31/08/2026
မြောက်ကိုရီးယားက အမေရိကန်ကို ချက်ချင်းလက်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်
တောင်ကိုရီးယားနိုင်ငံသို့ ဒုံးကျည်များနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး၊ ချက်ချင်း ပြန်လည်တုံ့ပြန်သွားမည်ဟု သတိပေးလိုက်ကြောင်း Reuters သတင်းက ဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တောင်ကိုရီးယားသို့ အမေရိကန်ဒေါ်လာ ၁၂၅ သန်း တန်ဖိုးရှိ AIM-9X Sidewinder လေယာဉ်ပစ် နည်းဗျူဟာမြောက် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရန် ခွင့်ပြုချက် ပေးခဲ့သည်။ နိုင်ငံပိုင် KCNA သတင်းဌာနမှတစ်ဆင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ ရန်လိုသော သဘောထားများကို ထပ်မံ မြင်တွေ့ရပြီး အဆိုပါ လုပ်ရပ်များအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ချက်ချင်း ပြုလုပ်သွားမည်ဟု ဆိုသည်။
ထို့အပြင် မြောက်ကိုရီးယား၏ လူ့အခွင့်အရေး အခြေအနေများကို မှတ်တမ်းတင်ရန် အမေရိကန်က ရန်ပုံငွေ ထောက်ပံ့မည့် အစီအစဉ်ကိုလည်း ပြုံယမ်းက ပြစ်တင်ဝေဖန်ခဲ့သည်။ ယခုနှစ်အတွင်း အမေရိကန်သည် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည် မြှင့်တင်နိုင်ရန်အတွက် အဆင့်မြင့် လေယာဉ်ပစ် ဒုံးကျည်များ၊ ရေတပ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် လက်နက်စနစ် အမျိုးမျိုးကို ဆက်တိုက် ရောင်းချရန် ခွင့်ပြုခဲ့ခြင်းမှာ ဒေသတွင်း လုံခြုံရေးအပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေသည်ဟု မြောက်ကိုရီးယားက ထောက်ပြထားသည်။
#သတင်းထူးသတင်းဦး #နိုင်ငံတကာသတင်း #မြောက်ကိုရီးယား #သတင်းစုံ #သတင်း #အမေရိကန် #တောင်ကိုရီးယား #ဒုံးကျည်