11/08/2026
PLSO/PLSF နှင့် PIO/PIA ပေါင်းစည်းပြီး "ပြည်သူ့လွတ်လပ်ရေးအဖွဲ့/တပ်တော်" အဖြစ် တော်လှန်ရေးခရီး ဆက်မည်
သြဂုတ် ၁၁၊၂၀၂၆
အောင်စိုး/Multimedia Journalist
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် နိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာခဲ့သည့် တော်လှန် ရေးအဖွဲ့အစည်း နှစ်ခုဖြစ်သော ပြည်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/တပ်တော် (PLSO/PLSF)နှင့် ပြည်သူ့လွတ် လပ်ရေးအဖွဲ့/တပ်တော် (PIO/PIA) တို့ သည် အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပြီဖြစ်ကြောင်း ယနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ အဖွဲ့အစည်းနှစ်ခုသည် ၂၀၂၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနှင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည် ဆောက်ရေး ရည်မှန်းချက်များဖြင့် အသီးသီး ဖွဲ့စည်းလှုပ်ရှားခဲ့ကြခြင်းဖြစ် သည်။
သို့သော် တော်လှန်ရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုထိရောက် စနစ်ကျစွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် စတင်ကာ အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ပေါင်းစည်းမှုအရ ရှေ့ဆက်လျှောက်လှမ်းမည့် တော်လှန်ရေးခရီးကြမ်းတွင် "ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)" အမည်ဖြင့်သာ တော်လှန်ရေးတာဝန်များကို အတူတကွ ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်သည်။
၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော အဖွဲ့အစည်းအများစုသည် နိုင်ငံရေး ရည်မှန်းချက် တူညီကြသော် လည်း နည်းနာနှင့် အကောင်အထည်ဖော်မှု ပုံစံများသာ ကွဲပြားကြသည်ကို တွေ့ရှိရသဖြင့် တူညီသည့် အိမ်မက်များကို အခြေခံကာ အပြန်အလှန် လေးစားမှု၊ရိုးသားမှုနှင့် အနစ်နာခံမှုတို့ဖြင့်အရင်းအမြစ်များကို အတူတကွ ပေါင်းစည်းရှာဖွေပြီး အဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပေါင်းစည်းလုပ်ဆောင်ခြင်းသည် ယနေ့တော်လှန်ရေးအတွက် အရေးကြီး လိုအပ်ချက်တစ်ခုဖြစ် ကြောင်း အဆိုပါအဖွဲ့က ထောက်ပြထားသည်။
ထို့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ယုံကြည်ချက်၊ ရည်မှန်း ချက် တူညီသည့် အခြားသော သက် ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးကာ တော်လှန်ရေးအတွက် အကျိုးရှိမည့် ပူးပေါင်းဆောင် ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့် တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများထံ အသိပေး ထုတ်ပြန်ထားသည်။
#ပေါင်းစည်းပြီးပြည်သူ့လွတ်လပ်ရေးအဖွဲ့ #တပ်တော်အဖြစ် #တော်လှန်ရေးခရီးဆက်မည်