23/09/2025
Toyota ရဲ့ အလိုအလျောက်မောင်းနှင်စေနိုင်သော EV ကား e-Palette ကို စတင်ရောင်းချ
Toyota မှ အလိုအလျောက်မောင်းနှင်စေနိုင်သော EV ကား e-Palette ကို ဂျပန်နိုင်ငံမှာ စတင်ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ 2020 တုန်းက Tokyo Olympics ပွဲမှာ ပြိုင်ပွဲဝင်အားကစားသမားများနဲ့ အဖွဲ့ဝင်များကိ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခြင်းများ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ယခုအခါမှာတော့ Toyota ကနေဈေးကွက်လိုအပ်ချက်အလိုက် လက်တွေ့အသုံးတည့်မယ့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကာ စတင်ရောင်းချဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။
Toyota e-Palette ကို 250 km (155 miles) အထိ မောင်းနှင်နိုင်စေမယ့် 72.82 kWh lithium-ion battery ကို တပ်ဆင်ပေးထားပြီး၊ bidirectional chargingစနစ်ကို အသုံးပြုနိုင်မှာဖြစ်ကာ မိနစ် 40 လောက်အားသွင်းတာနဲ့ battery အား 80% လောက်အထိရနိုင်မယ်လို့ဆိုပါတယ်။ စက်ပိုင်းဆိုင်ရာအနေနဲ့ 201hp/226 Nm-torque ရှိတဲ့ လျှပ်စစ်မော်တာတစ်လုံးကို တပ်ဆင်ပေးထားပြီး အမြန်ဆုံး 80 km/h အရှိန်နှုန်းအထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ကားကို ထိန်းချုပ်ဖို့အတွက် Steer-by-Wire System ကို တပ်ဆင်ပေးထားပြီး LiDAR နည်းပညာသုံး Level 2 Autonomous Driving Assistant System ပါရှိကာ Toyota အနေနဲ့ လာမယ့် 2027 မှာ Level 4 Autonomous Driving System ကို တပ်ဆင်နိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။ Toyota e-Palette ရဲ့အရွယ်အစားဟာ အလျား 4,950 mm x အနံ 2,080 mm x အမြင့် 2,650 mm ရှိပြီး ခရီးသည် ၁၄ယောက်အထိ တင်ဆောင်နိုင်တဲ့ အသေးစား shuttle bus ကားအဖြစ် အသုံးပြုနိုင်သလို အသုံးပြုလိုသူရဲ့ လုပ်ငန်း လိုအပ်ချက်အလိုက် ကုန်တင်ယာဉ် သို့မဟုတ် ဈေးကား အဖြစ်လည်း စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Toyota e-Palette ကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် အဖွင့်ဈေး ဂျပန်ယန်းငွေ 29,000,000 ¥ (USD-197,000$) သတ်မှတ်ထားပြီး Toyota ရဲ့ အဆိုအရ ဂျပန်အစိုးရရဲ့ လျှပ်စစ်ကားဆိုင်ရာ ထောက်ပံ့မှုအတွက် ဂျပန်ယန်းငွေ 15,835,000 ¥ (USD - 107,500$) ပမာဏ ခံစားခွင့်မှာလည်း အကျုံးဝင်တယ်လို့ သိရပါကြောင်း။
-palette
Myanmar Motorgraph ကို Telegram မှာလည်း Subscribe လုပ်ပြီး ဖတ်နိုင်ပါပြီ။
t.me/myanmar_motorgraph