17/07/2026
ဧရာဝတီအက်ဖ်စီ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး အမျိုးသမီးနည်းပြ Ms. Kumiko Tashiro အား ခန့်အပ်တာဝန်ပေးခြင်း
ဧရာဝတီအမျိုးသမီးဘောလုံးအသင်းသည် အသင်း၏ လက်ရှိယှဉ်ပြိုင်လျက်ရှိသည့် Myanmar Women’s League ပြိုင်ပွဲ နှင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအမျိုးသမီးချန်ပီယံလိဂ်ပွဲစဉ်များအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ အဆင့်မြင့်ဆုံး JFA Pro License ကိုင်ဆောင်ထားသူ ဂျပန်လူမျိုး အမျိုးသမီးနည်းပြချုပ် Ms. Kumiko Tashiro အား တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နည်းပြချုပ် Ms. Kumiko Tashiro သည် ကစားသမားဘဝတွင် ဂျပန်အမျိုးသမီးလိဂ်၏ ထိပ်သီးကလပ်များဖြစ်သော Urawa Red Diamonds နှင့် Saitama Reinas အသင်းတို့၌ နောက်တန်းကစားသမားအဖြစ် အတွေ့အကြုံရင့်ကျက်စွာ ဖြတ်သန်းခဲ့သူ ဖြစ်ပါသည်။ နည်းပြဘဝတွင်လည်း Urawa Red Diamonds အသင်းအပါအဝင် ဂျပန်အမျိုးသမီးကလပ်များနှင့် လူငယ်ဖွံ့ဖြိုးရေးအသင်းများကို စနစ်တကျ ကိုင်တွယ်ပျိုးထောင်ပေးခဲ့သည့် ပြည့်ဝသော အရည်အချင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်ပါသည်။
ထို့ပြင် Ms. Kumiko Tashiro သည် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ပေးခဲ့သည့် အတွေ့အကြုံရှိသဖြင့် မြန်မာ့အမျိုးသမီးဘောလုံးလောက၏ အခင်းအကျင်းနှင့် ကစားသမားများ၏ စွမ်းဆောင်ရည် အလားအလာကို အနီးကပ်ဆုံး သိရှိနားလည်ထားသူလည်း ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဧရာဝတီအမျိုးသမီးအသင်းအနေဖြင့် Ms. Kumiko Tashiro ၏ ဦးဆောင်မှုနှင့်အတူ အသင်းကို ပိုမိုခိုင်မာတောင့်တင်းသည့် အဆင့်အတန်းတစ်ခုသို့ မြှင့်တင်ကာ အားပေးသူပရိသတ်များ မျှော်မှန်းသည့် အောင်မြင်မှု သမိုင်းမှတ်တိုင်သစ်များကို အတူတကွ ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကလပ်အသင်းကို အစဉ်တစိုက် ချစ်မြတ်နိုးကြသည့် ပရိသတ်များနှင့် ဘောလုံးချစ်ပရိသတ်များအနေဖြင့် နည်းပြချုပ်သစ် Ms. Kumiko Tashiro ဦးဆောင်မည့် ဧရာဝတီအမျိုးသမီးအသင်း၏ ခရီးစဉ်သစ်ကို ဆက်လက်ဝန်းရံပြီး တစ်ခဲနက် အားပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။