16/08/2025
အင်းသားလူမျိုးတို့၏ ဖောင်တော်ဦးဘုရား သမိုင်းနှင့် ပွဲတော်
ဖောင်တော်ဦးဘုရားငါးဆူ၏ မူလသမိုင်းသည် မြန်မာသက္ကရာဇ် ၄၅၄ (ခရစ်နှစ် ၁၀၉၂) ပုဂံခေတ် အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းတစ်ဝှမ်း ဖောင်တော်ဖြင့် ခရီးလည်လှည့်စဉ်အခါက မာလယုကျွန်းသို့ ရောက်ရှိရာတွင် သရက္ခန်နံ့သာနှစ်ကို လက်ဆောင်ရရှိကာ မင်းကြီးက ဘုရားငါးဆူထုလုပ်စေပြီး ထိုကိုဘုရားငါးဆူကို ဖောင်တော်ဦး၌ တင်ထား၍ ကိုးကွယ်စေခဲ့သည်။
နောက်ပိုင်း သန်းတောင်အရပ်၊ ညောင်ရွှေမြို့၊ ရွှေအင်းတိမ်၊ အင်းတိမ်မြို့ဟောင်း၊ အင်းလေးရွာကြီး (ပန်းပုံ) စသည့် နေရာများသို့ ပြန်လည်ရွှေ့ပြောင်းထားကြရပြီး၊ စစ်မက်ဘေးနှင့် မီးဘေးကြောင့်လည်း အင်းလေးနမ့်ဟူးကျောင်းတော်သို့ နေရာပြောင်းခဲ့သည်။ ထိုနောက်ကတည်းက ယနေ့ထိ နမ့်ဟူး၌စံတော်မူနေသည်။
ဖောင်တော်ဦးဘုရားပွဲတော်သည် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပသည်။ ဌာနခွဲ ၁၇ ခွဲသို့ ဖောင်တော်ပေါ်တင်ထားသော ဘုရားငါးဆူအနက် လေးဆူကိုသာ ကြွချီသွားပြီး တစ်ဆူကို ကျောင်းတော်တွင်ထားစံတော်မူသည်။ ဤအကြောင်းမှာ ရှေးတုန်းက ငါးဆူလုံးပင့်သွားသောအခါ လေပြင်းမုန်တိုင်းဖြစ်၍ ဖောင်တော်မှောက်သဖြင့် ဘုရားလေးဆူတာ ပြန်လည် ဆယ်ယူရရှိပြီး ပြန်လည်တွေ့ရှိချင်းမရှိတဲ့ တစ်ဆူသည် နောက်နေ့ သူ့အလိုလို ကျေင်းဆောင်ပြန်လည်ရောက်ရှိသဖြင့် နောက်ပိုင်း ဘုရားများပင့်ဆောင်ရာတွင် တစ်ဆူကို အမြဲ ချန်ထားစေတော်မူခြင်းဖြစ်သည်။
ဘုရားလေးဆူသည် ညောင်ရွှေမြို့သို့ သီတင်းကျွတ်လဆန်း ၇ ရက်တွင် ရောက်ရှိပြီး သုံးညအိပ်ကျိန်းကာ နန်းသဲကျောင်းသို့ ဆက်လက်ကြွချီသည်။ ညောင်ရွှေမြို့သို့ ဝင်ရောက်စဉ် လှေပြိုင်ပွဲများ၊ ရိုးရာအကများနှင့် တေးဂီတဖျော်ဖြေရေးများဖြင့် ကြိုဆိုကြသည်။
နောက်ဆုံးနေ့ဖြစ်သည့် လပြည့်ကျော် ၃ ရက်တွင် နမ့်ဟူးကျောင်းတော်သို့ပြန်လည်ပင့်ဆောင်သည့်ပွဲကို ကျင်းပကြပါသည်။ ထိုနေ့ညမှ စ၍ နောက်တစ်နှစ် သီတင်းကျွတ်လဆန်း ၁ ရက်အထိ ဘုရားတော်သည် မူလနမ့်ဟူးရွာ၌ စံတော်မူပါသည်။
ဖောင်တော်ဦးဘုရားပွဲတော်သည် သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးအလှ စသည်တို့ဖြင့်ပေါင်းစည်းထားသော သမိုင်းဝင် အင်းသူအင်းသားများရဲ့ အမွေအနှစ်ဖြစ်ပြီး၊ အင်းလေးဒေသ၏ အဓိကတန်ခိုးကြီးဘုရားအဖြစ် ပြည်တွင်းပြည်ပ ဧည့်သည်များလာရောက်ဖူးမြော်လေ့ရှိကြပါသည်။
#အင်းလေး #ရှမ်းပြည်