22/07/2026
ကိုယ်ဟာ အမြဲတမ်း တစ်ဖက်သူကို ကောင်းပေး၊ မေတ္တာထားပေး၊ ကူညီပေးပေမယ့် နောက်ဆုံးမှာ နာကျင်ရတဲ့သူက ကိုယ်ပဲ ဖြစ်နေခဲ့ဖူးလား။
အတော်များများက မေးကြတယ်။ ဘာလို့ လူကောင်းတွေပဲ အမြဲ နာကျင်ရတာလဲတဲ့။ ကိုယ်ဟာ ဘယ်လောက်ပဲ တစ်ဖက်သူအပေါ် ကောင်းပေးပေး ထိခိုက်ရှနာ များလာတဲ့အခါ လူကောင်းလုပ်ရတာ မှန်ရဲ့လားလို့တောင် တွေဝေလာရင်း သံသယဝင်လာတတ်ကြပါတယ်။
ဒီမေးခွန်းကို ဖြေဖို့အတွက် အရင်ဆုံး လူကောင်းနဲ့ လူဆိုး ဘယ်လို သတ်မှတ်ကြလဲ ကြည့်ကြရအောင်။ လူကောင်းလို့ ဆိုလိုက်တာနဲ့ အများအပေါ် မေတ္တာထားနိုင်သူ၊ ကူညီတတ်သူ၊ ပေးကမ်းတတ်သူ၊ သနားစာနာ ခွင့်လွှတ်တတ်သူလို့ ပြေးမြင်ကြတယ်။ ဒီတော့ ကိုယ်က လူတစ်ယောက်ကို ချစ်တယ်၊ ခင်တွယ်တယ်၊ ကောင်းပေးချင်တယ်ဆိုရင် ဒီအရာတွေ လုပ်ပေးလေ့ ရှိပြီး၊ လုပ်ပေးရမယ်လို့လည်း ယူဆလေ့ ရှိကြတယ်။
အဲ့လိုပဲ လူဆိုးလို့ ဆိုလိုက်ရင်တော့ သူများကို မကူညီ မရိုင်းပင်းတတ်သူ၊ နာကျင်စေသူ၊ ကောင်းမွန်တဲ့ စကားမပြောသူ၊ အငြိုးအတေးကြီးသူ၊ မခွင့်လွှတ်တတ်သူလို့ ပြေးမြင်ကြတယ်။ ကိုယ်က လူတစ်ယောက်ကို စိတ်ဆိုးသွားတဲ့အခါ မုန်းသွားတဲ့အခါမှ ဒီအပြုအမူတွေ လုပ်လေ့ရှိပြီး တဖက်သူကို ရှောင်ဖယ်တာ၊ မပက်သက်တော့တာ၊ စကားမပြောတော့တာတွေ လုပ်လေ့ ရှိကြပါတယ်။
နူးညံ့တဲ့ နှလုံးသားရှိတဲ့သူတွေက Boundaries လေးနဲ့ မချစ်တတ်တဲ့အခါ နာကျင်ရတဲ့ ဆက်ဆံရေးတွေကိုပဲ ကြုံတွေ့ကြရလေ့ရှိတယ်။ ကိုယ့်မှာ နူးညံ့တဲ့ နှလုံးသားရှိတဲ့အတွက် တဖက်သူကို ကောင်းပေးချင်တယ်၊ ဂရုစိုက်ပေးချင်တယ်၊ ကူညီပေးချင်တယ်၊ စာနာ နားလည် ခွင့်လွှတ်ပေးချင်တယ်။ ပေးတဲ့သူကတော့ ပေးပေမယ့် ယူတဲ့သူက မမှန်နေတဲ့အခါ ကိုယ်ဟာ သူ့အတွက် အသုံးချစရာ ဖြစ်လာပါတယ်။
ကိုယ် ဘယ်လောက်ပေးပေး မလုံလောက်နေဘူး။ ကိုယ်ဟာ သူ့အတွက် လိုသုံး ဖြစ်လာပြီး တဖက်သူက ဘာပဲ လုပ်ပါစေ အမြဲ နားလည် ခွင့်လွှတ်ပေး၊ ဖြစ်ချင်သမျှ အကုန် လိုက်လုပ်ပေး လုပ်နေတဲ့အခါ လွယ်လွယ်ရလွန်းတဲ့အတွက် တဖက်သူ မျက်လုံးထဲမှာ ကိုယ်ဟာ တန်ဖိုးမရှိသူ ဖြစ်လာတယ်။
တဖက်သူရဲ့ ပြန်လည် တုံ့ပြန်ပုံ အသုံးချနေပုံက ကိုယ့်အတွက် နာကျင်ရပေမယ့်လည်း တဖက်သူကို ကိုယ်က မေတ္တာမပျက်နိုင်သေးတဲ့အခါ ခင်တွယ်နေသေးတဲ့အခါ ပေးမြဲအတိုင်း ဆက်ပေး၊ ရှိမြဲအတိုင်း အမြဲရှိနေပေးတဲ့အတွက် ကိုယ့်ဖက်က နာကျင်ရတာတွေပဲ ပိုများလာပါတော့တယ်။
ဒီနေရာမှာ ကြင်နာတတ်တဲ့သူတွေ လူကောင်းဆိုတဲ့သူတွေ သင်ယူဖို့ မေ့နေကြတဲ့ အရာတစ်ခုက ချစ်ခြင်းမေတ္တာက အကွာအဝေးလေး တစ်ခုကနေ ချစ်ပေးဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ကိုယ်ဟာ တဖက်သူကို ချစ်နေချိန်မှာ ရှိသမျှ အကုန်ကောင်းပေးနေရပြီး မုန်းမှ၊ နာကျည်းသွားမှာ မကူညီရတော့မှာ အဆက်အသွယ် မလုပ်ရတော့မှာ စွန့်ခွာလိုက်ရမှာ မဟုတ်ပါဘူး။
တဖက်သူကို ကူညီလိုက်လို့ တဖက်သူအတွက် ရှိနေပေးလိုက်လို့ ကိုယ့်အတွက် ပူလောင်ရမယ်၊ ထိခိုက်ရမယ်၊ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု ပျက်ပြားရမယ် ဆိုရင် ချစ်ပေမယ့်လည်း ပြေးဖက်နေမယ့်အစား အဝေးကနေပဲ ချစ်တတ်ဖို့ ရပ်ကြည့်ဖို့ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
တဖက်သူအတွက် မရှိနေပေးတော့တာ၊ သူနဲ့ ဆက်မပက်သက်တော့တာ၊ မကူညီပဲ ရပ်ကြည့်နေတာဟာ မကောင်းတဲ့ အပြုအမူတွေ မဟုတ်သလို မုန်းတော့မှ ထလုပ်ရတဲ့ အပြုအမူတွေလည်း မဟုတ်ပါဘူး။ သူများအတွက် ကောင်းပေးတာဟာ ကိုယ့်အတွက် ထိခိုက်ရမယ်ဆို ရပ်တန့်ဖို့ ရွေးချယ်လိုက်တာဟာ မိမိကိုယ်ကို ပေးနိုင်တဲ့ ပေးသင့်တဲ့ အကောင်းဆုံး Self-love ပဲ ဖြစ်ပါတယ်။
ကိုယ်ဟာ နာကျင်နေရချိန်မှာတောင် သူများအပေါ် ဆက်ကောင်းပေးဖို့ပဲ ရွေးချယ်နေမိပြီဆို တဖက်မှာ ကိုယ့်အတွက် ကိုယ် မကောင်းတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ ကိုယ့်အပေါ် ကိုယ် မကောင်းနေတဲ့အခါ သူများအပေါ် ဘယ်လောက် ကောင်းတာပဲ လုပ်နေနေ ကိုယ့်ကိုယ်ကို မယုံကြည်တော့ဘူး။ မကောင်းတဲ့သူ၊ အပေါ်ယံ ဟန်ဆောင်နေတဲ့ သူလို့ပဲ မသိစိတ်က ကိုယ့်ကိုယ်ကို ပြန်မြင်နေတတ်တယ်။
ဒီတော့ ကိုယ့်စိတ် ကိုယ်မလုံဖြစ်ပြီး သူများက ကိုယ့်ကို အကောင်းပြောတာ၊ လူကောင်းလို့ ချီးကျူးတာကို ခံရဖို့ အတင်းတွေ ပေးဆပ်ရင်း chase လုပ်တဲ့အခါ ပိုတောင် နာကျင်လာရပါတော့တယ်။ ကိုယ့်ဘဝထဲက ဆက်ဆံရေးတွေမှာ ကိုယ့်ကို အသုံးချမယ့်သူ၊ လိုသုံးလုပ်မယ့်သူတွေကိုပဲ attract လုပ်မိကြပါတယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ သူများအပေါ်ကို ကောင်းပေးဖို့ ကယ်တင်ဖို့ ကြိုးစားနေမိပြီဆို ကိုယ့်ရဲ့ ရည်ရွယ်ချက်မှာ လူကောင်းလို့ ချီးကျူးခံချင်တဲ့ အလိုဆန္ဒလေး ကပ်ပါနေပြီလား ဆိုတာ သတိပြုသင့်ပါတယ်။
တချို့တွေကျတော့ ကိုယ် ကူညီနိုင်ပါရက်နဲ့ ရပ်ကြည့်နေမိလို့ သူများ ရုန်းကန်နေရတာ မြင်တဲ့အခါ ကိုယ့်လုပ်ရပ်က မှန်မှ မှန်ပါ့မလားလို့ guilty ဖြစ်ကြသူတွေလည်း ရှိပါတယ်။ ကူညီတိုင်း ကောင်းတယ် ထင်ကြပေမယ့် တကယ်တမ်းမှာတော့ အကူအညီဆိုတာ မကူတတ်ရင် ကိုယ်ရော သူပါ ဒုက္ခရောက်ကြရတဲ့ အမျိုးဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ လူတစ်ယောက်ကို သူ့ဒုက္ခတွေကနေ တကယ် လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ power ဟာ ကာယကံရှင် ကိုယ်တိုင်မှာပဲ ရှိလို့ပါ။ ကာယကံရှင် ကိုယ်တိုင်က မလုပ်ပဲ ထိုင်နေရင် ကိုယ် ဘယ်လောက် ဝင်ပါပါ အလကားပါပဲ။ အဲ့ဒီ့အစား ရပ်ကြည့်နေမယ်ဆို လောကဓံရဲ့ သင်ပြမှုကြောင့် ဒီလူဟာ လမ်းမှန်ပေါ်ကို ရောက်သွားနိုင်ပါတယ်။ လောကဓံက လူတိုင်းအတွက် အကောင်းဆုံး ဆရာ ဖြစ်တာမို့ ဆရာ့လက်ထဲ ထည့်ပေးလိုက်ဖို့ လိုပါတယ်။
ကိုယ်က စေတနာနဲ့ သူရုန်းကန်ရမှာ စိုးလို့ပါ ဆိုပြီး ပိုးအိမ်ကို ညှပ်ထုတ်ပေးလိုက်မယ်ဆို လိပ်ပြာလေးဟာ သူ့ဘဝမှာ ဘယ်တော့မှ အလှဆုံးတောင်ပံတွေကို ပိုင်ဆိုင်ခွင့်မရတော့ပဲ ပိုးကောင်အဖြစ်နဲ့သာ ဇာတ်သိမ်းကြရမှာ ဖြစ်ပါတယ်။ ကိုယ် ဝင်မပါတာဟာ သူဒုက္ခရောက်ပါစေလို့ ချောက်တွန်းတာ မဟုတ်ပဲ သူ့အတွက်ရော ကိုယ့်အတွက်ပါ အကောင်းဆုံး ဖြစ်မယ့် လမ်းကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Guilty ဖြစ်စရာ အကြောင်း မရှိပါဘူး။
ဒါကြောင့်မို့ ကိုယ်ဟာ လူကောင်း လုပ်တော့မယ်ဆို ရှိသမျှ အကုန် ထုတ်ပေး၊ ကူညီပေးနဲ့ လူကောင်း လုပ်ကြရမှာ မဟုတ်ပဲ အကွာအဝေးလေးကနေပဲ ချစ်တတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။
သူများအမြင်မှာ လူကောင်းဖြစ်အောင် နေမယ့်အစား ကိုယ့်နှလုံးသားထဲက လူကောင်းဖြစ်အောင်ပဲ နေပါ။
နေရာတကာ ဝင်ပါတဲ့ လူကောင်း မဟုတ်ပဲ ကိုယ့်နေရာမှာပဲ နေတတ်တဲ့ လူကောင်း ဖြစ်ဖို့ပဲ ရွေးချယ်ပါ။
ဒါဆိုရင် ဘယ်ဆက်ဆံရေးမှာမှ ထိခိုက်ရှနာ မများတော့သလို ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကံတွေရဲ့ ရလဒ်ကိုလည်း ပြန်လည် လက်ခံရရှိလာပါလိမ့်မယ်။