02/11/2025
နတ်ရေကန်တိုက်ပွဲ (၂) လတာအတွင်း စစ်သုံ့ပန်း (၂၆) ဦး ဖမ်းဆီးရမိ
ကရင်နီ ၊ နိုဝင်ဘာ ၂
မကွေးတိုင်း ၊ ငဖဲမြို့နယ် ၊ နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲအတွင်း စစ်ကူလာသော စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၂၆) ဦး ဖမ်းဆီးရမိကြောင်း Chin Defence Force - Asho က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလ (၂) လအတွင်း စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာသော စစ်ကြောင်းများကို CDF - Asho နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။
ထိုသို့ တိုက်ခိုက်ရာတွင် စစ်သုံ့ပန်း (၂၆) ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး နတ်ရေကန် လမ်းဟောင်းတလျောက် နယ်မြေရှင်းလင်းရေးလုပ်ရာတွင် လက်နက်ငယ် (၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲ အတွင်း CDF Asho တပ်ဖွဲ့ဝင် (၂) ဦးကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးရဲဘော် (၂) ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသည့် တပ်ဖွဲ့ဝင် (၇) ဦး ရှိကြောင်း အသိပေးထားသည်။
လက်ရှိတွင် မကွေး-ရခိုင်နယ်စပ်၊ ငဖဲမြို့နယ်ရှိ စစ်ရေးအရ အချက်အချာကျသည့် စစ်တပ်၏ နတ်ရေကန် ဗျူဟာကုန်း စခန်းကို အာရက္ခတပ်တော်(AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆက်တိုက်ခိုက်လျက်ရှိသည်။
KPV News
Photo - CDF Asho
#မကွေးတိုင်း #ငဖဲမြို့နယ် #နတ်ရေကန် #စစ်သုံ့ပန်း