24/10/2023
ဆရာဖြိုးသီဟရေးတဲ့အတိုင်းပါပဲ
၂၀၂၀ က အခြေအနေမျိုး ပြန်သွားရုံလောက်ပဲ ဆိုရင်တော့ ကျနော်တို့ ခုလောက်ထိ ဘဝပျက်ခံ တော်လှန်ခဲ့ကြမှာ မဟုတ်ဘူး။ မြေပြင်က ရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ခုချိန်ထိ တောင့်ခံနေကြတဲ့ CDMer တွေ၊ ရွာမီးရှို့ခံထားရတဲ့ ပြည်သူတွေ၊ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေ အားလုံး အားလုံးမှာလည်း ဒီသဘောပဲ ရှိလိမ့်မယ်လို့ ယုံကြည်တယ်။
ခုလောက်ထိ ရောက်လာအောင် လုပ်ခဲ့ကြတာ လွယ်လွယ်ကူကူကလေး မဟုတ်ဘူး။ ဒီအနေအထားထိ ရောက်လာပြီးမှ နောက်ကြောင်းပြန်မယ်ဆို ၂၀၀၈ ခြေဥဟာ ဘယ်သူ့ကို တကယ်အာဏာပေးထားတာလဲ အားလုံးအသိပဲ။ သူတို့ မကြည်ရင် မကြည်သလို ဒါမျိုး အချိန်မရွေး ထပ်လုပ်လို့ရတယ်။
ပြီးတော့ တိုင်းပြည်ရဲ့ သယံဇာတတွေရောင်းပြီး တည်ဆောက်ထားတဲ့ စစ်တပ်။ ဒီဘက်က ပြည်သူ့ချွေးနဲစာနဲ့ တော်လှန်နေရတာ။ နောက်တစ်ခါ ခုလိုပဲ အစကနေ ပြန်လုပ်ကြဦးဆို ဘယ်သူမှ ပါဝင်နိုင်မှာ မဟုတ်တော့ဘူး။
အဆိုးဆုံးက ဘာလဲ သိလား။ အယုံအကြည် ကင်းမဲ့သွားတာပဲ။ တိုင်းရေးပြည်ရေးမှာ ပါဝင်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုစိတ်တွေ ပါးလျသွားတာပဲ။
အဖေ/အမေတို့သာ ၂ နှစ်ခွဲ ဘဝပျက်သွားတယ်၊ ပြီးတော့လည်း Non-CDM တွေလက်အောက် အလုပ်ပြန်လုပ်ရတာပဲမို့လား ဆိုတဲ့ မက်ဆေ့မျိုး ကလေးတွေက ရသွားတော့မှာ။ ကောင်းနိုင်ပါဦးမလား၊ ဒီတိုင်းပြည်ရဲ့ အနာဂတ်က။
ဒါကြောင့် ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ပဲ ရည်ရွယ်ကြိုးစားကြတာဟာ အနာဂတ်အတွက် တစ်ခုတည်းသောလမ်းပဲလို့ မြင်ပါတယ်။
နဂိုကတည်းကမှ စုပေါင်းသဘောတူညီမှု၊ စုပေါင်းရည်မှန်းချက်တွေ မလုပ်နိုင်သေးတဲ့အချိန်မှာ အခု အန်တီစုကို ပြန်လွှတ်ပေးမယ်၊ ရွေးကောက်ပွဲ ပြန်လုပ်မယ် ဆိုတာက အတော်လေး သတိထားသင့်တဲ့ နိုင်ငံရေးလှည့်ကွက် ဖြစ်တယ်။
ပြည်သူကလည်း ပင်ပန်းလာတော့ ပံ့ပိုးနိုင်မှု အားနည်းလာတယ်။ ဒီအခါ မနိုင်မဲ့အတူတူ ပေးသလောက် ယူတာပေါ့ ဆိုတဲ့ စိတ်မျိုးက ခေါင်းထောင်လာတယ်။ အဲဒီလိုအမြင်ရှိသူတွေ ခပ်စိပ်စိပ် အသံထွက်လာတယ်။ စစ်တပ်အလိုကျ သွယ်ဝိုက်ပြီးကို လော်ဘီလုပ်ပေးနေကြတာ။
ဒါကြောင့် အခုချိန်ဟာ ကျနော်တို့အားလုံး ပခုံးချင်း ကပ်ထားရမဲ့ ကာလဖြစ်တယ်။ ဘယ်လိုအကြောင်းနဲ့မှ နောက်ပြန်မလှည့်ဘူး ဆိုတာကို ပြသရမဲ့ အချိန်ဖြစ်တယ်။ ငွေကြေးကြပ်တည်းနေလည်း အခက်အခဲကြားက ဆက်လက်ပံ့ပိုးကြရမဲ့ အနေအထား ဖြစ်ပါတယ်။
အနည်းဆုံးတော့
၁။ ၂၀၀၈ ခြေဥ ဖျက်သိမ်းရမယ်။
၂။ စစ်တပ်ဟာ အရပ်သားအစိုးရအောက်မှာ ရှိရမယ်။
၃။ ဒီကာလအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရမယ်။
ဒီလောက်မှ မရရင်တော့ ဒီတော်လှန်ရေးဟာ အရင်းရှုံးတယ်လို့ပဲ သတ်မှတ်ပါတယ်။
ပိုဆိုးတာက အနာဂတ်အတွက်လည်း အာမခံချက် မရှိတာပါပဲ။ နောက်ထပ် ဘယ်နှနှစ်လောက်မှာ ဒါမျိုးထပ်လုပ်ဦးမလဲ၊ နောက်ထပ် ဘယ်လူငယ်တွေ ကျနော်တို့လို ကြုံရဦးမလဲ၊ နောက်ထပ် ပဇီကြီးလိုရွာတွေ ဘယ်မှာ ပေါ်လာဦးမလဲ ဆိုပြီး စိုးထိတ်နေရမဲ့ အနာဂတ်မျိုးတော့ ချန်မထားခဲ့ချင်ပါဘူး။
ဒီအတွက် အကြမ်းဖက်စစ်တပ်ဘက်က ဘယ်လိုလှည့်ကွက်တွေပဲသုံးသုံး၊ "ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး" ဆိုတဲ့ ပန်းတိုင်ကို တစိုက်မတ်မတ် စုစုစည်းစည်းနဲ့ ဆက်လက်ချီတက်ကြဖို့ သိပ်အရေးကြီးပါတယ်။
၃၁.၇.၂၀၂၃