29/06/2026
မန္တလေး-နေပြည်တော် အမြန်လမ်းပေါ်တွင် ထောက်ပို့တပ် ၁၂၁ အတွက် ရိက္ခာဆန် တင်သွင်းပေးနေသူ အငြိမ်းစားဗိုလ်ကြီးသိန်းဇော်ဦး ဖမ်းဆီးခံထားရ (ရုပ်/သံ)
ရုပ်သံအပြည့်အစုံသွားရောက်ကြည့်ရူရန် - https://youtu.be/J57KSrAEfB4?si=ljsGl8c24Znqep_K
ရန်ကုန်၊ ဇွန် ၂၉
မန္တလေး-နေပြည်တော် အမြန်လမ်းပေါ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) လက်အောက်ရှိ ထောက်ပို့တပ်ရင်း (၁၂၁) အတွက် ရိက္ခာဆန်တင်သွင်းပေးနေသူ အငြိမ်းစားဗိုလ်ကြီးသိန်းဇော်ဦးသည် ဖမ်းဆီးခံထားရကြောင်း စစ်တပ်အတွင်း သတင်းရင်းမြစ်များကိုကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ ညပိုင်း အငြိမ်းစားဗိုလ်ကြီးသိန်းဇော်ဦးသည် မန္တလေး- နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ အငြိမ်းစား ဗိုလ်ကြီးသိန်းဇော်ဦးသည် မန္တလေးတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ လက်အောက်ရှိ ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ (EC) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။
အငြိမ်းစား ဗိုလ်ကြီးသိန်းဇော်ဦးသည် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းရှိ ထောက်ပို့တပ်ရင်း (၁၂၁) ၌ ရိက္ခာဆန်ကိစ္စ ဆောင်ရွက်နေကြောင်း နောက်ဆုံးအကြိမ် ဆက်သွယ်နိုင်ခဲ့သည်ဟု သိရသည်။
ထို့နောက် ဇွန်လ ၁၇ ရက်နေ့တွင် မန္တလေးမြို့မှ ထွက်ခွာလာစဉ် မန္တလေး-နေပြည်တော် အမြန်လမ်းတစ်နေရာ၌ ဖမ်းဆီးခံခဲ့ရသည်ဟု ဇနီးဖြစ်သူ ဒေါ်နီလာအောင်က စစ်မှုထမ်းဟောင်းအဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ယင်းသတင်းကို ချမ်းမြသာစည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ကြီး ကျော်စိုးက အထက်အဆင့်သို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အငြိမ်းစားဗိုလ်ကြီးသိန်းဇော်ဦးသည် စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်း (၁၂၁) အတွက် ရိက္ခာဆန် တင်သွင်းပေးနေသူဖြစ်ကြောင်းနှင့် မန္တလေး-နေပြည်တော် အမြန်လမ်းတစ်နေရာတွင် ဖမ်းဆီးခံထားရကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် အငြိမ်းစားဗိုလ်ကြီးသိန်းဇော်ဦးကို မည်သည့်အဖွဲ့က ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းနှင့် ၎င်း၏ နောက်ဆက်တွဲအခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အငြိမ်းစား ဗိုလ်ကြီး သိန်းဇော်ဦး ဖမ်ဆီးခံရသော ဗီဒီယိုကို ဇနီးဖြစ်သူ ဒေါ်နီလာအောင်က လက်ခံရရှိထားပြီး သိန်း ၅၀၀၀ ဖြင့် ရွေးယူရန် အကြောင်း ကြားမှုကိုပါ ရရှိထားကြောင်း သိရှိရသည်။