17/04/2026
ချမ်းသာသုခအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဒီနေ့တော့ "ကျမ်းတတ်ထက် ကျမ်းညှိခက်" ဆိုတဲ့ အကြောင်းအရာလေးကို ဓမ္မဒါနအနေနဲ့ မျှဝေပေးချင်ပါတယ်။
ပိဋကတ်သုံးပုံဆောင် ပေါဋ္ဌိလရဟန်းကို "တုစ္ဆ - အလကား အချည်းနှီးပဲ" လို့ ဘုရားရှင်က ကဲ့ရဲ့တာဟာ စာတတ်တာကို ရှုတ်ချတာမဟုတ်ပါဘူး။ လုပ်ရမယ့်အလုပ်တွေ ဆက်မလုပ်လို့ ပြောတာဖြစ်ပါတယ်။ အဲဒါကို ကောက်ချက်ဆွဲလွဲပြီး ဘုရားက စာသင်တာ အားမပေးဘူးလို့ လုပ်ရင် ကိုယ်ပဲ ငရဲများပါလိမ့်မယ်။ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ စာ၊ သုတ စသဖြင့် ဟောထားတာ အများကြီးပါပဲ။ သုတဆိုတာ စာပေဗဟုသုတဖြစ်ပြီး သင်စရာရှိတာ အကုန်သင်ဖို့ ပြောတာဖြစ်ပါတယ်။ ကိုယ်သိတဲ့ တစ်နေရာလေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်ချက်ချလို့ မရပါဘူး။
နောက်တစ်ချက်ကတော့ မြတ်စွာဘုရားက ဝက္ကလိရဟန်းကို ဆုံးမတဲ့နေရာမှာ "ကိံ တေ ဣမိနာ ပူတိကာယေန" (ငါ့ ခန္ဓာကိုယ် အပုပ်ကောင်ကြည့်နေလို့ မင်း ဘာအကျိုးရှိမှာလဲ) လို့ မိန့်တော်မူခဲ့ပါတယ်။ "ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ" (တရားမြင်မှ ငါဘုရားကိုမြင်မယ်) လို့လည်း ဟောခဲ့ပါတယ်။ ဒါကိုကြည့်ပြီး တချို့က ဘုရားက ဘုရားဖူးတာ မကြိုက်ဘူးလို့ ကောက်ချက်ချကြပါတယ်။ အဲဒီလို သွားပြောလို့မရပါဘူး။ ကျန်တဲ့ သောတာပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါစတဲ့ နေရာတွေမှာ "ဗုဒ္ဓေ အဝစ္စပသာဒ" (ဘုရားရှင်ကို မဆုတ်မနစ်ကြည်ညိုမှု) စသည်ဖြင့် ဟောခဲ့တာတွေ ရှိသေးတာကို သတိပြုရပါမယ်။ ဒါကြောင့် တရားတော်တွေကို မှတ်သားတဲ့အခါ သူ့နေရာနဲ့သူ မှတ်ရပါမယ်။
တရားချစ်ခင် သူတော်စင်အပေါင်းတို့လည်း တရားတော်များကို နေရာတကျ မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ကြပါစေ။
(ကာမဂုဏ်ကင်းတဲ့ပီတိတရားတော်)
#ပါမောက္ခချုပ်ဆရာတော် #ကျမ်းတတ်ထက်ကျမ်းညှိခက် #ဓမ္မဒါန #ဗုဒ္ဓတရားတော်