Piece of Knowledge Myanmar Welcome to Piece of Knowledge Myanmar! 🎓 This page is dedicated to sharing fun and interesting general knowledge on various topics.

Join us for new posts that help you learn and discover more about the world. Like our page to stay updated

❝ ရန်ကုန်ကိုသိမ်းခြင်း (သို့မဟုတ်) Operation Dracula နှစ် (၈၀) ပြည့် ❞(မြေပြင်အနေအထား၊ ခေါင်းဆောင်တွေရဲ့တစ်ဦးချင်းစီအတွေ...
01/05/2025

❝ ရန်ကုန်ကိုသိမ်းခြင်း (သို့မဟုတ်) Operation Dracula နှစ် (၈၀) ပြည့် ❞

(မြေပြင်အနေအထား၊ ခေါင်းဆောင်တွေရဲ့တစ်ဦးချင်းစီအတွေး၊ ပထဝီနိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့စစ်ရေးအခင်းအကျင်းတွေပေါ်မှာ ကိုယ့်တိုင်းပြည်အကျိုးအတွက် အကောင်းဆုံးကစားသွားခဲ့တဲ့ ခေါင်းဆောင် (၂) ဦးရဲ့ ဗျူဟာကိုသမိုင်းသင်ခန်းစာအဖြစ်စဉ်းစားမိတဲ့အတွက် နှစ် (၈၀) ပြည့်အဖြစ် ဒီစာကိုရေးပါတယ်။)

၁၉၄၅ ခုနှစ် မေလ ၁၆ ရက်နေ့မှာ မိတ္ထီလာရှိ အမှတ် (၁၄) ဗြိတိသျှတပ်မတော်ရဲ့စစ်ဦးချုပ်စခန်းချရာနေရာကို ဂျပန်စစ်ဗိုလ်ချုပ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်မထင်မှတ်ပဲဝင်ရောက်လာတဲ့အတွက် မဟာမိတ်စစ်သားတွေ အံ့အားသင့်ကုန်ပါတယ်။

ဝိုင်းဝန်းကြည့်နေတဲ့ မဟာမိတ်စစ်သားတွေကို ဂရုမစိုက်ပဲ ဂျပန်ဓားနဲ့ဝတ်စုံပြည့်ဝတ်ကာ တည်ကြည်စွာနဲ့လမ်းလျှောက်လာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။

ဗမာ့တပ်မတော်ရဲ့စစ်ဦးချုပ်အောင်ဆန်းဟာ မေလ ၁၅ ရက်နေ့မှာ အောင်လံမြို့ကနေ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး စစ်လေယာဉ်နဲ့မိတ္ထီလာကို ခရီးဆက်ခဲ့တာဖြစ်ပါတယ်။

မိတ္ထီလာမှာစခန်းချထားတဲ့ ဗြိတိသျှအမှတ် (၁၄) တပ်မတော်ဟာ လူမျိုးပေါင်းစုံ မဟာမိတ်တပ်သား တစ်သန်းလောက်ပါတဲ့ အင်အားအကြီးဆုံးစစ်တပ်ကြီးဖြစ်ပါတယ်။

ဗြိတိသျှတွေဟာ ဂျပန်လက်ထဲကနေ မြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်ဖို့ ၁၉၄၄ ခုနှစ် နှစ်လယ်ကတည်းက ကြံစည်ခဲ့ပေမဲ့ ကမ်းတက်ရေယာဉ်တွေမရှိလို့ စစ်ဆင်ရေးကို မစတင်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံကို ပြန်သိမ်းဖို့ဆိုရင် ရန်ကုန်ကိုပင်လယ်ဘက်နဲ့ ရခိုင်ကမ်းရိုးတန်းဘက်ကသိမ်းဖို့ ကမ်းတက်ယာဉ်တွေလိုပါတယ်။

ကုန်းမြေဘက်ကသိမ်းဖို့ရာကလည်း ချင်းနဲ့နာဂတောင်တန်းကြီးကခံနေပြန်ပါတယ်။

မဟာမိတ်တပ်တွေရဲ့ ကမ်းတက်ယာဉ်တွေအားလုံးကို ၁၉၄၄ ဇွန်လ ၆ ရက် နော်မန်ဒီစစ်ဆင်ရေးအတွက် အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

နော်မန်ဒီကမ်းတက်စစ်ဆင်ရေးပြီးတာနဲ့ ၁၉၄၄ ခုနှစ် ဇူလိုင်လကတည်းက မြန်မာပြည်ကိုပြန်သိမ်းနိုင်ဖို့အရေးကို အစီအစဉ်ဆွဲနေပါပြီ။

ဥရောပစစ်မြေပြင်မှာ တဖြည်းဖြည်းနဲ့ ဂျာမန်တွေစစ်ရေးအရအရေးနိမ့်လာပြီး ၁၉၄၅ နှစ်ဆန်းပိုင်းမှာ မဟာမိတ်တွေဟာ ဥရောပမှာအတော်လေးအသာစီးရကာ ပွဲပြတ်ဖို့တာစူနေပါပြီ။

၁၉၄၅ ဖေဖော်ဝါရီနဲ့မတ်လတွေမှာ ဒုတိယဗိုလ်ချုပ်ကြီးဝီလျံစလင်းဟာ အမှတ် (၁၄) တပ်မတော်ကြီးကို ဦးဆောင်ပြီး အထက်မြန်မာပြည်အပိုင်းမှာ ဂျပန်ကိုအပြင်းအထန်ထိုးစစ်ဆင်နွှဲနေပါပြီ။

ဥရောပမှာမလိုတော့တဲ့ ကမ်းတက်ယာဉ်တွေနဲ့ ၁၉၄၅ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ်မြေပုံဘက်ကို စတင်ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။

ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗမာ့တပ်မတော်အတွက် အခက်ခဲဆုံးအချိန်ဖြစ်ပါတယ်။

ဂျပန်တွေစစ်ရှုံးရင် ဂျပန်က မြန်မာ့မြေပေါ်က ထွက်ပြေးသွားမှာဖြစ်ပြီး ကျန်ခဲ့မှာက မြန်မာ့အမျိုးသားတပ်မတော်ပါ။

အင်အားအဆမတန်ကြီးမားတဲ့ မဟာမိတ်တွေနဲ့ရင်ဆိုင်ဖို့ရာက လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါဆိုရင် #ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့တပ်တွေဘာဆက်လုပ်မလဲ❓

ဟိုးအရင်က ဂျပန်နဲ့တွဲပြီးမြန်မာပြည်ကိုသိမ်းခဲ့ပေမဲ့ ဗြိတိသျှတွေနဲ့လည်း ကြိတ်ပြီးဆက်ဆံရေးလမ်းဖွင့်ထားခဲ့ပါတယ်။

အခုဂျပန်အရေးနိမ့်လာတဲ့အခါမှာ မဟာမိတ်တွေနဲ့ဘယ်လိုမှတိုက်ခိုက်လို့မဖြစ်နိုင်တာမို့လို့ အခြေအနေကိုကြည့်ပြီးပူးပေါင်းတာက အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်တွေကသူတို့ကိုတိုက်ခိုက်ခဲ့တဲ့ ဗမာ့တပ်မတော်ကိုပြန်လက်ခံမှာလား❓

တချိန်ကမြန်မာစစ်မြေပြင်မှာ အဆုံးအရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဗြိတိသျှတပ်မတော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးဝီလျံစလင်းဦးဆောင်ပြီး ရန်ကုန်ကို ၁၉၄၅ မိုးရာသီမစခင်အပြီးသိမ်းဖို့ အထက်အညာဘက်ကနေ ဆင်းလာနေပါပြီ။

ဘာဖြစ်လို့ #ရန်ကုန်ကိုမိုးရာသီမတိုင်ခင်အပြီးသိမ်းချင်တာလဲ❓

မြန်မာပြည်ရဲ့မုတ်သုံရာသီဥတုဟာ ၅ လကျော်လောက်ရှည်ကြာပါတယ်။

ကမ်းတက်ယာဉ်တွေမရှိစဉ်က မြစ်ကြီးနားဘက်ကနေ စစ်ဆင်ရေးဆင်နွှဲခဲ့ပေမဲ့ မိုးရွာချရင် ဆင်တွေ၊ လားတွေနဲ့ ရိက္ခာပို့ရတာ၊ လေယာဉ်နဲ့ရိက္ခာချရတာ မလွယ်တော့ပါဘူး။

အဲ့ဒါဆိုရင် မြန်မာပြည်အတွင်းနက်နက်ရှိုင်းရှိုင်းထိုးစစ်ဆင်ပြီးအောင်မြင်နေတဲ့ အမှတ် (၁၄) တပ်မတော်ကြီးဟာ မြန်မာပြည်အတွင်းမှာ ထောက်ပို့လမ်းကြောင်းပြတ်တောက်သွားပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။

ဒါ့ကြောင့် အဲ့ဒီခေတ်ကနာမည်ကြီးပင်လယ်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်းကိုရဖို့ရယ်၊ မြို့တော်ရန်ကုန်ကို စောစောစီးမိဖို့ရယ် ရည်ရွယ်ပြီး အော်ပရေးရှင်းဒက်ကူလာ (Operation Dracula) နဲ့ ရန်ကုန်မြစ်ဝက Elephant Point ကို သိမ်းနိုင်ဖို့ လော့ဒ်မောင့်ဘက်တန်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှစစ်မြေပြင်ရဲ့ စစ်သေနာပတိလော့မောင့်ဘက်တန်ရဲ့ ညွှန်ကြားမှုနဲ့ မဟာမိတ်တပ်တွေဟာ အင်းတော်နဲ့ဗန်းမော်ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

အင်းတော်နဲ့ဗန်းမော်ကိုရပြီးတဲ့နောက်မှာ မဟာမိတ်တွေဟာ မန္တလေးကိုရဖို့ အသည်းအသန်ကြိုးစားပါတယ်။

ဒါပေမဲ့ဂျပန်တွေက မန္တလေးကိုမသေမချင်းမပေးဘူးဆိုတဲ့ပုံစံနဲ့ ကြံ့ကြံ့ခံနေတဲ့အတွက် မန္တလေးဟာအတော်အထိနာခဲ့ရပါတယ်။

မဟာမိတ်တွေဟာ မန္တလေးကိုအပြီးတိုက်နေမယ့်အစား အောက်ဘက်ကိုဆင်းပြီး မတ္ထီလာကို ဆင်းသိမ်းပါတယ်။

အပြင်းအထန်ထိုးစစ်ဆင်နွှဲရပြီးနောက် မတ်လ ၂၂ ရက်နေ့မှာ မိတ္ထီလာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒီအချိန်မှာ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်တော်လှန်ရေးကို ဧပြီလဆန်းမှာဆင်နွှဲဖို့ လျာထားရာကနေ မတ်လ ၂၇ ရက်နေ့မှာစတင်ဖို့ အရေးပေါ်ကြေညာရပါတော့တယ်။

အမှန်က မတ်လဆန်းကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) ကို ဖွဲ့ပြီးပါပြီ။

အရေးကြီးဆုံးအချက်က - #မဟာမိတ်တွေအထက်မြန်မာပြည်မှာအောင်ပွဲတွေရနေတာဟာ ဗမာ့တပ်မတော်ရဲ့အောင်ပွဲမဟုတ်ဘူးဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းကောင်းကောင်းသိလို့ဖြစ်ပါတယ်။

ကိုယ်တိုက်မှကိုယ်ပါဝါရတာ၊ သူများအသက်နဲ့သွေးကိုပေးဆပ်ပြီး တိုက်ယူထားတဲ့နေရာကို ငါ့အောင်ပွဲသွားလုပ်နေရင် ကိုယ့်နေရာပျောက်သွားနိုင်တယ်ဆိုတာသိတဲ့အတွက် - မဟာမိတ်တွေနဲ့ညှိနှိုင်းဖို့ အပြင်းအထန်ကြိုးစားသလို ဂျပန်ကိုစစ်မျက်နှာဖွင့်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကအမြန်ဆုံးပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဝီလျံစလင်းဦးဆောင်တဲ့မဟာမိတ်တပ်မတော်ကြီးဟာ ရန်ကုန်ကို မိုးမကျခင်ရဖို့အမြန်စိုင်းပြင်းပြီး ဆင်းချလာလိုက်တာ မတ်လ ၂၁ ရက်နေ့မှာ မန္တလေးကိုရပါပြီ။

မန္တလေးနဲ့မိတ္ထီလာကျသွားပြီးတဲ့နောက်မှာ ဂျပန်စစ်တပ်ကြီးဟာ ခါးကျိုးသွားတဲ့ကျားနာဖြစ်သွားပါပြီ။

မဟာမိတ်တပ်တွေဟာ ၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့ မနက်စောစောမှာ ရန်ကုန်မြစ်ဝ Elephant Point မှာ ကမ်းတက်သိမ်းမှုပြုလုပ်နိုင်ခဲ့ပါပြီ။

မဟာမိတ်စစ်လေယာဉ်တွေက မေလ ၁ ရက်နေ့မှာ ရန်ကုန်မြို့အပေါ်ကင်းထောက်ကြည့်ကတည်းက ဂျပန်တွေမရှိတော့မှန်းသိရပြီဖြစ်ပါတယ်။

အင်းစိန်ထောင်အမိုးပေါ်မှာ "J**s gone" ဆိုပြီး ဗြိတိသျှအကျဉ်းသားတွေက ဆေးခြယ်ထားပြီးဖြစ်ပါတယ်။

ဂျပန်ဆုတ်တော့ ဆူဘတ်ချန်ဒရာဘို့စ့်က အိန္ဒိယစစ်သားအချို့ကို ရန်ကုန့်မြို့စောင့်အဖြစ်ထားခဲ့ပါတယ်။

အဓိကက ရန်ကုန်မြို့မှာကျန်ခဲ့တဲ့ အိန္ဒိယနွယ်ဖွားတွေ လုယက်သတ်ဖြတ်ခံရမှာကို စိုးရိမ်လို့ဖြစ်ပါတယ်။ အင်္ဂလိပ်အထွက်တုန်းက ဖြစ်ခဲ့ပြီးပါပြီ။

ဆူဘတ်ခန်ဒရာဘို့စ်က ဒေါက်တာဘမော်ရဲ့သူရဲဘောကြောင်မှုကိုအထင်သေးတာတွေ၊ တပ်လန်ပြေးချိန်မှာ မိမိတပ်သားတွေနဲ့ ခြေလျင်သွားခဲ့တာတွေကို နောက်ကြုံမှရေးပါမယ်။

အပေါ်ဆုံးမှာ ကျနော်ရေးခဲ့တဲ့အကြောင်းကိုပြန်ကောက်ရရင် ဗိုလ်ချုပ်အောင်ဆန်းဟာ မိတ္ထီလာကိုသွားပြီး မဟာမိတ်ဖီးမာရှယ်ဗိုလ်ချုပ်ကြီးဝီလျံစလင်းနဲ့ ညှိနှိုင်းဖို့ကြိုးစားပါတော့တယ်။

အထက်မှာပြောခဲ့တဲ့အတိုင်း ဂျပန်ဗိုလ်ချုပ်ဝတ်စုံအပြည့်နဲ့ တည်ကြည်စွာ ရန်သူ့စခန်းထဲကို ခပ်တည်တည်နဲ့ ဝင်ချသွားပါတော့တယ်။

တကယ်တော့ လူရိုးကြီးနှစ်ယောက်ဆုံတွေ့တဲ့ပွဲ - အင်မတန်အတုယူစရာကောင်းတဲ့ အမူအကျင့်ရှိသူနှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတဲ့ပွဲဖြစ်ပါတယ်။

ဝီလျံစလင်းက သူ့သားအရွယ်လောက်ရှိတဲ့ အောင်ဆန်းကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောချလိုက်ပါတယ် ...

"ဒီမှာအောင်ဆန်း ... မင်းပြောတဲ့ ... မင်းကိုယ်စားပြုလာတယ်ဆိုတဲ့ ... Provisional Government of Burma ဖဆပလအစိုးရဆိုတာကို ငါမသိဘူး၊ အသိအမှတ်လည်းမပြုဘူး၊ ငါသိတာက ဒီစစ်ကိုအမြန်ဆုံးပြီးအောင်တိုက်ဖို့ပဲ။

မင်းတို့နိုင်ငံရေးအရစကားပြောချင်ရင် ငါတို့နဲ့ပူးပေါင်းပြီး ဂျပန်ကိုတိုက် ... မင်းပြောတဲ့ မင်းကို မဟာမိတ်စစ်ဗိုလ်ချုပ်အဖြစ်အသိအမှတ်ပြုဖို့ဆိုတာကလည်း မင်းကအစကတည်းက ငါတို့နဲ့မဟာမိတ်ဖွဲ့ပြီး ဂျပန်ကိုတိုက်ခဲ့တာမဟုတ်ဘူး။

တကယ်တမ်းပြောရရင် မင်းကိုရာဇဝတ်မှုနဲ့ အရေးယူပြီးဖမ်းဆီးလို့ ရတယ် ... သိရဲ့လား!"

အတွေ့အကြုံအင်မတန်များပြီး ပထမကမ္ဘာစစ်ကိုပါမီလိုက်တဲ့ ဗိုလ်ချုပ်ကြီးဝီလျံစလင်းရဲ့ စစ်မှုထမ်းသက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အသက်ထက်တောင်ပိုပါသေးတယ်။

လက်ရှိစစ်ရေးအနိုင်ရနေတဲ့ ဘက်ကဖြစ်နေတာရော၊ စစ်အင်အားတစ်သန်းလောက်ရှိတဲ့ မဟာမိတ်တပ်ကြီးကို အုပ်ချုပ်သူဖြစ်နေတာရောကြောင့် ဝီလျံစလင်းက အထက်ကဖိပြောတာဖြစ်ပါတယ်။

"မင်းဒီကို ဒီအချိုးနဲ့လာတယ်ဆိုတာ အန္တရာယ်များတယ်လို့ မထင်ဘူးလား" ဆိုတော့ ...

ဗိုလ်ချုပ်အောင်ဆန်းက တစ်ချက်မှမျက်နှာပျက်မသွားပါ။ "No" လို့ခတ်ပြတ်ပြတ် ပြန်ဖြေပါတယ်။

ဘာကြောင့်မထင်တာလဲလို့မေးတော့ ...

“‘Because you are a British officer,"

"ဘာကြောင့်လဲဆိုတော့ ခင်ဗျားကဗြိတိသျှအရာရှိ ဖြစ်နေလို့ပဲ .."

ခင်ဗျားတို့အင်္ဂလိပ်တွေက ကတိသစ္စာကိုတန်ဖိုးထားတဲ့ ဂျန်တယ်မန်းတွေပဲလို့ ခပ်တည်တည်နဲ့ပြန်ပြောလိုက်ပုံပါပဲ။

အဲ့ဒီခေတ်က အင်္ဂလိပ်စစ်သားကောင်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ လူကြီးလူကောင်းပီသမှုကို အင်မတန်တန်ဖိုးထားတာကြောင့် အောင်ဆန်းရဲ့ရိုးသားစွာပြောဆိုချက်ကို သဘောကျသွားပါတယ်။

“Go on, Aung San,”“You only come to us because you see we are winning!”

"သွားစမ်းပါ အောင်ဆန်းရာ ... ငါတို့အနိုင်ရနေလို့ မင်းငါတို့ဆီလာကပ်တာပါ" လို့ ပြောလိုက်ချိန်မှာ ...

Aung San’s swift riposte was: “It wouldn’t be much good coming to you if you weren’t, would it?”

ဗိုလ်ချုပ်အောင်ဆန်းက ... "ခင်ဗျားတို့မနိုင်နေရင်လည်း ကျုပ်ကခင်ဗျားတို့ဆီလာလို့ ဘာထူးမှာလဲ၊ မဟုတ်ဘူးလား?" လို့ ရိုးသားရှင်းလင်းစွာ ပြန်ပြောလိုက်ချိန်မှာတော့ ဝီလျံစလင်းအနေနဲ့ အောင်ဆန်းရဲ့ဖြောင့်မတ်မှုကို သူများအပြောကြားရရုံမက ကိုယ်တိုင်ကြုံတွေ့လိုက်ပါတော့တယ်။

I felt he had scored again, and I liked his honesty. In fact, I was beginning to like Aung San.

သူထပ်ပြီးအသာရသွားပြန်ပြီလို့ ကျနော်ခံစားလိုက်ရတယ်။ ကျနော်သူ့ရဲ့ရိုးသားပွင့်လင်းမှုကို သဘောကျတယ်။ တကယ်တော့ ... ကျနော်အောင်ဆန်းကို သဘောကျနေမိပြီ ... လို့ ဝီလျံစလင်းက သူတို့နှစ်ယောက်တွေ့ဆုံပုံကို ပြန်ရေးခဲ့ပါတယ်။

He was not the ambitious, unscrupulous guerrilla leader I had expected.

အောင်ဆန်းဟာ ကျနော်ထင်ထားသလို ... ရည်မှန်းချက်မပြင်းထန်တဲ့၊ မရိုးဖြောင့်တဲ့ တော်လှန်ရေးခေါင်းဆောင်မဟုတ်ဘူး။

He was certainly ambitious and meant to secure for himself a dominant position in post-war Burma, but I judged him to be a genuine patriot and a well-balanced realist.

သူဟာ တကယ်ကို ရည်မှန်းချက်ပြင်းထန်ပြီး အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် သူ့ကိုယ်သူမြှုပ်နှံမယ့်သူ၊ ဒါပေမဲ့ တကယ့်ပကတိမျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး မျှတတဲ့အမြင်ရှိတဲ့သူမျိုးလို့ ကျနော်သူ့ကိုမြင်တယ်။

“The greatest impression he made on me was one of honesty. He was not free with glib assurances and he hesitated to commit himself, but I had the idea that if he agreed to do something he would keep his word.

ကျနော်သူ့ကိုသဘောအကျဆုံးက သူ့ရဲ့ရိုးသားမှုပဲ။ သူဟာ လေနဲ့ကတိတွေပေးတတ်သူမျိုးမဟုတ်ဘဲ ... ဆိုခဲစေမြဲစေဆိုတဲ့လူမျိုး ... ကတိတစ်လုံးကိုလွယ်လွယ်နဲ့မပေးဘဲ... ပေးခဲ့ရင် တကယ်ကတိတည်အောင်ထိန်းတဲ့လူမျိုးလို့ ကျနော်မြင်တယ်။

ငချွတ်လေးလို့ အစက အောင်ဆန်းကိုမြင်ခဲ့တဲ့ ဝီလျံစလင်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို တထိုင်တည်းနဲ့လေးစားသွားပြီး သူတို့နှစ်ဦးဟာ လက်တွေ့ကျတဲ့သဘောတူညီမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

၁။ ဗမာ့တပ်မတော်ဟာ မဟာမိတ်တပ်တွေနဲ့အတူ ဝီလျံစလင်းရဲ့အုပ်ချုပ်မှုအမိန့်ကို နာခံရပါမယ်။

၂။ အခုလို မဟာမိတ်တပ်တွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်လာတဲ့အတွက် ဗမာ့တပ်မတော်ရဲ့စစ်လက်နက်နဲ့ ရိက္ခာကို မဟာမိတ်တပ်မတော်က တာဝန်ယူရပါမယ်။

၃။ ဝီလျံစလင်းဟာ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းပြည်မင်းမဲ့တဲ့အချိန် အုပ်ချုပ်မှုယန္တရားပျက်ပြားချိန်မှာ သူခိုးဓားပြတွေသောင်းကျန်းမှုကို ဗမာ့တပ်မတော်ကအတူနှိမ်နင်းပေးဖို့ တခါတည်းဆွေးနွေးသဘောတူခိုင်းခဲ့ပါတယ်။

ဒီနေရာမှာ စစ်တပ်တစ်ခုအတွက် အရေးကြီးတဲ့ ထောက်ပို့လက်နက်ရိက္ခာကိစ္စ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စကစလို့ တောကြောင်တွေရဲ့အန္တရာယ်ပါအဓိကထားဆွေးနွေးကြတာဖြစ်ပါတယ်။

တိုင်းပြည်ပျက်ပြီဆိုရင် လုယက်ဖို့ဝန်မလေး၊ တန်ဖိုးမရှိတာလေးနဲ့ လူသတ်ဖို့ဝန်မလေးသူတွေ အများကြီးပေါ်လာစမြဲမို့ ဒါဟာအင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဝီလျံစလင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ရန်ဘက်များဖြစ်ပါတယ်။

ဝီလျံစလင်းအတွက် အောင်ဆန်းနဲ့ဗမာ့တပ်မတော်ဟာ ဗြိတိသျှတွေကို ဒုက္ခပေးခဲ့သူတွေဖြစ်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတွက် ဝီလျံစလင်းနဲ့ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့သူတွေအဖြစ် မြင်စရာပါ။

သူတို့ဘာတွေတွေးခဲ့ကြသလဲ❓

ဝီလျံစလင်းအနေနဲ့ အောင်ဆန်းကိုအထက်စီးကပြောခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့တပ်မတော်ဟာ အင်္ဂလိပ်တပ်တွေမြန်မာပြည်ကိုပြန်သိမ်းချိန်မှာ မဖြစ်မနေရင်ဆိုင်ရမယ့် အန္တရာယ်ဖြစ်ပါတယ်။

အကယ်လို့ သူတို့အဆင်မပြေဖြစ်ခဲ့ရင် မြန်မာ့မြေပေါ်မှာ နှစ်ဖက်စလုံးက အသက်ပေါင်းများစွာပေးဆပ်ကြရအုန်းမှာဖြစ်ပါတယ်။

“It seemed to me that the only way satisfactorily to control them was to get hold of their Commander-in-Chief, Aung San, and to make him accept my orders.

လက်နက်ကိုင်ဗမာစစ်တပ်ကို အသေအချာထိန်းချုပ်နိုင်ဖို့က သူတို့ရဲ့စစ်သေနာပတိချုပ်အောင်ဆန်းကို ကျနော့်ရဲ့အမိန့်ကိုလက်ခံလာအောင် လုပ်ဖို့ပါပဲ။

This, from what I knew of him and of the extreme Burmese nationalists, I thought might be difficult, but worth trying.”

အဲ့ဒီလိုလုပ်ဖို့က အင်မတန်အမျိုးချစ်တဲ့ သူနဲ့သူ့လူတွေအကြောင်းသိထားတဲ့ ကျနော့်အနေနဲ့ ဒီလိုလုပ်ရတာအတော်ခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကြိုးစားကြည့်ဖို့တော့ တန်တယ်လေ ...

နိဂုံးချုပ်ပြောရရင် - နက်ဖြန် ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့ဆိုရင် အင်္ဂလိပ်တို့ရန်ကုန်ကို ပြန်သိမ်းခဲ့တာ နှစ် (၈၀) ပြည့်ခဲ့ပါပြီ။

မဟာမိတ်တွေ အောင်ပွဲရနေတာဟာ မြန်မာတွေအောင်ပွဲရနေတာမဟုတ်ဘူး၊ လွတ်လပ်ရေးရအောင် ကိုယ်လုပ်မှကိုယ်ရမှာဆိုတာကို သဘောပေါက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လက်တွေအကျဆုံးအလုပ်ကို လုပ်ခဲ့ပါတယ်။

အင်္ဂလိပ်တွေနဲ့ပူးပေါင်းပြီး ဂျပန်ကိုပြန်တိုက်ခဲ့တာပါပဲ။ ဒါကြောင့် Wiki က ဒုတိယကမ္ဘာစစ် Burma Campaign မှာကြည့်ရင် နှစ်ဘက်တိုက်ကြတဲ့ခေါင်းဆောင်စာရင်းမှာ Aung San ဟာ နှစ်ဘက်စလုံးမှာပါတာဖြစ်ပါတယ်။

အောင်ဆန်းဟာ တကယ်ဆန္ဒပြင်းပြတယ်၊ မရရအောင်လုပ်ချင်တဲ့စိတ်ရှိတယ်၊ ကမ္ဘာ့စစ်ရေးပေါ်မူတည်ပြီး မိမိလက်ထဲကအင်အားနဲ့ချိန်ဆပြီး အကောင်းဆုံးလုပ်တယ်။ လုပ်ရင်ပြတ်ပြတ်သားသားကြိုးကြိုးစားစားလုပ်တယ်။ အပိုတွေမပြောဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်းရန်သူ ၊ အမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးလို့ သဘောပေါက်တဲ့အတွက် ကမ္ဘာ့စစ်ရေးအခင်းအကျင်းမှာ သူ့နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် သူလုပ်ခဲ့တာပါပဲ။

အဲ့ဒီတုန်းက ဗိုလ်ချုပ်ကြီးဝီလျံစလင်းမသိခဲ့တာက ... သူ့ရှေ့မှာထိုင်နေတဲ့ ငချွတ်လေးဟာ နောင် (၂) နှစ်ကျော်အကြာမှာ သေနတ်တစ်ချက်မှမဖောက်၊ ကျည်ဆန်တစ်တောင့်မှမသုံးဘဲ ဝီလျံစလင်းတို့အသက်ပေါင်းများစွာပေးပြီး တိုက်ယူထားတဲ့ မြန်မာ့မြေကို ဗြိတိသျှတွေလက်ထဲကနေ အောင်ဆန်း-အက်တလီစာချုပ်နဲ့ ပြန်ရယူသွားခဲ့တာပဲဖြစ်ပါတယ်။

Credit ဆရာ Richard Myo Thant
1-May-2025

မြန်မာပြည်က ကက်သလစ် အငွေ့အသက်ပုဂံခေတ်က ကျန်စစ်သားဂူမှာ ကြာပွင့်အလယ်မှာ လက်ဝါးကပ်တိုင် ပါတဲ့ပုံ ရေးဆွဲမှုတွေ ရှိတယ်လို့ ဟ...
30/04/2025

မြန်မာပြည်က ကက်သလစ် အငွေ့အသက်

ပုဂံခေတ်က ကျန်စစ်သားဂူမှာ ကြာပွင့်အလယ်မှာ လက်ဝါးကပ်တိုင် ပါတဲ့ပုံ ရေးဆွဲမှုတွေ ရှိတယ်လို့ ဟံသာဝတီ ဦးဘခင်က ရေးသားဖူးပါတယ်။

ဒီကြာပွင့်တွေဟာ မွန်ဂို ကျူးကျော်မှုနဲ့ ပါလာတဲ့ ခရစ်ယာန် စစ်သားတွေရဲ့ လက်ရာ ဖြစ်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာပြည်မှာ ကက်သလစ် ခရစ်ယာန် ဝါဒ ဘယ်တုန်းက စရောက်တယ် ဆိုတာ သေချာ မပြောနိုင်ပေမယ့် ကမ္ဘာ့ ကုန်သွယ်ရေး လမ်းကြောင်းမှာ ရှိနေတဲ့ ရခိုင်၊ ပဲခူး၊ မုတ္တမ စတဲ့ ဒေသတွေမှာ နိုင်ငံခြားသားတွေ လာပြီး အခြေချ နေကြတာ အနှစ် ငါးရာမက ရှိနေပြီ ဆိုတော့ ခရစ်ယာန်နဲ့ တခြားအယူတွေ ရောက်လာတာလည်း နှစ်ရာစုတွေ ချီနေပါပြီ။

မြန်မာထဲက ခရစ်ယာန် အယူကို စကူးပြောင်းတာ ဘယ်သူ ဆိုတာ သေချာ မပြောနိုင်ပေမယ့် ပထမဆုံး ကူးပြောင်းသူတွေထဲမှာ ထင်ရှားသူက ရတု ဘုရင် နတ်ရှင်နောင် ဖြစ်ပါတယ်။

ငဇင်ကာ ခေါ် ဒီဘရစ်တိုနဲ့ ပူးပေါင်းမှုနဲ့ ကွပ်မျက်ခံရတဲ့ နတ်ရှင်နောင်ဟာ သံလျင်မှာ ဘုရင်ဂျီ ဘာသာကို ကူးပြောင်းတယ် ဆိုတဲ့ အမှတ်အသား ရှိပါတယ်။

ဘုရင်ဂျီဆိုတဲ့ ဝေါဟာရဟာ ဖာရင်ဂီ ဆိုတဲ့ ပါရှင် စကားက ဆင်းသက်လာတာ ဖြစ်ပြီး လူမျိုးခြားလို့ အဓိပ္ပာယ် ရပါတယ်။

နောက်ပြီး ရခိုင်မင်းဆက် နန်းလျာ တပါးကို လည်း ပေါ်တူဂီကို ခေါ်ဆောင်သွားပြီး ကက်သလစ် ဘာသာသွတ်သွင်းပေးတယ်လို့ မှတ်တမ်းတွေက ပြပါတယ်။

ဒွန်မာတင် ခေါ် ငယိဟာ သူ့ ခမည်းတော်ရဲ့ ထီးနန်းကို ပြန်ရဖို့ ပေါ်တူဂီနဲ့ ပူးပေါင်းခဲ့ပေမယ့် အပြန်လမ်းမှာ သေဆုံးခဲ့လို့ အကြံပျက်ခဲ့ပါတယ်။

မြန်မာပြည်က အနှစ် ၅ဝဝ ကက်သလစ် သာသနာ

မြန်မာနဲ့ ဗာတီကန် သံတမန်ဆက်ဆံရေးထူထောင်

အင်းဝကို ကာကွယ်

သံလျင်ကို သိမ်းပိုက်ပြီးနောက် အညာကို သိမ်းကျုံး ခေါ်ဆောင်သွားတဲ့ ကက်သလစ် ဘာသာဝင်တွေထဲက လက်နက် ကျွမ်းကျင်သူတွေကို မြန်မာမင်းတွေ အတွက် အမြောက် သေနတ် စစ်သည်တွေ အဖြစ် အမှုထမ်း စေတာ သီပေါမင်း လက်ထက် အထိ ဖြစ်ပါတယ်။

အင်းဝမှာ ပင်းတလဲ မင်းလက်ထက် တရုတ်ပြည်မှာ စစ်ရှုံးလို့ ပြေးလာတဲ့ မင်မင်းဆက် ဘုရင် ယုန်လီရဲ့ တပ်တွေနဲ့ မြန်မာတပ်တွေ တိုက်ပွဲမှာလည်း အင်းဝမြို့တော် မကျအောင် မိသရိ ကတ္တန် ခေါင်းဆောင်တဲ့ ပေါ်တူဂီတပ်တွေက ခုခံ ခဲ့ပါတယ်။

နောက်ပိုင်း ကုန်းဘောင်ခေတ် ဘုရင်တွေ ယိုးဒယားနဲ့ တခြား စစ်ချီရာမှာ ဘုရင်ဂျီ စစ်သားတွေ လိုက်ပါရပါတယ်။

ချင်းတွင်းနဲ့ ဧရာဝတီကြားက ရွှေဘိုနဲ့ အလုံဒေသတွေမှာလည်း သူတို့ကို နေရာချထားပေးပါတယ်။

ဘာသာအလိုက် ကိုးကွယ်ခွင့်ပြုသလို ဘုရားကျောင်းတွေကို ဘုရင်က မတည် ဆောက်လှူတာတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂ဝဝ ကျော် ကတည်းက ရန်ကုန်၊ မင်းလှ မြို့တွေမှာ ကျမ်းစာသင်ကျောင်းတွေ ၊ ကက်သလစ် ဘုရားကျောင်းတွေ ရှိနေပါတယ်။

အနှစ် ၂ဝဝ ကျော်က မြန်မာ ကက်သလစ် ဆုတောင်းစာ
ဒါပေမဲ့ သာသနာပြု ဘုန်းတော်ကြီးတွေ အမြဲမရှိတဲ့ အခါမှာ တချို့ရွာတွေမှာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အိမ်ထောင်ကျပြီး ဘာသာ ပြောင်းတာ ရောယှက်ကုန်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဒီလို သွေးနှောကုန်ပေမယ့် အဲဒီဒေသတွေက ရွာတွေမှာ မျက်လုံးစိမ်းစိမ်းနဲ့ လူတွေ၊ ပြင်သစ်၊ ပေါ်တူဂီနဲ့ တောင်ပိုင်း အိန္ဒိယ အနွယ်ပုံ ပေါက်တဲ့ သူတွေကို အနှစ်တွေ ရာကျော်ပြီးမှ တွေ့ရဆဲ ဖြစ်တယ်လို့ ဒီဒေသတွေကို ရောက်ခဲ့တဲ့ ကက်သလစ် သာသနာပြုတွေက ရေးသားခဲ့ပါတယ်။

ကုလားပျက်လို့ ဒေသခံတွေက ခေါ်တဲ့ သူတွေအတွက် ရောမက သာသနာပြုတွေ စေလွှတ်တာ ရှိခဲ့သလို သာသနာပြု ဘုန်းကြီးတွေကို မြန်မာ ဘုရင်တွေက အားပေး ချီးမြှင့်တာတွေလည်း ရှိခဲ့ပါတယ်။

အင်းဝက အေဗာမာရီယာ ဘုရင်ဂျီ ဘုရားရှိခိုးသံကို အတုယူပြီး သီချင်းကြီးတွေ ရေးဖွဲ့ခဲ့သူကတော့ မြဝတီမင်းကြီး ဦးစ ဖြစ်ပါတယ်။

ဦးစဟာ သူကိုယ်တိုင်လည်း ခရစ်ယာန်တွေဆီကနေ ဓမ္မသီချင်းတွေ သင်ယူ ထားတယ်၊ ဆိုပြတယ်လို့ သူနဲ့ တွေ့ခဲ့တဲ့ ဗြိတိသျှ သံတွေရဲ့ မှတ်တမ်းမှာ ပါပါတယ်။

ထိုင်းကတဆင့် မြန်မာတွေ ရတဲ့ ကက်သလစ် ပေါ်တူဂီ မုန့်တမျိုးကတော့ ဆနွင်းမကင်းခေါ် ခနုံမော်ကန်း ဖြစ်ပါတယ်။

မာလာ လင်္ကာရ ဝတ္ထုကြီးကို ပြန်ဆိုတဲ့ ဘုန်းတော်ကြီး ဘီဂန်ဒက်
ဘီဂန်ဒက်

မင်းတုန်းမင်း လက်ထက်မှာ ပြင်သစ် ပညာတော်သင် စေလွှတ်ရေးမှာ ကူညီ အားပေးခဲ့တဲ့ ပြင်သစ် ဘုန်းတော်ကြီး ဘီဂန်ဒက် ဖြစ်ပါတယ်။

ရန်ကုန်မှာ ဘီဂန်ဒက် လမ်းလို့ မှည့်ခေါ်ခံရတဲ့ ဘုန်းတော်ကြီး အကူအညီနဲ့ ပြင်သစ်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေကို မြန်မာ ပညာသင်တွေ လွှတ်ဖို့ ကနောင်မင်းသားက ကြိုးပမ်းခဲ့ပါတယ်။

ကနောင်မင်းသား လုပ်ကြံခံရပြီးနောက် သားတော် ပတိမ်းမင်းသားရဲ့ ပုန်ကန်မှုမှာ မင်းသား အသက်ချမ်းသာအောင် ဘီဂန်ဒက်က ကြားဝင် ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သီပေါမင်း လက်ထက်မှာ စုဘုရားလတ် မိဘုရားကြီးက ကက်သလစ် သီလရှင်တွေကို ဗြိတိသျှ နဲ့ အပေးအယူ စေ့စပ်ဖို့ ရန်ကုန်ကို စေလွှတ်တာတွေ ရှိခဲ့တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ ခင်မြကြူက ရေးသားခဲ့ပါတယ်။

ပြင်သစ်ကို စေလွှတ်ခံရတဲ့ ပညာသင်တွေထဲမှာ ဘုရင်ဂျီ အနွယ်တွေလည်း ပါပါတယ်။

သံချက်ဝန် ဦးမြူ
ဒီထဲက သံချက်ဝန် ဖြစ်လာတဲ့ မုန်လှဇာတိ ဦးမြူဟာ ပြင်သစ်ကို ပထမဆုံး မြန်မာ သံအမတ် အဖြစ် စေလွှတ်ခံရပါတယ်။

သူဟာ မြန်မာ နိုင်ငံ ဗြိတိသျှ အောက် မရောက်စေရေးအတွက် နောက်ဆုံးအချိန်ထိ ဗြိတိန်၊ ဂျာမနီ နိုင်ငံတွေနဲ့ စေ့စပ်ခဲ့ပါတယ်။

ကက်သလစ် သာသနာပြု ကျောင်း

ကိုလိုနီခေတ်မှာ ရန်ကုန်၊ မန္တလေး၊ ကလော၊ မေမြို့ စတဲ့ မြို့တွေမှာ ထူထောင်ခဲ့တဲ့ ကက်သလစ် သာသနာပြု ကျောင်းတွေက မြန်မာ ပညာတတ်တွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။

ဒီထဲက သတင်းစာ ဆရာ အက်ဒွပ် ဦးလောရုံဟာ ကက်သလစ် ဘာသာဝင် ဖြစ်ပါတယ်။ စာရေးဆရာကြီး ပီမိုးနင်းကတော့ ပီနန်မှာ ကက်သလစ် ရဟန်းဖြစ်သင်ကျောင်း တက်ခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေး၊ ကျိုင်းတုံ စတဲ့ မြို့တွေမှာ ကက်သလစ် သီလရှင်နဲ့ ဘုန်းကြီးတွေ အုပ်ချုပ်တဲ့ လူအိုရုံနဲ့ အရေပြား ရောဂါကု ဆေးရုံကြီး တွေ၊ ဆေးပေးခန်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ကရင်ပြည်နယ်က ကက်သလစ် ဘာသာဝင်တွေ ဝတ်ပြုနေစဉ်
မြန်မာပြည်မှာ ပေါ်တူဂီတွေ ကြီးမှူး ဖွင့်လှစ်တဲ့ ဒီဆူဇာ ဆေးတိုက်ဟာလည်း ထင်ရှားခဲ့ပါတယ်။

စာရေးဆရာမကြီး လူထု ဒေါ်အမာကတော့ သူ့ကို ငယ်စဉ်က ထိန်းတဲ့ ချောင်းဦးက ကလေးထိန်း မနက်ထယ်က သူတို့ဆီမှာ ဘုရင်ဂျီ မျက်နှာကြီးတွေ မှည့်တဲ့ နာမည် အမာကို သူ့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမာဟာ မာရီယာက လာတာ ဖြစ်ပါတယ်။

မြန်မာပြည်က ကက်သလစ် သူတော်မြတ် စာရင်းဝင်သူတွေ
လွတ်လပ်ပြီးစ ကယားပြည်နယ် ရှားတောမှာ သူပုန်တွေ သတ်ဖြတ်တာ ခံရတဲ့ အီတာလျံ ဘုန်းတော်ကြီး တပါးနဲ့ အဖော် ဖြစ်သူ ကယားအမျိုးသား Isidoro Ngei Ko Lat ကိုလည်း ကက်သလစ် ဘာသာရဲ့ သူတော်မြတ် အဖြစ် စာရင်းသွင်းထားပါတယ်။

ဝန်ကြီးချုပ် ဦးနု လက်ထက်မှာတော့ မြန်မာပြည်က ကက်သလစ် ဘုန်းတော်ကြီးတွေကို ရောမ စေလွှတ်ပြီး ပညာဆည်းပူး စေတာနဲ့ အားပေး ချီးမြှင့်တာတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာတော့ ကက်သလစ် သာသနာပြု ကျောင်း တွေကို တခြားဘာသာရေး စာသင်ကျောင်း တွေနဲ့အတူ ပြည်သူပိုင် သိမ်းတာ၊ နိုင်ငံခြား ဘုန်းတော်ကြီးနဲ့ သီလရှင်တွေကို ပြန်ပို့တာတွေ ရှိခဲ့ပါတယ်။

လက်ရှိ မြန်မာပြည်က ကက်သလစ် ဘာသာဝင်တွေထဲမှာ ကမ္ဘာသိ ထင်ရှားသူတွေက ကယန်း စာရေးဆရာ ပါစကယ် ခူးသွယ် နဲ့ ကာဒီနယ် ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုတို့ ဖြစ်ကြပါတယ်။

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်မလဲ။ ကြိုတင်ခန့်မှန်းဖို့ခက်တဲ့ ပြိုင်ပွဲအတွင်းက အဓိက ပုပ်ရဟန်းမင်းလောင်းများပုပ်ရဟန်းမင်းသစ်က...
30/04/2025

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်မလဲ။ ကြိုတင်ခန့်မှန်းဖို့ခက်တဲ့ ပြိုင်ပွဲအတွင်းက အဓိက ပုပ်ရဟန်းမင်းလောင်းများ

ပုပ်ရဟန်းမင်းသစ်က ဘယ်သူဖြစ်မလဲ။ အဲဒီဆုံးဖြတ်ချက်ဟာ ကက်သလစ်အသင်းတော်နဲ့ ရိုမန်ကက်သလစ်ဘာသာဝင် ၁.၄ ဘီလီယံ (သန်းပေါင်း ၁၄၀၀) အပေါ် အလွန်လေးနက်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

အတော်ကြီး ကြိုတင်ခန့်မှန်းလို့မရနိုင်အောင်နဲ့ ပွင့်လင်းတဲ့ လုပ်ငန်းစဥ် ဖြစ်အောင် သေသေချာချာ လုပ်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေပါတယ်။

ပုပ်ရွေးချယ်ရေး ကာဒီနယ်ရဟန်းအမတ်များအဖွဲ့က ဆစ်စတင်း ချက်ပယ်လ် ဘုရားကျောင်းထဲမှာ ကျင်းပတဲ့ ကွန်းကလေ့ဗ်လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းရွေးချယ်ပွဲမှာ စုဝေးကာ ဆွေးနွေးကြပြီးနောက် ရဟန်းအမတ်တစ်ဦးချင်းစီက ကိုယ်နှစ်သက်သူကို မဲပေးကြရပါတယ်။ အနိုင်ရတဲ့ ပုပ်ရဟန်းမင်းလောင်း တစ်ပါးရဲ့ နာမည်ရတဲ့အထိ မဲပေးရပါတယ်။

လက်ရှိ ရှိနေတဲ့ ရဟန်းအမတ်တွေထဲက ၈၀ ရာခိုင်နှုန်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တိုင် ခန့်အပ်ထားခဲ့သူတွေပါ။ သူတို့အတွက် ပထမဆုံး ပုပ်ရဟန်းမင်းတစ်ပါး ရွေးချယ်ရရုံမက သူတို့ဟာ ကမ္ဘာ့နေရာအသီးသီး၊ ကမ္ဘာ့ရှုထောင့်အဖုံဖုံကိုလည်း ကိုယ်စားပြုနေကြပါတယ်။

ဥရောပနိုင်ငံသားတွေက မဲပေးခံနိုင်တဲ့ ရဟန်းအမတ်စုစုပေါင်းရဲ့ ထက်ဝက်အောက်ကို လျော့ကျနေတာဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ရွေးချယ်ရေးအဖွဲ့မှာ ပုပ်ရဟန်းမင်းကြီးခန့်အပ်ထားခဲ့သူတွေ အများစုဖြစ်နိုင်ပေမဲ့ သူတို့ဟာ လုံးဝ "တိုးတက်ရေးသမားတွေ" ဒါမှမဟုတ် "ရှေးရိုးအစဥ်အလာသမားတွေ" တော့ မဟုတ်ကြပါဘူး။

အဲဒီလိုအကြောင်းပြချက်တွေကြောင့် နောက်လာမယ့် ပုပ်ရဟန်းမင်းကြီးအဖြစ် ဘယ်သူ ရွေးချယ်ခံရနိုင်တယ် ဆိုတာကို ခန့်မှန်းဖို့အတွက် ပိုခက်ခဲစေပါတယ်။

အာဖရိက ဒါမှမဟုတ် အာရှတိုက်ထဲကနေ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ခံရနိုင်မလား။ ဒါမှမဟုတ် ဗာတီကန် အုပ်ချုပ်ရေးအဖွဲ့ထဲက လက်ဟောင်းရဟန်းအမတ်တစ်ဦးကိုပဲ ထောက်ခံကြနိုင်လား။

အောက်ဖော်ပြပါနာမည်တွေကတော့ ပုပ်ဖရန်စစ်ရဲ့နေရာကို ဆက်ခံဖို့ အလားအလာရှိသူအချို့ ဖြစ်ပါတယ်။ လာမယ့်ရက်တွေအတွင်း ဒီထက်ပိုများတဲ့ နာမည်တွေလည်း ပေါ်ထွက်လာဖို့ မျှော်လင့်ရပါတယ်။

ပီယက်ထရို ပါရိုလင်

နိုင်ငံ - အီတလီ

အသက် - ၇၀

ပီယက်ထရို ပါရိုလင်
Cardinal Pietro Parolin wears a red cap on his head while he holds a smoking urn on a table against a backdrop of red chrysantheums during the Holy Mass on the occasion of the Solemnity of Mary, Mother of God, in St. Peters Basilica, Vatican City on 1 January.ဓာတ်ပုံ ရင်းမြစ်,Getty Images
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စကားကို အေးအေးညင်သာပြောတတ်တဲ့ အီတလီနိုင်ငံသား ရဟန်းအမတ် ပါရိုလင်ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ခန့်အပ်ထားတဲ့ ဗာတီကန်ရဲ့ အတွင်းဝန်ဖြစ်သလို ပုပ်ရဟန်းမင်းကြီးရဲ့ အကြံပေးခေါင်းဆောင်အဖြစ်လည်း တာဝန်ပေးထားတာပါ။ အတွင်းဝန်ဟာ ရိုမန်ကက်သလစ် ဗဟိုအသင်းတော်အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ရိုမန်ခရူရီးယားရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးပြီးရင် သူက ဒုတိယအကြီးဆုံးရာထူးရှိသူ ဖြစ်တဲ့အတွက် ပုပ်ရဟန်းမင်းဖြစ်ဖို့ သူ့ကို ရှေ့ပြေးတစ်ယောက်အဖြစ် ယူဆနိုင်ပါတယ်။

ကက်သလစ်အယူဝါဒရဲ့ သန့်ရှင်းစင်ကြယ်မှုကို ဦးစားပေးတာထက် သံတမန်ရေးရာနဲ့ ကမ္ဘာလုံးဆိုင်ရာသဘောထားအမြင်ဘက်ကို သူက အလေးပေးတယ်လို့ တချို့က သူ့အပေါ် မြင်ကြပါတယ်။ သူ့ကိုဝေဖန်သူတွေကတော့ အဲဒါကို ပြဿနာလို့မြင်ကြပြီး ထောက်ခံသူတွေကတော့ အားသာချက်လို့ ယူဆကြပါတယ်။

ဓာတ်ပုံတွေက ပြောတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဘဝမှတ်တမ်း
ကက်သလစ်ကျောင်းတော်ကို ပြောင်းလဲခဲ့တဲ့ လက်တင်အမေရိကက ပုပ်ရဟန်းမင်းကြီး
ဒါပေမဲ့လည်း ကမ္ဘာတစ်ဝန်း လိင်တူခြင်းလက်ထပ်ခွင့် ဥပဒေပြုတာကို ဝေဖန်ကန့်ကွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အိုင်ယာလန်နိုင်ငံမှာ ဆန္ဒခံယူပွဲလုပ်ပြီး လိင်တူလက်ထပ်ခွင့်ပြုတာနဲ့ပတ်သက်လို့ "လူသားမျိုးနွယ်အတွက် ရှုံးနိမ့်မှု" လို့ ပြောဆိုခဲ့ပါတယ်။

ကြိုတင်ခန့်မှန်းလောင်းကြေးထပ်သူတွေက သူ အရွေးခံရမယ်လို့ ထင်ကြေးပေးနိုင်ကြပေမဲ့ ပုပ်ရဟန်းမင်းရွေးပွဲလုပ်ငန်းစဥ်အတွင်းက မသေချာမှုကို အလေးပေးဖော်ပြတဲ့ အီတလီစကားပုံတစ်ခုကို ရဟန်းအမတ် ပါရိုလင်ကတော့ ကောင်းကောင်း သတိပြုမိပါလိမ့်မယ်။ အဲဒါကတော့ "ရွေးချယ်ပွဲဆီကို ပုပ်ရဟန်းမင်းအနေနဲ့ ဝင်သွားပေမဲ့ ပြန်ထွက်လာတော့ ရဟန်းအမတ်ပါပဲ။"

ဖြစ်ပြီးခဲ့တဲ့ ပုပ်ရဟန်းမင်း ၂၆၆ ပါးမှာ ၂၁၃ ပါးဟာ အီတလီကဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်းမှာတော့ အီတလီကနေ ပုပ်ရဟန်းမင်း ထွက်ပေါ်တာမရှိသေးပါဘူး။ အသင်းတော်ရဲ့ထိပ်ပိုင်းနေရာတွေမှာ အီတလီနဲ့ ဥရောပက လူတွေ နည်းလာတဲ့အတွက် လောလောဆယ်မှာ အီတလီကနေ ထပ်ဖြစ်လာနိုင်ခြေ ရှိချင်မှ ရှိမှာပါ။

လူဝီစ် အန်တိုနီယို ဂိုကင်းမ် တာဂလေ

နိုင်ငံ - ဖိလစ်ပိုင်

အသက် - ၆၇

လူဝီစ် အန်တိုနီယို ဂိုကင်းမ် တာဂလေ
Cardinal Luis Antonio Tagle wears a red cap on his head as he looks away from camera in a head and shoulders portrait, while he attends a Mass with newly appointed cardinals presided by Pope Francis at St. Peter's Basilica on 8 Decemberဓာတ်ပုံ ရင်းမြစ်,Getty Images
အာရှက ပထမဆုံးပုပ်ရဟန်းမင်းကြီးအဖြစ် ရဟန်းအမတ် တာဂလေ ဖြစ်လာနိုင်သလား။ ပါရိုလင်နဲ့ မတူတာကတော့ သူက ဆယ်စုနှစ်ပေါင်းများစွာ သင်းအုပ်ဆရာနဲ့သက်ဆိုင်တဲ့ အတွေ့အကြုံတွေရှိထားသူပါ။ ဆိုလိုတာက ဗာတီကန်အတွက် သံတမန်တစ်ဦးလို မဟုတ်ဘဲ ဒါမှမဟုတ် အသင်းတော်ဥပ‌ဒေကို သီးသန့်လေ့လာထားတဲ့ ကျွမ်းကျင်သူလို မဟုတ်ဘဲ သူဟာ လူတွေကြားထဲက တက်ကြွတဲ့အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ကက်သလစ်အသင်းတော်ဟာ ဖိလစ်ပိုင်မှာ သြဇာ သိပ်ကြီးပါတယ်။ နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက ကက်သလစ်ဘာသာဝင်တွေဖြစ်ပါတယ်။ ပုပ်ရွေးချယ်ရေး ရဟန်းအမတ်အဖွဲ့ဝင် ၅ ဦးအထိ စံချိန်တင် အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ သူတို့သာ ကာဒီနယ် တာဂလေ နောက်မှာရပ်တည်မယ်ဆိုရင် စည်းရုံးမဲဆွယ်မှု ကောင်းကောင်းလုပ်နိုင်တဲ့ အခြေအနေမျိုးပါ။

ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ ပုပ်ဖရန်စစ်
မြန်မာပြည်က အနှစ် ၅ဝဝ ကက်သလစ် သာသနာ
ကက်သလစ်ရဲ့ အနှစ်သာရအတွင်း သဘောထားအလယ်အလတ်ရှိသူအဖြစ် သူ့ကို မြင်ကြပါတယ်။ သူဟာ လူမှုရေးရာ ကိစ္စရပ်တွေမှာ စူးစိုက်နှစ်မြှုပ်ထားပြီး ပျံလွန်သူ ပုပ်ရဟန်းမင်းကြီးလိုပဲ ရွှေ့ပြောင်းသူတွေအပေါ် ဂရုဏာထားတဲ့အတွက် သူ့ကို "အာရှရဲ့ ဖရန်စစ်" လို့ ခေါ်ဝေါ်ကြပါတယ်။

ကိုယ်ဝန်ဖျက်ချမှုကို သူက ဆန့်ကျင်ပြီး ဒါက "လူသတ်တဲ့ပုံစံတစ်မျိုး"လို့ ပြောဆိုထားပါတယ်။ ဒါက သန္ဓေကနေ ဘဝစတယ်ဆိုတဲ့ အသင်းတော်ရဲ့ ကျယ်ပြန့်တဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီပါတယ်။ ညင်သာစွာ အဆုံးစီရင်ပေးခြင်းကိုလည်း ကန့်ကွက်ထားသူဖြစ်ပါတယ်။

မနီလာရဲ့ ကက်သလစ်ဂိုဏ်းချုပ်ဖြစ်လာခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ ရဟန်းအမတ် တာဂလေဟာ လိင်တူချစ်သူတွေ၊ ကွာရှင်းထားသူတွေနဲ့ တစ်ခုလပ် ကလေးမိခင်တွေအပေါ် အသင်းတော်ရဲ့ "ပြင်းထန်တဲ့" ရပ်တည်ချက်ကို ပြန်လည်အကဲဖြတ်ဖို့ တိုက်တွန်းခဲ့ပြီး အတိတ်ကကြမ်းတမ်းမှုတွေက ကာလရှည်ကြာ ဒုက္ခဖြစ်စေခဲ့ပြီး လူတွေအနေနဲ့ "တံဆိပ်ကပ်ခံရ" သလို ခံစားခဲ့ရတယ်၊ နောက်ပြီး လူတစ်ဦးတစ်ယောက်တိုင်းက ဂရုဏာနဲ့ လေးစားမှု ခံယူထိုက်တယ်လို့ သူက ပြောခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရွေးချယ်ခံခဲ့ရတဲ့ ၂၀၁၃ ခုနှစ် ရွေးချယ်ပွဲကတည်းက ရဟန်းအမတ် တာဂလေဟာ ပုပ်ရဟန်းမင်းလောင်းတစ်ပါးအဖြစ် ယူဆခံရပါတယ်။

အဲဒီဆယ်စုနှစ်တစ်ခုကျော်တုန်းက သူဟာ ပုပ်ရဟန်းမင်းဖြစ်လာနိုင်တဲ့ဆိုတဲ့ ပြောဆိုချက်တွေအပေါ် သူဘယ်လိုမြင်ခဲ့လဲလို့ မေးရာမှာတော့ သူက "ဒါကို ဟာသတစ်ခုလို သဘောထားပါတယ်။ ရယ်စရာပါ"လို့ ပြောပါတယ်။

ဖရီဒိုလင် အမ်ဘွန်ဂို ဘက်ဆွန်ဂူ

နိုင်ငံ - ကွန်ဂို

အသက် - ၆၅ နှစ်

ဖရီဒိုလင် အမ်ဘွန်ဂို ဘက်ဆွန်ဂူ
Cardinal Fridolin Ambongo wears a green robe as he holds a smoking urn up above ornate gold wine cups and a cross on a table next to a book inside the Notre Dame du Congo Cathedral in Kinshasa on 9 February.ဓာတ်ပုံ ရင်းမြစ်,AFP
အာဖရိကဘက်ကနေ ပုပ်ရဟန်းမင်းသစ် ဖြစ်လာနိုင်ခြေက အတော်များပါတယ်။ အဲဒီဒေသက ကက်သလစ်ဘာသာဝင်အသစ်တွေ သန်းပေါင်းများစွာ ဆက်လက်ပေါ်ထွက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ရဟန်းအမတ် အမ်ဘွန်ဂိုက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကဖြစ်ပြီး အခုရွေးချယ်ပွဲမှာ ရှေ့ပြေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၇ နှစ်ကစလို့ ကင်ရှာဆာမြို့တော်ရဲ့ ကက်သလစ်ဂိုဏ်းချုပ်ဖြစ်ခဲ့ပြီး အဲဒီနောက် သူ့ကို ရဟန်းအမတ်အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခန့်အပ်ခဲ့ပါတယ်။

သူဟာ ယဥ်ကျေးမှုအစဥ်အလာအရ ရှေးရိုးစွဲဖြစ်သလို လိင်တူခြင်းလက်ထပ်တာကို ဆန့်ကျင်ပါတယ်။ ဒါက "ယဥ်ကျေးမှုစံနှုန်းတွေနဲ့ ဆန့်ကျင့်တဲ့၊ ပင်ကိုယ်သဘာဝအားဖြင့် မကောင်းမှုအဖြစ် ယူဆခံရတဲ့ လိင်တူတွေရဲ့ ပေါင်းစည်းမှု" လို့ ပြောခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ လူအများစုကိုးကွယ်တဲ့ ဘာသာဖြစ်ပေမဲ့ ဂျီဟတ်ဝါဒီတွေဖြစ်တဲ့ အစ္စလာမ်နိုင်ငံအဖွဲ့ IS နဲ့ သူနဲ့အပေါင်းပါသူပုန်တွေရဲ့ သတ်ဖြတ်ဖိနှိပ်မှုတွေကို ခရစ်ယာန်တွေ ရင်ဆိုင်နေရပါတယ်။ အဲဒီနောက်ခံအကြောင်းတရားတွေနဲ့အတူ ရဟန်းအမတ် အမ်ဘွန်ဂိုဟာ အသင်းတော်အတွက် ကြီးမားပြင်းထန်တဲ့ စည်းရုံးလှုံ့ဆော်အကျိုးဆောင်ပေးသူအဖြစ် ရှုမြင်ခံရပါတယ်။

၂၀၂၀ ခုနှစ်က တွေ့ဆုံမေးမြန်းမှုတစ်ခုမှာတော့ ဘာသာအများအပြားရှိခြင်းကို လက်ခံတဲ့အကြောင်း သူက ပြောကြားခဲ့ပါတယ်။ "ပရိုတက်စတင့်ဟာ ပရိုတက်စတင့်ဖြစ်ကြပါစေ။ မူဆလင်ကလည်း မူဆလင်ဖြစ်ပါစေ။ သူတို့နဲ့အတူ ကျွန်တော်တို့ အလုပ်လုပ်မှာပါ။ ဒါပေမဲ့ လူတိုင်းအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် သွင်ပြင်လက္ခဏာတွေကို ထိန်းထားရပါမယ်။"

အဲဒီလို မှတ်ချက်မျိုးတွေကြောင့် အခြားရဟန်းအမတ်တွေကတော့ သူတို့ရဲ့ သာသနာပြုလုပ်ငန်းကို ရဟန်းအမတ် အမ်ဘွန်ဂို အပြည့်အဝ နားလည်လိုက်နာရဲ့လားဆိုပြီး အံ့အားသင့်စေနိုင်ပါတယ်။ အသင်းတော်ရဲ့စကားတွေကို ကမ္ဘာအနှံ့ ပျံနှံ့စေဖို့အတွက် ကက်သလစ်ဘာသာဝင်တွေက မျှော်လင့်ထားကြတာပါ။

ပီတာ ကိုဒ်ဝို အက်ပီယာ တာ့ခ်ဆင်

နိုင်ငံ - ဂါနာ

အသက် - ၇၆ နှစ်

ပီတာ ကိုဒ်ဝို အက်ပီယာ တာ့ခ်ဆင်
A mid-crop of Cardinal Peter Turkson looking solemnly ahead while wearing traditional religious robes along with others outside St. Peter's Basilica in April 2019. ဓာတ်ပုံ ရင်းမြစ်,Reuters
တကယ်လို့ ရဟန်းအမတ်တွေက သူ့ကို ရွေးချယ်ကြမယ်ဆိုရင် သြဇာတိက္ကမရှိတဲ့ ရဟန်းအမတ် တာ့ခ်ဆင်ကလည်း နှစ်ပေါင်း ၁၅၀၀ အတွင်း အာဖရိကရဲ့ ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် ဂုဏ်ထူးဝိသေသ ရှိနိုင်သူ ဖြစ်ပါတယ်။

ရဟန်းအမတ် အမ်ဘွန်ဂိုလိုပဲ သူ့အနေနဲ့ ဒီနေရာကိုမလိုချင်ဘူးလို့ ပြောဖူးပါတယ်။ "ဘယ်သူမှ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ ရည်မှန်းချက်ရှိမယ်ဆိုတာ ကျွန်တော် မသေချာဘူး" လို့ ဘီဘီစီကို ၂၀၁၃ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။

အာဖရိကမှာ အသင်းတော်ရဲ့ ကြီးထွားလာမှုအပေါ် အခြေခံပြီး နောက်တက်မယ့်ပုပ်ရဟန်းမင်းကြီးက အာဖရိကကနေ ဖြစ်သင့်တယ်ဆိုတဲ့အချက်က ကောင်းမွန်တဲ့အကြောင်းရင်းဖြစ်နိုင်လားလို့ မေးကြည့်တဲ့အခါ သူက ပုပ်ရဟန်းမင်းကြီး ကို ကိန်းဂဏန်းစာရင်းအင်းတွေအပေါ် အခြေခံပြီးရွေးချယ်တာမျိုး မဖြစ်သင့်ဘူးလို့ သူခံစားမိကြောင်း ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် "အဲဒီလိုစဥ်းစားပုံမျိုးက ရေကို နောက်ကျိသွားစေနိုင်တယ်" လို့ ပြောပါတယ်။

ရဟန်းအမတ် တာ့ခ်ဆင်ဟာ ၂၀၀၃ ခုနှစ်၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ လက်ထက်မှာ ပထမဆုံး ဂါနာနိုင်ငံသား ရဟန်းအမတ် ဖြစ်ခဲ့သူပါ။

ရဟန်းအမတ် တာဂလေလိုပဲ ရဟန်းအမတ် တာခ်ဆင်ဟာလည်း ပုပ်ဖရန်စစ် ပုပ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဆယ်စုကျော်တုန်းက ပုပ်ရဟန်းမင်းဖြစ်နိုင်ခြေရှိသူအဖြစ် ယူဆခံခဲ့ရပါတယ်။ တကယ်ဆိုရင် ကြိုတင်ခန့်မှန်းလောင်းကြေးထပ်သူတွေက သူ့ကို အနိုင်မဲရဖို့ ဖြစ်နိုင်ခြေအရှိဆုံးနေရာမှာ ထားခဲ့ကြပါတယ်။

ဖန့်ခ်ဂီတ တီးဝိုင်းမှာ ဂီတာတီးခတ်ခဲ့သူ ရဟန်းအမတ် တာ့ခ်ဆင်ကို တက်တက်ကြွကြွနေတတ်သူအဖြစ် လူသိများပါတယ်။

အာဖရိကက ရဟန်းအမတ်အများအပြားလို သူလည်း ရှေးရိုးစွဲအမြင်ရှိသူပါ။ ဒါပေမဲ့လည်း သူ့နိုင်ငံ ဂါနာအပါအဝင် အာဖရိကနိုင်ငံတွေမှာ လိင်တူဆက်ဆံရေး ရှိသူတွေအပေါ် ရာဇဝတ်ပြစ်ဒဏ်ပေးတာကို သူက ဆန့်ကျင် ပါတယ်။

လိင်တူစုံမက်ကြသူ LGBTQ+ တွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ ဥပဒေကြမ်းတစ်ရပ်ကို ဂါနာလွှတ်တော်မှာ ဆွေးနွေးနေချိန် ၂၀၂၃ ခုနှစ် ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တာ့ခ်ဆင်က လိင်တူချင်းစုံမက်မှုကို ရာဇဝတ်မှုတစ်ခုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း ဗာတီကန် ဂိုဏ်းအုပ်တွေရဲ့ ညီလာခံအတွင်း သူဟာ ဥရောပမှာ အစ္စလာမ်ဘာသာပြန့်ပွားမှုအပေါ် ကြောက်ရွံ့ထိတ်လန့်ဖွယ်ဖြစ်အောင် ကြိုတင်ဟောကိန်းထုတ်တာတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီအတွက်ကိုလည်း နောက်ပိုင်းမှာ သူက ပြန်တောင်းပန်ခဲ့ပါတယ်။

ငလျင်ကြောင့် ကလေးဘယ်လောက်သေဆုံးခဲ့လဲမတ် ၂၈ ရက်က အင်အား မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးကြောင့် အီသန့် လိုပဲ သေဆုံ...
30/04/2025

ငလျင်ကြောင့် ကလေးဘယ်လောက်သေဆုံးခဲ့လဲ

မတ် ၂၈ ရက်က အင်အား မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးကြောင့် အီသန့် လိုပဲ သေဆုံးရတဲ့ ကလေးငယ်ပေါင်း အယောက် ၇၀ နီးပါးရှိတာကို ဘီဘီစီရဲ့ သီးသန့်စုစည်းချက်အရ သိရပါတယ်။

မြန်မာစစ်ကောင်စီက ကလေးငယ်တွေ သေဆုံး/ပျောက်ဆုံးစာရင်းကို သီးခြားထုတ်ပြန်တာမရှိတာကြောင့် စာရင်းအချက်အလက် အတိအကျရဖို့ကတော့ ခက်ခဲနေပါသေးတယ်။

အရပ်ဘက်အကူအညီပေးရေးအဖွဲ့တချို့ ကတော့ မဖော်နိုင်သေးတဲ့ ရုပ်အလောင်းတွေနဲ့ ပျောက်ဆုံး စာရင်းတွေအရ ငလျင်ကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်လှမ်းမမီတဲ့မြို့တွေလည်းရှိတာကြောင့် ဒီထက်ပိုများနိုင်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးအများစုဟာ အသက် ၅ နှစ်အောက်တွေဖြစ်ပြီး အသက် ၁၀ နှစ်အောက်နဲ့ ၁၄ နှစ်ဝန်းကျင်တွေလည်း ပါဝင်ပါတယ်။

အများစုက မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids မူကြိုကျောင်းက ကလေးငယ်တွေဖြစ်ပါတယ်။ အဲဒီတစ်နေရာတည်းမှာတင် ငလျင်ကြောင့် မူကြိုကျောင်းပြိုကျလို့ ကလေးငယ် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကျောက်ဆည်မြို့ မူကြိုကျောင်းပြိုလို့ သေဆုံးခဲ့ရတဲ့ ကလေးတွေထဲမှာ အသက် ၅ နှစ်အရွယ် မသက်ထားစံလည်း ပါခဲ့ပါတယ်။ ငလျင်လှုပ်တာကြောက်လို့ ပြေးလွှားချိန်မှာ စာသင်ကျောင်း ပြိုကျခဲ့တာလို့ အသက် ၇၀ ကျော် အဖိုးတော်စပ်သူ ဦးကြွယ်ငြိမ်းက မျက်ရည်စက်လက်နဲ့ ဘီဘီစီကို ဖြေခဲ့ပါတယ်။

ငလျင်အပြီး ၃ နာရီလောက်အကြာမှာတော့ မသက်ထားစံရဲ့ အလောင်းကို ရှာတွေ့ပါတယ်။

''အဆိုးထဲက အကောင်းလို့ ပြောမှာပါပဲ။ ကလေးရဲ့အလောင်းကို ပုံမပျက်ဘဲ ပြန်ရခဲ့တယ်'' လို့ ဦးကြွယ်ငြိမ်းက ပြောပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းမြို့ အတွင်း ပြိုကျခဲ့တဲ့ မူကြို၊ ကွန်ဒိုတွေနဲ့ နေအိမ်တွေရဲ့ အဆောက်အဦတွေထဲမှာ ပြိုကျအပိုင်းအစတွေနဲ့ ထိခိုက်လို့ ဒါမှမဟုတ် ပြိုကျအဆောက်အဦထဲ ပိတ်မိခဲ့လို့ သေဆုံးခဲ့တဲ့ ကလေးငယ်တွေ ဆယ်နဲ့ချီ ရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့နဲ့ နေပြည်တော်တွေမှာလည်းအဆောက်အဦပြိုကျပိကျလို့ သေဆုံးရတဲ့ ကလေးငယ်တွေရှိပါတယ်။ နေပြည်တော်မှာဆိုရင် အစိုးရဝန်ထမ်းတွေရဲ့ ကလေးတွေလည်းပါခဲ့ပါတယ်။

''မိဘရုံးသွားချိန် ငလျင်လှုပ်တာဆိုတော့ ဝန်ထမ်းအိမ်ရာမှာကျန်ခဲ့တဲ့ ကလေးငယ်တွေ သေဆုံးခဲ့ကြတာရှိပါတယ်'' လို့ စွမ်းအင်ဝန်ကြီးဌာနမှာ အလုပ်လုပ်ကိုင်နေတဲ့ နေပြည်တော်က ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

မြန်မာငလျင် - ငလျင်သင့်တဲ့ အိမ်တွေမှာပဲ လူလေးသိန်းကျော် ပြန်နေ

ငလျင်သင့်မန္တလေးနဲ့ စစ်ကိုင်းမှာ ကျန်းမာရေးပြဿနာတွေ ကြုံနေကြ

စိတ်ဒဏ်ရာတွေနဲ့ ကလေးတွေ

ငလျင်သင့် ကလေးငယ်တွေ
ငလျင်ကြောင့် သေဆုံးခဲ့တဲ့ကလေးငယ်တွေအပြင် ငလျင်ဘေးထဲ မိဘဆုံးပါးခဲ့တာကြောင့် စိတ်ဒဏ်ရာတွေနဲ့ ကျန်ရစ်ခဲ့ရတဲ့ကလေးတွေလည်း ရာနဲ့ချီ ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ အချက်အလက်တွေအရ ငလျင်ကြောင့် မြို့နယ်ပေါင်း ၅၈ မြို့နယ် ကို တိုက်ရိုက်ထိခိုက်ခဲ့ပါတယ်။

အဲဒီက စုစုပေါင်း လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ၉ ဒသမ ၁ သန်းကျော်ဟာ ငလျင်ကို အပြင်းထန်ဆုံးကြုံခဲ့ရတဲ့ ဒေသတွေမှာနေထိုင်နေကြရဆဲလို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် ကတော့ အဲဒီထဲမှာမှ ကလေး ၁ ဒသမ ၁ သန်းဟာ ထိခိုက်လွယ်နေပြီး အရေးကြီးတဲ့ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

နေအိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ ပျက်စီးဆုံးရှုံးခဲ့သလို ငလျင်သင့် မိသားစုတွေအတွက် သန့်ရှင်းတဲ့ရေရဖို့ ခက်ခဲနေပါတယ်။ ရှင်ကျန်ရစ်တဲ့ ကလေးငယ်တွေဟာလည်း ကျန်းမာဘေးကင်းဖို့အရေး နေ့စဉ် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ယူနီဆက်ဖ် က အသိပေးထားပါတယ်။

ငလျင်ကြီးလှုပ်သွားတာ တစ်လတာရှိလာပြီဖြစ်ပေမဲ့ နောက်ဆက်တွဲငလျင် အကြိမ်ရေ ရာနဲ့ချီလှုပ်နေခဲ့တာကြောင့်လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော် စတဲ့ တိုင်းဒေသကြီး ခြောက်ခုကို အရေးပေါ် အခြေအနေ ကြေညာထားဆဲဖြစ်ပါတယ်။

ငလျင်ဘေးသင့်ဒေသတွေက မိဘတွေနဲ့ ဆွေမျိုးတွေရဲ့ အပြောအရ ငလျင်ဘေးကြုံခဲ့ရတဲ့ ကလေးတွေမှာ ညဘက်အိပ်မပျော်တာတွေ၊ ရုတ်တရက် အစိုးရိမ်လွန်တာတွေနဲ့ လူတွေနဲ့ဝေးရာမှာသွားနေတာလို စိတ်ဆင်းရဲမှု လက္ခဏာတွေဖြစ်နေကြပါတယ်။

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကြီးဟာ ဒီငလျင်ဘေးရဲ့ အခက်ခဲဆုံး ရှုထောင့်တစ်ခုဖြစ်တယ်ဆိုတာ သက်သေပြနေပါတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။

"ကလေးက အမေနဲ့ အဒေါ် ဆုံးသွားပြီးဆိုတာသိတော့ မပျော်တော့ဘူး။ တစ်သက်လုံး အမေ မရှိဘဲ နေရမယ်ဆိုတာက သူ့အတွက်စိတ်ဒဏ်ရာပဲ။ ကျွန်မက အဒေါ် ဆိုတော့ ဘယ်လောက်စောင့်ရှောက်ပေးလည်း သူ့အမေကိုပဲ သူတောင့်တမှာပဲ'' လို့ မန္တလေးမြို့က ငလျင်ဘေးမှာ အစ်မ နှစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး အသက် ၉ နှစ်အရွယ် တူမဖြစ်သူနဲ့ ကျန်ရစ်ခဲ့တဲ့ မတင်မာကပြောပါတယ်။

ရှိရင်းစွဲ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေနဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလို အရေးကြီးဝန်ဆောင်မှုတွေ မရနေတဲ့ မြန်မာက ၆ ဒသမ ၅ သန်းရှိတဲ့ ကလေးငယ်တွေအတွက်တော့ ဒီငလျင်က ရှိနှင့်ပြီး ပြဿနာတွေအပေါ် နောက်ထပ်ပြဿနာတွေ ထပ်ပေါင်းပေးလိုက်သလိုပဲလို့ ယူနီဆက်ဖ် က ထုတ်ပြန်ထားပါတယ်။

ဒီတိုးပွားလာတဲ့ စိတ်ကျန်းမာရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ငလျင်ဘေးသင့်ဒေသတွေမှာ ကလေးပျော်နေရာတွေကို ဖန်တီးပေးထားတယ်လို့ဆိုပါတယ်။

ငလျင်ကြောင့် ကလေးတွေ စိတ်ဒဏ်ရာရနေကြသလို မိဘတွေမှာလည်း ရှင်ကျန်တဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်ရတဲ့စိတ်တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။

ဒါတင်မက သားသမီးကို ငလျင်ဘေးထဲ ဆုံးရှုံးခဲ့ရတဲ့ မိဘတွေမှာလည်း ဖြေမဆည်နိုင်သလို အပြစ်မကင်းသလို ခံစားချက်တွေပါ ရောထွေးပြီး စိတ်ဒဏ်ရာတွေနဲ့ ခက်ခက်ခဲခဲ ဖြတ်သန်းရုန်းကန်နေကြပါတယ်။

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+66915201536

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Piece of Knowledge Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Piece of Knowledge Myanmar:

แชร์