Andrea Kwan

Andrea Kwan Tactical Analyst (Football)

03/07/2025

ဒီယိုဂိုဂျိုတာသို့ အမှတ်တရ

ဂျိုတာ ဆုံးပြီတဲ့။ ပရိသတ်ချစ်တဲ့ ကစားသမား၊ မိတ်ဆွေသူငယ်ချင်းတွေ အသင်းဖော်တွေရဲ့ လေးစားမှုကို ခံရတဲ့ ကစားသမား၊ အမြဲတမ်း အားမာန်အပြည့်နဲ့ ကြိုးစားနေတတ်တဲ့ ကစားသမား။ အသက် ၂၈ နှစ်အရွယ် ဂျိုတာဟာ ယာဉ်မတော်မဆမှုမှာ သူ့ညီဖြစ်သူ အန်ဒရေနဲ့အတူ ဆုံးပါးခဲ့ရပါတယ်။ သူ မရှိတော့ပေမဲ့ သူ့ ပုံရိပ်တွေက ရှင်သန်နေဦးမယ်၊ သူ ကြိုးစားမှုတွေက ကမ္ဘာတည်သရွေ့ အဓွန့်တည်နေဦးမယ်။ ဂျိုတာအကြောင်း တွေးလိုက်ရင် ကြိုးစားမှု၊ ရုန်းကန်မှုတွေက အမြဲကပ်ပါနေမှာ။

ဒီယိုဂိုဂျိုတာနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းနဲ့ စကားပြောကြည့်ရင် တစ်လေသံတည်း ကြားရမှာက သူ့ရဲ့ Underdog စိတ်ဓာတ်ရှိအကြောင်းပဲ။ သူ့ကိုယ်သူအပေါ်မှာ ထားတဲ့ ယုံကြည်စိတ်ကို ဘယ်သူမှ ကိုင်လှုပ်လို့မရအောင် တည်ငြိမ်တယ်။ ဒါပေမဲ့ အဲဒါက သူဟာ သူ့ကိုယ်သူ အကောင်းဆုံးလို့ ခံယူထားတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ သူဟာ လူငယ်ကစားသမားဘဝမှာ တခြားကစားသမားတွေထက် ပိုအမောင်းခံခဲ့ရတယ်။ လမ်းလည်း များခဲ့ရတယ်။ သူ့ယုံကြည်စိတ်ကပဲ သူ့ကို ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ထိပ်တန်းအဆင့်ကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်။ ပါးကို့စ်ဖရဲရားကနေ အက်သလက်တီကို၊ တီကိုကနေ ပေါ်တိုကို အငှား၊ ဝုလ်ဗ်ကို အငှား၊ အဲ့နောက် ဝုလ်ဗ်ကို ပြောင်း၊ အဲဒီကနေမှာ အခု လီဗာပူးလ်စင်မြင့်ကို ရောက်ခဲ့တာဖြစ်တယ်။

“အခု ဂျိုတာ လုပ်ပြနေတာကို ရည်မှန်းချက်မြင့်မြင့်မရှိဘဲ ဘယ်သူကမှ လုပ်ပြနိုင်မှာ မဟုတ်ဘူး”လို့ သူ့နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဆီမာအိုက ပြောတယ်။ “သူ ပေါ်တိုကို ရောက်လာတုန်းက(၂၀၁၆-၁၇ ရာသီ၊ အငှား) ကျွန်တော်က ပေါ်တူဂီဝက်ဘ်ဆိုက်တစ်ခုကို ပြောဖူးတယ်။ သူက စီရော်နယ်လ်ဒိုဆက်ခံသူ ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ဒါက အဲဒီအချိန်တုန်းက စကားကြီးစကားကျယ်လို့ ထင်ချင်စရာ ဖြစ်မှာပါ။ ဂျိုတာက ပါးကို့စ်မှာပဲ ကစားရသေးပြီး တီကိုမှာလည်း ဘာမှမလုပ်ပြရသေးဘူးလေ”။

သူက ဆက်ပြောတယ်။ “ဂျိုတာ လီဗာပူးလ်ကို ရောက်တော့ ကျွန်တော် ကွန်ဂရက်ကျူလေးရှင်းလုပ်ဖို့ မက်ဆေ့ ပို့လိုက်တယ်။ သူက (၅)စက္ကန့်အကြာမှာပဲ ကျွန်တော့်ကို ရပလိုင်းလုပ်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ သူနဲ့ ရော်နယ်လ်ဒိုရဲ့အကြောင်း ရေးထားတဲ့ သတင်းတစ်ပုဒ်နဲ့ပါ။ သူ ပထမဆုံးပို့လိုက်တာ အဲ့တာပဲ။ သူ အဲ့တာက Bookmark လုပ်ထားတယ်ထင်ပါရဲ့။ မယုံနိုင်စရာပါပဲ။ သူက မမေ့ပစ်လိုက်ပါဘူး”။

ဂျိုတာက ပေါ်တိုမြို့မှာ မွေးပေမဲ့ ပါးကို့စ်မှာ လူငယ်ကစားသမားအနေနဲ့ ကြီးပြင်းခဲ့တယ်။ ပါးကို့စ်က ပေါ်တိုမြို့နဲ့ (၅)မိုင်ပဲ ကွာဝေးတယ်။ အံ့အားသင့်စရာပါပဲ။ လူငယ်ထွက်ပေါ်မှုမှာ နာမည်ရတဲ့ ပေါ်တိုအကယ်ဒမီဟာ သူတို့နဲ့ (၅)မိုင်အကွာနဲ့ အနာဂတ်ကြယ်ပွင့်တစ်စင်း တိုးတက်ဖြစ်တည်နေခဲ့တာကို သတိမမူမိခဲ့ပါဘူး။ ဒီအချက်က ဂျိုတာကို ပိုမိုဆာလောင်ခဲ့စေတယ် ထင်ပါရဲ့။ (နောက်ပိုင်းမှာ ပေါ်တိုကို အက်သလက်တီကိုကနေ အငှားလားကစားခဲ့ရပါတယ်)

သူက အရမ်းထူးချွန်တဲ့ ကစားသမားအနေနဲ့ ဂုဏ်သတင်းမထွက်ခဲ့ပါဘူး။ လူငယ်ဘဝကတည်းက အိမ်တံခါးဝမှာ အေးဂျင့်တွေ ရစ်သီရစ်သီ တံခါးလာခေါက်ခြင်းလည်း မခံခဲ့ရဘူး။ သူ ပါးကို့စ်အတွက် ပုံမှန်ကစားဖြစ်တဲ့အချိန်မှာ တောင် နာမည်သိပ်မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ဆီမှာ တိုးတက်လိုစိတ်နဲ့ အကြောက်တရားကင်းမဲ့မှုတို့ ရှိနေတယ်။ ပါးကို့စ်မှာ သူ နေရာရတော့ (၁၉)နှစ်တောင် မပြည့်တတ်သေးဘူး။ ပါးကို့စ်အသင်းဖော် ပီလီက အခုလို ပြောပြတယ်။ “သူက သူ့အသက်အရွယ်မှာတော့ စိတ်ပိုင်းဆိုင်ရာအရာ သန်မာနေတဲ့သူ ဖြစ်ပါတယ်။ စပို့တင်းနဲ့ ကစားတုန်းကပွဲကို မှတ်မိသေးတယ်။ အဝေးကွင်းပွဲပါ။ ပထမပိုင်းအပြီး (၁-၁)သရေကျနေတယ်။ ကျွန်တော်တို့အားလုံး အဝတ်လဲခန်းထဲမှာ။ သူက ဝင်လာပြီး ဒီလို ပြောတယ်။ Guys, ဒီပွဲကို ခင်ဗျားတို့ မနိုင်ချင်ကြဘူးလားလို့ လာပြောတယ်။ ကျွန်တော်နဲ့ ဘရူနိုမော်ရဲရားတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိတယ်။ ပြီးတော့ သူ့ကိုလည်း ကြည့်မိတယ်။ ကျွန်တော်တို့ သူ့ကို မေးလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲပေါ့။ သူက ပြန်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ ကျွန်တော့်ကို ဘောလုံး ပိုပေးစေချင်လို့ပါတဲ့။ ကျွန်တော် သူ့ကို ကြည့်ပြီး ကိုယ့်ဘာသာ ပြန်တွေးမိတယ်။ ဒီ(၁၉)နှစ်ကောင်လေးက ဒီလိုစိတ်ဓာတ်မျိုး ရှိနေပြီလားလို့ပါ။ မယုံနိုင်စရာပါပဲ”လို့ သူက ပြောပြတယ်။

အဲဒီ လစ္စဘွန်းမြေက ပွဲစဉ်မတိုင်ခင် ဂျိုတာက ပွဲထွက်(၂၁)ပွဲပဲ ကစားဖူးသေးပါတယ်။ ဒါပေမဲ့ သူက စီနီယာကစားသမားတွေကိုတောင် တောင်းဆိုမှုမြင့်နေတတ်ပြီ။ အဲဒီရာသီမှာ ဂျိုတာဟာ လိဂ်ဂိုး(၁၂)ဂိုး သွင်းယူခဲ့ပါတယ်။ အသင်းရဲ့ ပထမကစားသမားဖြစ်နေပြီဖြစ်ပေမဲ့ သူက အကယ်ဒမီက အဆောင်မှာပဲ နေတယ်။ အဲဒီအချိန်မှာ ဂျိုတာဆီမှာ ကောင်မလေးရှိနေပြီဖြစ်ပြီး အသင်းဖော် ပီလီက သူတို့ နှစ်ယောက်အတူတူ ရှိချင်ရင် ဘယ်လိုလုပ်ကြသလဲဆိုတာ အံ့အားသင့်မိတယ်လို့ ပြန်ပြောပြပါတယ်။

ပေါ်တိုနဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းပြီးတော့ ဂျိုတာအနေနဲ့ မိနစ်(၃၀) ကားမောင်းသွားရင်ရောက်တော့ သူ့မွေးရပ်မြေမှာ မိသားစုနဲ့အတူ အောင်ပွဲခံလို့တောင် ရပါတယ်။ ဒါပေမဲ့ အဲဒီအစား ဂျိုတာက အကယ်ဒမီအဆောင်ကိုပြန်ပြီး လူငယ်ကစားသမားတွေနဲ့ Playstation ဂိမ်းမှာ FIFA ကစားနေလေ့ရှိတယ်။ ဂျိုတာက လေ့ကျင့်ရေးနဲ့ ကင်းလွတ်နေတဲ့အချိန်ကျရင် ဂိမ်းပဲ ဆော့နေတတ်သူ ဖြစ်တယ်။ ပီလီက အခုလို ပြောပြတယ်။ “သူက တော်တော်လေး စိတ်ပိုင်းဖြတ်ထားတဲ့ပုံစံမှာ ရှိပါတယ်။ သူ သူ့ကစားသမားဘဝမှာ ဘာတွေ လိုချင်တယ်ဆိုတာ သူ စိတ်ပိုင်းဖြတ်ထားပြီးသားပဲ။ သူက ကျွန်တော်တို့အသင်းက ဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲတစ်ပွဲလုံးကိုလည်း ကူညီနိုင်တယ်။ အသင်းအတွက် အရမ်းအသုံးဝင်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီတုန်းက တွေးနေမိတာကို မှတ်မိတယ်။ ဒီလိုကစားသမားမျိုးဟာ ထိပ်တန်းအဆင့်ကို ရောက်မယ့် ကစားသမားမျိုး ဆိုပြီးတော့ပါ”လို့ သူက ဆိုတယ်။

A20 ကားလမ်းမကြီးဆိုတာ ပေါ်တိုမြို့ မြောက်ဘက်က ဖြတ်သွားတဲ့လမ်းမကြီးပေါ့။ အဲဒါက မာဆာရယ်လို့စ်ကနေ ဂွန်ဒိုမာကို သွားမယ်ဆိုရင် အမြန်ဆုံးလမ်းလည်းဖြစ်တယ်။ ပေါ်တိုမြို့ အနောက်ဘက်က မာဆယ်ရယ်လို့စ်ဆိုတာ ဂျိုတာ မွေးဖွားကြီးပြင်းခဲ့တဲ့နေရာပဲ။ ဒူရိုမြစ်နဘေးမှာ တည်ရှိပြီး အဲဒီဒေသမှာ အကောင်းဆုံးယမကာတွေထွက်တဲ့ နေရာလည်း ဖြစ်တယ်။ A20 လမ်းမကြီးက ဖြတ်တဲ့နေရာတွေထဲမှာ ပေါ်တိုအသင်းရဲ့ Estadio Dragao ကွင်းရဲ့ အရှေ့ဘက်ပွဲကြည့်စင်ကလည်း အပါအဝင်ပဲ။ ပေါ်တိုအသင်းက အိပ်မက်မက်ချင်စရာ အသင်းကြီးတစ်သင်းပါပဲ။ ဂျိုတာရဲ့ အရှိတရားကတော့ ပေါ်တိုအသင်း မဟုတ်ခဲ့ဘူး။ ဂွန်ဒိုမာအသင်းသာ ဖြစ်ခဲ့တယ်။ ဂွန်ဒိုမာရဲ့ လူငယ်ဆက်ရှင်မှာ ဂျိုတာ ရှိနေခဲ့တယ်။ မြက်ခင်းတုကွင်းပေါ်မှာ ဘောလုံးကန် လေ့ကျင့်နေတတ်တဲ့ ဂျိုတာက သူ့ရဲ့ Idol က ပါဘလိုအိုင်းမားဆိုပြီး အမြဲပြောလေ့ရှိတယ်။ သူ့ကို လူငယ်ဘဝတုန်းက နည်းပြခဲ့တဲ့ ရူဘန်ကာဗယ်လျိုက သူက လေ့ကျင့်ရတာ နှစ်ခြိုက်တဲ့သူ၊ အလုပ်ကြိုးစားတဲ့သူဆိုပြီး ပြောပြပါတယ်။

သူက တခြားသော ဒီယိုဂိုတွေနဲ့ ကွဲပြားအောင် ကလေးဘဝကတည်းက Diogo J ဆိုပြီး ဂျာစီမှာ အမြဲနာမည်တပ်တယ်။ အခု လီဗာပူးလ်မှာလည်း သူ အဲ့လိုပဲ တပ်တယ်။ သူ့နာမည်ရင်းက Diogo Jose Teixeira da Silva ပါ။ ဒါကြောင့် သူက Diogo J လို့ တပ်တယ်။ J ကို ပေါ်တူဂီဘာသာစကားမှာ ''jota'' - ဂျိုတာလို့ ခေါ်တယ်။ အဲဒါက သူ့ရဲ့ နာမည်ပြောင်ဖြစ်လာပြီး ဒီနေ့ သူ့ကို သိမှတ်နေကြတဲ့ နာမည်လည်း ဖြစ်လာတယ်။

ဂွန်ဒိုမာက ပေါ်တူဂီဒုတိယတန်းအထက်ကိုတောင် တက်ဖူးတဲ့အသင်း မဟုတ်ပါဘူး။ ဂျိုတာက အဲဒီမှာ (၉)နှစ်ကနေ (၁၇)နှစ်အထိ နေခဲ့တယ်။ သူ့အသက်(၁၇)နှစ်၊ နောက်ဆုံးရာသီမှာ အသင်းအတွက် (၃၇)ပွဲမှာ (၃၉)ဂိုး သွင်းပေးခဲ့တယ်။ အဲဒါက သူတို့ကစားနေတဲ့ National Championship မှာ အများဆုံးလည်း ဖြစ်ခဲ့တယ်။ တစ်ခါတလေကျရင် သူက စနေနေ့မှာ ယူ-၁၇ အသင်းအတွက် ကစားပြီး တနင်္ဂနွေနေ့မှာ ယူ-၁၉ အတွက် ကစားပါတယ်။ (၂)ရက်ဆက်တိုက် ပွဲကစားခြင်းဖြစ်တယ်။ အဲဒီလို ကစားရင်း (၂)ရက်လုံးမှာ ဟက်ထရစ် သွင်းဖူးတယ်လို့ အသင်းဥက္ကဋ္ဌ အယ်လ်ဗာရိုဆာကဲရားက ဆိုပြီး နည်းပြကလည်း အတည်ပြုတယ်။ ဂျိုတာဟာ ဒုတိယပွဲကို ကစားဖို့ နွမ်းလျနေလို့ ဒုတိယပိုင်းမှ လူစားဝင်ကစားပြီး ဟက်ထရစ် သွင်းယူခဲ့တာဖြစ်တယ်။

ဂျိုတာဟာ ဂွန်ဒိုမာကနေ ပါးကို့စ်ကို ပြောင်းတယ်။ လူငယ်အဆင့်မှာ ခြေစွမ်းအရမ်းပြနေပေမဲ့ စီနီယာအသင်းထံ အခေါ်မခံခဲ့ရလို့ အသင်းပြောင်းခဲ့တာဖြစ်တယ်။ သူက စပို့တင်းဘရာဂါမှာ ခဏ လေ့ကျင့်ခဲ့ဖူးသေးပြီး ပေါ်တို၊ ဘင်ဖီကာတို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသေးပေမဲ့ လက်တွေ့မှာတော့ ဘာမှဖြစ်မလာဘူး။ သူ့ကို တကယ်စိတ်ဝင်စားတာက ပါးကို့စ်က Youth Coordinator ဂျီလ်ဘာတိုအန်ဒရာဒီ ဖြစ်တယ်။ အန်ဒရာဒီက ဂျိုတာဟာ မွေးရာပါထူးချွန်သူဖြစ်သလို မြင်းရိုင်းတစ်ကောင်လို ကျွမ်းကျင်မှုအရိုင်းဆန်နေသူဖြစ်တယ်လို့ ဆိုခဲ့တယ်။ ဒီလိုနဲ့ ဥက္ကဋ္ဌထံ တင်ပြပြီး အန်ဒရာဒီက ဂျိုတာကို အရခေါ်ခဲ့တယ်။

သူ့ရဲ့ ပါးကို့စ်အသင်းကြီးအတွက် ပထမဆုံးပွဲဦးထွက်က ပေါ်တူဂီဖလားပွဲ ဖြစ်ပါတယ်။ သူက အဲဒီပွဲမှာ ဂိုးသွင်းခဲ့ပြီး အဲဒီဖလားမှာ အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့တယ်။ နောက်ထပ် (၂)ဂိုးလည်း ဖန်တီးပေးခဲ့သေးတယ်။ ပထမဦးဆုံး ပရိုအဖြစ် ကစားတဲ့ အဲဒီရာသီမှာ ဂျိုတာဟာ (၁၂)ပွဲ ကစားခွင့်ရခဲ့ပြီး (၄)ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါကြောင့် အသင်းက သူ့ကို (၄)နှစ် ပရိုစာချုပ်ချုပ်ဆိုခဲ့တယ်။ ဒီအသင်းက စာချုပ်ချုပ်ရင် (၂)နှစ်ပဲ ချုပ်လေ့ရှိတဲ့အသင်းဖြစ်ပြီး ဂျိုတာကို (၄)နှစ် ချုပ်ခဲ့ခြင်းက ထူးကဲတဲ့လုပ်ရပ် ဖြစ်ခဲ့ပါတယ်။ ဂျိုတာဆီမှာ အနာဂတ်ကောင်းတွေ ရှိနေတယ်လို့ သူတို့က ယုံကြည်ခဲ့ကြတယ်။

ဂျိုတာရဲ့ Position ကတော့ ပုံသေမရှိဘူး။ ပုံမှန်အားဖြင့် ဘယ်တောင်ပံကစားသမားဖြစ်ပေမဲ့ တစ်ခါတလေ ကွင်းလယ်(၃)ယောက်ရဲ့ဘယ်ခြမ်းလည်း ကစားခဲ့ရတယ်။ နောက်ပိုင်းကျတော့ တိုက်စစ်မှူးအဖြစ်လည်း ကစားတယ်။ သူ ကိုယ်တိုင်ဝန်ခံတာတော့ False 9 အနေနဲ့ ကစားရတာ ကြိုက်တယ်တဲ့။ ၂၀၁၄-၁၅ ရာသီမှာ ပါးကို့စ်ကို အခုရိုးမားနည်းပြ ဖွန်ဆီကာ ကိုင်ခဲ့တာဖြစ်ပြီး ဂျိုတာက Second Striker နေရာ ကစားရတယ်။ နောက်ပိုင်း သူ့နေရာမှာ ဆီမာအို ဝင်လာတော့ Wide Position တွေမှာပဲ အဓိကကစားရတော့တယ်။ ငယ်ငယ်လေးနဲ့ လေ့ကျင့်ရေးကွင်းမှာ ကိုယ်စွမ်းကိုယ်စ ပြနေတဲ့ ဂျိုတာကို အထင်ကြီးခဲ့တယ်လို့ ဆီမာအိုက ဝန်ခံတယ်။ ထိပ်တန်းအလားအလာရှိသူအဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဂျိုတာကို ဘယ်တောင်ပံမှာ ပုံမှန် ကစားစေခဲ့တယ် သူပဲ ဖြစ်တယ်။

ဆီမာအိုက အခုလို ပြောပြတယ်။ “သူက အဲဒီရာသီမှာ ပေါ်တူဂီတစ်နိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူ ကောင်းကောင်းသက်သေပြနိုင်ခဲ့တယ်။ သူ့ရဲ့ နည်းစနစ်အရည်အသွေးက ကောင်းပြီး အားလုံးလည်း မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားများစွာဆီမှာ ဒီအရည်အသွေးက ရှိတယ်။ ခြားနားချက်က သူ့ဆီမှာ ရှိနေတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပါပဲ။ သူက အမြဲတိုးတက်ချင်နေသူဖြစ်တယ်။ ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ မြင်ခဲ့ရတဲ့ သူ့ပုံရိပ်တွေကို မှတ်မိနေသေးတယ်။ သူက သူ့ဘယ်ခြေထောက်ကိုပဲ သုံးပြီး လေ့ကျင့်နေတာကို တွေ့ခဲ့ရတယ်။ (ဂျိုတာက ညာသန်) ကျွန်တော် စဉ်းစားတယ်။ ဘာလို့လဲ။ သူ့ကို ဘယ်သူမှ အဲ့လိုလုပ်ဖို့ မခိုင်းထားဘူး။ ကျွန်တော်နဲ့လည်း မဆွေးနွေးဖူးဘူး။ ကျွန်တော် ယုံကြည်တာက သူဟာ သူ့ကိုယ်သူ အဲဒီအပိုင်းမှာ တိုးတက်ဖို့ လိုအပ်တယ်လို့ နားလည်ထားလို့ အဲဒီလို လေ့ကျင့်နေတာပဲလို့ပါ။ သူက မသန်တဲ့ခြေထောက်နဲ့ ပိုပြီးကောင်းအောင် ဖြတ်တင်နိုင်၊ ကန်သွင်းနိုင်၊ ဆွဲပြေးနိုင်ချင်သူ ဖြစ်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ခြင်း ဖြစ်ပါတယ်”လို့ တစ်ချိန်က ဂျိုတာအကြောင်း ပြန်ပြောင်းပြောပြပါတယ်။

နောက်ပြီး ဆီမာအိုက ဂျိုတာက အရိုင်းသက်သက်ကစားဟန်ပိုင်ရှင်ဆိုတဲ့ ကောက်ချက်ကို သဘောမတူဘူး။ သူ့တာဝန်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာတတ်သူ၊ နည်းဗျူဟာစည်းကမ်းအရမ်းရှိသူ ဖြစ်တယ်လို့ ဆီမာအိုက ထောက်ခံတယ်။

ဂျိုတာရဲ့ တိုက်စစ်တွဲဖော်တစ်ဦးက တိုက်စစ်မှူး မော်ရဲရားပါ။ မော်ရဲရားက အခုလို ပြောတယ်။ “ပထမဦးဆုံး ထရိန်နင်ဆက်ရှင်မှာကတည်းက ဂျိုတာဟာ သူ့အသက်အရွယ် တခြားသူတွေနဲ့ ကွဲပြားခြားနားတဲ့သူဆိုတာကို ပြသခဲ့တယ်။ သူ့ဆီမှာ နည်းစနစ်အရည်အသွေးရော၊ ကာယပိုင်းအရည်အသွေးရော ရှိနေတယ်။ သူက စတားတစ်ယောက်ဖြစ်လာမယ့်သူလို့ ကျွန်တော်တို့ ခံစားခဲ့ရတယ်။ ဒါကြောင့် အချိန်ခဏလေးအတွင်း သူက ပထမအသင်းသား ဖြစ်လာတာပေါ့။ သူ လေ့ကျင့်ရေးကွင်းမှာ တောက်ပပြတယ်။ အဲဒီနောက် အခွင့်အရေး သေးသေးလေးတွေရတဲ့အခါ အမိအရ ဆုပ်ကိုင်ပြတယ်။ လူတိုင်းက သူ့ကို ယုံကြည်လာပါတယ်။ သူ့ ယုံကြည်မှုကိုရော၊ သူ့ရဲ့ အရည်အသွေးရောက အဲဒီရာသီမှာ သူ့ကို နေရာတစ်နေရာ အပိုင်ရစေခဲ့တာ ဖြစ်တယ်။ သူက ကျွန်တော့်ကို အရှေ့မှာ သက်သောင့်သက်သာ ကစားနိုင်အောင် လုပ်ပေးခဲ့တဲ့သူ ဖြစ်တယ်။ သူက တိုက်ရိုက်ဆန်တဲ့ ကစားသမားဖြစ်တယ်။ လှုပ်ရှားမှုတိုင်းမှာ ပြိုင်ဘက်ဂိုးပေါက်ကိုပဲ အာရုံစိုက်တဲ့သူ ဖြစ်တယ်။ ကျွန်တော်တို့ အတူတကွ အရမ်းကောင်းတဲ့ အတွဲအဖက်တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်”လို့ မော်ရဲရားက ပြောပြပါတယ်။

ဂျိုတာဟာ ပင်ကိုဘယ်ခြေသန်သူတစ်ယောက်လို ဖြစ်အောင် သေသေချာချာ ကြိုးစားတဲ့သူဖြစ်တယ်လို့ မော်ရဲရားကလည်း ပြောတယ်။ ဂျိုတာ ပေါ်တူဂီကြီး(၃)ကြီးရဲ့ အကယ်ဒမီကနေ မထွက်ဘဲနဲ့ ထိပ်တန်းအဆင့်ကို ရောက်လာခြင်းမှာ အရေးအကြီးဆုံးအချက်(၃)ချက် ရှိတယ်လို့ သူက ဆိုတယ်။ “စိတ်ပိုင်းဆိုင်ရာသန်မာမှု၊ ခြေစွမ်းခြေစနဲ့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုတို့ကြောင့် ဖြစ်တယ်။ အခု သူ ရောက်နေတဲ့အဆင့်ကို ကြည့်လိုက်ပါ။ ဒါက အထောက်အထားပါပဲ။ သူက လီဗာပူးလ်မှာ သူ့အမှတ်အသားကို ပြနိုင်နေပြီ။ ကမ္ဘာ့အဆင့်မှာရောပေါ့”လို့ မော်ရဲရားက ပြောပြတယ်။

“လူတွေက ကျွန်တော့်ကို သူ အခုကစားပြနေတဲ့အဆင့်နဲ့ ပတ်သက်ပြီး မေးကြတယ်။ ဒါပေမဲ့ ကျွန်တော် မအံ့သြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ အခုလုပ်ပြနေတာက အရင်က လုပ်ပြခဲ့တာမျိုးပါပဲ။ ပိုကြီးမားတဲ့ စင်မြင့်မှာ လုပ်ပြနေတာပဲ ကွာသွားတယ်။ သူက ဂွန်ဒိုမာမှာ ကစားခဲ့သလို လီဗာပူးလ်မှာ ကစားပြနေတာပါပဲ။ ပရိသတ်အများကြီး ရှိတဲ့ပွဲမှာဖြစ်ဖြစ်၊ လက်တစ်ဆုပ်စာ လူရှေ့မှာပဲဖြစ်ဖြစ် သူ့အတွက် အားလုံးတူတူပါပဲ။ သူက အောက်ခြေက လာတဲ့သူ။ အသင်းငယ်တွေအတွက် ကစားခဲ့တယ်။ နာမည်တစ်ခုရဖို့ တိုက်ယူခဲ့ရတယ်။ ဒါက သူ့စိတ်ဓာတ်ကို ရှင်းပြနိုင်တဲ့ အရာပဲ။ သူက အရမ်းပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပါတယ်”လို့ နည်းပြဟောင်း ဆီမာအိုက ဂျိုတာရဲ့ စိတ်ဓာတ်အကြောင်း ရှင်းပြတယ်။

ဂျိုတာက ဆယ်ကျော်သက်အရွယ်၊ ၂၀၁၆ ခုနှစ်မှာ အက်သလက်တီကိုကို ပြောင်းခဲ့တယ်။ ဂျိုတာက အက်သလက်တီကိုကစားသမားဘဝကို မျှော်မှန်းနေသူဖြစ်ပြီး ဂရီးဇ်မန်းကို သဘောကျသူဖြစ်တယ်။ အလုံးအထည်တူတူချင်း ဖြစ်တဲ့အတွက် ဂရီးဇ်မန်းလို သူလည်း ဖြစ်နိုင်တယ်လို့ ယုံကြည်ချက်ထားသူလည်း ဖြစ်တယ်။ ဆီမြွန်နီကတော့ ဒီလို မမြင်ခဲ့ပါဘူး။ သူက ဂျိုတာကို ပေါ်တိုထံ အငှားချလိုက်ပါတယ်။ ဂျိုတာက ဆီမြွန်နီ ခေါ်ချင်တဲ့သူ မဟုတ်ခဲ့ဘူး။ တီကိုဥက္ကဋ္ဌ မာရင်နဲ့ ဂျိုတာရဲ့ ကိုယ်စားပြုအေဂျင်စီ Gestifute (ဂျော့ချ်မန်ဒက်စ်)တို့ရဲ့ ရွှေ့ကွက်သာ ဖြစ်တယ်။ ဂျိုတာက ပါးကို့စ်မှာတုန်းက အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ဆီက ကမ်းလှမ်းမှုတွေ ရခဲ့ပေမဲ့ တီကိုဆီ ပြောင်းချင်လွန်းလို့ ပယ်ချပြီး မက်ဒရစ်ကို ထွက်လာခဲ့တယ်။ ငွေရေးကြေးရေး အရ ကမ်းလှမ်းမှုက အတူတူပဲဖြစ်ပေမဲ့ တီကိုရဲ့ တိုက်ပွဲဝင်ပုံစံကို သဘောကျလို့ သူ တီကိုကို ရွေးချယ်ခဲ့တယ်။

တစ်ဖက်မှာ ဆီမြွန်နီရဲ့ လူစာရင်းထဲ ဝင်ဖို့က ငရဲခန်းတချို့ကို ဖြတ်ကျော်ရတယ်။ တီကိုရဲ့ ကြံ့ခိုင်ရေးနည်းပြက ဥရုဂွေးလူမျိုး အော်စကာအော်တေဂါဖြစ်ပြီး လေ့ကျင့်ခန်းတွေက သေမတတ်ပြင်းထန်တယ်လို့ ကျော်ကြားတယ်။ လေ့ကျင့်ရေးကွင်းမှာ ဆီမြွန်နီနဲ့ အော်တေဂါတို့ရဲ့ အင်မတန်မြင့်မားတဲ့ တောင်းဆိုမှုတွေကို လုပ်ဆောင်နိုင်မှ သူ့လူစာရင်းထဲကို ဝင်ခွင့်ရမှာ ဖြစ်တယ်။ မဟုတ်လို့ကတော့ ဘိုင့် ဘိုင် ပဲ။ အဲဒီရာသီကြိုထရိန်နင်မှာ ဂါနာကွင်းလယ်လူ ဘားနတ်ဒ်မန်ဆာဟာ အန်ထွက်တဲ့အထိ ပင်ပန်းခဲ့တယ်လို့ သိရတယ်။ ဘယ်လောက် ပြင်းထန်သလဲ စဉ်းစားသာကြည့်တော့။ အဲဒီရာသီမှာ တီကိုကစားသမားများစွာဟာ အငှားထွက်ရပါတယ်။ သီယိုဟာနန်ဒက်ဇ်(အလာဗတ်စ်)၊ အိုလီဗာတောရက်စ်(ပေါ်တို)၊ ဗီယက်တို၊ ခရန်နီဗစ်တာ(ဆဗီယာ)၊ မန်ကီယို(ဆန်းဒါးလန်း)၊ အီမီ ဗက်စ်ကေး(ဘရာဂါ)၊ ဆီကဲရာ(ဗလင်စီယာ)တို့က ထင်ရှားတဲ့သူတွေ ဖြစ်တယ်။ အဲဒီ ကစားသမားတွေက ဆီမြွန်နီရဲ့ ရာသီကြို Set-up မှာ သတ်မှတ်စံနှုန်း မပြည့်မီတဲ့သူ ဖြစ်တယ်။ ဂျိုတာက အဲဒီစာရင်းထဲတော့ မပါခဲ့ဘူး။ ရာသီကြိုခြေစမ်းပွဲတချို့မှာ ပါဝင်ခွင့်ရတယ်။ ခရိုတိုနီနဲ့ ပွဲမှာ (၆)မိနစ်ပဲ ဝင်ကစားပြီး (၁)ဂိုး သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂျိုတာအတွက် ကံဆိုးဖို့က ဖြစ်လာတယ်။ ဂျိုတာ ရောက်ပြီးလို့ (၅)ပတ်ကြာတဲ့အချိန်မှာ ဘင်ဖီကာက အာဂျင်တီးနားနာမည်ကျော်တောင်ပံကစားသမား ဂိုင်တန် ရောက်လာလို့ပဲ ဖြစ်ပါတယ်။ အသင်းမှာက ကာရက်စ်ကို၊ ဂရီးဇ်မန်းတို့လို စီနီယာတွေ ရှိနေပြီးသားဖြစ်လို့ ဂျိုတာအတွက် နေရာရဖို့က ဇီးရိုးအနေအထား ဖြစ်သွားတယ်။ ဒါကြောင့်ပဲ ပေါ်တူဂီကို အငှားနဲ့ ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရပြီး ပေါ်တိုကို ပြောင်းခဲ့တာ ဖြစ်တယ်။

ပေါ်တိုမှာလည်း တစ်နှစ် ကြာခဲ့ပြီး တီကိုကို ပြန်ရောက်လာတယ်။ အဲဒီအချိန်မှာ တီကိုက Transfer Ban ခံထားရလို့ ဂျိုတာအတွက် အခွင့်အရေးရမယ်လို့ ထင်စရာ ရှိခဲ့တယ်။ ဒါပေမဲ့ ဆီမြွန်နီက ဂျိုတာကို အလိုမရှိသေးပါဘူး။ ဒါကြောင့် ဂျော့ချ်မန်ဒက်စ်ရဲ့ ပါတနာအသင်းဖြစ်တဲ့ ဝုလ်ဗ်ကို ကနဦးအငှားနဲ့ ပြောင်းဖို့ ဖြစ်လာတယ်။ ဝုလ်ဗ်မှာ သူ ပေါ်တိုမှာလက်တွဲခဲ့တဲ့ နူနိုဆန်တိုနဲ့ တစ်ဖန်ပြန်တွေ့ရမယ်။ လိဂ်ချန်ပီယံရှစ်မှာ ဝံပုလွေတို့ ဗိုလ်စွဲအောင် ဂျိုတာက ခြေစွမ်းပြအားဖြည့်နိုင်ခဲ့ပြီး နောက်ရာသီမှာတော့ ယူရို(၁၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တယ်။ (သူ့ရဲ့ စာချုပ်မှာ တီကိုက ပြန်ခေါ်ချင်ရင် ယူရိုသန်း ၂၀ နဲ့ ခေါ်ခွင့်ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမဲ့ မခေါ်ခဲ့ဘူး။ လီဗာပူးလ်က ၂ ဆပေးပြီး ခေါ်သွားခဲ့တယ်) ဂျိုတာက တီကိုအတွက် တစ်ပွဲမှ ကန်ခွင့်မရခဲ့ဘူးဆိုပေမဲ့ သူ့ကို ယူရို (၁၄)သန်းနဲ့ ပြန်ရောင်းနိုင်ခဲ့လို့ တီကိုအတွက် ယူရို(၄)သန်းလောက် အမြတ်ထွက်ခဲ့တယ်လို့တော့ ဆိုရမယ်။

တကယ်တော့ ဝုလ်ဗ်က ဂျိုတာကို အစကတည်းက စိတ်ဝင်စားနေခဲ့တာ။ တီကို စခေါ်တဲ့ရာသီကတည်းက။ အဲဒီရာသီမှာပဲ သူတို့ကို ဖိုဆန်ဂရုက ဝယ်ခဲ့တာဖြစ်တယ်။ နောက်ပြီး ဂျော့ချ်မန်ဒက်စ်နဲ့ အကျိုးစီးပွားဖက်တွေအဖြစ် အတူတွဲလုပ်ခဲ့ကြတယ်။ ဂျိုတာကတော့ မန်ဒက်စ်လက်အောက်က ကစားသမားပေါ့။ FFP စည်းမျဉ်းနဲ့ ငြိမှာစိုးလို့ တစ်ရာသီအငှားအရင်ခေါ်ပြီး နောက်ရာသီကျတော့ အပြီးသတ် ခေါ်ယူခဲ့တယ်။ ဗြိတိန်ကျွန်းစုက မီနီပေါ်တူဂီဒေသလေးဖြစ်တဲ့ ဝုလ်ဗ်အသင်းမှာ ဂျိုတာက အလွယ်တကူပဲ အသားကျခဲ့ပါတယ်။ အဲဒီမှာ သူနဲ့ ရူဘင်နေးဗက်စ်တို့ ပြန်ဆုံတယ်။ သူတို့ရဲ့ ကောင်မလေး(၂)ဦးက ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ကစားကွင်းထဲမှာတော့ ဂျိုတာ အင်္ဂလိပ်အရသာကို စတင်မြည်းစမ်းရတယ်။ ဂျိုတာလို မာရည်ကျောရည်ပြည့်တဲ့သူတောင် အစောပိုင်းမှာ ခပ်ကြမ်းကြမ်းကစားပုံနဲ့ အသားမကျခဲ့ဘူး။ ဒိုင်လူကြီးတွေဆီ အမြဲတိုင်တန်းနေရတဲ့ကောင်လေး ဖြစ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့မှ ကြံ့ခိုင်မှုအသားပြုပုံစံကို အသားကျအောင် ကြိုးစားခဲ့ရတယ်။ ဝုလ်ဗ်တို့ အဲဒီရာသီမှာ ဗိုလ်စွဲခဲ့ပြီး ဂျိုတာကတော့ (၁၇)ဂိုး သွင်းခဲ့တယ်။

နောက်နှစ်မှာ ပရီးမီးယားလိဂ် တက်လာတယ်။ အားလုံးက ဂျိုတာတို့ရဲ့ ဝုလ်ဗ်ကို အထင်ကြီးကြပါတယ်။ ဒါပေမဲ့ ဂျိုတာက ၂၀၁၈-၁၉ ရာသီမှာ (၁၃)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဝုလ်ဗ်က အစက (၃-၄-၃)နဲ့ ကစားတာ။ ဂျိုတာက သူ ကစားနေကျ ဘယ်တောင်ပံမှာ ကစားပေမဲ့ တိုင်ပတ်နေခဲ့တယ်။ ချယ်လ်ဆီးကို (၂-၁)နဲ့ နိုင်တဲ့ပွဲမှာ (၃-၅-၂)ကစားပုံကို နူနိုဆန်တို ပြောင်းသုံးခဲ့ပြီး အဲဒီပွဲမှာ ဂျိုတာ ဂိုးပေါက်စဖွင့်နိုင်ခဲ့တယ်။ အဲဒီပွဲမှာ ဂိုးပေါက်စဖွင့်ပြီးနောက် နောက်(၂၁)ပွဲမှာ(ပြိုင်ပွဲစုံ) ဂျိုတာဟာ (၁၀)ဂိုးသွင်းပြီး (၇)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်စတာနဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့တာ၊ FA ဖလားမှာ မန်ချက်စတာယူနိုက်တက်ကို ဖြုတ်ခဲ့တဲ့ဂိုးကို သွင်းခဲ့တာတွေက အမှတ်ရစရာတွေပဲပေါ့။ ဂျိုတာက ခြေစွမ်းပြနေပေမဲ့ သူက ဒီအသင်းရဲ့ စတားပလေယာတော့ မဟုတ်ခဲ့ဘူး။ အပြောင်းအရွှေ့သတင်းတွေမှာ ဟီမင်နက်ဇ်၊ ရူဘင်နေးဗက်စ်နဲ့ အဒါမာထရာအိုရေးတို့ကသာ ကျော်ကြားခဲ့တယ်။

ဂျိုတာကတော့ အေးအေးဆေးဆေးပါပဲ။ သူ့ဝသီအတိုင်း FIFA ဂိမ်းကစားပြီး သူ့အချိန်တွေကို ကုန်ဆုံးလေ့ရှိတယ်။ သူက Football Manager ကိုလည်း ကစားရတာ အရမ်းကြိုက်တယ်။ FM ကစားရင် သူက အောက်တန်းလိဂ်က အသင်းတွေကို ကိုင်တယ်။ ဝုလ်ဗ်ရဲ့ အိမ်နီးနားချင်း ကလပ်ငယ်လေး တဲလ်ဖို့ဒ်ယူနိုက်တက်တို့၊ သူ့ငယ်ဘဝအသင်း ဂွန်ဒိုမာတို့ကို ကိုင်တယ်။ သူက ဝုလ်ဗ်အသင်းဟာ သူ့ဘဝနဲ့ တူတယ်လို့လည်း ဖြေဖူးတယ်။ အောက်ခြေကနေ တိုက်ခိုက်ထိုးထွက်လာတယ်ပေါ့။ သူက အဲဒီ Underdog စိတ်ဓာတ်ကို ကြိုက်တာ။ ဒါကြောင့်ပဲ ဂိမ်းဆော့ရင် အောက်အသင်းတွေကို ယူပြီး တိုးတက်အောက် လုပ်တာ ဖြစ်တယ်။ FIFA ကစားရင်းနဲ့ နည်းဗျူဟာတွေကို ပိုနားလည်တဲ့အကြောင်း၊ FM ကစားရင်းနဲ့ နည်းပြတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဆုံးဖြတ်ချက်တွေကို ပိုနားလည်လာတဲ့အကြောင်းလည်း သူ ပြောပြလေ့ရှိတယ်။

နောက်တစ်ရာသီ ပြန်စတော့ ဂျိုတာဟာ ဝုလ်ဗ်အသင်းမှာပဲ ဆက်ရှိခဲ့တယ်။ ဝုလ်ဗ်က ယူရိုပါလိဂ်ဝင်ခွင့် ရထားတယ်။ သူက အသင်းအတွက် နှစ်(၄၀)အတွင်း ပထမဆုံးဥရောပသွင်းဂိုးအဖြစ် ယူရိုပါလိဂ်ခြေစစ်ပွဲ၊ ခရူဆေဒါစ်နဲ့ပွဲမှာ သွင်းခဲ့တယ်။ သူက ၂၀၁၉-၂၀ ယူရိုပါလိဂ်မှာ (၉)ဂိုး သွင်းခဲ့ပြီး ဟက်ထရစ်က (၂)ကြိမ် ပါခဲ့တယ်။ ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းဖို့ သူ နည်းနည်းအကျပ်ရိုက်ခဲ့တယ်။ ခရစ္စမတ်မတိုင်မီ (၁၆)ပွဲမှာ (၃)ဂိုးပဲ ရခဲ့တယ်။ ရာသီကုန်တော့ သူ (၇)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ခြုံကြည့်ရင် ဝုလ်ဗ်အတွက် ကျေနပ်ဖွယ်ရာသီတစ်ရာသီကို သူ ပါဝင်ဖြတ်သန်းနိုင်ခဲ့ပြီး ဝုလ်ဗ်ဟာ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်ကို ရောက်ခဲ့ပါတယ်။ ရာသီကုန်တော့လည်း ထုံးစံအတိုင်း သူ့အပြောင်းအရွှေ့သတင်းကို မကြားရဘူး။ ဒီအနေအထားမှာ လီဗာပူးလ်ဟာ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ပေါင်သန်း(၄၀)ငွေထုပ်ပိုက်ပြီး ခေါ်သွားခဲ့တာ ဖြစ်တယ်။

လီဗာပူးလ်က ဂျော့ချ်မန်ဒက်စ်နဲ့ ဆက်ဆံရေးကောင်းတဲ့ အသင်းထဲမှာ မပါဘူး။ စီရော်နယ်လ်ဒို ငယ်စဉ်တုန်းက ဂျော့ချ်မန်ဒက်စ်ရဲ့ ဖျံကျမှုကြောင့် လက်လွှတ်ခဲ့ရဖူးသလို၊ ဒီယေဂိုကော်စတာကို ခေါ်ဖို့လုပ်တုန်းကလည်း ညှိမရခဲ့လို့ ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၈ မှာ ဖာဘင်ညိုကို သိုသိုသိပ်သိပ်နဲ့ အမိအရ ခေါ်ယူနိုင်ပြီးနောက် လီဗာပူးလ်နဲ့ ဂျော့ချ်မန်ဒက်စ်တို့ကြားက လမ်းကြောင်းပြန်ပွင့်သွားတယ်လို့ ဆိုရမယ်။ အခု ဂျိုတာကိစ္စမှာလည်း ဒီလိုပဲ တိုးတိုးတိတ်တိတ်နဲ့ ပြီးမြောက်သွားတာဖြစ်တယ်။ အီယန်ဂရေဟမ် ခေါင်းဆောင်တဲ့ လီဗာပူးလ်သုတေသနဌာနရဲ့ တွက်ချက်မှုမော်ဒယ်အရ ဂျိုတာဟာ မာနေ လီဗာပူးလ်ကို မရောက်ခင်က ပုံစံမျိုးနဲ့ တစ်ပုံစံတည်းနီးနီး သွားတူနေတယ်။ ဒါကြောင့် လီဗာပူးလ်က ဂျိုတာကို စိတ်ဝင်စားရတာ ဖြစ်တယ်။ လီဗာပူးလ်ကင်းထောက်ကွန်ရက်ထဲမှာ ဂျိုတာက စာရင်းဝင်နေတာ ၂၀၁၆ ခုနှစ်ကတည်းက။ အဲဒီတုန်းက ဂျိုတာက ပေါ်တိုမှာ အငှားကစားနေတာ။ လီဗာပူးလ်ရဲ့ နာမည်ကျော် ရဲသုံးဖော်တိုက်စစ်အတွဲကို အားဖြည့်ဖို့အတွက် ပစ်မှတ်တွေအဖြစ် (၄)ဦးကို သတ်မှတ်ပြီး စောင့်ကြည့်ခဲ့တယ်။ ဂျိုတာ၊ တီမိုဗာနာ (ယခု ချယ်လ်ဆီး)၊ အစ္စမေးလ်ဆား(ယခု ဝက်ဖို့ဒ်)၊ ယော်နသန်ဒေးဗစ်(ယခု လိုင်လီ)တို့ ဖြစ်ပါတယ်။ ဗာနာက ထိပ်ဆုံးက ဦးစားပေးဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်ခဲ့ပြီး ဂျိုတာက ရောက်လာခဲ့တယ်။

ကလော့ပ်က ဂျိုတာကို သုံးသပ်ရာမှာ ဒီကစားသမားရဲ့ လမ်းကြောင်းထူးခြားမှုကို သတိထားမိတယ်။ ဒီကစားသမားဟာ အောက်ခြေကနေ တရွေ့ရွေ့တက်လာခဲ့တာဖြစ်တယ်။ လီဗာပူးလ်ရဲသုံးဖော်ဖြစ်တဲ့ ဆာလာ၊ ဖေမီနို၊ မာနေတို့ဟာလည်း ဒီအတိုင်းပဲ တက်လာခဲ့တာဖြစ်တယ်။ သူ့အစွမ်းအစကိုတော့ အချက်အလက် မော်ဒယ်တွေအရရော၊ ပရီးမီးယားလိဂ်မှာ မျက်မြင်ဒိဋ္ဌရော သိပြီးသား။ Personality မှာကျတော့ အောက်ခြေက တက်လာသူဖြစ်တယ်။ ရဲသုံးဖော်နဲ့ လမ်းကြောင်းချင်း တူညီတယ်။ ဒါကြောင့် အတူတကွ တိုက်ပွဲဝင်ဖို့အတွက် အဆင်ပြေမယ်လို့ ယူဆခဲ့ကြတယ်။

ဒီလိုနဲ့ ဂျိုတာ လီဗာပူးလ်အသင်းထံ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်ပရိသတ်တွေအတွက်ရော၊ ဘောလုံးပရိသတ်တွေအတွက်ပါ ဘယ်တော့မှ မေ့လို့မရနိုင်မယ့် ကစားသမားဖြစ်ပြီး ဘောလုံးသမားအနေနဲ့ရော၊ လူသားတစ်ဦးအနေနဲ့ပါ သမိုင်းကြောင်း ကောင်းခဲ့သူ၊ ကောင်းဂုဏ်သတင်းမွှေးပျံ့ခဲ့သူ ဖြစ်ပါတော့တယ်။

P.S - ဆောင်းပါးဟောင်းလေးကို Modify လုပ်ပြီး အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။

Rest in Peace, DIOGO!! All my love and best wishes to his family, friends, teammates, and all those affected 💔

EPL ကဖေး----------လက်ဖက်ရည်ဆိုင်ထဲကို ကောင်မလေးတစ်ယောက်ဝင်လာသည်။ ပုံစံကစွာစိစွာကျယ်နဲ့ ။ ထိုစဉ်ကောင်လေးတစ်ယောက်လည်းနောက်...
08/12/2024

EPL ကဖေး
----------
လက်ဖက်ရည်ဆိုင်ထဲကို ကောင်မလေးတစ်ယောက်ဝင်လာသည်။ ပုံစံကစွာစိစွာကျယ်နဲ့ ။ ထိုစဉ်ကောင်လေးတစ်ယောက်လည်းနောက်မှာကပ်လျက် ဆိုင်ထဲကိုဝင်လာသည်။ ကောင်လေးထိုင်မယ့်နေရာကို ကောင်မလေးက ခြေလှမ်းနည်းနည်းသွက်ပြီးအရင်ဝင်ထိုင်လိုက်သည်။ ပြီးတော့ အသံခပ်စွာစွာလေးနဲ့ စားစရာမှာလိုက်သည်။
"ဘာတွေရသေးလည်း ရှိတာအကုန်ချပေးပါရှင့်"

သူနဲ့ကပ်ပါလာတဲ့ကောင်လေးကတော့ သူထိုင်မယ့်နေရာ ကောင်မလေးထိုင်လိုက်တော့ ထိုင်နေကျထောင့်နေရာမှာပဲဝင်ထိုင်ပြီး
"ကျနော့ကို ပုံမှန်တစ်ခွက် နဲ့ စမူဆာ ၂ ခု" ဟု မှာလိုက်သည်။

သူတို့ ၂ ယောက်စလုံး စားစရာတွေစောင့်နေရင်းဆိုင်ရဲ့ ကောင်တာထိပ်နားက ဆိုဖာပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ရုပ်ရည်သန့်သန့်ခန့်ခန့်နဲ့လူကြီးတစ်ယောက်ကို သတိထားမိလိုက်သည်။ ထိုလူနဲ့အကြည့်ချင်းဆုံတော့ အပြန်အလှန်ပြုံးပြကြသည်။

ထိုစဉ်...
ကလေးလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး ဆိုင်ရှင်အား
"သားက အခုမှနေပြန်ကောင်းခါစရှိသေးလို့ နွားနို့ ၂ ခွက် ၊ 3 in 1 ကော်ဖီမစ်လေး ပါဆယ်ထုပ်ပေးပါ" ဟု လှမ်းမှာလိုက်သည်။

"ဒီကလေးက စာအရမ်းတော်တာဗျ။ ၄ တန်းအစိုးရစစ်ကို ၆ ဘာသာဂုဏ်ထူးနဲ့အောင်တာ။ မိဘလည်းပြည့်စုံတော့ ဆရာကောင်းတွေနဲ့ လိုအပ်တာဖြည့်ဆည်းပေးတာလည်းပါတာပေါ့ဗျာ" ဟု ဆိုင်ရှင်က ဆိုဖာပေါ်မှာထိုင်နေတဲ့ လူကြီးကိုပြောပြနေသည်။

"ကလေးမှာထားတဲ့ပါဆယ်တွေရပြီနော် ရော့!" ကလေးကလည်း ပါဆယ်ထုပ်ဆွဲပြီး ဆိုင်ထဲထွက်သွားမယ်ဟန်ပြင် ဆိုင်ရှင်က ကလေးကို လှမ်းအော်လိုက်သည်။
"ကောင်လေး နို့ဗူးလေး ခနနေအုံးကွ ! မေ့တော့မလို့ကွာ... ဒါနဲ့ မင်းအစ်ကို အရင်တစ်ပတ်ကတော့လာသေးတယ် ဒီတစ်ပတ်မတွေ့မိလို့ ရော့! မင်းအစ်ကိုအတွက် ပလာတာအကြေလေးတွေထုပ်ထားပေးတယ်။ တခါထဲယူသွားလိုက်" ဆိုပြီး ကလေးကိုလှမ်းပေးလိုက်သည်။
"ဒါနဲ့ မင်းအစ်ကိုနေကောကောင်းရဲ့လား"
"အစ်ကိုအကြောင်းမပြောချင်ပါဘူးဗျာ..ဆိုက်ကားအပေါင်ရှုံးပြီးကတည်းက သူကျနော့တို့ရပ်ကွက်ထဲမှာမနေတော့ဘူးဗျ။ (၁၃)ရပ်ကွက် ကိုပြောင်းသွားတာကြာပြီ။ အဲ့မှာပဲပျော်နေတယ်ထင်ပါတယ်ဗျာ။"
"ဟေ! ဟုတ်လား? သူလည်းဇနဲ့ပဲလေ (၁၃)ရပ်ကွက်ရောက်သွားတော့လည်း အဲ့မှာ သခင်ကြီးပဲသွားဖြစ်မှာပါ။ အဲ့လောက်ကြီးမစိုးရိမ်ပါနဲ့ကွာ..."
ဆိုင်ရှင်နဲ့ကောင်လေးတို့ ပြောနေတာကို ကြားလိုက်ရတော့
ဆိုင်ထဲမှာထိုင်နေတဲ့ စွာကျယ်ကောင်မလေး မိချယ် နဲ့ ဆိုင်ထောင့်မှာ ထိုင်နေတဲ့ ကောင်လေးဆင်ပျံတို့လည်း စိတ်မကောင်းတဲ့မျက်နှာအမူအရာတွေပေါ်လို့ပေါ့။
ဆိုဖာပေါ်မိန့်မိန့်ကြီးထိုင်နေတဲ့ ကိုလိပ်ပုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျဆိမ့်လက်ဖက်ရည်ကိုတချိုက်မော့ပြီး FSG စီးကရက်ကို ရှိုက်မီးခိုးကိုလေထဲမှုတ်ထုတ်လိုက်သည်။
ထိုစဉ် လက်ဖက်ရည်မှ သီချင်းသံထွက်လာသည်
"အား...ကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းပါသည် အား...ကစား...."
---------------–-–--------------
အားလုံးပျော်ရွှင်ရယ်မောနိုင်စေဖို့ပါ။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

EPL ပွဲစဉ် ၆ အပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရုန်းကန်နေသော Ipswich Town အသင်း😁😁😁😁
03/10/2024

EPL ပွဲစဉ် ၆ အပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရုန်းကန်နေသော Ipswich Town အသင်း
😁😁😁😁

28/08/2024

Address

Hsi-Hseng

Website

Alerts

Be the first to know and let us send you an email when Andrea Kwan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share