12/08/2026
ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၂ ဦး ဒဏ်ရာရ
===========
Kimo Media | ဩဂုတ် ၁၂၊ ၂၀၂၆
ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၆ ခုနစ် ဩဂုတ်လ ၁၁ ရက် မနက် ၇ နာရီ ၂၈ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးကို ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မထွေးစိန်နဲ့ အသက် ၁၃ နှစ်အရွယ် မသန္တာထိုက်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
“အိမ်မှာ ဗီဒီယိုကြည့်နေကြတဲ့ အချိန် ဂျက်ဖိုက်တာတစ်စီးက လာပြီး ဗုံးကြဲချခဲ့သောကြောင်း ကျမတို့အိမ်မှာ အစတွေ ရောက်လာပြီး ခြေထောက်တွေကို ထိသွားပါတယ်” လို့ ဒဏ်ရာရရှိသူ မထွေးစိန်က ပြောပါတယ်။
မထွေးစိန်ဟာ ၉ တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် ကျောင်းနားထားသူဖြစ်ပါတယ်။ မသန္တာထိုက်ကတော့ ပီချောင်းဖျားရေတံခွန် ကျေးရွာကနေ ပလက်ဝမြို့မှာ လာရောက်နေထိုင်ကာ ၆ တန်းပညာ သင်ယူနေသူဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ အမျိုးသမီးငယ် ၂ ဦးစလုံးဟာ ခူမီးလူမျိုးတွေဖြစ်ပြီး ပလက်ဝမြို့နယ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မတ်လ ၂၉ ရက်ကလည်း ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။