
18/01/2025
မပျော်ဘူးလား ?
ပျော်ရွှင်ခြင်း ဆိုတဲ့အကြောင်းအရာကို ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ကြမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ အစဆွဲထုတ်ကြပါမလဲ။ ပြောရမယ်ဆိုရင် အခုလက်ရှိအချိန်က ကျွန်တော်တို့ အထူးသဖြင့် လူငယ်၊ လူလတ်ပိုင်းအရွယ်တွေမှာ အဘက်ဘက်ကဖိအားပေါင်းများစွာနဲ့ အသက်ရှင်ရုံတမယ်သာ ရုန်းကန်နေကြရတာပဲမဟုတ်လား။ လူတိုင်းမှာ ကိုယ်စီရှိနေတဲ့ စိတ်မချမ်းမြေ့စရာတွေ၊ မပျော်ရွှင်ရခြင်းတွေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲပေါင်းတစ်သိန်းခြောက်သောင်းကြားထဲက မလူးမလွန့်သာအခြေအနေတွေထဲကနေ ကျွန်တော်တို့ဘယ်လိုများ ပျော်နိုင်ကြရပါမလဲ။ ကိုယ့်ကိုကိုယ်ရော ကိုယ်တိုင်ပျော်ရွှင်မှုကို ဘယ်ကလာလဲ လို့ မေးခွန်းထုတ်ကြဖူးပါလား။
ကျွန်တော်တို့ ပျော်တတ်လာအောင်ဘာလုပ်ကြရမလဲ။ ပျော်ရွှင်မှုဆိုတဲ့နေရာမှာ ကျွန်တော့်အမြင်အရတော့ နှစ်ပိုင်းခွဲထားရမယ်လို့ထင်ပါတယ်။ လုပ်ယူဖန်တီးပြီးမှ လက်ခံရရှိတဲ့ပျော်ရွှင်မှုလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ဆီကနေလာတဲ့ ပျော်ရွှင်မှုလား ဆိုတာပါ။ ဒီကာလတွေမှာ ကျွန်တော်နားလည်မိလာတာကတော့ စစ်မှန်တဲ့ပျော်ရွှင်အေးချမ်းမှုကိုရရှိဖို့အတွက်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝရဲ့ အခိုက်အတန့်တိုင်းကို ခံစားတတ်နိုင်ရမယ်ဆိုတာပါပဲ။ ဥပမာပြောရမယ်ဆိုရင် - ရာသီဥတုကောင်းပြီး လေအေးအေးတိုက်နေတဲ့အချိန်တစ်ခုမှာ သာသာယာယာလမ်းလျှောက်နေရတဲ့အခါမျိုးဆိုရင် ဒီလိုအချိန်၊ ဒီရာသီဥတုမှာ စိတ်လက်အေးချမ်းစွာ လမ်းလျှောက်နေနိုင်ခြင်းက ကျေနပ်စရာကောင်းတဲ့အခိုက်အတန့်လေးလို့ခံစားနိုင်ရင် ဒီခံစားမှုကနေတဆင့် စိတ်အေးချမ်းပျော်ရွှင်မှုလေးတစ်ခုကို ကျွန်တော်တို့ရနိုင်ပါတယ်။ အရသာရှိတဲ့အစားကောင်းစားရတဲ့အချိန်မျိုးမှာလည်း ဒီလိုအရသာကောင်းစားခွင့်ရနေတဲ့ လက်ရှိအချိန်လေးကို ကျွန်တော်တို့ခံစားတတ်နိုင်ရပါမယ်။ ဒီလိုခံစားမိတဲ့အချိန်မှာရတဲ့ စိတ်အေးချမ်းမှုက တကယ်အေးချမ်းရပြီး၊ ပျော်ရရင်လည်း တကယ်ကိုပျော်ရွှင်ရပါလိမ့်မယ်။
ကျွန်တော့်ရှူထောင့်အရ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုက ကျွန်တော်တို့ဆီကပဲ လာတယ် ဆိုတာပါပဲ။ ဘယ်လောက်ပဲ သေးငယ်တဲ့အရာ၊ ကိစ္စလေးတစ်ခုဖြစ်နေပါစေဦးတော့ ကျွန်တော်တို့သာ ဒီလိုမျိုးအခိုက်အတန့်လေးတွေကို များများရယူခံစားတတ်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့အမြင်နဲ့အတွေးတွေကလည်း အပေါင်းလက္ခဏာဆောင်တဲ့ဘက်ကို တဖြည်းဖြည်းနဲ့ပိုရောက်လာနိုင်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ဆီကနေလာတဲ့ ပျော်ရွှင်မှုကို သေချာခံစားတတ်လာမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် အပန်းကြီးစွာအင်အားစိုက်ထုတ်ပြီးမှ ဖန်တီးရတဲ့ Artificial Happiness တွေအကြောင်းကိုတော့ ထပ်ပြောစရာလိုတော့မယ်လို့ မထင်ပါဘူး။ သူငယ်ချင်းတို့ လည်း နေ့စဉ်ဘဝရဲ့အခိုက်အတန့်လေးတွေကို ခံစားကြည့်ပါ၊ ပျော်ရွှင်မှုကို ကိုယ့်ကိုကိုယ်ထဲကနေ ပြန်ရှာကြည့်ပါလို့ အကြံပြုချင်ပါတယ်ခင်ဗျာ ...
PS - ကိုယ့် Perspective ကနေကိုယ်ကြည့်ခြင်းဖြစ်တဲ့အတွက် လွတ်လပ်စွာ အမြင်သဘောထားကွဲလွဲဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။