
18/02/2025
ရွှေကုက္ကိုရှိ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်သူများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်ဟု BGFခေါင်းဆောင် အသိပေးသော်လည်း ကျားဖျန့်လုပ်ငန်းများ ပုံမှန်
လည်ပတ်နေဟုဆို
18 Feb 2025 By FM
ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ရွှေကုက္ကိုမြို့သစ်တွင် ကျားဖျန့်လုပ်ငန်းလုပ်ကိုင်နေသူများကို ရက်ပိုင်းအတွင်း ဖမ်းဆီးမည်ဟု BGFခေါင်းဆောင်မှ အသိပေးထားသော်လည်း ကျားဖျန့်လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မနက် ၁၀နာရီရ သတင်းများအရ ရွှေကုက္ကိုမြို့သစ်ရှိ လောင်းကစားရုံကြီးများနှင့် ကျားဖျန့်လုပ်ငန်းကြီးများသည် ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နေပြီးကျားဖျန့်လုပ်ငန်းရှင် သူဌေးကြီးများမှာမူ ဘေးကင်းရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ရွှေကုက္ကို ကျုံးရှင်းအရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“အခုက ရွှေကုက္ကိုလ်ထဲမှာ အကုန်လုံးရှိနေပါသေးတယ်။ပြောင်းကြပြေးကြတာဆိုလို့ တရုတ်သူဌေးအငယ်တွေပဲရှိတာ၊ရွှေကုက္ကိုလ်ထဲမှာနာမည်ကြီးတဲ့သူဌေးကြီးလေးဦးဆို DKBAကို လာခေါ်ခိုင်းပြီးရှောင်သွားတာ၊လိုင်းပေါ်တက်လာတဲ့ ဓာတ်ပုံတွေကလဲ အကုန်လုံးကို ဖမ်းတာမဟုတ်ဘူး၊လူကုန်ကူးခံရသူတွေ၊နှိပ်စက်ခံရသူတွေ ရှိမရှိလာမေးကြတာ။ထူးတာဆိုလို့ အိမ်ပြန်ချင်တဲ့သူတွေကို အသာတကြည်ပြန်ခိုင်းတာပဲရှိတယ်။အခု ရွှေကုက္ကိုထဲကို ဆီလာပို့ပေးနေတဲ့ ကားတွေကိုပဲ သတိထားကြည့်လို့ရတယ်၊အကုန်လုံးက BGFကားတွေကြီးပဲ”ဟု ၎င်းက ပြောသည်။
မြဝတီမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲအတွင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) အနေဖြင့် ရွှေကုက္ကိုရှိ ကျားဖျန့်ဂိုဏ်းများနှင့် လောင်းကစားရုံများမှ အကျိုးအမြတ်ရယူပတ်သက်ခြင်းမရှိနေကြောင်း နှင့် ယင်းလုပ်ငန်းများရှိနေသည်ကိုပင် မသိကြောင်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူမှ ငြင်းဆိုထားသည်။
“ကျားဖျန့်တိုက်ဖျက်ရေးကို ဟန်ပြလုပ်နေတာမဟုတ်ဘူး။မကြာခင်မှာလည်း လူမှောင်ခို ကျားဖြန့်
နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့(BGF)ဖွဲ့ပြီးတော့ လုံးဝ တယောက်မကျန် ဖမ်းပြီး ပြန်ပို့မှာ။ကျွန်တော်
လည်း ဘာမှ အကျိုးစီးပွားမခံစားရဘဲ ကျွန်တော်တို့ပဲ နာမည်ပျက်တယ်။ သူတို့ လာပြီး မသမာတဲ့ စီးပွားရေးလုပ်တာ ကျနော်တို့ မြေငှားရမ်းခလောက်ပဲ ခံစားရတာ။ကျွန်တော်တို့နိုင်ငံသားလည်း မဟုတ်ပါဘူး၊လုပ်ပြပါမယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေ (၁) ရက်နေ့မှအောက်တိုဘာလ(၃၁) ရက်အတွင်း မြဝတီမြို့နယ် အတွင်းရှိ အွန်လိုင်း လောင်းကစား လုပ်ငန်းများနှင့် ကျားဖျန့် ဂိုဏ်းများအားလုံးကို လာရာလမ်းအတိုင်းအပြီးထွက်ခွာသွားရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)အသွင်ပြောင်း ကရင်အမျိုးသား တပ်မတော် (KNA)မှ မြန်မာ၊ အင်္ဂလိပ်နှင့်တရုတ် ဘာသာ၃မျိုးဖြင့် ထုတ်ပြန်ထားသော်လည်း မည်သူမျှမထွက်ခွါသွားခဲ့ကြောင်း FMမှ စုံစမ်းသိရသည်။
ယမန်နှစ်၂၀၂၄ခုနှစ်က BGFခေါင်းဆောင်ဗိုလ်မှုးကြီးစောချစ်သူထံတွင် တရားဝင်စီးပွါးရေးလုပ်ငန်းများသာမက တရားမဝင် စီးပွါးရေးလုပ်ငန်းများပါရှိနေပြီး ဘီလျံနှင့်ချီသည့်ဝင်ငွေများရရှိနေသူဖြစ်ကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP)မှထုတ်ဖော်ထားပြီး ကျားဖျန့်လုပ်ငန်းအပါ ကုမ္ပဏီ ၈ ခုထက်မနည်းတွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သူ့မိသားစုဝင်တချို့၏ ရှယ်ယာများပါဝင်နေကြောင်း Justice For Myanmar မှ ဖော်ပြထားသည်။
လက်ရှိတွင် စောချစ်သူ အနေဖြင့် ထိုင်းလွှတ်တော်မှ ကျားဖျန့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ၎င်းအားဝရမ်းထုတ်ဖမ်းဆီးရန် လုပ်ဆောင်နေသည့်အပေါ် BGFအနေဖြင့် မြေငှါးရမ်းသည့်မြေရှင်သာဖြစ်ပြီး ကျားဖျန့်လုပ်ငန်းများသည် မည်သည့်နေရာမှ ဝင်
ရောက်လာသည်ကို စစ်ဆေးသင့်ကြောင်း ပြောဆိုထားသည်။
FM