01/09/2025
လူဟာ အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထုပ်သိမ်းထားရတာကို ပိုကြိုက်လာတယ်တဲ့။
ရင်ဖွင့်ပြောလိုက်မိတဲ့စကားကို လူရယ်မှာ ကြောက်လာတယ်။
ကိုယ့်အားနည်းပျော့ညံ့မှုကို လှစ်ဟမိရင် အသုံးမကျကောင်းလား ဝေဖန်မှာ ကြောက်လာတယ်။
ဒါကြောင့် အဖက်ဖက်က ဖိအား၊ စိတ်ခံစားချက်ကြောင့် ကျွန်မတို့ဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်နေရတာကို နှစ်သက်လာတယ်။ တစ်ယောက်တည်း ကြိတ်ခံ၊ တစ်ယောက်တည်း အစာချေတာကိုပဲ ရွေးချယ်တော့တယ်။
ကိုယ့်ကိုနားလည်ပေးသူရဲ့ ရှေ့မှာပဲ ကိုယ်တို့ဟာ ရင်တွင်းစကားကို အားရပါးရ ထုတ်ပြောတော့တယ်။
အပြောကျယ်တဲ့ လူ့ပင်လယ်မှာ ကိုယ့်အသံကို နားလည်ပေးနိုင်တဲ့လူ ရှာရခက်ပါတယ်။
🔺
တကယ်တော့ ကျွန်မတို့ နှုတ်ဆိတ်နေချင်တာ မဟုတ်ပါဘူး။ ကိုယ့်အပေါ် နားမလည်သူနဲ့ စကားပြောလိုစိတ် မရှိတာပါ။
"ငါအထီးကျန်နေတာ မဟုတ်ပါဘူး။ ရွှင်မြူးတက်ကြွသူလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ အချိန်တော်တော်များများမှာ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ငါပျင်းပါတယ်။ အကြောင်းက ရင်ဘတ်ချင်းနီးတဲ့သူ ရှာရခက်လို့ပါပဲ" တဲ့။
ဒီဘဝခရီးလမ်း တစ်လျှောက်မှာ ကျွန်မတို့ဟာ ရင်တွင်းစကားကို အချိန်မရွေးပြောလို့ရတဲ့ လူတစ်ယောက်ကို ရှာဖွေနေခဲ့တယ်။
အဲဒီလူက ကိုယ့်ဝမ်းနည်းမှု၊ ကိုယ့်
အဆင်မပြေမှု အားလုံးကို နားထောင်ပေးနိုင်တဲ့ သူငယ်ချင်းလို ပေါင်းသင်းတဲ့ မိဘလည်း ဖြစ်နိုင်တယ်။
ကိုယ့်ရဲ့မစာမကြေမှု၊ မကျေနပ်မှုကို နားထောင်ပေးတဲ့ သူငယ်ချင်းလည်းဖြစ်နိုင်တယ်။
ကိုယ့်အခက်အခဲ၊ မပျော်ရွှင်တာတွေကို ကူညီမျှဝေ ခံစားပေးတဲ့ ချစ်သူရည်းစား၊ ခင်ပွန်းဇနီးလည်း ဖြစ်နိုင်တယ်။
သူတို့က ကိုယ့်ရဲ့တုံ့ဆိုင်းမှုကို နားလည်တယ်။ ကိုယ်တကယ်ခံစားနေရတာကို နားလည်တယ်။ ကိုယ့်သိမ်ငယ်စိတ်ကို ထိုးဖောက်မြင်နိုင်သလို ကိုယ့်ခေါင်းမာမှုကိုလည်း လက်ခံပေးနိုင်တယ်။
သူတို့ကြောင့် ရှည်လျားတဲ့ဘဝလမ်းက အေးစက် အထီးကျန်တယ်လို့ ကိုယ့်ကို မထင်စေတော့ဘူး။
( ရင်ဘတ်နီးသူငယ်ချင်းတွေကို သတိရ ကျေးဇူးတင်လျက်)
💌
#နိုင်းနိုင်းစနေ