Lantern For The Lost

Lantern For The Lost For the moments you feel lost,
the light here will guide you home. 🏮

ကိုယ်ဟာ အမြဲတမ်း တစ်ဖက်သူကို ကောင်းပေး၊ မေတ္တာထားပေး၊ ကူညီပေးပေမယ့် နောက်ဆုံးမှာ နာကျင်ရတဲ့သူက ကိုယ်ပဲ ဖြစ်နေခဲ့ဖူးလား။အ...
22/07/2026

ကိုယ်ဟာ အမြဲတမ်း တစ်ဖက်သူကို ကောင်းပေး၊ မေတ္တာထားပေး၊ ကူညီပေးပေမယ့် နောက်ဆုံးမှာ နာကျင်ရတဲ့သူက ကိုယ်ပဲ ဖြစ်နေခဲ့ဖူးလား။

အတော်များများက မေးကြတယ်။ ဘာလို့ လူကောင်းတွေပဲ အမြဲ နာကျင်ရတာလဲတဲ့။ ကိုယ်ဟာ ဘယ်လောက်ပဲ တစ်ဖက်သူအပေါ် ကောင်းပေးပေး ထိခိုက်ရှနာ များလာတဲ့အခါ လူကောင်းလုပ်ရတာ မှန်ရဲ့လားလို့တောင် တွေဝေလာရင်း သံသယဝင်လာတတ်ကြပါတယ်။

ဒီ‌မေးခွန်းကို ဖြေဖို့အတွက် အရင်ဆုံး လူကောင်းနဲ့ လူဆိုး ဘယ်လို သတ်မှတ်ကြလဲ ကြည့်ကြရအောင်။ လူကောင်းလို့ ဆိုလိုက်တာနဲ့ အများအပေါ် မေတ္တာထားနိုင်သူ၊ ကူညီတတ်သူ၊ ပေးကမ်းတတ်သူ၊ သနားစာနာ ခွင့်လွှတ်တတ်သူလို့ ပြေးမြင်ကြတယ်။ ဒီတော့ ကိုယ်က လူတစ်ယောက်ကို ချစ်တယ်၊ ခင်တွယ်တယ်၊ ကောင်းပေးချင်တယ်ဆိုရင် ဒီအရာတွေ လုပ်ပေးလေ့ ရှိပြီး၊ လုပ်ပေးရမယ်လို့လည်း ယူဆလေ့ ရှိကြတယ်။

အဲ့လိုပဲ လူဆိုးလို့ ဆိုလိုက်ရင်တော့ သူများကို မကူညီ မရိုင်းပင်းတတ်သူ၊ နာကျင်စေသူ၊ ကောင်းမွန်တဲ့ စကားမပြောသူ၊ အငြိုးအတေးကြီးသူ၊ မခွင့်လွှတ်တတ်သူလို့ ပြေးမြင်ကြတယ်။ ကိုယ်က လူတစ်ယောက်ကို စိတ်ဆိုးသွားတဲ့အခါ မုန်းသွားတဲ့အခါမှ ဒီအပြုအမူတွေ လုပ်လေ့ရှိပြီး တဖက်သူကို ရှောင်ဖယ်တာ၊ မပက်သက်တော့တာ၊ စကားမပြောတော့တာတွေ လုပ်လေ့ ရှိကြပါတယ်။

နူးညံ့တဲ့ နှလုံးသားရှိတဲ့သူတွေက Boundaries လေးနဲ့ မချစ်တတ်တဲ့အခါ နာကျင်ရတဲ့ ဆက်ဆံရေးတွေကိုပဲ ကြုံတွေ့ကြရလေ့ရှိတယ်။ ကိုယ့်မှာ နူးညံ့တဲ့ နှလုံးသားရှိတဲ့အတွက် တဖက်သူကို ကောင်းပေးချင်တယ်၊ ဂရုစိုက်ပေးချင်တယ်၊ ကူညီပေးချင်တယ်၊ စာနာ နားလည် ခွင့်လွှတ်ပေးချင်တယ်။ ပေးတဲ့သူကတော့ ပေးပေမယ့် ယူတဲ့သူက မမှန်နေတဲ့အခါ ကိုယ်ဟာ သူ့အတွက် အသုံးချစရာ ဖြစ်လာပါတယ်။

ကိုယ် ဘယ်လောက်ပေးပေး မလုံလောက်နေဘူး။ ကိုယ်ဟာ သူ့အတွက် လိုသုံး ဖြစ်လာပြီး တဖက်သူက ဘာပဲ လုပ်ပါစေ အမြဲ နားလည် ခွင့်လွှတ်ပေး၊ ဖြစ်ချင်သမျှ အကုန် လိုက်လုပ်ပေး လုပ်နေတဲ့အခါ လွယ်လွယ်ရလွန်းတဲ့အတွက် တဖက်သူ မျက်လုံးထဲမှာ ကိုယ်ဟာ တန်ဖိုးမရှိသူ ဖြစ်လာတယ်။

တဖက်သူရဲ့ ပြန်လည် တုံ့ပြန်ပုံ အသုံးချနေပုံက ကိုယ့်အတွက် နာကျင်ရပေမယ့်လည်း တဖက်သူကို ကိုယ်က မေတ္တာမပျက်နိုင်သေးတဲ့အခါ ခင်တွယ်နေသေးတဲ့အခါ ပေးမြဲအတိုင်း ဆက်ပေး၊ ရှိမြဲအတိုင်း အမြဲရှိနေပေးတဲ့အတွက် ကိုယ့်ဖက်က နာကျင်ရတာတွေပဲ ပိုများလာပါတော့တယ်။

ဒီနေရာမှာ ကြင်နာတတ်တဲ့သူတွေ လူကောင်းဆိုတဲ့သူတွေ သင်ယူဖို့ မေ့နေကြတဲ့ အရာတစ်ခုက ချစ်ခြင်းမေတ္တာက အကွာအဝေးလေး တစ်ခုကနေ ချစ်ပေးဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ကိုယ်ဟာ တဖက်သူကို ချစ်နေချိန်မှာ ရှိသမျှ အကုန်ကောင်းပေးနေရပြီး မုန်းမှ၊ နာကျည်းသွားမှာ မကူညီရတော့မှာ အဆက်အသွယ် မလုပ်ရတော့မှာ စွန့်ခွာလိုက်ရမှာ မဟုတ်ပါဘူး။

တဖက်သူကို ကူညီလိုက်လို့ တဖက်သူအတွက် ရှိနေပေးလိုက်လို့ ကိုယ့်အတွက် ပူလောင်ရမယ်၊ ထိခိုက်ရမယ်၊ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု ပျက်ပြားရမယ် ဆိုရင် ချစ်ပေမယ့်လည်း ပြေးဖက်နေမယ့်အစား အဝေးကနေပဲ ချစ်တတ်ဖို့ ရပ်ကြည့်ဖို့ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

တဖက်သူအတွက် မရှိနေပေးတော့တာ၊ သူနဲ့ ဆက်မပက်သက်တော့တာ၊ မကူညီပဲ ရပ်ကြည့်နေတာဟာ မကောင်းတဲ့ အပြုအမူတွေ မဟုတ်သလို မုန်းတော့မှ ထလုပ်ရတဲ့ အပြုအမူတွေလည်း မဟုတ်ပါဘူး။ သူများအတွက် ကောင်းပေးတာဟာ ကိုယ့်အတွက် ထိခိုက်ရမယ်ဆို ရပ်တန့်ဖို့ ရွေးချယ်လိုက်တာဟာ မိမိကိုယ်ကို ပေးနိုင်တဲ့ ပေးသင့်တဲ့ အကောင်းဆုံး Self-love ပဲ ဖြစ်ပါတယ်။

ကိုယ်ဟာ နာကျင်နေရချိန်မှာတောင် သူများအပေါ် ဆက်ကောင်းပေးဖို့ပဲ ရွေးချယ်နေမိပြီဆို တဖက်မှာ ကိုယ့်အတွက် ကိုယ် မကောင်းတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ ကိုယ့်အပေါ် ကိုယ် မကောင်းနေတဲ့အခါ သူများအပေါ် ဘယ်လောက် ကောင်းတာပဲ လုပ်နေနေ ကိုယ့်ကိုယ်ကို မယုံကြည်တော့ဘူး။ မကောင်းတဲ့သူ၊ အပေါ်ယံ ဟန်ဆောင်နေတဲ့ သူလို့ပဲ မသိစိတ်က ကိုယ့်ကိုယ်ကို ပြန်မြင်နေတတ်တယ်။

ဒီတော့ ကိုယ့်စိတ် ကိုယ်မလုံဖြစ်ပြီး သူများက ကိုယ့်ကို အကောင်းပြောတာ၊ လူကောင်းလို့ ချီးကျူးတာကို ခံရဖို့ အတင်း‌တွေ ပေးဆပ်ရင်း chase လုပ်တဲ့အခါ ပိုတောင် နာကျင်လာရပါတော့တယ်။ ကိုယ့်ဘဝထဲက ဆက်ဆံရေးတွေမှာ ကိုယ့်ကို အသုံးချမယ့်သူ၊ လိုသုံးလုပ်မယ့်သူတွေကိုပဲ attract လုပ်မိကြပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ သူများအပေါ်ကို ကောင်းပေးဖို့ ကယ်တင်ဖို့ ကြိုးစားနေမိပြီဆို ကိုယ့်ရဲ့ ရည်ရွယ်ချက်မှာ လူကောင်းလို့ ချီးကျူးခံချင်တဲ့ အလိုဆန္ဒ‌လေး ကပ်ပါနေပြီလား ဆိုတာ သတိပြုသင့်ပါတယ်။

တချို့တွေကျတော့ ကိုယ် ကူညီနိုင်ပါရက်နဲ့ ရပ်ကြည့်နေမိလို့ သူများ ရုန်းကန်နေရတာ မြင်တဲ့အခါ ကိုယ့်လုပ်ရပ်က မှန်မှ မှန်ပါ့မလားလို့ guilty ဖြစ်ကြသူတွေလည်း ရှိပါတယ်။ ကူညီတိုင်း ကောင်းတယ် ထင်ကြပေမယ့် တကယ်တမ်းမှာတော့ အကူအညီဆိုတာ မကူတတ်ရင် ကိုယ်ရော သူပါ ဒုက္ခရောက်ကြရတဲ့ အမျိုးဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ လူတစ်ယောက်ကို သူ့ဒုက္ခတွေကနေ တကယ် လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ power ဟာ ကာယကံရှင် ကိုယ်တိုင်မှာပဲ ရှိလို့ပါ။ ကာယကံရှင် ကိုယ်တိုင်က မလုပ်ပဲ ထိုင်နေရင် ကိုယ် ဘယ်လောက် ဝင်ပါပါ အလကားပါပဲ။ အဲ့ဒီ့အစား ရပ်ကြည့်နေမယ်ဆို လောကဓံရဲ့ သင်ပြမှုကြောင့် ဒီလူဟာ လမ်းမှန်ပေါ်ကို ရောက်သွားနိုင်ပါတယ်။ လောကဓံက လူတိုင်းအတွက် အကောင်းဆုံး ဆရာ ဖြစ်တာမို့ ဆရာ့လက်ထဲ ထည့်ပေးလိုက်ဖို့ လိုပါတယ်။

ကိုယ်က စေတနာနဲ့ သူရုန်းကန်ရမှာ စိုးလို့ပါ ဆိုပြီး ပိုးအိမ်ကို ညှပ်ထုတ်ပေးလိုက်မယ်ဆို လိပ်ပြာလေးဟာ သူ့ဘဝမှာ ဘယ်‌တော့မှ အလှဆုံးတောင်ပံတွေကို ပိုင်ဆိုင်ခွင့်မရတော့ပဲ ပိုးကောင်အဖြစ်‌နဲ့သာ ဇာတ်သိမ်းကြရမှာ ဖြစ်ပါတယ်။ ကိုယ် ဝင်မပါတာဟာ သူဒုက္ခရောက်ပါစေလို့ ချောက်တွန်းတာ မဟုတ်ပဲ သူ့အတွက်ရော ကိုယ့်အတွက်ပါ အကောင်းဆုံး ဖြစ်မယ့် လမ်းကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Guilty ဖြစ်စရာ အကြောင်း မရှိပါဘူး။

ဒါကြောင့်မို့ ကိုယ်ဟာ လူကောင်း လုပ်တော့မယ်ဆို ရှိသမျှ အကုန် ထုတ်ပေး၊ ကူညီပေးနဲ့ လူကောင်း လုပ်ကြရမှာ မဟုတ်ပဲ အကွာအဝေးလေးကနေပဲ ချစ်တတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။

သူများအမြင်မှာ လူကောင်းဖြစ်အောင် နေမယ့်အစား ကိုယ့်နှလုံးသားထဲက လူကောင်းဖြစ်အောင်ပဲ နေပါ။

နေရာတကာ ဝင်ပါတဲ့ လူကောင်း မဟုတ်ပဲ ကိုယ့်နေရာမှာပဲ နေတတ်တဲ့ လူကောင်း ဖြစ်ဖို့ပဲ ရွေးချယ်ပါ။

ဒါဆိုရင် ဘယ်ဆက်ဆံရေးမှာမှ ထိခိုက်ရှနာ မများတော့သလို ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကံတွေရဲ့ ရလဒ်ကိုလည်း ပြန်လည် လက်ခံရရှိလာပါလိမ့်မယ်။

လူတွေက ကိုယ့်မှာ ရှိတဲ့ အရာကိုသာ သူများကို ပေးနိုင်တာ ဖြစ်ပါတယ်။ ကိုယ်က ကိုယ်ဘယ်အရာကို လိုအပ်လဲ သိပြီး ပေးနိုင်တဲ့ သူဆီက...
16/07/2026

လူတွေက ကိုယ့်မှာ ရှိတဲ့ အရာကိုသာ သူများကို ပေးနိုင်တာ ဖြစ်ပါတယ်။ ကိုယ်က ကိုယ်ဘယ်အရာကို လိုအပ်လဲ သိပြီး ပေးနိုင်တဲ့ သူဆီကိုသာ သွားတတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အရာကို မပေးနိုင်တဲ့ သူဆီကနေ သွားတောင်းဆိုနေမိတဲ့အခါ ပြန်ရလာတာက နာကျင်မှုတွေ မျက်ရည်တွေသာ ဖြစ်နေတတ်ပါတယ်။

လူသားတွေ ဆိုတာက ကိုယ်ရဲ့ မိသားစုတွေ သူငယ်ချင်းတွေ ကိုယ်ချစ်တဲ့သူ‌တွေဆီကနေ အချစ်ခံချင်တာ ဂရုစိုက်ခံချင်တာ အလေးထားခံချင်တာ connection တစ်ခုကို လိုချင်တာ သဘာဝပါပဲ။ ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီအရာဟာ ဘယ်တုန်းကမှ ပိုင်ဆိုင်ခွင့် မရတဲ့ အရာ ဖြစ်နေပါတယ်။

ကိုယ်ဟာ အချစ်ခံချင်ပေမယ့် အိမ်ဆိုတဲ့ လုံခြုံမှုကို ခံစားချင်ပေမယ့် ကိုယ်ရဲ့ မိသားစုဝင်တွေ ကိုယ်ချစ်တဲ့ သူတွေဆီက ပြန်ရလိုက်တာက နာကျင်စေတဲ့ အပြုအမူတွေ စကားလုံးတွေသာ ဖြစ်နေတတ်တယ်။ ဒါတွေကို လက်ခံလိုက်ရတဲ့ ကိုယ့်မှာ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ အားငယ်တာ စတဲ့ ခံစားချက်တွေ ထွက်ပေါ်လာပြီး အတွင်းနက်နက်ထဲမှာတော့ ငြင်းပယ်ခံရတာ၊ စွန့်ပစ်ခံရတာ၊ သိမ်ငယ်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ တန်ဖိုးထားစိတ်တွေ ပျောက်ဆုံးသွားတာ၊ ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ မြင်တာ စတဲ့ ဒဏ်ရာလေးတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဒီလို နာကျင်စရာတွေကို ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့အခါ ကိုယ့်ရင်ထဲက ဒဏ်ရာဟာ တဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာပြီး သာမာန် စကားလုံးလေးတွေ အဖြစ်အပျက်လေးတွေကတောင် ကိုယ့်ကို trigger ဖြစ်စေလာပါတော့တယ်။ ဒီခံစားချက်တွေကပဲ ကိုယ့်ရဲ့ အတွင်းထဲမှာ လှိုက်စားနေတဲ့အခါ ကိုယ်တည်ဆောက်နေတဲ့ အပြင်ကမ္ဘာကိုလည်း fear, guilt, shame တွေနဲ့ တည်ဆောက်မိပြီးသား ဖြစ်နေတဲ့ အတွက် ကိုယ့်ဘဝဟာ ပိုမို ခက်ခဲလာပါတော့တယ်။

ကိုယ့်ကို နာကျင်စေသူက မိသားစုဝင်တွေ အနားကသူတွေ ဖြစ်နေပြီး စွန့်ခွာလို့လည်း မရနိုင်ပဲ ထပ်ခါတလဲလဲ နာကျင်နေရတယ်ဆို နားလည် သဘောပေါက်ရမှာက သူတို့ ကိုယ့်ကို ပေးလာတဲ့ အရာတွေက ကိုယ်နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာပါပဲ။

တစ်ဖက်သူက ကိုယ့်ကို တန်ဖိုးမထားဘူး၊ မလေးစားဘူး၊ အထင်သေးတဲ့ စကားတွေ ပြောတယ်၊ အမြဲ ဝေဖန် နှိမ့်ချတယ်၊ ဒေါသထွက်တယ်၊ ပြစ်တင်ပြောဆိုတယ်၊ ဆိုတာ ကိုယ်က သူတို့ ပြောသလို ဖြစ်နေလို့ မဟုတ်ပဲ တကယ်တမ်းမှာတော့ သူတို့ အတွင်းထဲမှာ သူတို့ကို သူတို့ ပြောနေတဲ့ စကားတွေ၊ မြင်နေတဲ့ အမြင်တွေသာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မချစ်တတ် ဂရုမစိုက်တတ်တဲ့သူ၊ ကိုယ့်ကိုယ်ကို အမြဲ မကောင်းတွေးနေတဲ့သူ၊ အိမ်ဆိုတဲ့ လုံခြုံနွေးထွေးမှု ပျောက်ဆုံးပြီး ရုန်းကန်နေကြရသူတွေဆီမှာ ကိုယ်ဟာ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ ပျော်ရွှင်မှု၊ နွေးထွေးလုံခြုံမှုတွေကို သွားတောင်းဆိုနေမိတဲ့ အခါ ပြန်ရလာမှာက သူတို့ရင်ထဲမှာ ရှိတဲ့ အမှို‌က်‌တွေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူများကို ကောင်းတာ ပေးနိုင်ဖို့နေ‌နေသာ သူတို့ ကိုယ်တိုင်မှာတောင် ကောင်းတာ ရှိမနေလို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ်ရလာတဲ့ အမှိုက်တွေကနေ ခံစားလိုက်ရတဲ့ ကိုယ်ဟာ မလုံလောက်ဘူး၊ နိမ့်ကျတယ်၊ အရှုံးသမား၊ ကိုယ့်ကို ဘယ်သူမှ မလိုချင်ဘူး ဆိုတဲ့ စကားတွေဟာ ဘယ်တုန်းကမှ မိမိ အစစ်အမှန်ဟုတ်မနေဘူးဆိုတာ နားလည် သဘောပေါက်ခြင်းအားဖြင့် သူများပေးလာတဲ့ အမှိုက်တွေကို လက်မခံတော့ပဲ အမှိုက်ပုံးထဲ ထည့်လိုက်ဖို့ ‌ရွေးချယ်နိုင်ပါတယ်။

တစ်စုံတစ်ယောက်ရဲ့ အပြုအမူကြောင့် နာကျင်ရတိုင်းမှာ ကိုယ်ဟာ သူများ ပြောဆို သတ်မှတ်လိုက်တဲ့ ပုံစံ ဖြစ်မသွားပဲ မိမိရဲ့ တန်ဖိုးကို နားလည်သောအားဖြင့် ကိုယ်ဟာ ချစ်ခြင်းမေတ္တာကို ရွေးချယ်လို့ ရပါကြောင်း၊ ကိုယ်ဟာ ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်ပါကြောင်း၊ ကိုယ်ဟာ အမြဲတမ်း လုံလောက်ခဲ့ပါကြောင်းနဲ့ ကိုယ့်ရဲ့ body ထဲမှာ ကိုယ်ဟာ လုံခြုံနေပါကြောင်းကို ပြောပြချင်ပါတယ်။ ဒီလိုမျိုး နာကျင်ရတဲ့ အခါတိုင်းမှာ ကိုယ့်ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပေါ် လက်လေးတင်ပြီး ကိုယ့်ကိုယ်ကို ပြန်သတိပေးကြည့်ပါ။

ကျွန်မတို့တွေဟာ စိတ်ချလုံခြုံစွာ နားခိုလို့ရမယ့် အိမ်လေးကို တစ်နေရာရာမှာ၊ တစ်စုံတစ်ဦးဆီမှာ လိုက်လံ ရှာဖွေနေတတ်ကြပေမယ့် တကယ်တမ်းမှာ ကိုယ် စိတ်ချလုံခြုံစွာ နားခိုနိုင်မယ့် အိမ်လေးဟာ ကိုယ့်ရဲ့ body, ကိုယ့်ရဲ့ Nervous System ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကိုယ့်ရဲ့ အိမ်လေးကို ပြင်ပမှာ လိုက်ရှာမယ့်အစား ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို နည်းလမ်းတွေ (breath work, meditation, somatic exercises etc.) နဲ့ ကိုယ့်ကိုယ်ကို ပြန်လည်သင်ကြားပေးရပြီး ကိုယ့်ရဲ့ mindset ကို ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေထိုင်ရတာ လုံခြုံတယ်လို့ ခံစားရတဲ့အခါ၊ ကိုယ့်ရဲ့ Nervous System က ကိုယ့်ရဲ့ ဖြစ်တည်မှုကို တွန်းထုတ်မနေတော့တဲ့အခါ ကိုယ်ဟာ ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘယ်သူနဲ့ပဲ ရှိရှိ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ ပြီးပြည့်စုံမှုကို ခံစားကြရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အိမ်လေးကို ကိုယ့်ဆီမှာ ပြန်လည် ရှာတွေ့သွားတဲ့အခါ ကိုယ်ဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနဲ့ အလွတ်လပ်ဆုံးသောသူ ဖြစ်လာမှာပါ။

ဓူဝံကြယ် နောက်ကို လိုက်သွားရင်း လမ်းရဲ့ အဆုံးမှာ ဘာတွေ ရှိနေမှာလဲ။ ထွက်ခဲ့ရတဲ့ ခရီးတစ်လျှောက်မှာ မြို့ပြတွေကို ဖြတ်ခဲ့တယ...
10/07/2026

ဓူဝံကြယ် နောက်ကို လိုက်သွားရင်း လမ်းရဲ့ အဆုံးမှာ ဘာတွေ ရှိနေမှာလဲ။

ထွက်ခဲ့ရတဲ့ ခရီးတစ်လျှောက်မှာ မြို့ပြတွေကို ဖြတ်ခဲ့တယ်။ ကျေးလက်တွေကို ဖြတ်ခဲ့တယ်။ မှော်ဝင်တောအုပ်ကို ဝင်ခဲ့တယ်။ ဝတ်စုံပြည့်နဲ့ ရက်စက်တတ်တဲ့ သူတွေနဲ့ ကြုံခဲ့ရသလို ကြင်နာတတ်တဲ့ သားရဲတွေနဲ့လည်း တွေ့ဆုံခဲ့ဖူးတယ်။

ကြောက်တတ်တဲ့ ယုန်လေးဆီက ရဲရင့်မှုနဲ့ သန်မာမှုကို သင်ယူနိုင်ခဲ့တယ်။ ပိုးစုန်းကြူးလေးဟာ ခရီးမှာ အတောက်ပဆုံး အလင်းစက်လေး ဖြစ်ခဲ့ဖူးတယ်။ ရေကန်နံဘေးက လိပ်ဘိုးဘိုးဆီမှာ stillness ကို သင်ယူရင်း အတူတူ လှဲအိပ်ခဲ့ဖူးတယ်။

လက်နက်တွေကို ဆက်မကိုင်နိုင်တော့တဲ့ မုဆိုးတွေနဲ့လည်း တွေ့ခဲ့ရသလို အမှောင်ထဲက မျက်လုံးနီနီတွေကြောင့်လည်း ထွက်ပြေးခဲ့ဖူးတယ်။

သစ်ပင်ကြီးက ပြောတယ်။ ငှက်လေးတွေရဲ့ တေးသံက နားထောင်လို့ ကောင်းတယ်။ မနက်ခင်းတိုင်း အလင်းရောင်ကို မြင်ရတာ ပျော်စရာပဲတဲ့။ သူ့ကို အများက နားခိုရာအဖြစ် ရှိနေပေးလို့ ကျေးဇူးတင်ကြပေမယ့် တကယ်တမ်းမှာတော့ သူ့ဆီကို ရောက်လာတဲ့ အရာတိုင်းအတွက် သူကသာ ကျေးဇူးတင်နေရသူပါတဲ့။

မှော်ဝင်တောအုပ်ရဲ့ ထွက်ပေါက်မှာ တည်ရှိနေတဲ့ Willow Tree က ပြန်ဖြေတယ်။ ဓူဝံကြယ်ရဲ့ အဆုံးမှာ ဘာရှိမလဲတော့ မသိပေမယ့် သူရဲ့ ဘဝမှာတော့ တောအုပ်ထဲကို ဝင်လာပြီး ပြန်ထွက်သွားတဲ့သူတိုင်းရဲ့ Transformation တွေ၊ Stories တွေကို နားထောင်ပြီး သိမ်းဆည်းထားခွင့်ရတာဟာ သူ့ဘဝရဲ့ အပျော်ရွှင်ဆုံးပါပဲတဲ့။

ပွေ့ဖက်ဖို့ လိုအပ်နေသူကို ပွေ့ဖက်ခွင့်ရတိုင်းမှာ သူ့ရင်ဘတ်ထဲက ကြယ်လေးက ပိုလင်းလက်လာပါတယ်တဲ့။ သင်ကရော သင့်နှလုံးသားထဲက ကြယ်လေးကို ပြန်ငုံ့ကြည့်ပြီးပြီလား။ ဓူဝံကြယ်က ညွှန်တဲ့ ဦးတည်ရာက သင့်နှလုံးသားထဲက ကြယ်လေး လမ်းညွှန်တာနဲ့ ထပ်တူကျရဲ့လားလို့ မှော်ဝင်တောအုပ်ရဲ့ ထွက်ပေါက်က Willow Tree ကြီးက တောအုပ်ထဲက ထွက်ပြီး ပိုကျယ်ပြန့်တဲ့ ကမ္ဘာထဲ ခြေဆန့်တော့မယ့် ခရီးသွားကို အမှာစကားပါးရင်း နှုတ်ဆက် ကျန်ရစ်ခဲ့ပါတယ်။

လူတွေရဲ့ ဘဝမှာ နာကျင်ရတဲ့ အချိန်တစ်ခုက ဘာလဲဆိုတော့ "နင်က ဘယ်လောက် တော်လို့လဲ၊ ဘယ်နားမှာ အသုံးကျလို့လဲ။" လို့ မေးလာတဲ့အခါ...
08/07/2026

လူတွေရဲ့ ဘဝမှာ နာကျင်ရတဲ့ အချိန်တစ်ခုက ဘာလဲဆိုတော့ "နင်က ဘယ်လောက် တော်လို့လဲ၊ ဘယ်နားမှာ အသုံးကျလို့လဲ။" လို့ မေးလာတဲ့အခါ ပြောစရာ စကား ရှိမနေတာပဲ။

လူတိုင်းက သူ့နေရာနဲ့ သူ အသုံးဝင်မှန်းလည်း နားလည်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ဆီမှာတော့ အသုံးဝင်တဲ့နေရာ၊ တော်တဲ့နေရာ ရှာမတွေ့ဘူး။ ဘယ်နားကို လက်ညှိုးထိုးပြရမလဲ မသိဘူး။

ပြင်ပက အောင်မြင်မှုတွေ၊ ရာထူးဂုဏ်ဒြပ်တွေ၊ ပိုက်ဆံတွေက လူတစ်ယောက်ရဲ့ တကယ့်တန်ဖိုးကို ကိုယ်စားမပြုမှန်းလည်း သိတယ်။ ဒါပေမယ့် လက်ရှိမှာ တစ်ခုခုကို ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်သေးတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ရှိနေတုန်းပဲ။

ကိုယ့်ကိုယ်ကို ကောင်းတဲ့နေရာ ရှာမတွေ့ဘူး ဆိုတာ ကိုယ့်ကိုယ်ကို တစ်ခါမှ အကောင်းမတွေးဖူးလို့ပါ။ အမြဲ မကောင်းတွေးတယ်၊ မလုံလောက်သေးဘူးလို့ တွေးတယ်။ ပြင်ပက အရာတွေနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာတယ်။ ဒီတော့ ကိုယ့်အကြောင်း အကောင်းပြောပါဆို ပြောစရာ မရှိတော့ဘူးပေါ့။

ဒီလိုအချိန်မှာ ပြင်ပက သူတစ်ယောက်ယောက်က ကိုယ့်ကို trigger ဖြစ်လာစေတဲ့အခါ နင် ဘယ်နားက အသုံးကျနေလို့လဲ၊ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ မှတ်နေတာလားလို့ မေးလာတဲ့အခါ တုံ့ပြန်စရာ မရှိပဲ ဆွံ့အ နေမိတတ်ပါတယ်။

ပုံမှန်အားဖြင့် ဒီလို ပြောခံရတဲ့အခါ response အနေနဲ့ ကိုယ့်အတွက် ကိုယ် stand up လုပ်လို့ရသလို တဖက်သူက ဘောင်ကျော်နေ‌ကြောင်း သတိပေးတဲ့ အနေနဲ့ တုံ့ပြန်ခဲ့လို့လည်း ရပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ response တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။

ဘာလို့လဲ ဆိုတော့ ကိုယ့်အတွင်းထဲက တနေရာက "ဟုတ်တယ်။ ငါ အသုံးမကျဘူးလို့။" ကိုယ့်ကို တိတ်တိတ်လေး ပြောနေလို့ပဲ။ ဒီတော့ သူများ ကိုယ့်ကို နှိမ့်ချတဲ့ စကားကို မသိလိုက်ပါပဲ ကိုယ်တိုင်က လက်ခံမိပြီး မတုံ့ပြန်နိုင် ဖြစ်ရတယ်။ သိမ်ငယ်စိတ်နဲ့အတူ ဒေါသပါ ထွက်လာတယ်။

ဖြစ်စဉ် ပြီးသွားတဲ့အချိန်မှာတောင် ဘာမှ မတုံ့ပြန်နိုင်ခဲ့တဲ့အပေါ် တနုံ့နုံ့နဲ့ ပြန်တွေးပြီး ခံစားရတယ်။ တစ်ဖက်သူကို နစ်နစ်နာနာ ပြောချင်စိတ်တွေပါ ဖြစ်လာရတယ်။ ဒီ ခံစားချက်တွေ အတွေးတွေကို မထိန်းနိုင်တဲ့အခါ ရန်ဖြစ်ကြတာတွေပါ ဖြစ်လာတတ်ပါတယ်။

တကယ်တော့ ဒီ ခံစားချက်တွေက ပြင်ပက သူကြောင့် မဟုတ်ပဲ ကိုယ့်အတွင်းက unhealed wound ကလာတဲ့ ကိုယ့်ကိုယ်ကို အမြဲ မကောင်းတွေးနေမိတဲ့ အကျင့်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကို သတိပြုမိမယ်ဆို ပြန်တွေးရင်း ခံစားမယ့်အစား၊ သူများကို ဒေါသနဲ့ ပြောဆိုမယ့်အစား ကိုယ့်အနာကို ကိုယ်တိုင် healing လုပ်ဖို့ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

တချိန်တုန်းက ကိုယ်ဟာ အမြဲ မကောင်းပြောတတ်တဲ့ toxic ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရာက ကိုယ့်ကိုယ်ကို မကောင်းမြင်တာ၊ အမြဲ မလုံလောက်သလို ခံစားနေရတာတွေ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒါတွေကို လက်ဆင့်ကမ်း သယ်သွားမယ့်အစား ကိုယ့်အတွင်းထဲက ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်ကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို မကောင်းတွေးမယ့်အစား ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို ပြောင်းတွေးကြည့်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်ကို ပြောင်းလဲ ချင်တဲ့သူတွေအတွက် 30 Days to Rediscover Who I Really Am ဆိုတဲ့ Journal ကို Telegram မှာ ပို့ပေးထားပါမယ်။

တစ်နေ့ကို ခေါင်းစဉ် ၁ခုနှုန်းနဲ့ ရက် ၃၀စာ ပါဝင်ပြီး ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ကိုယ့်အတွေးအမြင်တွေ၊ ခံစားချက်တွေကို အမှန်တိုင်း ချရေးရမှာ ဖြစ်ပါတယ်။ တစ်နေရာတည်းမှာ တစုတစည်းတည်း ရေးဖို့ အကြံပြုပါတယ်။ (Link in Comment)

ဘယ်လမ်းကို ဆက်လျှောက်ရမလဲ မသိတော့ပဲ လမ်းတွေ ပျောက်နေတဲ့အခါ ကိုယ့်ရဲ့ နှလုံးသားကို ပြန်မေးကြည့်ပါ။ ကိုယ့်ရဲ့ နှလုံးသားက ဘ...
06/07/2026

ဘယ်လမ်းကို ဆက်လျှောက်ရမလဲ မသိတော့ပဲ လမ်းတွေ ပျောက်နေတဲ့အခါ ကိုယ့်ရဲ့ နှလုံးသားကို ပြန်မေးကြည့်ပါ။

ကိုယ့်ရဲ့ နှလုံးသားက ဘာလုပ်ဖို့ တောင့်တနေလဲ၊ ဘယ်အရာကို လုပ်လိုက်မယ်ဆိုရင် ကိုယ်ဟာ ပေါ့ပေါ့ပါးပါး အသက်ရှူ နေထိုင်နိုင်မယ် ထင်လဲ။ အခုချိန်မှာ ဘယ်အရာကို မလုပ်ခဲ့ရင် နောင်တရနေမယ် ထင်လဲ။

လမ်းပျောက်ချိန်မှာ အများကြီး တွေးတောတာထက် ကိုယ့်နှလုံးသားက ပြောနေတာကိုပဲ နားထောင်ကြရမှာ ဖြစ်ပါတယ်။

ဒီလို အချိန်တွေမှာ inner voice နဲ့အတူ noise တွေပါ ရောပါလာတတ်ပါတယ်။ ငါ ဒါလုပ်ရင် အဆင်မှ ပြေပါ့မလား၊ ဒါလုပ်ရင် ဘာဖြစ်သွားမှာလဲ၊ ငါ ဘာဆက်လုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေ၊ စိုးရိမ်မှုတွေ၊ သေချာရေ‌ရာချင်စိတ်တွေပေါ့။

Mytic's Path လို့ ခေါ်တဲ့ လမ်းကြောင်း တစ်ခုကို ရောက်လာတဲ့အခါ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ လမ်းအစက‌နေ အဆုံးထိ သေချာ သိဖို့ထက် ကြုံလာရတဲ့ အခြေအနေအပေါ်မှာ ကိုယ့်နှလုံးသားက လာတဲ့ စကားသံအတိုင်း ခရီးဆက်နိုင်ဖို့ သင်ယူရတာ ဖြစ်ပါတယ်။

ဒီလမ်းကြောင်းက ကိုယ့်ကို မေးနေတာက ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲ မသိရင်တောင် အခက်အခဲတွေ ကြုံရမယ် ဆိုရင်တောင် ကိုယ့်နှလုံးသားက ဖြစ်ချင်တဲ့ အရာကိုပဲ ရွေးချယ်ရဲတဲ့ သတ္တိရှိရဲ့လား ဆိုတာပါပဲ။

ကိုယ် လိုချင်တာကို ရဖို့ဆိုတာ ဘာတွေပဲ ကြုံရ‌ပါစေ မိမိကိုယ်ကို ‌ရွေးချယ်ရဲတဲ့ သတ္တိရှိမှ၊ Fear ကြောင့် ကိုယ် မလိုချင်တာတွေကို လုပ်နေမိတာတွေကနေ ရပ်တန့်လိုက်တော့မှ ကိုယ်လိုချင်တာကို ရလာမှာ ဖြစ်တယ်။ တစ်ခုခုကိုလည်း လိုချင်တယ်၊ comfort ကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ သက်တောင့်သက်သာလေးပဲ သွားချင်‌သေးတယ်ဆိုရင် ကိုယ် လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကိုယ်က တစ်ခုခုကို လိုချင်ပါတယ်၊ ဖြစ်ချင်ပါတယ် ဆိုပေမယ့် ဖြစ်လာပါ့မလားဆိုတဲ့ မေးခွန်းတွေ၊ အခက်အခဲတွေကို မကြုံချင်တဲ့ စိတ်တွေနဲ့ပဲ ပိတ်မိပြီး ရှေ့မဆက်နိုင် ဖြစ်နေမယ်ဆိုရင် ကိုယ်ဟာ လမ်းပျောက်နေတာမဟုတ်ပဲ လမ်းမလျှောက်နေတာသာ ဖြစ်ပါတယ်။

ဒီတော့ Mystic's Path မှာ ဘာပြီးရင် ဘာဆက်ဖြစ်မယ်၊ ဘာပြီးရင် ဘာဆက်လုပ်ရမယ်ဆိုပြီး roadmap တစ်ခုလုံးကို သိဖို့ထက် နှလုံးသားကလာတဲ့ ခြေတစ်လှမ်းစာလေးကိုပဲ သိဖို့ လိုအပ်တာမို့ ကိုယ့်ရဲ့ နှလုံးသားကို ကိုယ်တိုင် ပြန်ခံစားကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတစ်လှမ်းစာ ခြေလှမ်းလေးကို သိပြီးတဲ့အခါ သိလာတဲ့ တစ်လှမ်းစာလေး အတိုင်း လှမ်းရဲတဲ့ သတ္တိ နဲ့ ပေါင်းစပ်ပြီး ခရီးဆက်ကြရမှာ ဖြစ်ပါတယ်။

ခရီးတစ်ခုကို သွားတဲ့ အခါ အဆုံးထိ သွားဖို့ လိုအပ်သလို ကြုံလာရတဲ့ အခက်အခဲတွေကြောင့် လက်မလျှော့လိုက်ဖို့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိ လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်လမ်းက သွားရမယ်၊ ဘယ်လို သွားရမယ် ဆိုတာကတော့ နှလုံးသားက လာတဲ့ emotions တွေက guide လုပ်ပေးတာ ဖြစ်ပါတယ်။

ဒီ ဆန့်ကျင်ဖက် Energy 2 ခုကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်သွားတဲ့အခါ လမ်းမှန်‌ပေါ်ကို လျှောက်ရင်း ခရီးတွေ ရှေ့ဆက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒီတော့ အခုချိန်မှာ ကိုယ်က လမ်းပျောက်နေတယ်၊ ဘာဆက်လုပ်သင့်လဲ မသိ ဖြစ်နေတယ် ဆိုရင် နှလုံးသားကို နားမထောင်မိလို့လား၊ noise တွေပဲ နားထောင်နေလို့လား။ ဒါမှမဟုတ် အကောင်အထည် ဖော်ရဲတဲ့ သတ္တိမရှိလို့ သေချာရေရာမှုကို လိုက်ရှာရင်း ငုတ်တုတ် ထိုင်နေမိတာလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။

ဘယ်တော့မှ ရပ်တန့်မသွားတဲ့ inner call တစ်ခုကို ပြန်မဖြေနိုင် ဖြစ်နေတာ ဘာကြောင့်လို့ ထင်လဲ။တစ်ခုခု လုပ်သင့်နေပြီ ဆိုတာ သိတ...
23/06/2026

ဘယ်တော့မှ ရပ်တန့်မသွားတဲ့ inner call တစ်ခုကို ပြန်မဖြေနိုင် ဖြစ်နေတာ ဘာကြောင့်လို့ ထင်လဲ။

တစ်ခုခု လုပ်သင့်နေပြီ ဆိုတာ သိတယ်။ တစ်ခုခု လုပ်ရတော့မယ် ဆိုတာ သိတယ်။ ဒါပေမယ့် ဒီနားမှာ ဆက်နေနိုင်မယ့် အကြောင်းပြချက်တွေ လိုက်ရှာနေမိတုန်းပဲလား။

ဒီ Calling ကို ပြန်ဖြေလိုက်ရင် ဒီအရာက ကိုယ့်အတွက် safe ဖြစ်ပါ့မလား ဆိုတဲ့ အာမခံချက်တွေ လိုက်ရှာနေမိပြီလား။

ကိုယ်ဟာ ဒီနေရာမှာ ရပ်တန့်နေရတဲ့ အကြောင်းအရင်းက ကိုယ့်မှာ ရှိနေတဲ့ Fear ‌တွေကြောင့်ပဲ ဖြစ်ပါတယ်။ Fear တွေရဲ့ အလွန်မှာ New Beginning တွေ ရှိတယ်။ နေ့ရက်အသစ်တွေ ရှိတယ်။ ဒါပေမယ့် ကိုယ်ဟာ ရှေ့ဆက်မသွားပဲ ဒီနားလေးမှာပဲ ဆက်နေဖို့ ရွေးချယ်နေမိတုန်းလား။

Inner Call ကို ပြန်ဖြေနိုင်ဖို့ အလိုအပ်ဆုံး အရာက စိတ်ဆန္ဒပြင်းပြမှုပါ။ ကိုယ်ဟာ တခြားတစ်ဘက်က အရာကို ဘယ်လောက် လိုချင်မှု ပြင်းပြလဲ။ ဒီအရာကို ဘယ်လောက် လိုချင်စိတ်ရှိလဲ။ ဒီအရာက ကိုယ့်ဘဝထဲမှာ ဘယ်လို အဓိပ္ပာယ်မျိုး ရှိလဲ။ ဘာတွေပဲ ဖြစ်လာပါစေ ငါသွားချင်တဲ့ နေရာကို ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ချက် ချနိုင်သွားတဲ့ အချိန်ဟာ Fear ကို အောင်နိုင်သွားတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူအများစုက အပြောင်းအလဲ တစ်ခု လုပ်ဖို့ဆို Safety လိုက်ရှာကြတယ်။ ဒီလမ်းကို လျှောက်ရင် အဆင်ပြေမလားလို့ အနာဂတ်ကို ကြိုသိနိုင်ဖို့ မေးမြန်းကြတယ်။ Safe မဖြစ်ဘူး ခံစားရရင် လက်ရှိနေရာမှာပဲ ဆက်နေကြတယ်။ တူညီတဲ့ ပြဿနာ၊ တူညီတဲ့ ဒုက္ခ၊ တူညီတဲ့ ပတ်ဝန်းကျင်တွေနဲ့ပဲပေါ့။

အခုချိန်မှာ ကိုယ်ဟာ stuck ဖြစ်နေတယ် ခံစားရရင် ဒီလို dead end ကို ကိုယ်တိုင်ပဲ တည်ဆောက်ထားတာ ဖြစ်ပြီး မိမိကိုယ်တိုင်ပဲ ပြန်ဖြိုဖျက်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်က ကိုယ့်ဘဝ၊ ကိုယ့်ပျော်ရွှင်မှုကို မှားယွင်းတဲ့ နေရာမှာ မှီခို တည်ဆောက်ထားတယ် ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်ဖို့ အရင် လမ်းဟောင်းကို ဖြိုဖျက်ရပါတယ်။

ကိုယ့်ဘဝက ဘယ်လောက် ဒီအရာပေါ် မှီပြီး တည်ဆောက်ထားလဲ ဆိုတဲ့အပေါ် မူတည်ပြီး တချို့တွေက တစိတ်တပိုင်း တချို့ကျတော့ ကိုယ့်ဘဝ တစ်ခုလုံးကို ဖြိုဖျက်ပစ်ကြရတယ်။

အလုပ်တွေ ပြောင်းကြတယ်။ Career လမ်းကြောင်းတစ်ခုလုံးကို စွန့်လွှတ်ပြီး မရေရာတဲ့ လမ်း‌ကြောင်းသစ် တစ်ခု လျှောက်ရတယ်။ အိမ်ထောင်ရေးတွေ ကွဲကွာတယ်။ ဆက်ဆံရေးတွေ ပျက်စီးတယ်။

ကိုယ် မှီထားရင် မှီထားသလောက် ကိုယ် စွဲလမ်းရင် စွဲလမ်းသလောက် ဖြိုဖျက်ရတဲ့အခါ နာကျင်ကြရတယ်၊ ခံစားကြရတယ်။ ဒါပေမယ့် ဒီအခက်အခဲကို ရင်ဆိုင်ရမှာ ကြောက်ပြီး လမ်းမှားကို ဆက်လျှောက်ပြီး inner call ကို ပြန်မဖြေတဲ့အခါ ပေးဆပ်ရတဲ့ တန်ဖိုးက ပိုကြီးမားလာပါတယ်။ လမ်းမှားကို ကြာကြာလျှောက်မိလေ အပြန်လက်မှတ်ခက ပိုဈေးကြီးလာလေပါပဲတဲ့။

Inner Call ကို ပြန်ဖြေဖို့၊ ကိုယ့်ရင်ထဲက တကယ် လိုချင်တဲ့ နေရာတစ်ခုကို သွားဖို့ အခက်အခဲတွေကတော့ မလွဲမသွေ ရင်ဆိုင်ကြရမှာပါပဲ။ ဒါကို inner call ကို ပြန်ဖြေရင် safe ဖြစ်မှာလား၊ ငါ ဒါလုပ်ရင် အဆင်ပြေပါ့မလား ဆိုပြီး တွေးတောနေလို့ မရသလို Safe ဖြစ်မယ့် အချိန်ကို ထိုင်စောင့်နေလို့လည်း မရပါဘူး။

Inner Call ကို ပြန်ဖြေဖို့၊ ကိုယ် လုပ်ချင်တဲ့ အရာတစ်ခုကို လုပ်ဖို့ကို ဒါက Safe ဖြစ်ရဲ့လားလို့ မေး‌နေမယ့်အစား ငါ ဒါကို ဘယ်လောက်ထိ လိုချင်လဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ဖို့ ရူးလောက်အောင် လိုချင်လာတဲ့အခါ ဘယ်အခက်အခဲမဆို ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိလာလိမ့်မယ်။ ဘာမဆို လွှတ်ချရဲတဲ့ သတ္တိ ရှိလာပါလိမ့်မယ်။

ဒီအချိန်မှာ ကိုယ့် inner call ကို ဖြေဖို့၊ ကိုယ့် Soul နဲ့ ကိုက်ညီတဲ့ နေရာဆီ ရောက်ဖို့ ချောက်ထဲ ခုန်ဆင်းရမယ်ဆိုရင်တောင် မျက်စိစုံမှိတ်ပြီး ခုန်ချလိုက်ပါ။ ကိုယ်က အခုနေရာမှာပဲ ဆက်နေနေတယ်ဆိုတာ အပြောင်းအလဲကို တစ်ကယ် လိုချင်စိတ် မရှိသေးလို့ပါ။

Safety ကိုပဲ လိုက်ရှာနေတာဟာ Fear ကိုပဲ နားထောင်နေလို့ ဖြစ်ပါတယ်။ Fear ကိုပဲ ဆက်ပြီး ရွေးချယ်ချင်လား၊ ကိုယ် တကယ် လိုချင်တဲ့ အရာဆီ ရောက်အောင် သွားမလား ဆိုတာက ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အခုချိန်မှာ ကိုယ်ဟာ တစ်ခုခုကို လုပ်ဖို့ ကြောက်နေတယ်၊ ကိုယ် လိုချင်တာကို ရအောင် ယူဖို့ တွန့်ဆုတ်နေတယ် ဆိုရင် "How bad do you want it?" လို့သာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။

ကိုယ်က ကိုယ်လိုချင်တဲ့ အမှန်တရား တစ်ခုအတွက် ချောက်ထဲထိ ခုန်ချဖို့ပါ အဆင်သင့် ဖြစ်ပြီဆို လမ်းစတွေ ရလာပါလိမ့်မယ်။

ကိုယ် နေ့စဉ်နေ့တိုင်း ထပ်ခါတလဲလဲ လုပ်နေတဲ့ repeated actions, decisions, patterns, speech ဆိုတဲ့ Outward Expression တွေက ...
20/06/2026

ကိုယ် နေ့စဉ်နေ့တိုင်း ထပ်ခါတလဲလဲ လုပ်နေတဲ့ repeated actions, decisions, patterns, speech ဆိုတဲ့ Outward Expression တွေက ပြင်ပက ကိုယ့်ရဲ့ဘဝ ဘယ်လို ပုံပေါ်လာမလဲ ဆိုတာကို ဆုံးဖြတ်တယ်။

ကိုယ်ဟာ အခုချိန်မှာ ကိုယ့်ရဲ့ ဘဝကို ပြောင်းလဲချင်တယ်၊ လက်ရှိ နေထိုင်နေတဲ့ ဘဝက ကိုယ့် အတွက် အဓိပ္ပာယ် မရှိနေပဲ I am meant for something bigger ဆိုတဲ့ Soul Hunger ကို ခံစားနေရတယ် ဆိုရင် လက်ရှိမှာ ကိုယ့်ရဲ့ ဘဝကို တည်ဆောက်နေတဲ့ Outward Expression တွေကို ပြောင်းလဲဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Outward Expression ဆိုတာက ကိုယ့်ရဲ့ Inner Experience နဲ့ Thought တွေ ပေါင်းစပ်ပြီး ကိုယ့်ရဲ့ reality ဖြစ်လာတာ ဖြစ်ပါတယ်။ Inner Experience → Thought → Outward Expression ဆိုပြီး Inner ကနေ Outer ကို အဆင့်ဆင့် စီးဆင်းလာတာ ဖြစ်ပါတယ်။

ကိုယ့်အတွင်းထဲကနေ အပြင်ကို စီးဆင်းတဲ့ ဒီအဆင့် ၃ဆင့်ဟာ အချင်းချင်း Direction တစ်ခုထဲကို ကောင်းကောင်းမွန်မွန် ချိတ်ဆက် လုပ်ဆောင်နေတဲ့အခါ ကိုယ့်ရဲ့ ဘဝဟာ Alignment ရှိနေတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အတွင်း ( Inner Experience) ထဲမှာ ကိုယ်ဘာလိုချင်လဲ သိပြီး အတွေး( Thoughts) က ဒါကို ဘယ်လိုဖြစ်အောင် လုပ်နိုင်မလဲ တွေးတယ်။ ပြင်ပက ကိုယ်က လုပ်သင့်တဲ့ အရာ ( Outward Expression) ကို ထပ်ခါတလဲလဲ နေ့စဉ် လုပ်ဆောင်တယ်။ ဒါဆိုရင် ကိုယ့်အတွင်းထဲက စစ်မှန်တဲ့ ပုံစံအတိုင်း ကိုယ်ဟာ တည်ဆောက် နေထိုင်နေတာ ဖြစ်လို့ ပြင်ပက ကိုယ့်ဘဝကလည်း ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Inner World နဲ့ Outer World တစ်သားတည်း ဖြစ်နေတဲ့အခါ ကိုယ်ဟာ Alignment ရှိနေပြီး Flow State ရောက်နေတာပဲ ဖြစ်ပါတယ်။

ဒီလို အဆင့် ၃ဆင့်နဲ့ ကြည့်လိုက်ရင် ရိုးရှင်းတယ် ထင်ရပေမယ့် တကယ်တမ်းမှာတော့ အဆင့် ၁ခုတည်းမှာတင် အတွင်းထဲမှာ Direction အမျိုးမျိုးနဲ့ Conflict တွေ ဖြစ်နေကြပါတယ်။

Inner Experience ဆိုတဲ့ emotions တွေ desires တွေ ဖြစ်ပေါ်တဲ့ နေရာမှာ ကိစ္စတစ်ခုနဲ့ ပက်သက်ပြီး ကိုယ်က အမျိုးမျိုး ခံစားနေကြရပါတယ်။ ကိုယ်က ကိုယ့်ဘဝကို ပြောင်းလဲချင်စိတ်တွေ ဖြစ်နေပေမယ့် တစ်ချိန်တည်းမှာပဲ အပြောင်းအလဲ လုပ်ရမှာ ကြောက်စိတ်တွေ ဖြစ်လာတယ်။ အချစ်ခံချင်တဲ့ ဆန္ဒ ရှိပေမယ့် ချစ်ခြင်းမေတ္တာကို လက်ခံဖို့လည်း ကြောက်နေပြန်တယ်။ ပိုက်ဆံတွေ လိုချင်ပေမယ့် Fear of receiving တွေပါ ဖြစ်နေတယ်။ ဒီလိုမျိုး Conflict ဖြစ်နေတဲ့ Desires ရော Fears ပါ တပြိုင်တည်း ကြုံတွေ့နေရ Experience လုပ်နေရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေကနေ ဒုတိယ အဆင့် ဖြစ်တဲ့ Thoughts ဆီကို ရောက်လာတဲ့ အခါမှာ အတွေးတွေက ကိုယ့်ရဲ့ Inner Experience ကို meaning တွေဖွဲ့ နံမည်တွေ ပေးပြီး ယောက်ယက်ခတ်အောင် တွေးပါတော့တယ်။ ကိုယ် လိုချင်တာ ရမှ ရလာပါ့မလား၊ ရလာရင်ရော မကောင်းတာတွေ ဖြစ်လာတော့မလား။ ချစ်ခြင်းမေတ္တာကို လက်ခံချင်ပေမယ့် အထားခံခဲ့ရမှာ၊ အတုအယောင် ဖြစ်လာမှာကို တွေးပူတယ်။

အတိတ်က Failure တွေကို ပြန်တွေးတယ်။ အတိတ်ကို အခြေခံတဲ့ ခန့်မှန်းမှုတွေ လုပ်ပြီး အနာဂတ်ကို အဖြေထုတ်တယ်။ ပိုက်ဆံတွေ လိုချင်တယ် ပြောပေမယ့် မရလာမယ့် နည်းလမ်း ၁၀၀ ကို ထိုင်တွေးနေမိမယ်။ ကိုယ် လိုချင်တဲ့ အရာက ကိုယ်နဲ့ တန်ပါ့မလား စိုးရိမ်တယ်။

ဒီလို အမျိုးမျိုး ပြောနေတဲ့ အတွင်းက အသံတွေကြောင့် ဒီကနေ ဖြစ်တည်လာတဲ့ Outward Expression တွေဟာလည်း ဘယ်လိုမှ Healthy Habits ဖြစ်မနေတော့ပါဘူး။ ကိုယ်ဟာ လုပ်သင့်တဲ့ အရာကို မလုပ်နိုင်ပဲ ရှောင်ပြေးနေမိတယ်။ Consistency မထိန်းနိုင်ဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဘဝတစ်ခု ပုံပေါ်လာအောင် တာဝန်ယူ လုပ်ဆောင်မယ့်အစား အာရုံပျက်ပြားစေမယ့် Distraction တွေ လိုက်ရှာတယ်။ Procrastinate လုပ်တယ်။ Doom Scrolling လုပ်တယ်။

အနုတ်သဘောဆောင်တဲ့ စကားတွေ ပြောတယ်။ Body Language က ကုပ်ကုပ်လေး ဖြစ်နေတယ်။ အခန်းထဲမှာ အမှိုက်တွေ ပွနေတယ်။ Unhealthy Food တွေပဲ စားနေမိတာ Binge Eating လုပ်တာတွေ ဖြစ်လာတယ်။ ဒီလို Outward Expression မျိုးတွေပဲ ထပ်ခါတလဲလဲ လုပ်ဆောင်ရင်း ဖြစစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ ပြင်ပ reality က ဘဝ ဆိုတာဟာ ဘယ်နည်းနဲ့မှ ကိုယ်လိုချင်တဲ့ ပုံစံ ဖြစ်နေမှာ မဟုတ်ပါဘူး။

ဒီလိုမျိုး Inner Experience → Thought → Outward Expression ဆိုတဲ့ အဆင့် ၃ဆင့်ဟာ တစ်ယောက်တစ်မျိုး ပြောရင်း ပူးပေါင်း မလုပ်ဆောင်နေပဲ ယောက်ယက်ခတ်နေတာ၊ တစ်ခုခုကို Suppress လုပ်ပြီး အခြားတစ်ခုကို အတင်း Express လုပ်နိုင်ဖို့ ရုန်းကန်နေရတာက misalign ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး misalign ဖြစ်နေပြီး အချင်း တွန်းကန်နေတာကို ပြန်လည် ပြင်ဆင်နိုင်ဖို့ အတွက် အရေးကြီးဆုံးဟာ Awareness & Integration ပဲ ဖြစ်ပါတယ်။

ကိုယ်ဟာ အပြောင်းအလဲကို လိုချင်ပေမယ့် ကြောက်စိတ် ဖြစ်လာတာကလည်း သဘာဝပါပဲ။ ကြောက်စိတ်ကြောင့် auto react လုပ်မယ့်အစား ကိုယ့်မှာ ဘယ်လို ခံစားချက်တွေ ဖြစ်နေလဲ၊ ကိုယ်ဟာ ဘယ်လို အတွေးတွေ တွေးနေမိပြီလဲ၊ ကိုယ် လုပ်နေတဲ့ အရာတွေကရော မှန်ရော မှန်ရဲ့လား ဆိုပြီး ကိုယ့်ရဲ့ အခြေအနေကို သတိပြုမိတာဟာ Awareness ရှိလာတာပဲ ဖြစ်ပါတယ်။

Awareness ရှိလာပြီး ကိုယ့်ရဲ့ လက်ရှိ အခြေအနေကို အရှိကို အရှိတိုင်း သတိပြုမိမှသာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ် ဖြစ်နေတဲ့ အခြေအနေတွေကို သိလာတဲ့အခါ လိုအပ်နေတဲ့ နေရာကို ကိုယ်သိလာ တတ်လာတဲ့ Knowledge တွေကို ပေါင်းစပ် အသုံးချနိုင်ဖို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ဒါကို Integrate လုပ်တယ်လို့ ခေါ်နိုင်ပြီး ကိုယ် သင်ယူထားတဲ့ Information တစ်ခုကို ကိုယ့် ဘဝထဲမှာ ပေါင်းစပ် လက်တွေ့အသုံးချနိုင်သွားတဲ့ အချိန်ဟာ Knowledge ကနေ Wisdom အဆင့်ကို ရောက်သွားတာပဲ ဖြစ်ပါတယ်။

ကိုယ့်မှာ ဖြစ်ပေါ်လာတဲ့ Desire တိုင်းဟာ ကိုယ် တကယ် လိုချင်တာ ဖြစ်ချင်မှ ဖြစ်နိုင်ပြီး Attachments တွေ Insecurities တွေက လာတာလည်း ဖြစ်တတ်ပါတယ်။ ခံစားရတဲ့ Fear တိုင်းကလည်း မကောင်းတာ မဟုတ်ပဲ Fear ကြောင့် သတိပြု လုပ်ဆောင်တတ်မယ်ဆို ကောင်းတာတွေပါ ဖြစ်လာနိုင်ပါသေးတယ်။ ဖြစ်ပေါ်လာတဲ့ အရာတိုင်းကို အကောင်းဘက်ကို ထိန်းကျောင်းနိုင်ဖို့ ဆိုတာ Awareness & Integration ရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

တချို့တွေအနေနဲ့ ဒီလမ်းပေါ်မှာ အချိန်တွေသာ ကြာလာတယ်၊ ပညာတွေသာ စုံနေအောင် လိုက်သင်တယ်။ တကယ့် ကိုယ့်ဘဝထဲမှာတော့ ဘာမှ သေသေချာချာ ရေရေရာရာ ပြောင်းလဲမှု ရှိမနေဘူး၊ အထက်ကို တက်မလာဘူး ဖြစ်နေတယ် ဆိုတာဟာ Awareness & Integration ပျောက်နေလို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ Alignment ဆိုတာဟာ
I want this.
I believe I can do this.
I take action toward it. ဆိုပြီး ဘာ Conflicts မှ မရှိပဲ Inner ကနေ Outer ကို တပြေးတည်း စီးဆင်းလာတာမျိုး မဟုတ်ပဲ

"I'm scared, but I'm staying." ဆိုသလို ကြောက်နေတဲ့ အချိန်၊ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲ မသိတော့တဲ့ အချိန်တွေမှာတောင် ခံစားချက်တွေ အတွေးတွေ old habits တွေရဲ့ ဝါးမျိုတာ ခံရပြီး Auto react လုပ်နေမယ့်အစား Awareness & Integration လေးနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ပြီး Conscious Living နဲ့ ‌ရှင်သန်နေထိုင်ခြင်းကမှ စစ်မှန်တဲ့ Alignment ဖြစ်ပါတယ်။

စစ်မှန်တဲ့ Alignment ဆိုတာဟာ ကိုယ့်အတွက် ဘယ်အရာက အရေးကြီးဆုံးလဲ ဆိုတာ သိနားလည်ပြီး Conflicts တွေ အခက်အခဲတွေ ရှိချိန်မှာတောင် ထွက်ပြေးမသွားပဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆက်လက် တည်ရှိနေခြင်းပဲ ဖြစ်ပါတယ်။

ဥပမာ - လူရှေ့ထွက်ပြီး စကားပြောရမှာ ကြောက်ပေမယ့် ဒါက ကိုယ့်အတွက် အကျိုးရှိမှာ ဖြစ်တာကြောင့် ရှောင်မပုန်းတော့ပဲ ပြောစရာ ရှိတာ ပြောလာတာ၊ တစ်ဖက်သူ စိတ်ဆိုးမှာ ကြောက်ပေမယ့် ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောတာဟာ Alignment နဲ့ စတင်နေထိုင်လာခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်ဘဝကို ပြောင်းလဲဖို့အတွက် မရေရာ မသေချာတဲ့ risk တွေကို ကြောက်ပေမယ့် ရင်ဆိုင်ဖို့ ရွေးချယ်တာ၊ ရန်ဖြစ်ရမှာ ကြောက်ပေမယ့် toxic ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ မိသားစုတွေကို ငြိမ်ခံမနေပဲ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်တာဟာ Alignment နဲ့ နေထိုင်တာပဲ ဖြစ်ပါတယ်။

ဒီလို True Alignment နဲ့ သတိရှိရှိ နေထိုင်တတ်သွားတဲ့အခါ ကိုယ်ဟာ Flow State ကို ရောက်သွားပြီး ကိုယ့်ရဲ့ Inner Life နဲ့ Outer Life ဟာ တသားတည်း ဖြစ်လာပါတယ်။ ကိုယ်နေထိုင်နေတဲ့ ပြင်ပ reality က ဘဝဟာ ကိုယ့် Soul နဲ့ Align ဖြစ်တဲ့ ဘဝမျိုး ဖြစ်လာပြီး အရာရာဟာ စီးဆင်းနေတာကို ခံစားလာကြရမှာပါ။

အခုချိန်မှာ ကိုယ်ဟာ ကိုယ့်ရဲ့ ဘဝမှာ Stuck ဖြစ်နေတယ်၊ အခုချိန်မှာ ကိုယ်နေထိုင်နေရတဲ့ ဘဝဟာ ကိုယ့်ဘဝ မဟုတ်ဘူးလို့ ခံစားနေရရင်၊ လက်ရှိဘဝကနေ ထွက်ပြေးဖို့ ကြိုးစားနေမိပြီ ဆိုရင် ကိုယ်ဟာ ဘယ်နားမှာ misalign ဖြစ်နေပြီး ဘယ်လို alignment ပြန်ညှိနိုင်မလဲ ဆိုတာ ကိုယ့်ရဲ့ အတွင်းထဲမှာ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေကြည့်ပါ။ ဒါဆို ကိုယ့်အတွက် ထွက်ပေါက်ကို ရှာတွေ့ပါလိမ့်မယ်။ 🏮

ချစ်ခြင်းမေတ္တာဆိုတာ ကြိုးစားပြီး လုပ်ယူမှ ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီးမှ ပေးလာတဲ့ ချစ်ခြင်းမေတ္တ...
11/06/2026

ချစ်ခြင်းမေတ္တာဆိုတာ ကြိုးစားပြီး လုပ်ယူမှ ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပြီးမှ ပေးလာတဲ့ ချစ်ခြင်းမေတ္တာမျိုးတွေနဲ့ပဲ ကြုံလာရတဲ့အခါ မိသားစုထဲမှာဆို ကိုယ်ဟာ သားသမီး အလိမ္မာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေးဆပ်သူတွေ တစ်အိမ်လုံးရဲ့ ဝန်ကို ထမ်းရသူတွေ ဖြစ်လာတယ်။

ကိုယ်ဟာ အမြဲ သူတို့ အလိုကို ဖြည့်ဆည်းပေးနေမှ၊ လိုချင်တာ အားလုံး လုပ်ပေးနိုင်နေမှ အချစ်ခံရတယ်၊ အကောင်းပြောခံရတယ်။ လိုချင်တာတွေ မပေးနိုင်ချိန်မှာတော့ ရန်သူကြီးလို ဆက်ဆံခံရတယ်၊ အပြစ်တင် ခံကြရတယ်။ တကယ်တော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ တစ်ခုခုကို ပေးနိုင်မှ ပြန်ရတဲ့ အရာမျိုး မဟုတ်ပါဘူး။

Relationship တစ်ခုမှာလည်း ကိုယ်ဟာ တစ်ဖက်သူနဲ့ အဆင်ပြေဖို့ တစ်ဖက်သူက ကိုယ့်ကို ရွေးချယ်ဖို့ကို သူ့ရဲ့ မဆုံးနိုင်တဲ့ ဆန္ဒတွေ ပြည့်အောင် effort တွေထည့် ပိုက်ဆံတွေ သုံးနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ နောက်ဆုံးမှာ ကိုယ်ဟာ သူ့အတွက် မလုံလောက်ဘူး ဆိုတဲ့ ခံစားချက်တွေပဲ ရနေမယ်ဆိုရင် တစ်ဖက်သူဟာ ကိုယ့်ကို တကယ်မေတ္တာ ရှိနေတာ မဟုတ်ပဲ အသုံးချနေရုံသက်သက်ပဲ ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာဟာ လုပ်ယူမှ ရတဲ့ အရာ မဟုတ်ပါဘူး။ ဘယ်လို အခြေအနေမျိုးမှာမဆို ချစ်ခင်မြတ်နိုးနေနိုင်တာဟာ စစ်မှန်တဲ့ unconditional love ပါ။ ကိုယ်ဟာ တစ်ဖက်သူရဲ့ အကြိုက်ကို လုပ်ပေးနိုင်တဲ့ အချိန်မှာရော၊ မလုပ်ပေးနိုင်တဲ့ အချိန်မှာပါ ချစ်မြတ်နိုး ခံရပြီး၊ ကိုယ့်ဘဝရဲ့ နိမ့်မြင့်တက်ကျတွေမှာပါ ကိုယ့်လက်ကို မလွှတ်လိုက်တာဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့လို မဖြစ်လာပဲ ကိုယ်ဟာ သူတို့ အကြိုက် ဖြည့်ဆည်းပေးနိုင်ချိန်မှာပဲ အကောင်းပြောခံရပြီး ကိုယ့်ဘဝ ကောင်းစားချိန်မှာပဲ ကပ်တွယ်ခံရမယ်ဆိုရင် ဒါဟာ ချစ်ခြင်းမေတ္တာ မဟုတ်ပဲ အသုံးချ ခံနေရတာ သက်သက်သာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ လက်ရှိ အနားကသူတွေနဲ့ ဆက်ဆံရေးမှာ ကိုယ်ဟာ အသုံးချခံ သက်သက်ပဲ ဖြစ်နေပြီလား။

မိသားစုထဲမှာ ဖြစ်စေ၊ သမီးရည်းစားနဲ့ ဖြစ်စေ ဒီလို ဆက်ဆံရေးပုံစံမျိုးထဲ ပိတ်မိနေရတဲ့ အကြောင်းအရင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အားနည်းနေလို့ ဖြစ်ပါတယ်။ သူများ စိတ်တိုင်းကျ လုပ်ပေးလို့ တစ်ဖက်သူက ကိုယ့်ကို ချီးကျူးတာ၊ နှစ်သက်ခံရတာ၊ ရွေးချယ်ခံရတာဟာ ကိုယ့်ဘဝမှာ ‌ပျော်ရွင်ရတဲ့အချိန်ဖြစ်ပြီး ကောင်းမွန်တဲ့ သူ၊ အောင်မြင်တဲ့ သူတစ်ယောက်လို ခံစားရတယ်။

ဒါပေမယ့် တစ်ဖက်က အလိုမကျလို့ ပြောဆိုချိန်၊ ကိုယ့်ကို မနှစ်သက်တော့ချိန်၊ မရွေးချယ်တော့တဲ့ အချိန်မှာတော့ ခံစားချက်တွေ တက်လာပြီး အရှုံးသမားလို ခံစားရလေ့ ရှိပါတယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အားနည်းလို့ သူများသတ်မှတ်တဲ့ အတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ပြင်ပက အရာတွေဖြစ်တဲ့ လူတွေ၊ အရာဝတ္ထုတွေ၊ အခြေအနေတွေ အပေါ်မှာ မမူတည်ပဲ အတွင်းထဲကနေသာ ကိုယ့်တန်ဖိုးကို ပြန်လည် ရှာဖွေရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်တန်ဖိုးထားလဲ၊ ဒီတန်ဖိုးက ဘယ်ကနေ ဖြစ်တည်လာတာလဲ အတွင်းကလား အပြင်ကလား ဆိုတာကို ကိုယ့်ရဲ့ Action, Words and Thoughts တွေကို ပြန်ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

တစ်ဖက်သူရဲ့ ကိုယ့်ကို အကောင်းပြောခြင်း၊ မပြောခြင်း၊ ကိုယ့်ကို ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းဟာ သူတို့ ကိစ္စပဲ ဖြစ်တယ်။ သူတို့ ကိုယ့်ကို အကောင်းမပြောရုံ၊ မရွေးချယ်ရုံလောက်လေးနဲ့ ကိုယ်ဟာ သုံးစားမရတဲ့သူ၊ လူတိုင်း မလိုချင်တဲ့ သူ၊ တန်ဖိုး မရှိတဲ့သူ ဖြစ်မသွားပါဘူး။

ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်ဆိုတာ သူများတွေ ကိုယ့်ကို တန်ဖိုးဖြတ်တာ လက်ခံမယ့်အစား Self-love, Self-respect, Self-trust, Integrity ရှိရှိနဲ့ ကိုယ်ရဲ့ Authentic Self အတိုင်း ကိုယ့်ရဲ့ Personal Truths အတိုင်း နေထိုင်ဖို့ ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေ limitations တွေကို သတိပြု နားလည် လက်ခံပေးတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင် မြင်အောင် ကြည့်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ သင်ယူပါ။ ကိုယ့်ရဲ့ နေ့စဉ် လုပ်နေတဲ့ အလုပ်‌တွေနဲ့ ရွေးချယ်တွေ၊ ဆုံးဖြတ်ချက်တွေက ကိုယ် ဖြစ်ချင်တဲ့ ပုံစံနဲ့ ဘယ်လောက်ကိုက်ညီနေလဲ ဆို ပြန်ကြည့်ကြည့်ပါ။ လုပ်ယူမှ ရတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် မရှင်သန်ပါနဲ့။ ဒါဆို ကိုယ်နဲ့ တကယ် ထိုက်တန်တဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ရှာတွေ့နိုင်လာမှာပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lantern For The Lostผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์