24/04/2026
မျက်နှာလေးညှိုးသွားရင်
ပြာပြာသလဲနဲ့
မေးခွန်းတွေ တရစပ်မေးတတ်တဲ့
နှုတ်ခမ်းလေး ရှိဖူးသလို
ကျွန်မ တိတ်ဆိတ်လိုက်မိရင်
စာတွေ အဆက်မပြတ်ပို့လာမယ့်
Conservation တစ်ခုကိုလည်း
ပိုင်ခဲ့ဖူးပါတယ်
ဘယ်သွားမလို့နော် ...
ဘာလုပ်မလို့နော် စသည်ဖြင့်
ဘယ်အရာကိုမဆို
ပထမဦးဆုံး သိခွင့်ရတဲ့
မိန်းကလေးတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ် ။
ဒီတစ်ကြိမ်တော့ ...
ကိုယ်ရွေးတဲ့လူ မမှားဘူးဆိုတဲ့
အတွေးနဲ့
ပိုချစ်မိသွားတဲ့အချိန်မှာမှ
ကျွန်မရဲ့ နာကျင်ခြင်းတွေက စခဲ့တာ ။
သူ ... ဖုန်းခေါ်မလာခင်
သတိရနေလို့ဆိုပြီး
ဖုန်းတွေ ခေါ်ခဲ့ရာက
နောက်ဆုံး ကိုယ်မှ စမဆက်ရင်
အသက်မ၀င်တော့တဲ့
ဆက်ဆံရေး တစ်ခုဖြစ်လာတယ်
မျက်နှာလေး ညှိုးနေရင်
ပြာပြာသလဲ ဖြစ်ရတဲ့သူ
ကျွန်မ ဖြစ်လာပြီး
ကျွန်မ ငိုနေရင်တောင်
သူက
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာတယ် ။
ဘယ်အရာကိုမဆို
သူ့သဘောကျ ရှင်သန်ရင်းက
ကိုယ်သဘောကျတဲ့ အရာတွေကို
မေ့သွားတဲ့လူက
ကျွန်မဖြစ်လာပြီး
သူက ...
ကိုယ် မနှစ်မြို့တာတွေကို
ပိုနှစ်သက်လာတယ် ။
ကျွန်တော့်ကို ဘယ်တော့မှ
ထားမသွားရဘူးနော်ဆိုတဲ့
စကားလုံးကို
အရင်စသုံးတဲ့ သူက
သူဖြစ်ပြီး
ကျွန်မတို့
ဝေးတော့ မဝေးကြဘူးမဟုတ်လားဆိုပြီး
စိုးရိမ်စိတ်နဲ့ မေးနေမိတဲ့သူက
ကျွန်မ ဖြစ်လာခဲ့တယ် ။
ဘာများ ... အဆင်မပြေခဲ့တာလဲ လို့
အတိတ်ကို ပြန်ကောက်ကြည့်ပြန်တော့လည်း
ကိုယ့်ဖက်
အဆင်ပြေအောင်
ပိုကြိုးစားခဲ့တာတွေပဲ တွေ့တယ်
ဘာလို့ အရင် မချစ်နိုင်ရတာလဲ ဆိုပြီး
တွေးမိပြန်တော့လည်း
အရင်ကထက် ပိုချစ်နေမိတဲ့
ကျွန်မကိုယ်ကျွန်မပဲ တွေ့တယ် ။
အချစ်ခံနေရပြီလို့ ထင်နေတုန်းမှာ
တဖြေးဖြေး အပစ်ခံထားရတဲ့
ခံစားချက်က
ကောင်းတော့ ကောင်းမနေဘူးပေါ့ ။