အတွင်း ကျောင်းသားပေါင်းရာနဲ့ချီပြီး ကျောင်းတွေ ချိတ်ဆက်ပေး၊ ပို့ပေးပြီးပါပြီတဲ့။

လူနည်းနည်းလေးနဲ့ အလုပ်ကိုယ်စီတွေနဲ့ကို ဒီဝန်ဆောင် မှုလုပ်ငန်းကို ကျစ်ကျစ်လျစ်လျစ်လုပ်နေကြတာပါ။

အလုပ်အတူလုပ်ကတည်းက သူ့စိတ်ကူးတွေ ကြားခဲ့ဖူးတော့ ဪ သူတကယ် အကောင်အထည်ဖော်နိုင်ပါလားပေါ့။ သူ့အလုပ်ရဲ့ထိရောက်တဲ့ ရလဒ်လေးတွေကို ပြောပြတော့ ကျွန်မအတွက် စဉ်းစားစရာတွေလည်း ရတာပေါ့လေ။

အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့ဆီက လူငယ်တွေ ရေကြည်ရာ မြက်နုရာရှာရင်း တစ်ရက်တစ်ရက်က နိုင်ငံရပ်ခြားကို ထွက်နေကြတယ်။ ကျွန်မက ပညာသင်အရွယ်မဟုတ်သလို အဆက်စပ်လည်း သိပ်မရှိတော့ တွေးမိတာက ဪ ကိုယ့်ဆီကနေ ဆယ်တန်းအောင်ပြီးမှ ဒီဘက်တွေမှာ ကျောင်းဆက်တက်လို့ ရမယ်ပေါ့။

တကယ်က ရွေးချယ်စရာတွေရှိတယ်ရယ်။ သူပြောပြမှ သိတာပါ။

ပညာရေးဘက်ဆိုင်ရာ တက္ကသိုလ်တွေအပြင် ရှစ်တန်းအောင်တာနဲ့ ရွေးလို့ရတဲ့ သက်မွေးပညာကျောင်းတွေလည်း တက်လို့ရပါတယ်။ တက္ကသိုလ်တိုင်းကလည်း စျေးမကြီးပါဘူး။ တစ်နှစ်လုံးနေမှ ဘတ် ၅ သောင်းနဲ့ တက်နိုင်တဲ့ ကျောင်းတွေတောင် ရှိတယ်တဲ့။ ကျွန်မက ထိုင်းရောက်နေတော့ သူက ထိုင်းနဲ့ဆက်စပ်တာပြောပြတာပေါ့လေ။ လူငယ်တွေပဲမဟုတ်ဘဲ ဘွဲ့ရပြီးသားလူလတ်ပိုင်းတွေလည်း ဆက်တက်နိုင်တဲ့ကျောင်းတွေအကြောင်းရောပေါ့။

အဲဒီမှာလည်း စိတ်ဝင်စားစရာ လက်တွေ့ဘဝအကြောင်းတွေ အများကြီးပဲရယ်။

မိဘနဲ့သားသမီးကြား ပညာရစရာတွေလည်း ပါတာမို့ ကြုံကြိုက်တဲ့အခါ အဲဒါလေးတွေ ကျွန်မ Page ပေါ် ပြန်မျှဝေပါဦးမယ်။

ကျွန်မခဏခဏတွေးမိတာက သူများနိုင်ငံမှာ ကိုယ့်လူငယ်တွေ ပင်ပန်းကြတယ်ပေါ့။ ရေကြည်ရာ မြက်နု ရာထွက်ပေါက်အနေနဲ့ ရွေးကြတယ်ဆိုပေမယ့် ပညာရေးကလည်း ပိုကောင်းတဲ့ထွက်ပေါက်ဖြစ်နိုင်တာပဲပေါ့လေ။

အမှန်အတိုင်းပြောရရင် အရင်က မိုတီဗေးရှင်းစပီကာတွေရဲ့ဟောပြောချက်တွေကို ကျွန်မနားထောင်လေ့ မရှိခဲ့ဘူး။ ငယ်ငယ်ကတော့ စာအုပ်တွေဖတ်ခဲ့ဖူးတာပေါ့လေ။ ကိုယ်တိုင်လူကြီးဖြစ်လာပြီး ရုန်းကန်ရတဲ့အခါ ဒါတွေက လက်တွေ့ဘဝနဲ့ မနီးစပ်တဲ့ ပုံပြင်တွေလို ခံစားလာရတယ်။

ဒါပေမဲ့ အပြောမဟုတ်ဘဲ တကယ်လက်တွေ့လုပ်၊ ကိုယ်ဖြစ်ချင်တဲ့ဘဝကို လက်တွေ့တည်ဆောက်နေတဲ့ ဒီလိုလူငယ်တွေမြင်ရတော့လည်း ဘဝကို အကွက်ကျကျသွားတဲ့ မိုတီဗေးရှင်းပုံပြင်ဆန်ဆန် ဘဝတွေက တကယ် ရှိပါလားပေါ့။

ခုထိတော့ ကျွန်မတို့နဲ့အဝေးကြီးကို ရောက်မသွားသေးလို့ သူ့ကို ကျွန်မတို့ မြင်နေရသေးတယ်။

သူအလုပ်လုပ်ပုံ၊ အလုပ်တွင်နေပုံမျိုးနဲ့ဆို တစ်နှစ်ချင်းစီတိုင်းက သူ့အတွက် လှေကားထစ်တွေ ဖြစ်နေလို့ နောင်ငါးနှစ်လောက်ဆို သူရောက်နေမယ့်အမြင့်ကို ခန့်မှန်းလို့ရနေတယ်။

အတောင်အကုန်ဖြန့်ပြီး အမြင့်ကြီးပျံတဲ့ ငှက်ကလေးတွေဆိုတာ ဒီလိုလူငယ်တွေပေါ့။

မိုတီဗေးရှင်းပုံပြင်တွေက အပြင်မှာတကယ်ရှိလားဆို ရှားပေမယ့် တကယ်ရှိပါတယ်။

ဒါပေမဲ့ သူတို့က သူတို့ရှိတဲ့အကြောင်း တကယ်အလုပ်လုပ်ရင်းနဲ့ သက်သေပြနေလို့ တခြားသူတွေကို လိုက်နည်းလမ်းပေးနေဖို့ရာ အချိန်မရှိတာတစ်ခုပါပဲ။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

#မိုတီဗေးရှင်းပုံပြင်ထဲကလူငယ်လေးတစ်ယောက်အကြောင်း

နေ့လယ်က ကျွန်မသူငယ်ချင်းနဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်တော့ သူက သူမိုးကုတ်ပြန်ရင် စားမယ်လို့ တွေးထားတဲ့အစားအသောက်တွေကို စ...
05/06/2026

နေ့လယ်က ကျွန်မသူငယ်ချင်းနဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်တော့ သူက သူမိုးကုတ်ပြန်ရင် စားမယ်လို့ တွေးထားတဲ့အစားအသောက်တွေကို စာရွက်ပေါ်တန်းစီချရေးထား တယ်ဆိုပြီး ပုံပို့လာပါတယ်။

ခါတိုင်းဆို ရယ်မိမှာပေမယ့် ခုရက်ပိုင်း ဒီဘက်ရာသီဥတုက မိုးလေးတအုံ့အုံ့ လေလေးတဖြူးဖြူးနဲ့ဆိုတော့ ကျွန်မမှာ မရယ်နိုင်ဘဲ ပိုလွမ်းသွားမိရပါတယ်။

ဒီလိုရာသီဥတုဆို မိုးကုတ်မှာ ဘယ်လိုရာသီပေါ်အသီးအရွက်တွေ စားနေကြပြီပေါ့။

တွေးရင်းနဲ့ ငယ်ငယ်က အကြောင်းတွေပါ ရောက်ရော။
ကျွန်မမှတ်မိသလောက်ဆို ကျွန်မတို့ငယ်ငယ်ကတည်း က မိုးကုတ်မှာ ပူတဲ့ရာသီဆိုတာ မရှိသလောက်ပါပဲ။

အရင်ကတော့ သစ်ပင်တွေပိုများတော့ ပိုဆိုးတာပေါ့လေ။ မိုးရာသီက အရှည်ဆုံးဖြစ်ပြီးတော့ ဆောင်းတွင်းလည်း သူ့နည်းတူပါပဲ။

ဘာလို့လဲဆို ဆောင်းတွင်းဆို အေးလွန်းလို့ ဘယ်တော့မှ မကုန်တော့ဘူးထင်ရလောက်အောင် ဆောင်းတာရှည်လွန်းလို့ပါ။ မနက်မနက်ဆို စောင်ပုံထဲကကို မထွက်နိုင်တာနဲ့ စောစောထချက်ပြုတ်စားကြတဲ့ အဖေတို့အမေတို့က နှိုးမရရင် ဆူလွန်းလို့ အမေဆူတဲ့ရာသီလို့တောင် ကျွန်မက ဆောင်းတွင်းကို နာမည်ပေးထားတာ။

ဆောင်းတွင်းဆို စားစရာတွေကလည်း ကျွန်မအကြိုက်တွေချည်းပဲ။ ခေါပုတ်ကင် မီးဖိုပေါ်ကချချချင်း ဆီတို့ဟူးနဲ့ ပူပူလောလော တို့စားရတဲ့အရသာဆို ဆောင်းတွင်းနဲ့ တအားလိုက်တာလေနော်။

ပြီးတော့ အထမ်းသည်နဲ့လာရောင်းတဲ့ ဝက်နန်တုန်တို့ဆို ဆောင်းတွင်းမှ စားရတာ။ ကျွန်မအဖေရှိတုန်းကတော့ ဆောင်းတွင်းဆို တောဂျင်း(ချင်း) ခဏခဏထောင်းကျွေးတယ်။

ဝမ်းတွင်းနွေးအောင်လို့တဲ့။

တောဂျင်းကမှ ပူပါစပ်ပါတယ်ဆို ငရုတ်သီးနဲ့ ထောင်းစားကြတာကျွန်မတို့က။ မုန်ညင်းစောနဲ့ ဂျင်းထောင်းဆိုရင် တအားလိုက်ဖက်တာ။

ဆောင်းတွင်းထက်ရှည်တာက မိုးတွင်းထင်တာပဲ။

တောင်တွေ၊ သစ်ပင်တွေကြား ဒယ်အိုးပုံထဲရောက်နေလို့လားမသိပါဘူး။ ကျွန်မတို့မြို့က မိုးစောတယ်။ ငယ်ငယ်ကဆို ဆောင်းတွင်းပြီးရင် နွေတောင် သိပ်မရှိလိုက်သလိုပါပဲ။ မိုးတွင်းကို တန်းရောက်ပါတယ်။

သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တိုင်း မိုးသည်းကြီးမည်းကြီးရွာတတ်ပြီး အဲဒီကနေ မိုးရာသီစ တော့တာပါ။ မိုးတွင်းဆို ကျွန်မကြိုက်တဲ့ အင်ဥမှိုလည်း ပေါ်တယ်။ ငယ်ငယ်ကဆို အင်ဥကြော် နို့ဆီဘူး နှစ်ဘူးလောက်တော့ ကျွန်မတစ်ယောက်တည်း တစ်ထိုင်တည်းစားနိုင်ပါတယ်။ မှိုတွေထဲမှာ အင်ဥကို အကြိုက်ဆုံးပါပဲ။

ဒါပေမဲ့ ဘာလို့လဲမသိဘူး။ အသက်သုံးဆယ်ကျော်တော့ အင်ဥလုံးဝစားမရတော့ပါဘူး။ စားပြီးတာနဲ့ နာရီဝက် မကြာဘူး။ ချက်ချင်းအော့အန်ပြီး နေမကောင်းတော့ပါဘူး။ အစကတော့ တခြားအစားအသောက်တွေပါ စားမိလို့ ထင်ပြီး ကျွန်မငတ်ကြီးကျချက်က သုံးခါလောက်တောင် စမ်းကြည့်တာပါ။ သုံးခါလုံးဖြစ်မှ ကျွန်မလည်း မစားရဲတော့ဘူး။

တခြားဟာသာ မကြိုးစားကြည့်ပေမယ့် ကိုယ်အကြိုက်ဆုံး အစားအသောက်ဆိုတော့ လွယ်လွယ်နဲ့လက်မလျှော့ချင်တဲ့ ကျွန်မပါ။

မုန်ညင်းပေါင်းကတော့ အမြဲစားဖြစ်တဲ့အစားအစာပေါ့။ တစ်ပတ်ကို သုံးလေးရက်လောက်မှ မုန်ညင်းပေါင်းမစားရရင် မပြည့်စုံသလိုပါပဲ။

မန္တလေးမှာ နှစ်ရှည်လများအလုပ်သွားလုပ်တော့မုန်ညင်း ပေါင်းစားချင်လို့ ရှာရတာ အမောပါ။ မန္တလေးမှာကျတော့ ရှမ်းပြည်အစုံက မုန်ညင်းပေါင်းတွေ၊ ဟင်းထုပ်ပေါင်းတွေ၊ ငါးပေါင်းတွေ ရှိတော့ အစုံစားကြည့်ဖူးပါတယ်။

သူ့မြို့အရသာနဲ့သူနာမည်ကြီးကြတာဆိုတော့ စားလို့လည်း တစ်မျိုးစီကောင်းကြပါတယ်။ တချို့ပေါင်းနည်းတွေက အဆာပလာအစုံထည့်ပြီး စိုစိုဖတ်ဖတ်လေး ပေါင်းတာပေါ့လေ။ ခရမ်းချဉ်သီး၊ ကြက်သွန်တွေ၊ တချို့ဆို တခြားအရွက်တွေပါ ရောတာစားဖူးတယ်။

ကျွန်မတို့ဘက်ပေါင်းနည်းကျတော့ ဆန်မှုန့်၊ မုန်ညင်းနဲ့ မြေပဲဆန်၊ ပဲပုပ်ထောင်းမှုန့်ပဲ ထည့်တယ်။ တချို့တွေ ချင်း (ဂျင်း) ပါပါတယ်။ စိုစိုဖတ်ဖတ်ဘက်မရောက်ဘဲ ဆန်အရသာ ထုပ်တဲ့၊ စီးတဲ့ဘက်သွားတာပေါ့လေ။ အဲဒါကို ကြက်သွန်ဖြူဆီကျက်ဝါဝါလေးဆမ်းပြီး ငရုတ်သီးမှုန့်ကြော်မွှေးမွှေးလေးနဲ့စားတာပေါ့လေ။

ကျွန်မတော့ ထမင်းနဲ့စားလည်းကြိုက်၊ ဒီတိုင်းစားလည်း ကြိုက်ပါတယ်။

အဝေးရောက်နေလို့ မိုးကုတ်ဆိုပြီး အတွေးထဲရောက်လာရင် မုန်ညင်းပေါင်းစားချင်စိတ်က အရင်ဝင်တာပါ။

ရှမ်းခေါက်ဆွဲဆိုရင်လည်း ရှမ်း၊ တရုတ်လက်ရာတွေဆိုတော့ တော်တော်စားကောင်းပါတယ်။ မုန်ညင်းချဉ်တွေ ဆိုလည်း မုန်ညင်းပေါပြီး ကိုယ်တိုင်တည်ကြတော့ လတ်လတ်ဆတ်ဆတ်စားရပါတယ်။

ဆောင်းဝင်ခါစဆို မုန်လာဥပေါတဲ့အချိန်မို့ မုန်လာဥချဉ် တည်ကြပါတယ်။

နောက်ထပ် ဘယ်ရောက်ရောက် အမြဲသတိရတာဆိုရင် မိုးကုတ်လက်ရာ ဝက်သားဒယ်ကြီးနှပ်ပါ။ ကထိန်တွေ၊ အလှူတွေနဲ့ ပွဲလမ်းသဘင်တွေမှာ ဒယ်ကြီးတွေနဲ့နှပ်ကြတဲ့ ဝက်သားနှပ်ပေါ့။ အိမ်မှာနှပ်စားလည်း အဲဒီအရသာ မရသလို ဆိုင်ကြီးတွေမှာ စားလည်း အဲဒီအရသာကို မရပါဘူး။

အခုတော့ ကိုဗစ်ကတည်းက စလိုက်တာ။ အခုဒီဘက်နှစ်တွေအထိ လူတွေမစည်၊ လူတွေလည်း မစုံတော့ပါဘူး။

ငယ်ဘဝတွေလည်း ပြန်မရနိုင်တော့ဘူးပေါ့လေ။

လိုင်းပေါ်မှာ တွေ့မိတိုင်း ကိုယ့်မြို့လေးကိုယ် ပြန်ပြန်သတိရမိတဲ့ စာလေးတစ်ကြောင်းရှိပါတယ်။

“ လူတိုင်းမှာ အမြဲလွမ်းနေရတဲ့မြို့လေးတစ်မြို့တော့ရှိကြတယ်” တဲ့။

ဟုတ်မှာပါ။

ရေကြည်ရာ မြက်နုရာနေထိုင်နေရပေမယ့် မနက်လင်းလို့ ပြတင်းပေါက်ဖွင့်တိုင်း လေပူတွေ ဝင်လာတဲ့အခါ ပြတင်းပေါက်ဖွင့်တာနဲ့ အေးစိမ့်နေတဲ့လေအေးလေး ပြေးဝင်လာတဲ့၊ စိမ်းညှို့ညှို့တောင်တန်းကြီးတွေ နီးနီးလေးလှမ်းမြင်နေရတဲ့၊ ဆောင်းတွင်းဆို တစ်တောင်လုံးနေကြာဝါဝါတွေနဲ့ပြည့်နေတဲ့ သဘာဝပန်းချီကားကို မြင်ခွင့်ရတဲ့ မြို့ကလေးကို လွမ်းတာအမှန်ပါပဲ။

အမြဲအေးစိမ့်နေတဲ့ တောင်ကျရေကိုလည်း လွမ်းပါတယ်။

မိုးရွာပြီးခါစ မြေသင်းနံ့ထွက်နေတဲ့ မြေနီလမ်းကလေးတွေ၊ တောင်တက်လမ်းတွေကိုလည်း လွမ်းပါတယ်။

ဆောင်းတွင်းအေးအေးမှာ နှာရည်ထွက်လောက်အောင် ချမ်းတုန်ပြီး ဆိုင်ကယ်စီးရတဲ့အရသာကိုလည်း လွမ်းပါတယ်။

တစ်နေရာရာမှာ မုန်တိုင်းရှိလို့ မိုးတွင်းကြီး မိုးရွာတဲ့အခါ တစ်နေကုန် မီးဖိုထားရပြီး ကြောင်လေးတွေ၊ ခွေးလေးတွေပါ မီးဖိုနားက မခွာနိုင်တဲ့အချိန်တွေကိုလည်း လွမ်းပါတယ်။

တစ်ခုခုကို လွမ်းရတယ်ဆိုတာ သိမ်မွေ့သလောက် စိတ်ထဲမှာ ဆောက်တည်ရာမဲ့တဲ့ ခံစားမှုတစ်ခုပါ။

ပြီးတော့ အဲဒီအလွမ်းဆိုတာလည်း ကျွန်မတို့ငယ်ဘဝတွေ၊ ကျွန်မတို့ကြီးပြင်းလာရာဝန်းကျင်တွေ၊ အစားထိုးလို့ မရတဲ့ အချိန်ကာလတွေနဲ့ ချိတ်ဆက်ထားတာမို့ ဘယ်နေရာရောက်ရောက် လူတွေက ကိုယ့်ရပ်ကိုယ့်ဒေသကို ခဏမေ့ရင်မေ့မယ်။ အပြီးအပိုင်တော့ မမေ့နိုင်ကြဘူးဆိုတာ ဖြစ်နိုင်ပါတယ်။

အဝေးရောက်လူကြီးသူမတွေက အသက်အရွယ်ကြီးရင့်လာချိန်မှာ ကိုယ့်ဇာတိမြို့ပဲပြန်ချင်ကြတာ၊ နေထိုင်မကောင်းတဲ့အခါ ကိုယ့်ဇာတိရပ်ရွာက အစားအသောက်တွေ၊ ငယ်ဘဝအစားအသောက်တွေကို တောင့်တကြတာ ဟာ ဒီခံစားမှုတွေကို ပြန်သတိရရှာကြတာဖြစ်မှာလို့လည်း တွေးမိတယ်။

ကျွန်မဆိုလည်း ဘယ်ရောက်ရောက် အသက်ကြီးလာတဲ့တစ်နေ့ ငါ့မြို့လေးမှာပဲပြန်နေမယ်ဆိုတဲ့ အတွေးအမြဲရှိတယ်။

အခုလည်း အသိတွေက “ ဘယ်တော့ပြန်မှာလဲ” မေးတိုင်း အတိတ်နိမိတ်ဖြစ်အောင် “ ပြန်တော့မှာ” လို့ ကျွန်မ အမြဲဖြေတယ်။

အိမ်ပြန်ပြီးတဲ့တစ်နေ့ကျရင် ကျွန်မဘယ်မှ ထပ်မသွားတော့ဘူးလို့လည်း အဝေးရောက်တိုင်း စဥ်းစားဖူးတယ်။

ဒါပေမဲ့...။

တကယ်အမြဲပြန်နေဖြစ်တော့တဲ့အခါ ချစ်စရာကောင်းပြီး အေးချမ်းတဲ့ ကျွန်မတို့ မြို့ကလေးအကြောင်း၊ အရသာရှိတဲ့ အစားအသောက်တွေအကြောင်း၊ ကိုယ်ပိုင်ဓလေ့လေးတွေအကြောင်း၊ ပြီးတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ မြို့သူမြို့သားတွေအကြောင်း ကျွန်မရဲ့မိတ်ဆွေ စာဖတ်သူများကို စာလေးတွေရေးပြီး အေးချမ်းမှုလေးတွေ ပြန်မျှဝေချင်ပါ​တယ်။

ဘယ်အချိန်မှ အကောင်အထည်ပေါ်လာမယ်မှန်းမသိတဲ့ စိတ်ကူးလေးတစ်ခုပေါ့လေ။

ခုချိန်ထိတော့ အိမ်မပြန်နိုင်သေးပါဘူး။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

#မြို့ကလေးသို့အလွမ်းပြေ

#မိုးကုတ်အလွမ်းပြေစာစု

ကျွန်မတို့ငယ်ငယ်တုန်းက တအားမေ့တတ်တဲ့ အန်တီတစ်ယောက်ရှိတယ်။ သူက ကျွန်မအမေနဲ့သူငယ်ချင်းဆိုတော့ ကျွန်မတို့တွေ ဘုရားအတူတူသွား...
23/05/2026

ကျွန်မတို့ငယ်ငယ်တုန်းက တအားမေ့တတ်တဲ့ အန်တီတစ်ယောက်ရှိတယ်။

သူက ကျွန်မအမေနဲ့သူငယ်ချင်းဆိုတော့ ကျွန်မတို့တွေ ဘုရားအတူတူသွားကြတာ။ အလှူငွေထည့်တော့ ဂေါပ ကလူကြီးက နာမည်ရေးဖို့မေးတာ သူ့ယောကျ်ားနာမည်ကို မေ့နေတာတဲ့။

“ ငါ့ ယောကျ်ားနာမည် ဘယ်သူ” ဆိုပြီးတော့ လေးငါးခါထပ်မေးနေလို့ ကျွန်မတို့မှာ ရယ်လိုက်ရတာ။ နှစ်တွေ တော်တော်ကြာတဲ့အထိလည်း အကြောင်းတိုက်ဆိုင်ရင် ပြောပြောပြီး ရယ်မိတုန်းပဲ။

နောက်တစ်ယောက်ကတော့ ကျွန်မသူငယ်ချင်းရဲ့အဘွားပါ။ သူငယ်ငယ်တုန်းက သူတို့အိမ်လေး မီးထဲပါသွားဖူးတယ်တဲ့။ အိမ်နီးချင်းအိမ်က ထမင်းချက်ရင်း မီးလောင်တာပါ။

ဆိုတော့ အသက်ကြီးတဲ့အထိ အထုပ်ကလေးတစ်ထုပ်အမြဲထုပ်ထားပြီး အဲ့ဒီထဲမှာ သူပိုင်ဆိုင်သမျှလေးတွေကော၊ အိမ်စာရွက်စာတမ်းတွေကော သူသုံးနေကျဆေး လေးတွေကော ထည့်ထည့်ပြီး ညဆို အိပ်တာတဲ့။

တစ်နေရာရာသွားမယ်ဆိုရင်လည်း အဲ့အထုပ်နဲ့ဆိုတော့ သူ့ကြည့်ရတာ ပင်ပန်းလာတဲ့ သားသမီးမြေးမြစ်တွေက “အမေကလည်း ယူမနေပါနဲ့။ အရင်ခေတ်လိုမှ မဟုတ်တော့တာ။ မီးမွှေးချက်တာလည်း မရှိတော့ဘူး။ လျှပ်စစ်နဲ့ချက်တာ အဲ့လောက် မီးလောင် မလွယ်တော့ပါဘူး” ပြောလည်း မရဘူး။

“ အိမ်တစ်လုံး မီးလောင်ပြာကျသွားတဲ့ခံစားချက်၊ နောက်ထပ်အိမ် တစ်လုံးဖြစ်အောင် ရုန်းကန်ရတဲ့ခံစားချက် မင်းတို့မှ မသိတာ” လို့ ပြောတယ်တဲ့။

အဲဒီတုန်းကတော့ တစ်နေရာရာသွားမယ်ဆိုရင် အဘွားကသူ့အထုပ်ကြီးတကားကားနဲ့ဆိုတော့ ကျွန်မတို့ ကလေးတွေက ကြိတ်ရယ်ကြတာပေါ့။

နောက်အန်တီတစ်ယောက်ကတော့ ခါးတို့ရင်ယောင်တတ်တာပါ။ ခိုင်းတာ အကုန်လုပ်တာပဲ။ လူကြားထဲကဆိုလည်း ကွေးနေအောင် ထကလိုက၊ ဘယ်သူ့ကိုချစ်တယ်ပြောလိုက်ဆို ချစ်တယ်ပေါ့။

လူတွေက သူ့ကြည့်ပြီး တဝါးဝါးတဟားဟားနဲ့။

သူ့မှာတော့ ယောင်နေတာပြေသွားရင် ချွေးတွေနဲ့ ဟော ဟဲဆိုက်အောင်တောင်မောနေရှာတာ။

“ အသာလုပ်ကြပါအေ။ မောလိုက်တာ။ လူကြားထဲ အဲ့လိုကြီးမစကြစမ်းပါနဲ့” ပြောလည်း စကြတာပါပဲ။

နောက်ထပ်အဘွားတစ်ယောက်ကတော့ လူစုံပြီဆို လူ့ လောကထဲက သူ့ထက်အရင်ထွက်ခွာသွားတဲ့ သူ့မိဘ ဘိုးဘွားတွေ၊ မောင်နှမတွေနဲ့ သူ့သားသမီးတွေ၊ မိတ် ဆွေသူငယ်ချင်းတွေအကြောင်း ပြန်ပြန်တူးဆွပြီး ငိုတာပါပဲ။

ကျွန်မသူငယ်ချင်းတို့ရဲ့အဘွားဆိုတော့ ကျွန်မတို့လည်း အဲဒီဒဏ်ခံရတာပေါ့။ အဘွားရှေ့ရောက်လို့ သွားနှုတ် ဆက်မိရင် ထိုင်ဦးဆိုပြီး ငယ်ဘဝအဖြစ်သနစ်တွေအကုန်မရပ်မနားပြောတော့တာ ပြန်ထမရလို့ သွားတဲ့လူတိုင်းက ပြောစမှတ်ဖြစ်ရတယ်။

ကျွန်မအဒေါ်ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ မေ့တတ်လို့ဆိုပြီး ဘာမဆို စာရွက်ထဲရေးမှတ်ပြီး ထားတာ။ အဲ့ဒီမှတ်ထားတဲ့ စာရွက်ပါ ပျောက်သွားလို့တဲ့။

နောက်အန်တီတစ်ယောက်ကတော့ ဂုတ်ပိုးတွေတက်၊ အဝလွန်ပြီး လမ်းလျှောက်ရင် အိပဲ့ အိပဲ့နဲ့။ သူငယ်ချင်းတစ်ယောက်က လူစုံပြီဆို “ ဒေါ်ဝကြီးလျှောက်တဲ့ပုံစံ” ဆိုပြီး လျှောက်ပြတတ်လို့ ကျွန်မတို့မှာ ရယ်ရတယ်။

အခုတော့ ကျွန်မတို့တွေလည်း လူလတ်ပိုင်းအရွယ်တွေရောက်လာကြပြီပေါ့လေ။

အပြင်ပန်းကြည့်ရင် မအိုသေးဘူး။ အလုပ်လုပ်ကောင်းတုန်းအရွယ်၊ လှလှလေးနေရင် လှလို့ရသေးတဲ့အရွယ်၊ တချို့ဆို ဆယ်နှစ်လောက်ငယ်တဲ့ သုံးဆယ်ဝန်းကျင်အရွယ်လေးတွေနဲ့အပြိုင် နုချင်ယောင်ဆောင်လို့ရသေး တဲ့အရွယ်ဆိုပေမယ့် သတိထားကြည့်မိမယ်ဆိုရင် ဆုတ်ယုတ်တဲ့အရာတွေ တဖြည်းဖြည်းဆုတ်ယုတ်လာနေပြီး လက်ခံရမယ့်အရာတွေကို တဖြည်းဖြည်းလက်ခံလာနေရပါပြီ။

မသိသာသေးပေမယ့် ငယ်ငယ်ကလိုတော့ ကျွန်မတို့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။

မသိသာသေးပေမယ့် ပျော်ပွဲရွှင်ပွဲကိစ္စတွေမှာ လူငယ်တွေလောက် ကျွန်မတို့ မပျော်တတ်တော့ဘူး။

မသိသာသေးပေမယ့် ငယ်ငယ်ကလောက် အမောမခံနိုင်တော့ဘူး။

ခြေလက်တွေထဲ ခွန်အားမထည့်နိုင်တော့ဘူး။

ဝလာရင်တောင် ဝိတ်ပြန်ချဖို့ မလွယ်တော့ဘူး။

ငယ်ငယ်က သိပ်ချောလှခဲ့တယ်ဆိုတာ မမှတ်မိလောက်အောင် မေးနှစ်ထပ်၊ ဗိုက်နှစ်ထပ်နဲ့ ဝဖြိုးနေတဲ့ ရွယ်တူကျောင်းနေဖက်သူငယ်ချင်းယောကျ်ားလေး၊ မိန်းက လေးတွေကိုလည်း မျက်ဝါးထင်ထင် မြင်နေရပြီ။

အခုအသက်အရွယ်ရောက်မှ အိုးအိမ်တွေပြာကျပျက်စီးပြီး အိုးအိမ်မဲ့ ဘဝရောက်မှာ၊ အိမ်တစ်လုံးပြန်ရဖို့ အစကနေ ပြန်ရုန်းကန်ရမှာတွေကိုလည်း တွေးကြောက်တတ်လာပြီ။

ကျွန်မတို့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့၊ အားကိုးရာအရိပ်မိုးပေးခဲ့တဲ့သူတွေ၊ ချစ်ခင်သူတွေ တဖြည်းဖြည်းထွက်ခွာ သွားကြတဲ့အဖြစ်ကို နှမြောတသလွမ်းဆွတ်တတ်လာပြီ။

လက်ကျန်လူတွေ ဆုံးရှုံးရမှာကို တွေးကြည့်ရုံနဲ့တင် ကြောက်တတ်နေပြီ။

ဒီထက်ပိုအသက်ကြီးလာပြီး အလုပ်မလုပ်ဖြစ်တော့တဲ့အခါ၊ မိသားစုတွေက အလုပ်ကိုယ်စီနဲ့ သွားလာနေကြ တဲ့အခါ စကားပြောဖို့ ဧည့်မျှော်တာတွေလည်း ဖြစ်လာတော့မှာပေါ့လေ။

အဲဒီအခါကျရင် ကျွန်မတို့ငယ်ငယ်က ရယ်ခဲ့ကြသလိုမျိုး အခုကလေးတွေကလည်း ကျွန်မတို့ကို ရယ်ကြမယ် ထင်ပါရဲ့။

တကယ်တော့လေ အသက်ကြီးလာတယ်ဆိုတာ ငယ်ငယ်တုန်းက လူကြီးတွေဆီမှာ ကျွန်မတို့ရယ်မောခဲ့တဲ့အရာတွေ ကျွန်မတို့ဆီမှာ လာဖြစ်တာပါပဲ။

ငွေဇင်ယော်ဦး ၊ မိုးကုတ်၊

#ကျွန်မတို့ရယ်မောခဲ့ကြတဲ့အရာတွေ

လွတ်လပ်စွာ Share လို့ရပါတယ်။

Copy ကူးယူဖော်ပြခြင်းတော့ သည်းခံပါရှင်။ 🙏

ที่อยู่

Bangkok
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ngwe ZinYaw Oo - Mogokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์