13/11/2025
“အမျိုးသားတွေရဲ့ ပြောင်းလဲမှုဟာ အမျိုးသမီးတွေကို ချစ်ခြင်းကနေ စတယ်”
🔳 ပြီးခဲ့တဲ့ အင်္ဂါနေ့က ရေးခဲ့တဲ့ ဆောင်းပါးကို ကိုယ့်ဟာကိုယ် ပြန်ဖတ်ရင်း သဘောပေါက်မိသွားတဲ့ အချက်ပါ။
🔳 ဖိုဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်ကနေ သွန်သင်လိုက်၊ ပုံသွင်းလိုက်၊ ပျိုးထောင်လိုက်ကြတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အများစုမှာ အစွဲတွေ ပါလာကြပါတယ်။ ယောက်ျားမှ မဟုတ်ပါဘူး။ မိန်းမတွေကိုယ်တိုင်ကအစ သူတို့က တစ်ဆင့်နိမ့်တယ် ဆိုတာမျိုး မှတ်ယူထားကြတယ်။ သားယောက်ျားလေး မွေးမှ ပိုမြတ်တယ် ဆိုပြီး မိခင်တွေကအစ ခံယူထားကြတာ၊ မိန်းမဆိုတာ အမှီသဟဲရှိမှ တင့်တယ်တာ၊ ရာသီလာတာ ယုတ်ညံ့တယ် စသဖြင့်ပေါ့။
🔳 အမျိုးသမီးတွေက ဖိနှိပ်ခံကြရတာ များတာမို့ သူတို့အတွက် ပြောင်းလဲမှုဟာ အသိပညာပေးရုံနဲ့တင် အတော်လေး အလင်းပွင့်သွားနိုင်တယ်လို့ မြင်မိတယ်။
အမျိုးသားတွေအတွက်ကျ အသိပညာနဲ့တင် မလုံလောက်ဘူးလို့ ထင်တယ်။ ဘာလို့ဆိုတော့ အစွဲချွတ်တယ် ဆိုတဲ့ကိစ္စ၊ လူမှုအပြောင်းအလဲ ဆိုတဲ့ကိစ္စက နှလုံးသားထဲက လာတာကိုး။ ပညာတွေတတ်၊ အမြင်တွေ ကျယ်နေတိုင်းလည်း အစွဲက မကျွတ်ဘူး။ ဒါကြောင့် Gender သင်တန်းတွေ ဘယ်လောက်ပေးပေး၊ ဘယ်လောက် ဆွေးနွေးပွဲတွေလုပ်လုပ်၊ အရမ်းကြီး ထူးမလာဘူး။
🔳 ကျွန်တော်တို့ရဲ့ အပြောင်းအလဲက ဘယ်ကနေ စသလဲလို့ မေးရင် “ချစ်ခြင်းမေတ္တာ” ကနေ စတယ်။
ဘယ်သူ့ကို ချစ်တဲ့ ချစ်ခြင်းမေတ္တာလဲ ဆိုတော့ ကိုယ့်အမေကို ချစ်တဲ့အချစ်၊ နှမကို ချစ်တဲ့အချစ်၊ ချစ်သူရည်းစား၊ ဇနီးမယားကို ချစ်တဲ့အချစ်၊ သမီးကို ချစ်တဲ့အချစ်တွေပဲ။
🔳 ကျွန်တော်ဆို အမေကို ချစ်တယ်။ အဖေနဲ့က တစ်နှစ်မှ ၃ လလောက် အတူရှိရတာ။ ကျွန်တော်တို့ကို လိုလေသေးမရှိ ပိုးမွေးသလို မွေးခဲ့တာလည်း ဒီအမေပဲ။ ချစ်တော့ အိမ်အလုပ်လည်း ဝိုင်းကူတယ်။ တစ်ယောက်တည်းနေလို့ ကိုယ်တိုင်လုပ်ရပြီ ဆိုတဲ့အခါမှာလည်း အရင်ဆုံး ပြေးသတိရတာ အမေ့ကိုပဲ။ အဲဒီကနေမှ ဆောင်းပါးထဲ ရေးထားသလို၊ အမြင်တွေပြောင်း၊ အတွေးတွေပြောင်းလာခဲ့တာ။
ဒါကြောင့် အမေကို ချစ်တဲ့အချစ်ကနေ ပြောင်းလဲမှု စခဲ့တာလို့ ကိုယ့်ကိုယ်ကိုယ် သဘောပေါက်သွားတာ။
🔳 ကျွန်တော့်အဖေဆိုလည်း ဒီလိုပဲ။ သူ့ကို သွားပြီး Gender တွေ Patriarchy တွေ ရှင်းပြခိုင်းကြည့်။ သူ ပြောပြတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ဇနီး၊ ကျွန်တော့်အမေကို အရမ်းချစ်တယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မိန်းမမရှုပ်၊ အိမ်အလုပ်ဆိုလည်း သူနဲ့မဆိုင်သလို အခန့်သား နေတတ်တာမဟုတ်။ အကုန်ဝင်လုပ်တာ။
သူ့မှာလည်း ဖိုဝါဒီအမြင်တွေ မရှိဘူးလားဆို ရှိတာပဲ။ ယောက်ျားလေးဆိုတာ အရည်အချင်းရှိမှ၊ ငွေရှာနိုင်မှ မင်းတို့မိန်းမတွေကို တင့်တင့်တယ်တယ် ထားနိုင်မှာတို့၊ မင်းတို့သာ သမီးဆို ငါ ဒီလောက်ပြောမနေဘူးတို့ ဆုံးမတာတွေ ကျွန်တော်တို့ ကြားခဲ့ဖူးတာပဲ။
ဒါပေမဲ့ အဖေဟာ အမေ့အပေါ် နှုတ်အားဖြင့်၊ ကိုယ်အားဖြင့် ဖိနှိပ်အနိုင်ယူတတ်သူတော့ လုံးဝဟုတ်မနေဘူး။ ဖောက်ပြန်မယ်ဆိုလည်း သူ့အနေအထားနဲ့ဆို လွယ်လွယ်လေး။ ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲဆို ရှင်းပါတယ်။ အမေ့ကို ချစ်လို့ပဲ။
🔳 တခြားယောက်ျားတွေ၊ အဖေတွေလည်း ဒီလိုပဲ။ ကိုယ့်မိန်းမကို ချစ်တဲ့အခါ သူ့ပင်ပန်းမှုတွေကို သိတယ်။ ကြင်နာတယ်။ ဂရုစိုက်တယ်။ တန်ဖိုးထားတယ်။ သစ္စာရှိတယ်။
သမီးကို ချစ်တဲ့အခါ ဒီသမီးလေး မပျော်ရွှင်မှာ၊ ပင်ပန်းမှာ၊ အားငယ်မှာ၊ တစ်ဦးတစ်ယောက်မျက်နှာကို ကြည့်နေရမှာ၊ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ ပိတ်မိနေမှာ မလိုလားဘူး။ ဒီတော့ ပြုစုပျိုးထောင်ပုံကအစ ကွာသွားတယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေ ထွက်ပေါ်လာတော့တာပဲ။
🔳 ဒီတော့ မေးစရာရှိတယ်။ ဘယ်ယောက်ျားက သူ့မိန်းမသူ မချစ်လို့လဲ။ ဘယ်အဖေကရော သူ့သမီးသူ မချစ်လို့လဲ။
ဟုတ်တယ်။ ချစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်မိန်းမ၊ ကိုယ့်သမီးထက် ပိုချစ်ရ၊ တန်ဖိုးထားရတာတွေ ရှိနေတတ်ကြတယ်။
🔳 ဥပမာ မိန်းမက ကိုယ့်ထက်တော်နေရင်၊ အရည်အချင်း ပိုရှိနေရင် မကြိုက်ဘူး။ ဒီမိန်းမကို ချစ်တယ်။ ဒါပေမဲ့ သူ့ထက် ယောက်ျားဂုဏ်သိက္ခာ၊ ယောက်ျားမာနကို ပိုချစ်တာ။
သီချင်းတောင် ရှိသေးတယ်မို့လား။ လိုချင်တာ မိဖုရား၊ ညားတော့ ဘုရင်မ တဲ့။ ကျွန်တော်တို့က မိဖုရားရှာပြီး ဘုရင်ပဲ လုပ်ချင်တာ။ ဘုရင်မရဲ့ ကြင်ယာတော် မဖြစ်ချင်ဘူး။ ငယ်ငယ်ကတည်းကလည်း ဘုရင်လုပ်ဖို့ပဲ သွန်သင်ခံခဲ့ရတာကိုး။
အဲဒီလိုနဲ့ မိဖုရားလည်း တွေ့ရော၊ ဘုရင်မရဲ့ ကြင်ယာတော်အဖြစ်ကို စွန့်လွှတ်ပြီး ဘုရင်သွားလုပ်ကြရော။
🔳 အသေးစိတ် ထပ်ပြောရရင် - မင်္ဂလာဦးညမှာ အတူနေတော့ မိန်းကလေးက သွေးမထွက်လို့ ငါတော့ နွားဖြစ်ပြီ၊ ဂျိုပေါက်ပြီနဲ့ ယူကျုံးမရ ဖြစ်နေသေးတဲ့ အမျိုးသားတွေ ခုခေတ်ထိရှိတုန်း။ တစ်ခါက အမျိုးသမီးတစ်ယောက် လာမေးတယ်။ ဆရာ … အဲဒါ ဘယ်လိုဖြစ်တာလဲ၊ ညီမလည်း တကယ်ဘုရားစူး သူနဲ့မှ ပထမဆုံးတဲ့။ အဲဒီညကတည်းက အရက်တွေမူးပြီး ပြဿနာတွေ မကြာခဏ ရှာနေလို့ ရှင်းပြပေးပါဦးတဲ့။
ကျန်းမာရေးရှုထောင့်အရ ပြောရင် အဲဒီအမြှေးပါးက လိင်မဆက်ဆံဘဲ တခြားအကြောင်းရင်းတွေကြောင့်လည်း ပေါက်သွားနိုင်တယ်။ ဒါဆို ပထမဆုံး အတွေ့အကြုံမှာ သွေးထွက်မှာ မဟုတ်ဘူး။ အဲဒီလို မထွက်လို့ အပျိုမစစ်ဘူးလည်း ပြောလို့မရဘူး။
ဒီအမျိုးသားလည်း ချစ်တတ်မှာပါပဲ။ ဒါပေမဲ့ သူပိုချစ်တာက မိန်းကလေးရဲ့ အပျိုစင်ဘဝ၊ ငါ ပထမဆုံးဖြစ်ရမယ် ဆိုတဲ့ ယောက်ျားအတ္တကို ဖြစ်နေတာ။
🔳 ဖောက်ပြန်တဲ့ကိစ္စဆိုလည်း ဒီလိုပဲ။ ကျွန်တော် တစ်ခါရေးဖူးတယ်။ ဖိုဝါဒက ယောက်ျားတွေကို ဖောက်ပြန်ခွင့် ပိုပေးထားတယ်။ ပိုက်ဆံဆိုလည်း သူတို့လက်ထဲမှာ။ ဘဝလုံခြုံမှုသာ ပေးနိုင်ကြည့်၊ အိမ်ထောင် ၃ ဆက်လောက် ကွဲထားလည်း လက်မတွဲချင်တဲ့ မိန်းကလေး မရှိဘူး။ သဘောမတူတဲ့ သမီးရှင် မရှိဘူး။ ရည်းစားများတဲ့ ယောက်ျားလေးနဲ့ ရည်းစားများတဲ့ မိန်းကလေး၊ လူတွေက ဘယ်သူ့အပေါ် ဘယ်လိုမြင်လဲ စဉ်းစားကြည့်။
ဆိုတော့ မိန်းမကို ချစ်လားဆို ချစ်တာပဲ။ သူ့ထက် ကိုယ့်သွေးသားဆန္ဒကို ပိုချစ်တဲ့သူက ဖောက်ပြန်တဲ့လမ်းကို ရွေးကြတာပေါ့။
🔳 ကိုယ့်နှမကို ဘယ်လိုဝတ်စားရမယ်၊ အိန္ဒြေသိက္ခာ ရှိရမယ်၊ ဘယ်ကောင်နဲ့ဆို သဘောမတူဘူး၊ နင့်ကြောင့် ငါမရှက်ချင်ဘူးနော် စသဖြင့် အစ်ကိုတွေ ပြောကြတာကရော နှမကို ချစ်တာလား၊ ကိုယ့်သိက္ခာကို ချစ်တာလား။
ကိုယ့်သမီးလေး အိမ်ထောင်ကွဲသွားတယ်။ ရည်းစားနဲ့ လွန်ကျူးပြီး ကိုယ်ဝန်ရ၊ တစ်ဖက်ကောင်လေးက တာဝန်မယူဘူး။ ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရတယ်။
မိဘတွေ ဘယ်လိုတုံ့ပြန်ကြသလဲ။ သိပ်ရှက်တယ်နော်။ သွားပြီ၊ ငါတို့ဂုဏ်သိက္ခာတွေ ကျဆင်းသွားပြီ။ လူပုံအလယ် မျက်နှာမပြဝံ့တော့ဘူး။
အဲဒါ သမီးထက် ကိုယ့်ဂုဏ်သိက္ခာ၊ မိသားစုဂုဏ်သိက္ခာကို ပိုချစ်နေတာပဲ မဟုတ်ဘူးလား။
🔳 တကယ်ဆို ဒါ ငါ့သမီးအမှားမှ မဟုတ်တာ၊ ရှက်စရာ မလိုဘူးဆိုပြီး မားမားမတ်မတ် ရပ်တည်ပေးသင့်တာလေ။ အဲဒီလို ရပ်တည်ပေးတဲ့ မိဘတွေ၊ အဖေတွေလည်း ရှိကြတာပဲ။ ဒီအခါ သမီးမိန်းကလေးတွေဟာ အိမ်ထောင်ကွဲခြင်း၊ အဆင်သင့်မဖြစ်ဘဲ ကိုယ်ဝန်ရခြင်း၊ အဆိပ်အတောက် ဆက်ဆံရေးမှာ ပိတ်မိနေခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း စတဲ့ အတွေ့အကြုံဆိုးတွေကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်သွားကြတယ်။
ဒါကြောင့် အပြောင်းအလဲတွေဟာ အချစ်ကနေ စတယ်လို့ ပြောတာပါ။
🔳 ပတ်ဝန်းကျင်မှာ လေ့လာမိသလောက် ဖိုဝါဒကနေ သွေဖည်ပြီး ပျိုးထောင်ခံခဲ့ရတဲ့ မိန်းကလေးတွေရှိတယ်။ သူတို့မိဘတွေအားလုံးသည် ဒီအကြောင်းအရာတွေကို သိမနေဘူး။ တချို့ဆို ကျေးလက်မှာတောင် နေကြသေးတယ်။ ဒီစကားလုံး ကြားတောင်ကြားဖူးမယ် မထင်ဘူး။ သို့သော် သမီးကို ချစ်တတ်တဲ့အခါကျတော့ အဆင်ပြေသွားတာပဲ။
ဟော … ကိုယ့်ရဲ့ ယောက်ျားအတ္တတွေ၊ မာနတွေ၊ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေထက် ကိုယ့်အမျိုးသမီးကို ပိုချစ်တဲ့သူတွေလည်း အများကြီး ရှိတာပဲ။ သူတို့လည်း Gender တွေ ဘာတွေ သိချင်မှ သိမယ်။ Reproductive Role တွေ ဘာတွေ သဘောပေါက်ချင်မှ ပေါက်မယ်။ ဒါပေမဲ့ သူတို့ကြောင့် အမျိုးသမီးတွေဟာ စိတ်ချမ်းသာ ပျော်ရွှင်ကြရတယ်။
🔳 ဖိုဝါဒရဲ့ ဖိနှိပ်မှုတွေ၊ မမျှတမှုတွေဆိုတာ တကယ်က ရှင်းရှင်းကြီး မြင်နေရတာပဲ။ စာနဲ့ ရေးပြမှ၊ တစ်ယောက်ယောက်က အလင်းပြမှ သိနိုင်တာမှ မဟုတ်တာ။ မျက်စိတွေ ပိတ်ထားရင်၊ နှလုံးသားနဲ့ စာနာမပေးနိုင်ရင်သာ မမြင်နိုင်တာပါ။ ဘယ်သူဘယ်ဝါက ဘယ်လောက်ပြောပြောလည်း မရပါဘူး။ ပိတ်ထားတဲ့ နားတွေဆိုတာ ဘယ်လောက်အော်အော် ကြားနိုင်တာမျိုးမှ မဟုတ်တာ။
အဲဒီလို ဆို့ပိတ်ထားသမျှတွေကို ဖွင့်ပစ်နိုင်တဲ့ သော့ကတော့ “ချစ်ခြင်းမေတ္တာ” လို့ပဲ မြင်ပါတယ်။
🔳 အမေ၊ နှမ၊ ချစ်သူရည်းစား၊ ဇနီးမယား၊ ကိုယ့်သွေးကဖြစ်တဲ့ သမီးကလေး … ဒီလို ကိုယ့်ဘဝထဲက မိန်းမတစ်ယောက်ယောက်ကို တကယ်ချစ်တတ်လာတဲ့အခါ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကိုရော၊ ကိုယ့်ရင်ထဲက အစွဲတွေကိုပါ ချေဖျက်နိုင်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၃.၁၁.၂၀၂၅