27/02/2026
မြန်မာအကျပ်အတည်းကို ရွေးကောက်ပွဲတစ်ခုနဲ့တင် မဖြေရှင်းနိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
ACE_ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆
မြန်မာပြည်တွင်းစစ်အကျပ်အတည်းကို ရွေးကောက်ပွဲကျင်းပရုံနဲ့ ပြေလည်သွားမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော် (Sihasak Phuangketkeow) က ပြီးခဲ့တဲ့အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
“ရွေးကောက်ပွဲတစ်ခုထဲနဲ့တော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းလို့မရပါဘူး။ အဲဒီနောက်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ လိုပါတယ်” လို့ ဆီဟာဆတ်က ပြောကြားခဲ့တာပါ။
ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Sakesan Kantha နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြီးမားတဲ့ကန့်ကွက်မှုတွေမရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်သလို လွှတ်တော်ကျင်းပဖို့နဲ့ အစိုးရသစ်ဖွဲ့ဖို့အတွက် ပြင်ဆင်နေပြီလို့ ပြောဆိုခဲ့ပါသေးတယ်။
အခုလ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဖူးခက်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာပြည်တွင်းစစ်အခြေအနေတွေနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို လက်ခံမယ်လို့ မပြောထားပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကတော့ ကျင်းပပြီးသွားပြီ” လို့ တွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုခဲ့တာပါ။
မြန်မာ့နိုင်ငံထဲက စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်တစ်လျှောက် ထိစပ်နေတဲ့ ထိုင်းနယ်စပ်ကဒေသတွေကိုလည်း ဆိုးကျိုးသက်ရောက်စေပြီး မတည်ငြိမ်မှုတွေဖြစ်စေတာကြောင့် ထိုင်းအနေနဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ရော တိုင်းရင်းသားအင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံအနေနဲ့ ကိုယ်ကျိုးစီးပွားဗဟိုပြု ချဉ်းကပ်တာမျိုးမဟုတ်သလို ဘက်လိုက်ချဉ်းကပ်တာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုထားပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါသေးတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် လုံခြုံရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို အလေးထားလုပ်ဆောင်လာချိန် ပြင်သစ်ကလည်း မြန်မာနိုင်ငံထဲက အခြေအနေကို အထူးစိတ်ဝင်စားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
Ref: Bangkok Post, Reuters