27/05/2026
“သီချင်းဆိုတာများ ခက်ခက်လွန်းလို့. . .’’
ဟိုက် ရှာလပတ်ရည်. . . သီချင်းဆိုတာများ ခက် ခက်လွန်းလို့ ဆိုပါလား။
ဂုရုကွေးစကား အဆိုတော် တွေကြားလျှင် ပဒိုင်းသီး မစားဘဲ ရူးချင်ကြပေလိမ့်မည်။
“ဂုရုကြီးက တော်တော် အလွယ်ပြောတာပဲ။ သီချင်းရေးတာတို့၊ သီချင်းဆိုတာတို့က ဂီတပညာတွေဗျ“
နားကြားပြင်းကပ်သော ဟာကြူလီငပျော့က ဟေတုတက်တော့ ဂုရုကွေးက ငါးသလဲထိုး ပြုံးလေး ပြုံး သည်။
“ငါသိတာကတော့ ဂီတဆိုတာ တဂီဂီနဲ့ တ,နေ တာပဲ။ သီချင်းဆိုတဲ့အလုပ်က ငါ့အတွက် ဘာမှ မဆန်း ဘူး၊ အတွေ့အကြုံရှိပြီးသား... လူပျိုပေါက်အရွယ် ဓနုဖြူ မှာနေကတည်းက ငါသီချင်းဆိုခဲ့တာ ... မင်းမယုံရင် ဓနုဖြူ မင်းပိုင်းရပ် တာရိုးတန်းနဲ့ အလယ်တန်းက အိမ် တွေ သွားစုံစမ်းကြည့်· · · ။
အလွန်ကြည်မြ၊ ပီသ၊ မြည် လှတဲ့ ငါ့အသံကြောင့် အဲဒီတုန်းက သူတို့တွေ ည ကောင်းကောင်း မအိပ်ရဘူးဆိုတာ ရှုံ့မဲ့ပြီး ပြောကြလိမ့် ..."
ဂုရုကွေး ဆိုတာက ပေါ့သေးသေးကောင် မဟုတ်။ တစ်ခုခုကို ထူးချွန်အောင် မလုပ်တတ်သော်လည်း အမျိုး စုံကိုကား မဖြစ်ညစ်ကျယ် လုပ်တတ်သည်။ မှတ်မိသေးတော့ ဓနုဖြူမှာနေတုန်းက ကာလသား ပေါက်စအရွယ်၊ သူငယ်ချင်း စိန်သောင်းက မယ်ဒလင်တီး ဂုရုကွေးက သီချင်းဟစ်
(အိပ်ပြီလား ကွယ့် ဖြူပြာမူရာ သူဇာပျိုရယ်၊ အချစ်ပြဿနာတွေ ရေလည်သွားအောင် တစ်ပါးခင် ကညာရယ် နားဆင်ပါ ကွယ်။ မောင့်သီချင်းလေးနဲ့ ခင့်ကို ဆိုချော့မယ်) ဘာညာ ကွိကွ၊ ကောင်မလေးတွေ အိမ်ရှေ့သွားသွားဟစ်သဖြင့် လေးခွနှင့် အပစ်ခံရတာတို့၊ ခွေးလိုက်ဆွဲတာတို့ ခဏ ခဏ ကြုံရသည်။
ဂုရုကွေးက အသံမကောင်း။ သူ့အသံမှာ ဘယ်အပေါက်မှ မဝင်သော အသံကြောင် ဖြစ်သည်။ သို့သော် သူက ဆိုတတ်၏။ အသံကြောင်ဖြင့်ပင် နားဝင်အောင် ကြံဖန်ဆိုတတ်သည်။ နတ်တော်လ စာဆိုတော်ရာသီ စာပေဟောပြောပွဲများ၌ ဂုရုကွေး ဂီတအကြောင်းဟောရင်း သီချင်းဆိုပြတတ်၏။ အသံမကောင်းသဖြင့် ဘယ်တော့မှ သီချင်းအပြည့်အစုံမဆို။ လိုအပ်သလောက်သာ ကွက် ဆိုသည်။
“စာပေဟောပြောပွဲတွေ မင်း လိုက်နေကျပဲ။ ငါ ဘယ်လောက် ဆိုတတ်တယ်။ ဆိုနိုင်တယ်ဆိုတာ မင်း အသိ• • • ။ သီချင်းဆိုတဲ့အလုပ်က ငါ့အတွက် ရိုးဟိုးဟိုး နေပြီ..“
ထိုသို့ ပြောဆိုပြီးနောက် တစ်ပတ်အကြာတွင် ငပျော့သတင်းထူးတစ်ခု ကြားရသည်။ ဂုရုကွေးတစ်ယောက် ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင်ဆိုသော စီးရီးတစ်ခွေ သွင်းနေသည်တဲ့... ။
“ဂုရုကြီး• • • ခင်ဗျားစီးရီးထုတ်မလို့ဆို. . . အဆို တော် နာမည်ဘယ်လိုယူထားသလဲ။ ဂုရုကွေးနာမည်နဲ ဆိုလို့ကတော့ ကွဲပြီသာမှတ်ပေတော့. . . “
ဂုရုကွေးက ငါးသလောက် ပြုံး လေး ပြုံးပြန်သည်။
“ဂုရုကွေး နာမည်နဲ့တော့ ဘယ်ဆိုမလဲ ... မြို့ နာမည်ရှေ့က တပ်ထားတဲ့ အဆိုတော်တွေ ရေပန်းစား နေတာ ငါသဘောပေါက်တယ် • • • ငါ့အဆိုတော် နာမည် က ဓနုဖြူကွေးမောင်တဲ့ ...“
ဟိုက်... ရှာလပတ်ရည် • • • ဓနုဖြူကွေးမောင် ဆိုတော့ ဟိုစူပါအဆိုတော်ရဲ့ နာမည်နဲ့ ခပ်ဆင်ဆင်ပါလား။
“စီးရီးနာမည်က • • • “
“ဟိုကောင်မလေး ညိုတိုတို စကတ်ပျောက်လို့ ငို“
“ဟာ· · · မိတယ်။ ဂုရုကြီး • • • မိတယ်။ ဂုရုကြီး စီးရီးဟာ ရိုးရိုးပေါက်ရုံတောင် မကဘူး။ ဒန်အိုးပေါက်ဖာ တဲ့ ကုလားစိတ်ညစ်အောင် ဟောင်းလောင်းပေါက်သွား နိုင်တယ် . . .’’
ကိုယ်တိုင်ရေးသည်ဆိုသဖြင့် ဂုရုကွေး၏ တပည့် သားမြေး သီချင်းရေးဆရာလေးများ အကြီးအကျယ် ဖျားကုန်ကြသည်။ ခေါင်းတုံး ဖားလျားချထားသော သီချင်း ရေးဆရာလေး ဝင်းမင်းကွေးမှာ သီချင်းရေးဆရာကြီး ဂုရုကွေးကို ကြောက်လွန်း၍ ယတြာတွေ ဘာတွေတောင် သွားချေသည်ဟု ကြားရသည်။
“ကျုပ်တို့ စီးရီးထွက်တဲ့နေ့မှာ ကော်ပီတေးတွေ၊ ကန်းထရီးဆောင်းတွေ သေရအောင်သာပြင်ကြ· · · အသက် သုံးထောင် လူငယ်အဆိုတော်လေး ဓနုဖြူကွေးမောင်ရဲ့ ကိုယ်ပိုင်သံစဉ် မြန်မာသံစစ်စစ်၊ ဟိုကောင်မလေး ညိုတိုတို စကတ်ပျောက်လို့ငို . . . စီးရီးက နားရွက်ကိုက်ပစ်မယ် (အဲလေ) အလဲထိုးပစ်မယ်. . . “
သီချင်းသွင်းသောနေ့က စတူဒီယိုထဲတွင် ပုဆိုး တိုတိုဝတ်လျက် ဂုရုကွေး ကြုံးဝါးသည်။ သူ့သီချင်းတွေက စာသားရိုးသော်လည်း လူတိုင်းနှုတ်ဖျားတွင် အလွယ်တကူ ပျံ့သွားနိုင်ကြောင်း သဘောပေါက်ကြသည်။
ဟာကြူလီငပျော့ ဓနုဖြူကွေးမောင် စီးရီးပေါက် သွားလျှင် သူလည်း ပျော့ရဇ္ဇ နာမည်နဲ့ သီချင်းဆိုမည် ဟု ဝင်အမှတ်ယူသည်။
ကွေးမောင်စီးရီးမှာ ထွက်မလာမီကပင် သတင်း ကြီးနေသည်။ တေးသံသွင်းဆိုင် အားလုံးက စိတ်ဝင်စားကြသည်။ ကွေးမောင်ဘယ်နေ့ထွက်မလဲ၊ အဲဒီနေ့ ဘယ်သူမှ မဖြန့်နဲ့။ ကွဲပြဲကုန်မယ်။ တစ်ဆိုင်နှင့် တစ်ဆိုင် လက်သိပ် ထိုး သတင်းဖြန့်ထားသည်။
“ဘယ်နေ့ ထွက်မှာလဲ ဂုရုကြီး. . . “
“ထွက်တော့မှာပါ၊ ဝေါရှိရိုက်ဖို့ပဲ လိုတော့တယ်“ ထွက်တော့မှာပါ၊ ထွက်တော့မှာပါဆိုရင် လချီ သွားသည်။ တစ်လက နှစ်လ၊ နှစ်လက သုံးလ၊ ဓနုဖြူ ကွေးမောင် စီးရီးထွက်မလာသေး. . . ။
“ဘယ်လိုဖြစ်နေလို့လဲ ဂုရုကြီး . . “
“ဝေါရှိ ရိုက်တဲ့ကိစ္စမှာ အခက်အခဲနည်းနည်းရှိနေတယ် . . . ထွက်မှာပါ. . .''
“ထိပ်တိုက် မဝင်ရဲသော အခွေများ တသွတ်သွတ် ထွက်ကုန်ကြသည်။ ဓနုဖြူကွေးမောင်ကား မထွက်နိုင်သေး။ နောက်မှသွင်းသော စီးရီးခွေများ မထွက်နိုင် သေးသော ဓနုဖြူကွေးမောင်၏အခွေနှင့် လာငြိကုန်ကြပြန်သည်။
“ခက်တာပဲဗျာ ••• ကျုပ်တို့ ဖြန့်တဲ့နေ့မှ ကွေးမောင် ထွက်လာရင် ဒုက္ခပဲ. . . ''
“ဟုတ်ပ ကျုပ်လည်း လူစုံခွေ တစ်ခွေကိုင်ပြီး ကွေးမောင် လန့်တာနဲ့ ဆိုင်းနေရတယ်. . .
“ဝေါရှိက ခုထက်ထိ မပြီးသေးဘူးလား ဝေါရှိရိုက်တာများ ဘယ်လောက် ကြာတာလိုက်လို့. . . “
နောက်ဆုံးတော့ အရင်းနှီးဆုံး ငပျော့ကပါ မကျေမနပ် ပြောလာသည်။
“ဝေါရှိရိုက်တာ မကြာပေမယ့် ••• ကက်ဆက် ကာဗာနဲ့ ဝေါရှိအတွက် ဓာတ်ပုံရိုက်ဖို့ ကြာနေတယ်..''
“ဟာ• • • မဟုတ်သေးပါဘူး. . . ဓာတ်ပုံရိုက်တာလည်း ဘာကြာတာ မှတ်လို့. . . “
ဤတွင် ဂုရုကွေးခေါ် မြန်မာသံအဆိုတော် ဓနုဖြူ ကွေးမောင်က စိတ်မရှည်သံဖြင့် တုံ့ပြန်လာသည်။
“ဓာတ်ပုံရိုက်တာ မကြာတာ မင်းပြောမှလား
ငါက ဓာတ်ပုံထဲမှာ ဘောင်းဘီရှည်ဝတ်၊ မယ်ဒလင်ပိုက် ပြီး ရိုက်ချင်တာ။
ဘောင်းဘီရှည်နဲ့ မယ်ဒလင် ငှားလို့ မရသေးလို့ စီးရီးမထွက်နိုင်ဘဲ ကြာနေတာဟေ့...''
‘သွတ် သွတ် သွတ်..."
🤭🤭🍃🤭🤭
ဒါလေးနှစ်ခုပဲ လိုတော့သည်
ဆရာ ‘အီကြာကွေး’ ရေးသားသည်။
မော်ကွန်းဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၄၊ ၂၇၊ ဂ၊ ၁၉၉၇
#သုတရသ #စာပေ #မြန်မာစာအုပ်များ #ဗဟုသုတ