Nyo Mar Thet သတင်းများမျှဝေရန်

10/07/2025
Good Luck
01/07/2025

Good Luck

❝ ထိုင်းဝန်ကြီးချုပ်ပေတုံတန် ရာထူးမှ ဆိုင်ငံ့ခံရ ❞

🇹🇭ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကို ထိုင်းအခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ရာထူးမှ ဆိုင်ငံ့လိုက်ပါတယ်။

အခြေခံဥပဒေတရားရုံးက ထိုင်းလွှတ်တော်အမတ်အချို့ရဲ့ ဝန်ကြီးချုပ်အပေါ်တိုင်ကြားလွှာကို လက်ခံခဲ့ကာ တရားရုံးမှအမိန့်မချခင်အထိ ရာထူးမှဆိုင်းငံ့ခံရတာဖြစ်ပါတယ်။

ထိုင်းလွှတ်တော်အမတ်အချို့က ဝန်ကြီးချုပ်ဟာ ကမ်ဘောဒီးယားခေါင်းဆောင်ဟောင်းဟွန်ဆန်နဲ့ တယ်လီဖုန်းပြောစဉ်မှာ အခြေခံဥပဒေအရစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

Richard Myo Thant

01/06/2025

❝ မပြီးပြတ်တဲ့ အလုပ်တွေ သင့်ခေါင်းထဲမှာ ဘာကြောင့် ပေါ်နေတာလဲ ❞

ညစာစားပြီးတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ အေးအေးဆေးဆေး ထိုင်နေရင်း တီဗီမှာ HBO က ပြနေတဲ့ The White Lotus ဇာတ်လမ်းတွဲကို ကြည့်နေတယ်။ ဒီအချိန်မှာ ခေါင်းထဲမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ ပေါ်လာတယ်။ အထက်လူကြီးဆီ တင်ပြရမယ့် အစီရင်ခံစာရေးတာ မပြီးသေးဘူး။ အီးမေးလ်ပြန်စရာတွေ ရှိနေတယ်။ မနက်ဖြန် အစည်းအဝေးမှာ ဆွေးနွေးစရာ အချက်တွေကို မေ့မသွားအောင် မရေးမှတ်ရသေးဘူး။

ခေါင်းထဲမှာ ပေါ်လာနေတာဟာ အလုပ်ကိစ္စချည်းပဲ မဟုတ်ပါဘူး။ အိမ်မှာ လုပ်စရာ ကျန်နေတာတွေလည်း ပါတယ်။ လျှော်ပြီးတဲ့ အဝတ်တွေကို ခေါက်မသိမ်းရသေးဘူး။ စားပြီးတဲ့ ပန်းကန်တွေဟာ ပန်းကန်ဆေးကန်ထဲမှာ ပုံနေတယ်။ သူငယ်ချင်းတွေဆီက လာတဲ့ message တွေကို ပြန်စာရေးရဉီးမယ်။

ဒီအလုပ်တွေကို ချက်ချင်းလုပ်စရာ လိုလောက်အောင် အရေးမကြီးပါဘူး။ အခုမလုပ်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒါတွေ ခေါင်းထဲမှာ ပေါ်နေခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အေးအေးဆေးဆေး အနားယူလို့ မရဘူး။

ကျွန်မတို့ရဲ့ ဉီးနှောက်ဟာ လုံးဝအနားယူလို့ မရဘူးလား။

ကျွန်မတို့ဟာ မပြီးပြတ်တဲ့ အလုပ်တွေ ခေါင်းထဲမှာ ပေါ်မလာအောင် လုပ်လို့မရဘူးလား။

အဲဒါကို သိချင်လို့ အင်တာနက်မှာ ရှာြကည့်တယ်။ စာကြည့်တိုက်က စာအုပ်တွေမှာ ဖတ်ကြည့်တယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေက အဲဒါကို Zeigarnik effect (ဇီဂါးနစ် အကျိုးသက်ရောက်မှု) လို့ ခေါ်ကြမှန်း သိရတယ်။

**Zeigarnik effect က ဘယ်လိုအလုပ်လုပ်သလဲ**

ဟိုတယ်တစ်ခုက စားပွဲထိုးတွေဟာ မှာထားတဲ့ အစားအသောက်တွေကို မှာထားသူထံ ချပေးတာ မပြီးမချင်း သူတို့ခေါင်းထဲမှာ မှတ်မိနေကြတယ်။ အစားအသောက်ဖိုး ရှင်းပြီးမှ အစားအသောက်စာရင်းကို မေ့ပစ်လိုက်ကြတယ်။ ဒါကို ရုရှားစိတ်ပညာရှင် Bluma Zeigarnik (အမျိုးသမီး) က ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ သတိထားခဲ့ပြီး မပြီးပြတ်တဲ့ အလုပ်တွေ ခေါင်းထဲမှာ ပေါ်လာတယ်ဆိုတာကို Zeigarnik effect လို့ နာမည်ပေးခဲ့တယ်။

စိတ်ပညာရှင်တွေက အဲဒါကို ခုလိုရှင်းပြကြတယ်။ လူ့ဉီးနှောက်ဟာ web browser ကြည့်တာနဲ့ တူတယ်။ ဝက်ဆိုက်တစ်ခုကို ကြည့်နေရင်းကနေ နောက်ဝက်ဆိုက်တစ်ခုကို ပြောင်းကြည့်တယ်။ ပထမဝက်ဆိုက်ဟာ မပိတ်ဘဲ ပွင့်နေဆဲပါ။ ဒီလိုနဲ့ နောက်ဝက်ဆိုက်တွေ ပြောင်းကြည့်ရင်း မပိတ်တဲ့ ဝက်ဆိုက်တွေ ရှိနေကြတယ်။ အဲဒါတွေကို Tab တွေ ပွင့်နေတာနဲ့ သိနိုင်တယ်။

စိတ်ပညာရှင် Dr. Geraldine Tan က Zeigarnik effect ကို မကောင်းဘူးလို့ ပြောလို့မရပါဘူး၊ ကာကွယ်ရေးစနစ်အတွက် ကောင်းတယ်လို့ ပြောပြပါတယ်။ “ဥပမာ မီးဖိုပေါ်မှာ ရေနွေးအိုးတည်ထားတယ်။ တခြားအလုပ်တစ်ခု လုပ်ရင်း အဲဒါကို မေ့သွားရင် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်။ ရေနွေးတည်ထားတယ်ဆိုတာကို မမေ့ခြင်းက အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးပါတယ်”။

“သင်ဟာ တစ်ရက်မှာ ကုန်တိုက်ကြီးတစ်ခုမှာ ဈေးဝယ်နေရင်း အဝတ်တွေ မီးပူတိုက်ပြီးတော့ မီးပူကို ပလပ်မှာ တန်းလန်းနဲ့ မီးမပိတ်ခဲ့ဘူးဆိုတာ ရုတ်တရက် သတိရလိုက်တယ်။ ချက်ချင်း အိမ်ပြန်ပြေးရတယ်။ Zeigarnik effect က သင့်အိမ်မီးလောင်ခြင်းကနေ ကာကွယ်ပေးလိုက်ပါတယ်”။

Zeigarnik effect က အန္တရာယ်ကာကွယ်ပေးတာ ကောင်းပေမယ့် အီးမေးလ်တစ်စောင်ရေးတာ မပြီးသေးဘူး၊ ပန်းကန်ဆေးစရာရှိသေးတယ်စတဲ့ အရေးမကြီးတဲ့ အကြောင်းလေးတွေ ခေါင်းထဲမှာ ပေါ်နေခြင်းဟာ စိတ်မသက်မသာ ဖြစ်ရပါတယ်။

အဲဒါမျိုးတွေ များလာရင် သင် အေးအေးဆေးဆေး အပန်းဖြေနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် အဲဒါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

**ကာကွယ်နည်းရှိပါတယ်**

သတင်းကောင်းက ရိုးရှင်းတဲ့ ကာကွယ်နည်းရှိပါတယ်။

စိတ်ပညာရှင်တွေက သင့်ခေါင်းထဲမှာ ပေါ်လာတဲ့ မပြီးပြတ်သေးတဲ့ အလုပ်တွေကို စာရွက်ပေါ်မှာ ရေးမှတ်ထားလိုက်ဖို့ ပြောပါတယ်။ အဲဒီလို လုပ်တာဟာ မပြီးပြတ်သေးတဲ့ အလုပ်စာရင်းကို ခေါင်းထဲကနေ စာရွက်ပေါ် ရွှေ့ပြောင်းပေးလိုက်ခြင်းပါ။ ခေါင်းထဲမှာ အဲဒါတွေ ရှင်းလင်းသွားမယ်။

ဒါပေမဲ့ ဒီအဆင့်နဲ့ မပြီးသေးပါဘူး။ စာရွက်ပေါ်မှာ ရေးလိုက်တဲ့ အလုပ်တွေကို အရေးကြီးတဲ့ အဆင့်တွေ သတ်မှတ်ပါ။ ပြီးရင် အရေးကြီးဆုံး အဆင့်ကနေ စပြီး တတ်နိုင်သလောက် လုပ်သွားပါ။ လုပ်ပြီးသွားတဲ့ အလုပ်တွေကို စာရွက်ပေါ်ကနေ ခြစ်ပစ်ပါ။

ဒီလိုလုပ်ခြင်းဟာ သင့်ကို အလုပ်များများ လုပ်စေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သင့်ခေါင်းထဲမှာ ပေါ်နေတဲ့ မပြီးပြတ်တဲ့ အလုပ်တွေ ပေါ်မလာအောင် လုပ်ရင်း သင့်ဉီးနှောက်ကို အနားပေးဖို့ပါ။ သင် အေးအေးဆေးဆေး အနားယူနိုင်ဖို့ပါ။

CNA သတင်းစာက Amanda Yeap ရေးထားတဲ့ ဆောင်းပါးကို မှီးရေးတာပါ။

ဗန်းမော်သိန်းဖေ
၃၁-၀၅-၂၀၂၅

12/05/2025

❝ နေရာနှင့် ဂုဏ်သိက္ခာ ❞

ရွာကဝေးခေါင်သည့် ဒေသတွင်ဖြစ်နေသဖြင့် ကျန်းမာရေးဘက်တွင် အားနည်းလှသည်။ အနီးဆုံး တိုက်နယ် ဆေးရုံသည်ပင် ၁၂ မိုင်ခန့်အကွာအဝေးတွင်ရှိသည်။ ငှက်ဖျားပေါသော ဒေသဖြစ်သောကြောင့်လည်း အရပ်အခေါ် အပ်ပုန်းဟုခေါ်သည့် ဒေါက်တာရမ်းကုတွေကိုသာ အားကိုးနေရသည်။ တစ်ခုခုတော့ ပျောက် သည်ပင်။ ရောဂါပျောက်လျှင်ပျောက် သို့မဟုတ် အသက်ပျောက်။

ရွာတွင် ပင်တိုင်ဆေးဆရာကြီးတစ်ယောက်တော့ရှိသည်။ ဦးမှတ်ကြီးဟုခေါ်သည်။ သူ့ကြောင့် အသက်ပျောက် သူတွေမနည်း။

ဦးမှတ်ကြီး အိမ်ရှေ့တွင်

မှတ်ကြီး (ဘိန်းဒေါ အထူးကု) ဆိုသည့် သစ်သားပြားပေါ်၌ ထုံးဖြင့်မလှမပ ရေးသားထားသော ဆိုင်းဘုတ် တစ်ခုကို ချိတ်ထားသည်။ ဗိန္ဒောဟုရေးရမည်ကို သူရေးချင်သလို ရေးထားခြင်းဖြစ်သည်။

ဦးမှတ်ကြီးသည် နေ့စဉ် သူ့ခြံထဲတွင် နေလှန်းထားသော သစ်ဥ၊ သစ်ခေါက်၊ သစ်ရွက်၊ သစ်မြစ်များကို သံငရုတ်ဆုံတစ်လုံးဖြင့် ထုထောင်းနေတတ်သည်။

“တောင် … တောင် … တောင်”

ထိုအသံသည် သေမင်းငင်သံကဲ့သို့ ဖြစ်သော်လည်း သံဆုံနှင့် သံကျည်ပွေ့ထိခတ်သံတို့က သူ့အတွက် လာဘ်ပွင့် စေသည်ဟု ယူဆပြီး လူနာပင့် မလာလျှင်ပင် ကွမ်းသီးကို သံဆုံထဲထည့်ထောင်းကာ ကွမ်းယာပြီး စားနေ တတ်သူဖြစ် သည်။

အရပ်ထဲတွင်

“သံဆုံသံကြား၊ လူဖျားပြီ

မှတ်ကြီးရောက်လာ၊ လူပြာပြီ

မှတ်ကြီးပြန်ကြွ၊ မသာချရမည်” ဆိုသည့် စကားကို တိုးတိုးတိတ်တိတ်ပြောကြသည်။

ဦးမှတ်ကြီးသည် အမှန်တော့ဘာမျှမတတ်။ သူ့အဖေက ဆေးဆရာကြီးဖြစ်ခဲ့ရာ၊ သားစဉ်မြေးဆက် ဆေးဆရာ ဆိုသည့် အမည်ကိုသာ ခံယူခဲ့သူဖြစ်ပြီး တိုင်းရင်းဆေးအကြောင်း ဂဃနဏ သိသူမဟုတ်။ အဖေ့ခေတ်က ကုထုံးတွေအတိုင်း ကြားဖူးနားဝနှင့်ကုသနေခြင်းသာဖြစ်သည်။ သူ့အဖေကလည်း လက်မှတ်ရတစ်ယောက် မဟုတ်။ ကြံဖန်ဘွဲ့ခံတွေဖြစ်သည်။

ရွာထဲရှိ မသေးကြည်ဆိုသူသည် သံစူးသဖြင့် ခြေထောက်တွင် အနာရင်းလာသည်။ နောက်ပိုင်း မေးခိုင်ပိုးဝင် လာဟန်တူပါသည်။ သူ့ကို စတင်ကုကတည်းက ကွမ်းရွက်မန်းနှင့် ဘာဆေးမှုန့်တွေမှန်းမသိ အုံခိုင်းခဲ့ရာ အနာနှင့်ဆေး မတိုးသည့်အပြင် ခြေထောက်က ယောင်လာပြီး ပြည်တည်ကာ ပုပ်လာသည်။ နောက်ဆုံး ကယောင်ကတမ်းတွေပြောပြီး သေသည်။

မသေးကြည် ရက်လည်တွင် ကျွန်တော်တို့၏ ဆေးဆရာကြီးသည် ခေါင်းပေါင်းစ တစ်ထောင်ထောင်နှင့် ကြွလာသည်။ သူသာမက သူ့ဘေးတွင် ဇနီးဖြစ်သူကို ခေါ်လာသေးသည်။ ဇနီးကလည်း မျက်နှာလေး အောက်ချကာ သူ့ယောက်ျား ဆေးအိတ်လေးကို လွယ်ပြီး ယို့ယို့လေး လိုက်လာသည်။

ရွာထုံးစံအရ ရက်လည်တွင် ရွာလုံးကျွတ် ထမင်းကျွေးရသည်။ ထမင်းဆိုရာတွင်လည်း ဝက်သားဟင်း၊ ချဉ်ပေါင်ဟင်းချို၊ ငါးပိကြော်တို့ဖြင့် ကျကျနန ကျွေးရသည်ဖြစ်ရာ ဦးမှတ်ကြီးသည်လည်း အိမ်တွင်တစ်နပ် သက်သာ မနည်းဟုမှတ်ကာ ဇနီးပါခေါ်လာသည်။

မသာအိမ်ကို သူတို့လင်မယား ဝင်လိုက်သည်နှင့်

“အမလေး အမေရဲ့ … ဒီမှာ အမေ့ကို ကုလိုက်တဲ့ ဦးမှတ်ကြီးလာပြီလေ။ အလိုလေး မိန်းမပါခေါ်လာသတော့” ဟု ဆိုကာ သမီးဖြစ်သူ မပုမက အော်ငိုသည်။

အိမ်ထဲရှိ လူတွေက ဦးမှတ်ကြီးကို ဝိုင်းကြည့်ကြသည်။

ဦးမှတ်ကြီးကာ အရှက်နည်းစွာပင် အိမ်ဦးခန်းတွင်တက်ကာ နေရာယူသည်။ သူ့မိန်းမကလည်း သူ့ဘေးတွင် ဝင်ထိုင်သည်။

ရွာထုံးစံ ထမင်းကျွေးလျှင် ထမင်းစားရုံထဲသို့ အလှည့်ကျခေါ်ကျွေးကြသည်။ သို့သော် ရွာထဲရှိ လူရိုသေ ရှင်ရိုသေပုဂ္ဂိုလ်များ၊ ကျောင်းဆရာများကို အိမ်ဦးခန်းမှာပင် ထမင်းဝိုင်းပြင်ကာ ကျွေးပါသည်။

ကျွန်တော်လည်း အသုဘအတွက် ကူငွေ ၅ ကျပ်ကို အိမ်အဝင်ကတည်းက ဖလားထဲထည့်ပြီး အိမ်ပေါ်ကို တက်လာသည်။ ထိုခေတ်က ၅ ကျပ်ဆိုသည်မှာ အလွန်တန်ဖိုးရှိသည်။ မသေးကြည်ခင်ပွန်းက

“ဆရာ ဒီဘက်ကြွပါ” ဟု ကျွန်တော့်ကို လာခေါ်ကာ အိမ်ခန်းထဲကို ခေါ်သွားသည်။

ထူးဆန်းလှပေသည်။

အိမ်ခန်းထဲတွင် ထမင်းဝိုင်းကြီးပြင်ထားသည်။ ကျွန်တော့်ကို အိမ်ခန်းထဲမှာပင် ထမင်းများ ခူးကျွေးသည်။ အိမ်ခန်းနှင့် ဆက်နေသည့် နောက်ပေါက်က ထမင်းပန်းကန်တွေယူလာ၊ ဟင်းပန်းကန်တွေယူလာပြီး ကျွန်တော့်ကို ပြင်ဆင်ကျွေးခြင်းဖြစ်သည်။

ကျွန်တော်လည်း စားသောက်ပြီးနောက် အခန်းထဲက ထွက်လာသည်။ ထိုင်စရာနေရာကလည်း ဦးမှတ်ကြီး အနားတွင်သာ ရှိသဖြင့် ကျွန်တော်သူ့အနားတွင် သွားထိုင်ကာ ရေနွေးကြမ်းသောက်နေသည်။

ကျွန်တော်က ဦးမှတ်ကြီးကို ပြုံးပြလိုက်ပြီး

“ဦးမှတ်ကြီး စားပြီးပြီလား” ဟုမေးလိုက်မိသည်။ သူက

“မစားရသေးဘူး” ဟုမျက်နှာကြီး စူပုပ်ပြီးပြောသည်။

“ရောက်တာကြာပြီလား”

“ဆရာ့အရင်ကတည်းကပေါ့”

“ဟာ ကျွန်တော်တောင်စားပြီးပြီ”

“ဆရာ ဘယ်မှာစားတာလဲ”

“အိမ်ခန်းထဲမှာလေ”

ကျွန်တော်က မနေနိုင်မထိုင်နိုင် မသေးကြည်ယောကျ်ားကို ခေါ်လိုက်သည်။

“ကိုထွန်းကြိုင် … ခဏ”

“ဘာလဲဆရာ”

“ဒီမှာ ဦးမှတ်ကြီးတို့က ထမင်းမစားရသေးဘူးတဲ့”

“သိသားပဲ … စားချင် ထမင်းရုံထဲ သွားစားပေါ့”

“ဟာဗျာ … သူလည်း …”

ကိုထွန်းကြိုင်က ကျွန်တော့်အနားထိုင်ပြီး တိုးတိုးလေးပြောသလိုနှင့် ဦးမှတ်ကြီး ကြားအောင်

“ဒီမှာဆရာ … မသာရက်လည်ကိုလာတာ လင်မယားနှစ်ယောက်။ တစ်ပြားမှလည်း မကူဘူး။ ပြီးတော့ ကျုပ်မိန်းမ သေရတာ ဒင်းကြောင့်။ အလကားလည်း လာစားသေး၊ အိမ်ဦးခန်းတက်ပြီး အမြိန့်သားကြီးထိုင် နေလိုက်တာများ သောက်မြင်ကိုကပ်ရော။ အဲဒါကြောင့် သက်သက်ကို အပြင်မှာ ထမင်းဝိုင်းမပြင်ခိုင်းဘဲ ဆရာ့ကို အခန်းထဲခေါ်ကျွေးတာ”

“ဟာဗျာ … ဒါကြီးကတော့”

ဦးမှတ်ကြီးသည် ထိုင်နေရာမှ ဝုန်းခနဲထလိုက်သည်။ သူ့မိန်းမဘက်ကိုလှည့်လိုက်ပြီး

“ဟဲ့ ပြန်မယ်” ဟုဆောင့်ဆောင့်အောင်အောင့်ကြီးပြောကာ သူ့မိန်းမလက်ကို ဆွဲသည်။

မိန်းမကလည်း ဆေးလွယ်အိတ်လေး လွယ်ကာ သူ့နောက်မှ ကုပ်ချောင်းချောင်းနှင့် လိုက်သွားသည်။ လှေကားမှအဆင်းတွင် ချော်ကျမလိုပင်ဖြစ်သွားသည်။

ကျွန်တော်လည်း သူတို့လင်မယားနှစ်ယောက် အိမ်ပေါ်က ဆင်းသွားသည်ကို ကြည့်နေမိသည်။

ဦးမှတ်ကြီးသည် ရှက်ရှက်နှင့် ထွက်သွားပြီဟု စိတ်ထဲထင်နေသည်။

အဘယ်မှာလျှင် ဟုတ်အံ့နည်း။

မယားကို လက်ဆွဲကာ အများသူငါ ကျွေးနေသည့် ထမင်းစားရုံထဲကိုဝင်သွားပြီး ရွာသားတွေနှင့်ရောကာ ထမင်းစားနေရှာသည်။

တင်ညွန့်

၁၂.၅.၂၀၂၅

06/05/2025

❝ အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း ❞

အိန္ဒိယနိုင်ငံပညာရေးစနစ်အကြောင်းမေးလျှင် ထိုနိုင်ငံတွင် စနစ်မရှိ၊ စာမေးပွဲသာရှိသည်ဟု ဖြေကြသည်။ ဆိုလိုသည်မှာ စာမေးပွဲထက်ဘာမျှအရေးမကြီးဆိုသည့် ပညာရေးစနစ်ဖြစ်နေသည်။

(၁) အလွတ်ကျက်ပညာရေး

ကျောင်းသားအရွယ် ငယ်စဉ်ကတည်းက စာမှန်လျှင် အလွတ်ကျက်ရမည်ဟုသာ နားလည်ထားကြသည်။ စာကို နားလည်ရန် ဖတ်ရမည်ထက် အလွတ်ကျက်ရန်သာ တိုက်တွန်းနေသော ဆရာတွေကြောင့်ဖြစ်သည်။

CBSE, ICSE သို့မဟုတ် အစိုးရစစ်စာမေးပွဲများတွင်လည်း အလွတ်ကျက်နိုင်သမျှ ပြန်ရေး၊ အမှတ်ပေးသည့် စနစ်ကိုသာကျင့်သုံးဆဲဖြစ်သည်။

ဥပမာ - ဘာမျှနားမလည်၊ သဘောတရားလည်းမသိ၊ ကျက်အားကောင်း၊ မှတ်အားကောင်းသော ကျောင်းသား တစ်ယောက်သည် ရူပဗေဒဘာသာရပ်တွင် အမှတ်အကောင်းဆုံးဖြစ်နေသည်။ သူ့ကို သဘောတရားတစ်ခုအား ဘာလဲဟု မေးလိုက်လျှင် ဖြေရှင်းမပြနိုင်ကြောင်းတွေ့ရသည်။

ရလဒ်ကားအဘယ်နည်း

ထိပ်တန်းဆိုသည့် (Toppers) တွေမွေးထုတ်ပေးနေသော ပညာရေးဖြစ်နေပြီး၊ တွေးခေါ်စဉ်းစားနိုင်စွမ်းရှိသော သူများ ထွက်ပေါ်မလာခြင်းဖြစ်သည်။

(၂) အဖြေလွှာနှင့် အဆုံးအဖြတ်ပေး ပညာရေး

NEET, JEE နှင့် အစိုးရစစ်စာမေးပွဲများတွင် ဖြေဆိုချိန်မှာ ၃ နာရီကြာသည်။ ထို ၃ နာရီအတွင်း ခေါင်းခြောက် အောင်စဉ်းစားဖြေဆိုနေကြရသည်။ ထိုစာမေးပွဲဖြေဆိုချိန်ကာလအတွင်း မူးမေ့လဲကျ နှလုံးရောဂါရသူတွေပင် ရှိခဲ့သည်။ တစ်နှစ်လုံး ကြိုးစားလာသမျှကို ၃ နာရီနှင့် အဆုံးအဖြတ်ပေးသည်ဆိုခြင်းမှာ စဉ်းစားသင့်သည်။

ကြိုးစားရှာခဲ့သမျှ ၃ နာရီဆိုသည့် ကာလအတွင်း ရချင်လည်းရမည်၊ မရချင်လည်းမရဆိုသည်မှာ ပညာရေး မဟုတ်။ လောင်းကစားဝိုင်းသာဖြစ်ပေလိမ့်မည်။

(၃) လူငယ်တွေကို တီထွင်ဖန်တီးလိုစိတ် သင်းသတ်ထားသောပညာရေး

ပန်းချီဆွဲခြင်းကို ကျောင်းတွေက အချိန်ဖြုန်းသည်ဆိုကာမသင်

ဝတ္ထုဇာတ်လမ်းရေးခြင်းကို အသုံးမဝင်ဆိုကာ သင်ရကောင်းမှန်းမသိ

ပြဋ္ဌာန်းစာအုပ်ပါအချက်အလက်များကို ဝေဖန်ဆွေးနွေးရကောင်းမှန်းမသိ၊ ဆရာဆိုလျှင်ပညာရှိ၊ ပြန်မေးရ ကောင်းမှန်း၊ ဝေဖန်ရကောင်းမှန်းနားမလည်။

“မမေးနဲ့ … ရေး”

“မတွေးနဲ့ … လုပ်” ဆိုသည့် ပညာရေးခွင်ထဲတွင် ကျင်လည်နေကြရသည်။

ရလဒ်က အဘယ်နည်း

သန်းပေါင်းများစွာသော ထက်မြက်သည့် လူငယ်များသည် မစဉ်းစား၊ မဝေဖန်နိုင်ပဲ၊ သူလိုငါလို သာမန်ဘဝနှင့် ကြီးပြင်းလာကြရသည်။

(၄) လက်တွေ့နှင့်ကင်းကွာနေသောပညာရေး

အိန္ဒိယနိုင်ငံတွင် တစ်နှစ်လျှင် အင်ဂျင်နီယာ၊ ဆရာဝန်နှင့် ဘွဲ့ရတွေ ထောင်ပေါင်းများစွာ မွေးထုတ်ပေးနေ သည်။ သို့သော် သူတို့အတွက် အလုပ်ပေးရန် အသင့်ရှိနေပြီလားဟု မေးလိုက်လျှင်၊ မရှိဟုသာ ဖြေရမည် ဖြစ်သည်။

သူတို့သည် စာမေးပွဲတွေအောင်ကာ ဘွဲ့တွေရလာသည်မှာ မှန်ပါသည်။ သို့သော် ဘာလုပ်တတ်သလဲ မေးလိုက်လျှင် ဘာမျှ မလုပ်တတ်။ စာတွေ့နှင့် အလွတ်ကျက်အမှတ်ပေးစနစ်က မွေးထုတ်ပေးလိုက်သူများမှာ လုပ်ငန်းခွင်ရောက်လျှင် ကြောင်တောင်တောင်လေးတွေ ဖြစ်နေကြသည်သာ။

MBBS ဘွဲ့ရလာသော ဆရာဝန်များသည်ပင် ဆေးကုသနိုင်ရန်အတွက် ဆေးရုံ၊ ဆေးခန်းကြီးများတွင် တိတ်တိတ်ပုန်းသွားကာ လက်တွေ့သင်ကြားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတွေက လက်တွေ့ထက်၊ စာတွေ့ကိုသာ ဦးစားပေးနေသောကြောင့်ပင်။

(၅) ကလေးတွေစိတ်ကျန်းမာရေး ဦးစားမပေးသည့် ပညာရေး

NEET နှင့် JEE စာမေးပွဲများတွင် ဖိအားအလွန်များသည်။ အလွန်ရက်စက်သော စာမေးပွဲများဟု ဆိုနိုင်သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စာမေးပွဲကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အမြင့်ဆုံးနိုင်ငံဖြစ်သည်။ ကျောင်းတွေကပြဋ္ဌာန်းချက်တွေကမြင့်၊ တက္ကသိုလ်၊ ကောလိပ်တွေကလည်း အမှတ်မြင့်၊ မိဘတွေကလည်း ကိုယ့်သားသမီးတွေကို တွန်းအားမြင့်ကြသောကြောင့် ကျောင်းသား ကလေးတွေဘဝမှာ အချိန်ကိုက်ဗုံးတွေ ထောင်ထားသော မိုင်းကွင်းထဲကို လျှောက်သွားနေရသလိုဖြစ်နေသည်။

ကျောင်းတွေမှာ စိတ်ပညာဆိုင်ရာ သဘောတရားတွေ သင်ကြားသူလည်းမရှိ၊ သင်ကြားရန်စာလည်းမရှိ၊ သင်ကြားပါဟု လမ်းညွှန်သူလည်းမရှိဖြစ်နေသည်။

(၆) ဆရာတွေကလစာနည်း၊ တန်ဖိုးထားခြင်းမခံရသောပညာရေး

ကိုယ့်နိုင်ငံပညာရေးကို ကိုယ့်နိုင်ငံကပြည်သူတွေက လေးစားယုံကြည်ကာ တန်ဖိုးထားခြင်း မခံရလျှင် ထိုပညာရေးသည် အလကားပညာရေးသာဖြစ်လိမ့်မည်။

ဆရာတွေက ကျောင်းတွေမှာ ဝန်နှင့်အားမမျှအောင် သင်နေရသည်။ သင်တန်းလည်းမရှိ၊ လစာကလည်းနည်း သဖြင့် ဆရာအလုပ်ကို စိတ်ဝင်စားမှုနည်းကြသည်။

တော်သည့် ပညာရှင်တွေက စိတ်ပျက်ကာ အလုပ်ပြောင်း၊ နေရာပြောင်းကုန်ကြသည်။ ဘာဖြစ်ဖြစ် လစာရ ပြီးရောတွေက လုပ်ငန်းခွင်တွင်ကျန်ကာ တာဝန်ကျေသင်နေကြသည်။ အညံ့ဆုံးဆိုသူတွေနှင့် အကောင်းဆုံး ဆိုသည်မှာ ဖြစ်မလာနိုင်ပေ။

(၇) တစ်ဦးချင်းကျွမ်းကျင်မှုကို ဦးစားမပေးသည့် ပညာရေး

သူတို့ကျောင်းသားတွေထဲတွင် ကွန်ပျူတာ Code ရေးနိုင်သူများ၊ တီထွင်ဖန်တီးနိုင်သူများ၊ စာရေးကောင်း သူများ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူများ၊ ဆောက်လုပ်ရေးအတတ်ကျွမ်းကျင်သော ကျောင်းသားများ ရှိသော်လည်း ထိုကျောင်းသားများသည် ကျောင်းတွင်စစ်ဆေးသည့် စာမေးပွဲရမှတ်တွင် ၉၅ ရာခိုင်နှုန်း မရလျှင် လူတော်ဟူ၍ သတ်မှတ်ခြင်း မခံရ။ ထိုကျောင်းသားတွေမှာ ကျောင်းမှာမတော် အသက်မွေးရန် ပညာတော်သူ တွေဖြစ်နေသော်လည်း အသိအမှတ်ပြုခြင်း မခံရပေ။

အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံတွင် စာမေးပွဲရမှတ်သည် အဆုံးအဖြတ်ဖြစ်နေသည်။

ကလေးတစ်ယောက် ဘယ်၍ ဘယ်မျှ လုပ်ဆောင်နိုင်စွမ်းရှိသည်ဆိုခြင်းမှာ မရေးမပါ။

ကမ္ဘာက ကျွမ်းကျင်ပညာရှင်များကိုလိုသည်။ အိန္ဒိယတွင် ကျွမ်းကျင်မှုကို အမှတ်နှင့် ဆုံးဖြတ်နေသမျှ ကလေးတွေဘဝမှာလည်း ရှင်သန်နိုးထလာရန်မမြင်။ ယုံကြည်မှုကို စာမေးပွဲတွေ အမှတ်တွေနှင့် ဆုံးဖြတ်ခံနေရသရွေ့ သူတို့ဘဝမှာ ဖျက်ဆီးချိုးနှိမ်ခံထားရသလိုသာ ဖြစ်နေပေလိမ့်မည်။

နိဂုံးချုပ်အားဖြင့်

အိန္ဒိယပညာရေးစနစ်သည် လူငယ်တွေအနာဂတ်အတွက် ပြင်ဆင်ပေးသည့် ပညာရေးမဟုတ်။

အမှတ်ကောင်းရန်၊ ထိပ်တန်းရောက်ရန်၊ အဆင့်တစ်ဖြစ်ရန် အပြိုင်အဆိုင်နှင့် အနိုင်ရလိုသူများ မွေးထုတ် ပေးသော ပညာရေးသာဖြစ်သည်။

အိန္ဒိယပညာရေးသည် သင်ယူသူများကို ပျိုးထောင်မြေထောင်မြှောက်ပေးသော ပညာရေးမဟုတ်။

အိန္ဒိယပညာရေးသည် ပြိုင်ဆိုင်ခိုင်းပြီး မသေလို့ကျန်၊ အောင်ပွဲခံခိုင်းသော ပညာရေးသာဖြစ်သည်။

စနစ်ကိုမပြင်နိုင်လျှင် အိန္ဒိယပညာရေးသည် သခင်မွေးထုတ်သောပညာရေးမဟုတ်

ကျွန်မွေးထုတ်နေသော ပညာရေးသာဖြစ်နေပေလိမ့်မည်။

(Ref: What is wrong with the Indian education system?, Maria)

တင်ညွန့်

၁.၅.၂၀၂၅

18/04/2025

❝ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမွေအနှစ်နေ့ အထိမ်းအမှတ် ❞

"ဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ခြိမ်းခြောက်ခံနေရသော ယဉ်ကျေးမှုအမွေအနှစ်များ"
(ICOMOS ၏ ၆၀ နှစ်တာ လုပ်ဆောင်ချက်များမှ သင်ယူပြီး အဆင်သင့်ပြင်ဆင်ခြင်း)

၂၀၂၃ ခုနှစ်၊ ဆစ်ဒနီတွင် ကျင်းပသော အထွေထွေညီလာခံတွင် "ဘေးအန္တရာယ်နှင့် ပဋိပက္ခဒဏ်ခံနိုင်ရည်ရှိသော အမွေအနှစ် – အဆင်သင့်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း" ကို ၂၀၂၄–၂၀၂၇ ခုနှစ်အတွက် သိပ္ပံနည်းကျ အစီအစဉ် (TSP) ၏ ပင်မအကြောင်းအရာအဖြစ် ရွေးချယ်ခဲ့သည်။ ဤအစီအစဉ်၏ ပထမနှစ်တွင် အန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ လျှော့ချခြင်း၊ ဒဏ်ခံနိုင်ရည်မြှင့်တင်ခြင်းနှင့် ကျွန်ုပ်တို့၏ အဖိုးတန်အမွေအနှစ်များကို ခြိမ်းခြောက်နိုင်သော ပဋိပက္ခများအတွက် အဆင်သင့်ပြင်ဆင်နည်းများကို အဓိကထားဆွေးနွေးမည်ဖြစ်သည်။

ဤအခြေအနေတွင်၊ ၂၀၂၅ ခုနှစ်တွင် ICOMOS အဖွဲ့ဝင်များနှင့် ကော်မတီများအနေဖြင့် ဤဘေးအန္တရာယ်များအတွက် မည်သို့ပိုမိုအဆင်သင့်ပြင်ဆင်နိုင်မည်နည်း။ ကျွန်ုပ်တို့အနေဖြင့် စုပေါင်းလုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍမှာ မည်သည့်နေရာတွင်ရှိပြီး၊ ထိုလုပ်ငန်းများတွင် ထိရောက်စွာပါဝင်နိုင်ရန် မည်သည့်အရာများ လိုအပ်သနည်း။

၂၀၂၄ ခုနှစ်တွင် "ဗင်းနစ်စာချုပ်" ၏ ၆၀ နှစ်ပြည့်အထိမ်းအမှတ်အပြီး၊ ၂၀၂၅ ခုနှစ်တွင် ICOMOS ၏ ၆၀ နှစ်ပြည့်ကို ကျင်းပမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ်က ဗင်းနစ်မြို့တွင် ကျင်းပခဲ့သော "ဒုတိယအကြိမ် ဗိသုကာပညာရှင်များနှင့် သမိုင်းဝင်အဆောက်အအုံဆိုင်ရာ ကျွမ်းကျင်သူများ ညီလာခံ" တွင် ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြုခဲ့သည်။
၎င်းတို့အနက် ပထမဆုံးဆုံးဖြတ်ချက်မှာ "သမိုင်းဝင်အဆောက်အအုံများနှင့် နေရာများ ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်" (ဗင်းနစ်စာချုပ်) ဖြစ်ပြီး၊ ဒုတိယဆုံးဖြတ်ချုပ်မှာ UNESCO မှ အဆိုပြုခဲ့သည့် ICOMOS ကို ဖွဲ့စည်းရန် ဖြစ်သည်။

အမွေအနှစ်များအား ဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ခြိမ်းခြောက်ခံနေရသော ကမ္ဘာ့ယဉ်ကျေးမှုအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန် ICOMOS ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ရန် "အပြည်ပြည်ဆိုင်ရာ အမွေအနှစ်နေ့ (IDMS)" (ဧပြီလ ၁၈ ရက်) သည် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သည်။
၂၀၂၅ ခုနှစ် IDMS အထိမ်းအမှတ်များတွင် "ဘေးအန္တရာယ်နှင့် ပဋိပက္ခခြိမ်းခြောက်မှုအောက်ရှိ အမွေအနှစ်များကို ကာကွယ်ရန် ICOMOS ၏ ၆၀ နှစ်တာ လုပ်ဆောင်ချက်များနှင့် အနာဂတ်ရည်မှန်းချက်များ" ကို အဓိကထားမည်ဖြစ်သည်။ ထို့အပြင် "ကြိုတင်ကာကွယ်ခြင်း၊ အန္တရာယ်လျှော့ချခြင်း၊ အဆင်သင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ခြင်း" စသည့် အရေးပေါ်အခြေအနေများတွင် အမွေအနှစ်များကို ကာကွယ်ရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် IDMS လှုပ်ရှားမှုများနှင့် ICOMOS ၏ လွန်ခဲ့သော ၆၀ နှစ်အတွင်း လုပ်ဆောင်ချက်များအား "ICOMOS နှစ်ပတ်လည်အထွေထွေညီလာခံ ဆွေးနွေးပွဲ"(နီပေါ၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃–၁၉) တွင် အပြီးသတ် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

17/04/2025

❝ ဂျပန်အနာဂတ်ပညာရေး ❞

ပြုပြင်ပြောင်းလဲတော့မည့် ဂျပန်နိုင်ငံပညာရေးစနစ်သည် အတုယူစရာဖြစ်သည်။ ပြောင်းလဲသည် ဆိုရာ တွင်လည်း ၁၉ ရာစု သင်နည်းကို ၂၀ ရာစုသင်နည်းလောက်အဆင့် ပြောင်းလဲခြင်းမဟုတ်။ ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်မီစွာဖြင့် တော်လှန်သော ၂၁ ရာစုပြောင်းလဲနည်းကို ကျင့်သုံးကြမည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် သူတို့လူမျိုး သူတို့နိုင်ငံမှ ကလေးတွေကို “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုကာ လူမျိုးကြီးဝါဒဖြင့် သင်ကြားလေ့ကျင့်ပေးခြင်းမရှိ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကွက်ကွက်လေးကြည့်ကာ ဝါးလုံးခေါင်းထဲ လသာသည့် အမြင့်ဖြင့် မသင်။ ကမ္ဘာ့အမြင်၊ ကမ္ဘာနိုင်ငံသား (Global citizens) များဖြစ်အောင် သင်ကြား ပေးမည်ဆိုခြင်းမှာ ထူးခြားသော ပညာရေးစနစ်တစ်ခုဟူ၍ ဆိုရမည်ဖြစ်သည်။

ဂျပန်ပညာရေးစနစ်က သူတို့၏ပညာရေးဆိုင်ရာ ရှေ့ပြေးအစီအစဉ်ကို “Brave Change” ဟူ၍ အမည်ပေးထား သည်။ ရဲရင့်သော ပြောင်းလဲမှု (Futoji no henko) ဟုဆိုသည်။ ဂျပန်တွင် ထိုပရိုဂရမ်ကို စတင်စမ်းသပ်နေပြီး ပညာရေးစနစ်သစ်က Erasmus, Grundtvig, Monnet, Ashoka, and Comenius တို့တွင် အခြေခံထားသော ပညာရေးပရိုဂရမ်ဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံပေါင်းစုံမှ ပညာရှင် ပေါင်းစုံ၏ သဘောတရားအစုံကို သူတို့ကလေးတွေအတွက် သင်ကြားပေးနိုင်ရန် အားထုတ်နေကြခြင်းဖြစ်သည်။

အထက်ပါပညာရှင်များ၏ အတွေးအမြင်များနှင့် ပညာရေးကို ချဉ်းကပ်ခိုင်းခြင်းသည် ရဲရဲတွေး ရဲရဲပြောင်း လဲမည့် အစီအစဉ်နှင့် ထပ်တူကျနေသည်ဟု ဆိုနိုင်သည်။ နိုင်ငံတကာ ပညာရှင်ပေါင်းစုံ၏ အတွေးအမြင် ပေါင်းစုံဖြင့် ကလေးတွေကို ချဉ်းကပ်ခိုင်းခြင်းသည် ကိုယ့်လူမျိုးတစ်မျိုးတည်း၏ ယဉ်ကျေးမှုနှင့် အတွေးအမြင် အပြင် ကမ္ဘာကိုမြင်နိုင်စေရန် ဖြန့်ကျက်ခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံလူမျိုးဆိုသည့် အမြင် သေးသေးလေးထဲက ဖောက်ထွက်ပြီး ကမ္ဘာကြည့်မြင်နိုင်စေရန် မျက်စိဖွင့် ကြည့်ခွင့်ပေးလိုက်ခြင်းဟူ၍လည်း ဆိုနိုင်သည်။

၁၂ နှစ်သင်ကြားရမည့် ပညာရေးပရိုဂရမ်သည် မည်သည့်ပညာရေးစနစ်မျိုး ဖြစ်မည်နည်း

- ဘာသာရပ်တွေ အများကြီးနှင့် ကလေးတွေကို ဖိအားပေးခြင်းမှကင်းသည် (Zero subjects)

- အိမ်စာပေးခြင်းကင်းသည် (Zero homework)

- ဘာသာရပ် ၅ မျိုးသာသင်ကြားမည့် ပရိုဂရမ်အသစ်ဖြစ်သည်။

ဘာသာရပ် ၅ မျိုးဆိုသည်မှ အဘယ်နည်း

1. Business Arithmetic

လုပ်ငန်းနှင့် ပတ်သက်မည့် အခြေခံသင်္ချာတွေကို သင်ပေးမည်။ ငွေကြေးဆိုင်ရာ တွက်ချက်မှုအတတ်တို့ကို မူလတန်းကတည်းက စတင်သင်ကြားမည်။

2. Reading

စာဖတ်ခြင်းအလေ့အထကို အားပေးမြှင့်တင်မည်။ ကလေးတစ်ယောက်သည် တစ်နေ့လျှင် အနည်းဆုံး စာတစ်မျက်နှာ ဖတ်ရမည်။ မိမိစိတ်ကြိုက်စာကို ရွေးချယ်ဖတ်နိုင်သည်။ တစ်ပတ်လျှင် အနည်းဆုံး စာအုပ် တစ်အုပ် ဖတ်နိုင်စေရန် လေ့ကျင့်ပျိုးထောင်ပေးမည်။

3. Civics

ပြည်သူ့နီတိဘာသာရပ်ကို လေ့ကျင့်သင်ကြားပေးမည်။ ပြည်သူ့နီတိကို သင်ကြားရခြင်းမှာ ဉပဒေကို လေးစား လိုက်နာတတ်စေရန်၊ မတရားမှုကို ခေါင်းငုံ့မခံတတ်သည့် မဟုတ်မခံသတ္တိမျိုးမွေးမြူနိုင်စေရန်၊ ကိုယ်ကျင့် တရားဆိုသည့် အဓိပ္ပာယ်ကို ကောင်းစွာလေ့လာသိရှိနိုင်ရန်၊ မိမိနိုင်ငံ၏ ပြဋ္ဌာန်းထားသော ဓလေ့ထုံးစံများကို လေးစားလိုက်နာတတ်စေရန်၊ စိတ်ရှည်သည်းခံနိုင်စိတ်များမွေးတတ်စေရန်၊ ကိုယ်ကျိုးမဖက် အများအတွက် ဆိုသည့် ပရဟိတစိတ်ထားများ မွေးမြူတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ရှိသူများဖြစ်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် သင်ကြားပေးရန်ဖြစ်သည်။

4. Computing

ကွန်ပျူတာပညာရပ်ကို ကျောင်းများတွင် အခြခံကအစ သင်ကြားပေးပြီး Office ဆော့ဖ်ဝဲများ သုံးတတ်စေရန်၊ အင်တာနက်သုံးနိုင်စေရန်၊ ဆိုရှယ်မီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အပြင် အွန်လိုင်း စီးပွားရေးလုပ်ငန်း ဆိုင်ရာ အခြေခံသဘောတရားများကိုပါ လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည်။

5. Language

ကျောင်းများတွင် ဘာသာစကား ၄ မျိုးမှ ၅ မျိုးအထိ အခြေခံအရေးအဖတ်ကစကာ သင်ကြားပေးမည်ဖြစ် သည်။ ထို့ပြင် နိုင်ငံတကာယဉ်ကျေးမှု၊ ဘာသာရေးသဘောတရားတို့ကိုလည်း သင်ကြားနိုင်ရန် စီစဉ်နေသည်။ သူတို့ နိုင်ငံတကာချဉ်းကပ်နေသော ဘာသာများကို ကြည့်လျှင် ဂျပန်၊ လက်တင် အမေရိက၊ အင်္ဂလိပ်၊ ဂျာမန်၊ တရုတ်နှင့် အာရဗီဘာသာစကားများဖြစ်ကြောင်း တွေ့ရသည်။ နွေရာသီကျောင်းပိတ်ရက်များတွင် နိုင်ငံတကာသို့ မိမိတို့နိုင်ငံမှ ကလေးများကိုပို့ပြီး ရေခြားမြေခြားလေ့လာရေးတို့ကို စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်သည်။ ထိုအစီအစဉ်သည် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံမှ ကလေးများကို မိသားစုတစ်စုအတွင်း အတူနေထိုင် လေ့လာရေး အစီအစဉ်မျိုးဖြစ်သည်။ ကမ္ဘာကိုသိနိုင်မည့် အစီအစဉ်ကောင်းတစ်ခုပင်။

ဂျပန်တို့သည် ရဲရဲရင့်ရင့် ပြောင်းလဲခြင်းကို အဘယ်ကြောင့် လုပ်ဆောင်နေကြသနည်း။ ထိုပရိုဂရမ်မှ ဘာတွေကို မျှော်လင့်ကာ လုပ်ဆောင်နေကြသနည်း။

ဂျပန်ကလေးတိုင်းသည် အသက် ၁၈ နှစ်ရောက်သည်နှင့် ဘာသာစကား အနည်းဆုံး ၄ မျိုး၊ အခြားနိုင်ငံ ယဉ်ကျေးမှု ၄ မျိုးနှင့် အရေးအဖတ် ၄ မျိုးကို တတ်ကျွမ်းပြီး နားလည်နိုင်စေရန် ရည်ရွယ်သည်။

ကွန်ပျူတာနှင့် ဖုန်းတို့ကို လုပ်ငန်းအတွက် ကျွမ်းကျင်စွာ အသုံးပြုနိုင်သူများဖြစ်ရမည်။

တစ်နှစ်လျှင် အနည်းဆုံး စာအုပ် ၅၂ အုပ် ဖတ်ပြီးဖြစ်နေရမည်။

ဥပဒေကို လေးစားလိုက်နာပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တတ်သူများအပြင် မိမိတို့ နိုင်ငံနှင့် လူမျိုးကိုပါ ကာကွယ်စောင့်ရှောက်နိုင်သူများဖြစ်ရမည်။

စီးပွားရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဦးစီးဦးဆောင်ပြုနိုင်ရုံမက ကျွမ်းကျင်စွာ စီမံခန့်ခွဲတတ်သူများဖြစ်လာ စေရန် ရည်ရွယ်ကာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနေကြခြင်းဖြစ်သည်။

အနာဂတ်သိသူတွေအတွက် အနာဂတ်ရှိသည်။

အနာဂတ်ပျောက်နေသူတွေမှာ ဒုက္ခရောက်နေကြရသည်။

(Ref: Brave Change, Japan Today)

(Photo Credit: The Japan News)

တင်ညွန့်

၁၇.၄.၂၀၂၅

ที่อยู่

Phasi Charoen

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nyo Mar Thetผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์